အဘ….
အဘပြောတဲ့ ဘာပဲလုပ်လုပ် အဖြစ်ရှိအောင်လုပ်ဆိုတဲ့ စကားဟာ
ကျွန်တော်တို့ကို ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘဝကနေ လွတ်မြောက်စေခဲ့ပါတယ်။

အဘ……
အဘပြောတဲ့ နောက်မဆုတ်နဲ့ ဆိုတဲ့ ပုံပြင်လေးဟာ
ကျွန်တော်တို့ကို ဇွဲသတ္တိတွေ ရှိစေခဲ့ပါတယ်။စိတ်ဓါတ် ကြံ့ခိုင်စေခဲ့ပါတယ်။

အဘ….
အဘပြောတဲ့ မပျင်းနဲ့ ဆိုတဲ့ စကားလေးဟာ
ကျွန်တော့်ကို ဝီရိယတွေ ရှိစေခဲ့ပါတယ်။ အလုပ်ကြိုးစားသူ အလုပ်ကို တန်ဖိုးထား ချစ်တတ်သူဖြစ်စေခဲ့ပါတယ်။

အဘ….
အဘပြောတဲ့ ချဲလင့်ချ်-စိန်ခေါ်မှု့ ဆိုတဲ့ ပုံပြင်လေးဟာ
ကျွန်တော့်ကို အခက်အခဲ အနှောင့်အယှက် ဆန့်ကျင်ဖက် အတားအဆီးများကို
ရင်ဆိုင်ရဲသူ ကြိုဆိုရဲသူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…..
အဘပြောတဲ့ ဂေါ့ဖားသား ဆိုတဲ့ ဇာတ်လမ်းကလေးတွေဟာ
ကျွန်တော့်ကို ကျွန်တော် ယုံကြည်မှု့တွေ ရစေခဲ့ပါတယ်။ အရာရာကို သေသေချာချာ
အကွက်ချပြီးမှ စနစ်တကျ လုပ်တတ်သူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…..
အဘပြောတဲ့ သိဒ္ဓတ္ထ ဝတ္ထုဇာတ်လမ်းလေးတွေဟာ
ကျွန်တော့်ကို ကျွန်တော် ပြန်ရစေခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် အဘမင်းသိင်္ခ

အဘ….
အဘပြောတဲ့ ဓမ္မလေးတွေဟာ
ကျွန်တော်ကို အရာအားလုံးကို လက်ခံနိုင်တဲ့သူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…….
အဘပြောတဲ့ စစ်ဘုရင် ဆွန်ဇူးရဲ့ ပုံပြင်လေးတွေဟာ
ကျွန်တော်တို့ကို အရာရာကို ကြိုတင် ပြင်ဆင်ထားတတ်သူ
အဆင်သင့် ဖြစ်မှ လုပ်တတ်သူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…..
အဘပြောတဲ့ ဘုရားလောင်းဇာတ်တော်တွေဟာ
ကျွန်တော်တို့ကို အနစ်နာ ခံတတ်သူ ပေးဆပ်ရဲသူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…..
အဘပြောပြတဲ့ ဒုတိယကမ္ဘာစစ်က ဂျပန်သူရဲကောင်းတွေရဲ့ အကြောင်းအရာလေးတွေဟာဘဝ အဓိပ္ပါယ် ဘဝတန်ဖိုးကို နားလည်စေခဲ့ပါတယ်။

အဘ…..
အဘပြောပြတဲ့ မြန်မာမင်း (၁၅၁)ပါးရဲ့ ရာဇဝင် သမိုင်း ကံကြမ္မာတွေဟာ
ကျွန်တော်တို့ကို ယောက်ျားကောင်း ယောက်ျားမြတ်တွေကိုအားကျစေခဲ့ပါတယ်။

အဘ…….
အဘပြောပြတဲ့ မြန်မာ့ သမိုင်း ကမ္ဘာ့သမိုင်းတွေက
ကျွန်တော်တို့ကို “လူအ”တစ်ယောက် အဖြစ်ကနေ လွတ်မြောက်စေခဲ့ပါတယ်။

အဘ…..
အဘ ပြောပြတဲ့ သခင်အောင်ဆန်း ၊ဆရာစံ ။ ဂျိုဇေရီဇော်၊ မဟတ္တမဂန္ဓီတို့ရဲ့ အကြောင်းအရာတွေဟာ ကျွန်တော်တို့ကို ကြက်သီး မွှေးညှင်းတွေ တဖွားဖွား ထလာစေခဲ့ပါတယ်။

အဘ……
အိပ်ယာဝင်တိုင်း အဘ ပြောပြတဲ့ ထွေလီကာလီ ပုံပြင်လေးတွေဟာ
ကျွန်တော်တို့ကို လူချစ်လူခင်များသူ ၊ အပေါင်းအသင်း ဆံ့သူ ၊ လူရာဝင်သူ ဖြစ်လာစေခဲ့ပါတယ်။

အဘ……
အဘ ပြောပြတဲ့ သရဲအကြောင်းလေးတွေဟာ လူတွေကို
ဘဝအမောတွေ ပြေပြီး ရယ်မော ပျော်ရွှင်မှု့တွေကိုပေးစွမ်းနိုင်ခဲ့ပါတယ်။

အဘ……
အဘပြောပြတဲ့ “သဘာဝ”ဆိုတဲ့ အကြောင်းအရာလေးတွေဟာ
ကျွန်တော်တို့ကို သဘာဝကို နားလည်တတ်သူ သဘောပေါက်သူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…..
အဘပြောပြတဲ့ ဓမ္မပုံပြင်လေးတွေဟာ
ကျွန်တော်တို့ရဲ့ တွေဝေ မိန့်မော မှု့တွေကို ကင်းစင်စေခဲ့ပါတယ်။

အဘ….
အဘပြောတဲ့ ဘယ်နေရာ ဘယ်ဒေသကိုပဲ ရောက်ရောက် ရှင်သန်နေရမယ် ဆိုတဲ့ စကားဟာကျွန်တော်တို့ရဲ့ စိတ်ဓါတ်ကျ အားငယ်နေမှု့ကို ကျေပြောက်စေခဲ့ပါတယ်။

အဘ……..
အဘပြောပြတဲ့ ခဲတံပုံပြင် ၊ နပိုလီယံ ပုံပြင်လေးတွေဟာ
ကျွန်တော်တို့ကို ဆုံးဖြတ်ချက် မြန်သူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…..
အဘပြောတဲ့ “အသက်ရှင်နေကြောင်း အလုပ်လုပ်ခြင်းနဲ့ သက်သေပြရမယ်ဆိုတဲ့
စကားဟာ ကျွန်တော်တို့ကို လူပျင်းဘဝကနေ လွတ်မြောက်စေခဲ့ပါတယ်။

အဘ…….
အဘပြောပြတဲ့ ဘိုးဘိုးအောင် နဲ့ ဘိုးတော် ဦးဝိုင်း ပုံပြင်ကလေးဟာ
ကျွန်တော်တို့ကို “ဩဇာ နဲ့ အာဏာ ” ကို ခွဲခြား သိမြင်တတ်သူ ဖြစ်လာစေခဲ့ပါတယ်။

အဘ…..
အဘ ပြောပြတဲ့ “ဂမ္ဘီရ နှလုံးသား” ဆိုတဲ့ အကြောင်းအရာလေးဟာ
(၁)နှစ်ကြာ သင်ယူ ဆည်းပူးရင်း မတတ်မြောက်နိုင်တဲ့၊ နားမလည်ခဲ့တဲ့
ဂမ္ဘီရယတြာပညာကို (၁)မိနစ် အတွင်းမှာပင် တတ်မြောက်စေခဲ့ပါတယ်။

အဘ……
ဘာမှ မပြောပဲ သင်ပေးခဲ့တဲ့ အရာတွေဟာလည်း
ဘယ်သူကိုမှ ပြန်ပြောလို့ မရနိုင်ဘဲ တတ်မြောက်ခဲ့ပါတယ်။

 

(အဘဆုံးပါးသွားတာ ၈လပိုင်း ၁ရက်နေ့ဆိုရင် လေးနှစ်တောင် ပြည့်ပါတော့မယ်။

မိုးရာသီ၏ မိုးရေတွေနဲ့အတူ သတိရလွမ်းဆွတ်စိတ်က

တားမရခဲ့ပါ။  ရောက်ရာနေရာ၊ ရောက်ရာအရပ်ကနေ

စိတ်မှာမှန်းဆ အမြဲတမ်းဦးချ ရှိခိုးလျက်ပါ…

တပည့်မိုက်အားလည်း ရောက်ရာအရပ်က စောင့်ရှောက်ပေးပါ… အဘရေ…)

 

About koyin sithu

has written 140 post in this Website..