ကျွန်တော်တို့ခပ်ရွယ်ရွယ် အသက်၁၀~၁၅နှစ်ဝန်းကျင်လောက်က ရန်ကုန်နဲ့မန္တလေး ရထားနဲ့ ခရီးသွားခဲ့ကြစဉ်တုံးက လမ်းခရီးမှာရထားရပ်တဲ့ ကျောက်ဆည်၊ပျဉ်မနား၊ တောင်ငူ၊ဖြူး၊ပဲခူး အဲဒီလိုလမ်းဘူတာတွေမှာ ရထားခေတ္တရပ်နားဖို့ ဆိုက်ရောက်လာပြီဆိုရင် ရေအိုးလေးတွေ ခေါင်းပေါ်ရွက်ပြီး ရေ-ရမယ် ရေ-ရမယ် လို့အော်ပြီး ရထားဘေးနား ရောက်လာတတ်ကြတဲ့ ရေရောင်းကြသူများကိုတွေ့ခဲ့ဘူးတယ်နော်။ သောက်ချင်တဲ့သူတွေ ကလည်း ရေအိုးလေးတွေရဲ့ အဖုံးပေါ်မှာပါတဲ့ ရေခွက်လေးတွေနဲ့ခပ်သောက်ကြ၊ သယ်သွားချင်တဲ့သူတွေအတွက်လည်း သူတို့ကထဲ့ပေးကြ၊ မျက်နှာသစ်ချင် သုံးချင်တဲ့သူ တွေအတွက်လည်း လိုသလောက်ခတ်သုံးကြပြီး ကျသင့်တဲ့တန်ဖိုး အနေနဲ့လည်း သောက်သုံး သူတွေရဲ့ စေတနာ ရှိသလောက်ပေးခဲ့တာကိုဘဲယူတတ်ကြပြီး အဆင်မပြေလို့မပေးခဲ့ကြလည်း ကုသိုလ်ပါလို့ထားတတ်ကြတဲ့ ရေရောင်းကြသူများ ဟိုးတခေတ်တစ်ခါက ရှိခဲ့ကြပါတယ်။

အဲဒီကနေ အချိန်တွေပြောင်းလို့ ၁၉၉ဝကျော်နောက်ပိုင်း အချိန်တွေမှာတော့ ရေသန့် စက်ရုံတွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး ဈေးကွက်ထဲရောက်ရှိလို့  ဆိုင်တွေမှာရောင်းလာကြတဲ့ အချိန် ခုနလမ်းဘူတာတွေမှာ ရေအိုးလေးတွေနဲ့ ရေရောင်းသူများရော၊ ရေသန့်ဗူးအဟောင်း ထဲကို သောက်ရေ၊သုံးရေထဲ့ပြီး ရေဗူးနဲ့ရေရောင်းသူတွေရော၊ ရေသန့်ဗူးရမယ်ဆိုပြီး အော်ဟစ်ရောင်းသူတွေရော စုံလင်လာခဲ့ပြီး ဝယ်သူစိတ်ကြိုက်ရွေးချယ် သောက်သုံးတဲ့ ခေတ်တခေတ် ရောက်ခဲ့ကြပြန်ရော။ ဝယ်သူစိတ်ကြိုက်ရွေးချယ်တယ်ဆိုတာ အဲဒီတုံးက ရေအိုးလေးထဲက ရေကိုသောက်သုံးလို့ စေတနာရှိသလောက် ပေးကြသူတွေ၊ ရေသန့်ဗူးအဟောင်းထဲ ရေထဲ့ထားတဲ့ရေဗူးကို ဝယ်သူတွေ(အဲဒီတုံးက ရေသန့်တစ်ဗူး ကျပ်၅ဝဆို ရေပြန်ထဲ့ထားတဲ့ ဗူးက ကျပ် ၂ဝလောက်ပေါ့)၊ တစ်ချို့လည်းရေသန့်ဗူးဘဲ ဝယ်သုံးသူတွေပေါ့။ ထိုကဲ့သို့ ရေရောင်းကြသူများ ခေတ်တစ်ခုကိုလည်းဖြတ်သန်း လာခဲ့ကြပါတယ်။

အခုများမှာတော့ ရန်ကုန်မန္တလေးရထားလမ်းဘူတာတွေမှာ ရထားဆိုက်ပြီဆိုရင် စေတနာရှိ သလောက်ပေးပြီး သောက်သုံးလို့ရတဲ့ ရေအိုးလေးတွေခေါင်းပေါ်ရွက်လို့ ရေရောင်းသူတွေကို ရှာမတွေ့နိုင်တော့ဘဲ ရေသန့်ဗူးအေးအေးလေးတွေရမယ် ရေသန့်ဗူးအေးအေး လေးတွေ ရမယ်လို့ အော်ဟစ်ပြီးရထားဘေးနားလိုက်လို့ ရေရောင်းကြသူတွေ ခေတ်ကို ရောက်နေပြီလေ။သတ်မှတ်ထားတဲ့ရေသန့်တစ်ဗူးရောင်းဈေးအတိုင်း ငွေပေးနိုင်လျှင်  ရေသန့်တစ်ဗူးရမည်ဖြစ်ပြီး သတ်မှတ်ထားတဲ့ရောင်းဈေးအတိုင်း အပြည့်မပေးနိုင်လို့ကတော့ သူတို့ကလည်း အလှုပါဆိုပြီးအလကား မပေးနိုင်ကြတော့ဘူး။

စေတနာခေတ်မှအသပြာခေတ်သို့ရောက်ရှိလာခြင်းသည် ခေတ်မှီလာတာလား၊ ခေတ်ပြောင်းလာတာလား၊ တိုးတက်တဲ့ခေတ်လို့ဘဲပြောရမလား၊ ဘယ်လိုပြောရမှန်းကို တွေးပေမဲ့အဖြေကရေရေရာရာမရခဲ့သလို ရေရောင်းသူများကလည်း အလှုလို့သဘောထားပြီး ရေသန့်ဗူးအလကားမပေးနိုင်တာလဲ သူတို့ဝယ်ရင်း(အရင်း)ရှိသလို စီးပွားတစ်ခုလုပ်နေတဲ့ ရေရောင်းကြသူများ ဖြစ်ကြပါတယ်လေ။

ဖတ်ရှု့အားပေးခြင်းအတွက်ကျေးဇူးနော်။

About ခင္ခ

ခင္ ခ has written 458 post in this Website..