နှတ်မဆက်နိုင်ခဲ့ပါ…

ခုမနက်ပေါ့…

အိမ်ကထွက် မှတ်တိုင်ရောက် ကားစီးလိုက်တဲ့ အထိ ကြည်ကြည်လင်လင်ပါဘဲ…

ကားခ ပေးတော့မှ စိတ်တိုရတော့တာ…

စိတ်တိုလိုက်တာ… စိတ်တိုလိုက်တာ…

 

 

အဖြစ်က ဒီလိုလေ…

ကားမှတ်တိုင်မှာ လူများနေတာတွေ့ထဲက ကျမစိတ်ထဲမှာ…

ဟင်း…ကားတော့ကျပ်တော့မှာဘဲ…

ကားငှားစီးရတော့မယ်နဲ့တူရဲ့…

စပ်စီးမဲ့သူတွေ့ရင်ကောင်းမှာဘဲ…

တခါတလေတော့လဲ တစ်ယောက်ထဲစီးရတာ ကောင်းပါတယ်လေ…

ကိုယ်ပိုင်ကားလို့သဘောထားပြီး စိတ်ချမ်းသာရတာပေါ့…စသည်ဖြင့်အမျိုးမျိုး တွေးနေမိပါပြီ…

 

တစ်ကယ်လဲ နဲနဲအကြာမှာ ကျပ်ပိတ်သိပ်နေတဲ့ ကား နှစ်စီး အချိန်ခြားလို့ ရပ်လာပါတယ်…

တစ်စီးဆိုရပ်တောင်မရပ်တော့ပါဘူး…ဆင်းမဲ့သူမှမရှိဘဲကိုး၊သူလဲထပ်မတင်နိုင်တော့ဘူးလေ…

ခြေနင်းခုံထိ တွယ်နေကြရတဲ့သူတွေကိုကြည့်လို့ ကားပေါ်တက်ဖို့ စဉ်းစားလို့တောင် မရပါဘူး..

 

ဆင်းလာတဲ့သူတွေကလဲကြည့်ဦး…

အမျိုးသမီးနှစ်ယောက်တိုးဆင်းလာကြပြီး ကားပေါ်ကိုအော်ခေါ်ကြပါတော့တယ်…

ဟဲ့…မ…  …. ရေ  မှတ်တိုင်ရောက်ပြီ..ဆင်းလေ..ပါသွားတော့မှာဘဲ..

ကားသမားရယ်လုပ်ပါအုံး..ကလေးအမေ.. ဟဲ့…မ…  …. ဆင်းတော့လေ…

စသည်ဖြင့် အသံစုံကြားရပြီးနောက် ကလေးငယ်ပိုက်ထားတဲ့ တစ်ဦးတိုးဝှေ့ဆင်းလာပါတယ်…

အသက်ခြောက်ဆယ်နားနီး၊လေးဆယ်ကျော်၊နှစ်ဆယ်ကျော် အမျိုးသမီးများနဲ့ ရင်ခွင်ပိုက်ကလေးလေးတစ်ယောက်…

တောမှလာကြသူများဖြစ်ဟန်တူပါသည်… ဂျိုင့်ထည့်ထားသောခြင်းတောင်းတစ်လုံး နှင့် အိတ်နှစ်လုံးပါလာကြသည်…

 

နောက်ဆုံးမှဆင်းလာသူ ကောင်မလေးမှ…အမေ ကျမတို့ဆင်းရမှာ ဒီမှတ်တိုင်မဟုတ်ဘူးလေ..ကျမမှတ်ထားတာက

မှတ်တိုင်နားမှာ ကျောင်းအကြီးကြီးရှိတယ်လေ…ကားလမ်းက ဒီလို လေးခုဆုံ မဟုတ်ဘူး သုံးခုဆုံလေ အမေရဲ့…

မရောက်သေးလို့ ကျမက မဆင်းသေးတာ..အတင်းခေါ်ချကြတယ်…ခုဘယ်လိုလုပ်မလဲ..

စသည်ဖြင့် ကြွက်ကြွက်ညံ ကြပါတော့တယ်…

 

အဒေါ်ဖြစ်ဟန်တူသူမှ…နေကြပါဦး  ငါမေးပါဦးမယ်ဟယ် ဆိုပြီး ကျမဘက်ကိုလှည့်လို့

တူမရေ..ကလေးဆေးရုံကြီး ဒီကနဲ့ ဘယ်လောက်ဝေးလို့ ဘယ်လိုသွားရမလဲကွယ်လို့ မေးလာပါတယ်…

ကျမလဲ လမ်းညွှန်ရင်း ငါတက်စီ ငှားပြီး ရုံးသွားရင် တင်ခေါ်သွားပြီး ဆေးရုံရှေ့ ချပေးခဲ့ရမလား..

စဉ်းစားနေတဲ့ အချိန်မှာ ကျမ တက်စီငှားမှာ လိုက်ခဲ့ပါ ဆေးရုံရှေ့ချပေးခဲ့မယ်…လို့

ဘေးနားမှာ ရပ်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောလိုက်ပါတယ်…

ကြည့်လိုက်တော့ကျမထက်နဲနဲငယ်ပုံရတဲ့ အမျိုးသမီးတစ်ဦးပါ…သူ ဆူးလေမှတ်တိုင်မှာဆင်းတာ

သတိထားမိတဲ့ ကျမက ကားစပ်စီးဘို့ အဖော်ရပြီဆိုပြီးဝမ်းသာသွားပါတယ်……

မြို့ထဲသွားမှာ မို့လား၊ဆူးလေမှတ်တိုင်လား ဆိုတော့ သူက..အင်းဆိုပြီးခေါင်းညိတ်ပါတယ်…

ဒို့လဲ လိုက်မယ်နော် လို့ ပြောလိုက်ပါတယ်…သူခေါင်းညိတ်တာလား၊သူပြန်ကြည်တဲ့အကြည့် တစ်မျိုးဖြစ်နေလားကိုလဲ

ကားစီးဘို့စိတ်လောနေတာနဲ့သတိမထားမိခဲ့ပါဘူး…

ကားမှတ်တိုင်မှာတော့ ဒီလိုဘဲ ခရီးတူသူတွေဝမ်းသာအားရ စုငှားတတ်ကြတာမို့ဖြစ်ပါတယ်…

မှတ်တိုင်နဲ့ ခတ်လှမ်းလှမ်းကိုလျှောက်သွားပြီး သူကားငှားပါတယ်…ကလေးနဲ့မိသားစုနဲ့ ကျမက မှတ်တိုင်မှာဘဲ ရပ်နေခဲ့ကြပါတယ်…

ကားရတော့ သူက အမတို့ လာလေ ပြောပြီး နောက်ခန်းမှာဝင်ထိုင်ပါတယ်…ကျမက ရှေ့မှာထိုင်လိုက်မယ်နော်လို့ သူ့ကိုပြောပြီး

ရှေ့ခန်းမှာ ၀င်ထိုင်လိုက်ပါတယ်…ဟိုမိသားစု ထိုင်ဘို့ သူနေရာရွှေ့ပေးပါတယ်…

ကလေးနဲ့ မိသားစု ကိုကားပေါ်မှာ ဘယ်သူဘာဖြစ်တာလဲ…

ကလေးဖြစ်တဲ့ ရောဂါ စတဲ့ အကြောင်းတွေ သူမေး ကျမလဲ နောက်လှည့်မေး ဟိုကလဲပြောပြ နဲ့

စကားပြောကြပြီး ဆေးရုံရှေ့ ချပေးခဲ့ပါတယ်…အမေလုပ်သူက ကျေးဇူးတင်ပါတယ် အထပ်ထပ်ပြောလို့

ဆင်းသွားကြပါတယ်…ဆေးရုံ အကြောင်းကိုတောင် ကားသမားနဲ့ ပြောလာကြပါသေးတယ်…

 

မြို့ထဲနားနီးလာတော့ သူ့ကို ဆူးလေဘဲလား ဘယ်ထိငှားထားလဲ လှည့်မေးလိုက်တော့ သုံးဆယ့်နှစ်လမ်းထိတဲ့

ဒါဆို ဆူးလေမှတ်တိုင်နောက်ကနေ ကွေ့မှာဆိုတော့ ဒို့ မှတ်တိုင်မှာဘဲ ဆင်းလိုက်မယ်နော် လို့ သူ့ကိုလဲပြော

ကားသမားကိုလဲပြောလိုက်ပါတယ်… ကျသင်ငွေရဲ့ တစ်ဝက်ကို သူ့ကိုလှည့်ပေးလိုက်ပါတယ်…

ကျမလှမ်းပေးတာကို လက်နဲ့ကာလိုက်ပြီး…

မပေးပါနဲ့ ကျမငှားတာမို့ပါ…

ဟယ် မဟုတ်တာဘဲ ဒို့လဲ စပ်စီးတာဘဲ တစ်ဝက်ယူပါဟယ်..

ဟိုမိသားစုလိုဘဲ ကုသိုလ်ယူပါ့မယ်…

မဟုတ်ဘူးလေ..ဒီလိုဘဲ ကားစပ်စီးကြတာပေါ့ ယူပါ..

မယူပါဘူး စီးသွားပါ…

နောက်အခေါက်တွေလဲ ဒီလိုဘဲ ကြုံရင် စပ်စီးကြရမှာ ယူပါ…

မပေးပါနဲ့…

…   …   …

ဘယ်လိုပြောပေးပေး သူမယူဘူးချည်း ငြင်းပါတော့တယ်…

ကျမ သူနဲ့ ကားစပ်စီးတာပါ…ခုတော့

ကျမ အဲ့ဒီလိုမျိုး မခံစားဖူးပါ…ကျမစိတ်ထဲမှာ အတွေးမျိုးစုံနေပါတယ်…

သူသဘောမတူတာကို လိုက်လာခဲ့မိတာလား ၊ ကြောတာလား ၊ စိတ်ထဲမှာ

မငြိမ်းချမ်းနိုင်ခဲ့ပါဘူး၊ ကျမ လက်ထဲမှာ ကိုင်ထားတဲ့ ပိုက်ဆံကို ဘယ်လိုလုပ်ရမလဲ…

သူ့ကိုဘယ်လိုပေးရမလဲ…ငွေမပေးရဘဲ ကျမဒီအတိုင်း မဆင်းနိုင်ပါဘူး…

ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်… ရိုင်းတယ်ထင်လဲ ကျမကျေနပ်စွာခံယူပါ့မယ်…

 

ဆူးလေမှတ်တိုင် အနောက်ဖက်မှာ ကားရပ်လိုက်ပါပြီ…

ကားဒက်ရှက်ဘုတ်ပေါ်ကို ကျမ ကျသင့်ငွေကို တင်လိုက်ပြီး ကားသမားကို…

လမ်းကြုံ တစ်ဦးတင်တယ်သဘောထားပြီး ယူပါ..

လို့ ပြောခဲ့ပါတယ်…ကားသမားလဲ ကျမတို့ အဖြစ်ပျက်တွေကိုသိပြီးမို့ …

ဟုတ်ကဲ့..ဟုတ်ကဲ့   တဲ့လေ..

ကျမ သူ့ကိုနှတ်မဆက်ဖြစ်ခဲ့ပါဘူး…

 

စာဖတ်သူတို့ကရော…

ဘာမှ ဖြစ်လောက်စရာ မရှိတဲ့ အကြောင်းလေးလို့ ပြောမလား…

ကျမကို သဘောထားမကြီးနိုင်သူလို့ ပြောကြမလား…

အဲ့ဒီခဏမှာ ကျမ စိတ်ပင်ပန်းခဲ့တာ အမှန်ပါ…

ခုတော့ ဘာမှမဖြစ်တော့ပါဘူး..

ဒါပေမဲ့

ကျမ သူ့ကိုနှတ်မဆက်နိုင်ခဲ့သလို…

နောက်ထပ်တွေ့ရင်လဲ ခေါ် ဖြစ်မှာ မဟုတ်တော့ပါဘူး…

 

 

ခင်တဲ့

မအိ

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..