ဒီနေ့ဒီခေတ် အချိန်မှာ ဂျာနယ်တွေ စာစောင်တွေ တော်တော်ကြီးကို ပလူပျံအောင်ထွက်ပါတယ်..ဘတ်ဂျက်အခြေအနေ အရရော..
အချိန်ပေးနိုင်မှုအရပါ အားလုံး လိုက် မဖတ်နိုင်ပါဘူး..ဒါပေမယ့်ခေတ်ရဲ့ အပြောင်းအလဲရေစီးကို သိမီနေဖို့ တတ်နိုင်သမျှ
လောက်တော့လိုက်ဖတ်ရတာပေါ့ဗျာ..အဲ..ဒီလိုလိုက်ဖတ်ရင်းနဲ့မှ ဂျာနယ်တွေထဲက
ဘယ်ဂျာနယ်တော့ မလွတ်တမ်းဖတ်သင့်တယ်ဆိုတာ အလိုလို ရွေးချယ်မိလာတယ်ပေါ့ဗျာ..ဒီနေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက်တော့ ရွေးချယ်မှုဘယ်တူနိုင်ပါ့မလဲ. .ကျုပ်တစ်ယောက်တည်းရဲ့ သဘောအရ ပြောရရင်တော့ အပတ်စဉ် ဗုဒ္ဒဟူးနေ့ တိုင်း ထုတ်ဝေတဲ့ (ဂျာနယ်မှာ ဖော်ပြထားတာကတော့ ကြာသပတေးနေ့ပါ..ဒါပေမယ့် ကြာသပတေးနေ့ဆိုဝယ်မရတော့ပါဘူး..)
ပြည်သူ့ခေတ် ဂျာနယ်ကိုတော့ လူငယ်တိုင်းဖတ်သင့်တယ်ဆိုတာပါပဲ..
ဖတ်လည်းဖတ်ကြပုံရပါတယ်..အပေါ်မှာပြောခဲ့သလိုပဲ ကြာသပတေးနေ့တိုင်း ထုတ်ဝေတယ်ဆိုတဲ့ ဂျာနယ်ကို ဗုဒ္ဒဟူးနေ့ ညနေဆိုရင်တောင် ၀ယ်လို့
မရတော့ပါဘူး..အဲဒီ့ဂျာနယ်ရဲ့ထူးခြားချက်ကတော့ ပရိသတ်ကြိုက် ပေါ်ပင်သတင်းတွေ
ဦးစားမပေးဘဲ နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး၊ ပညာရေးဆိုင်ရာတွေနဲ့ပါတ်သက်ပြီး ပြည်သူတွေ သိသင့်သိထိုက်တဲ့ အတွေးအခေါ် အတွေးအမြင်ဆောင်းပါးတွေကို ဦးစား ပေးဖော်ပြနေတာပါပဲ..ဆရာမောင်ဝံသ(အတိုင်ပင်ခံ အယ်ဒီတာ)ရဲ့ “ပြောချင်လွန်းလို့”ဆိုတဲ့ ကဏ္ဍဟာလည်း အမြဲတမ်း ပြည်သူလူထုရဲ့ တကယ့်အသံကို ထင်ဟပ်နေလေ့ ရှိပါတယ်..အင်း..ပြောရင်းနဲ့ရှည်နေပြီဗျာ..
လိုရင်းကိုပြောပါ့မယ်… အဲဒီ့ဂျာနယ်မှာမှ အပတ်စဉ် မှန်မှန် ရေးနေတဲ့…
ကျုပ် အလွန်နှစ်သက်မိပါ သော..
ဆောင်းပါးရှင်တစ်ယောက် အကြောင်းနဲ့ သူ့ဆောင်းပါးလေးတွေအကြောင်း ပြောပြချင်တာပါ.သူကတော့ “အံ့သြလွန်းလို့သေတော့မယ်”ဆိုတဲ့ ခေါင်းစဉ်
ကိုပုံသေယူပြီး မြန်မာနိုင်ငံရဲ့ပြောင်းလဲပြုပြင်ဖို့ လိုအပ်ချက်တွေကို နိုင်ငံရေး လူမှုရေး စီးပွားရေး ပညာရေး..စတဲ့ကဏ္ဍအစုံကို သူတွေ့ကြုံ ခံစားသိရှိခဲ့ရတဲ့ ခေတ်မီတိုး တက်ပြီးသော ဥရောပနိုင်ငံများရဲ့ လက်တွေ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြပြီး ဝေဖန်သုံးသပ် ထောက်ပြရေးသားနေတဲ့ စာရေးဆရာ “ကောင်းဆက်နိုင်”ပါပဲ..
ဒီနေ့ (၄.၇.၁၂)၀ယ်ဖတ်ဖြစ်တဲ့ ပြည်သူ့ခေတ်ဂျာနယ်အတွဲ(၂)၊အမှတ်(၁၀၁)မှာပါတဲ့
ဆရာကောင်းဆက်နိုင်ရဲ့ဆောင်းပါးလေး ဖတ်မိပြန်တော့ စိတ်ထဲရွစိရွစိနဲ့ ရွာသူရွာသားတွေကို ပြောပြချင်မိပြန်ပါရောဗျာ……
သူဒီတစ်ပတ် ပြောထားတာကတော့..ဒီနေ့အချိန်မှာ အသံတွေဆူညံနေအောင်ပြောနေကြတဲ့ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်အကြောင်းပါ..ခင်ဗျားတို့ကျုပ်တို့..လူတိုင်းလိုလို ပညာသင်တဲ့အရွယ်ဆိုတာကို ဖြတ်သန်းပြီး ပညာသင်ခဲ့ကြပါတယ်..
သူငယ်တန်းကနေ ဆယ်တန်းအထိဆို-၁၁နှစ်ပေါ့..
အဲဒီ့နှစ်တွေမှာ ကျွန်တော်တို့သင်ခဲ့ရတာ
“ပညာ”တွေလို့ ထင်ခဲ့ကြတာပါ..တကယ်တော့ ပညာမဟုတ်ဘဲစာတွေသာဖြစ်တယ်
ဆိုတာ..ဆရာကောင်းဆက်နိုင်က ဒီလိုလေးထောက်ပြပါတယ်…

“ဥရောပဘက်မှာတော့ သနားစရာ ငှက်ကလေးများလို တစာစာအော်ပြီး ကြက်တူရွေး
များလို ၏ သည် မလွဲ အလွတ်ပြန်ရတဲ့ စာသင်နည်းမသုံးတော့ပါဘူး..သင်ရိုးညွှန်းတန်း
တွေကို ဘုရားဟောကျမ်းလိုမျိုး တစ်သက်လုံးဦးထိပ်ပန်ဆင်ဖို့ အာဂုံဆောင်ရတာကို
‘စာသင်တယ်’ခေါ်တာပါ”
ဥရောပမှာ “စာ” မသင်တော့ဘဲ “ပညာရေးစံနစ်”ဆိုတဲ့အတိုင်း “ပညာ”တတ်အောင် လေ့လာချင်စိတ်တွေ၊တီထွင်ချင်စိတ်တွေ၊လူသားအချင်းချင်းကူညီချင်စိတ်တွေ၊ကိုယ့်
အားကိုယ်ကိုးချင်စိတ်တွေ၊အသားအရောင်ခွဲခြားမှု၊ဘာသာရေးအစွန်းရောက်မှုမရှိဘဲ
ကိုယ့်မိဘမျိုးရိုးအပေါ် ဂုဏ်ယူချင် စိတ်တွေ ပြုစုပျိုးထောင်နေတာပါပဲ”
“စာသင်တယ်ဆိုတာ ဆရာ၊ဆရာမအပေါ် လုံးဝမှီခိုနေရပါတယ်..ပညာသင်တယ်ဆို
တာကတော့ ကို့ကိုယ်ကို မှီခိုရပြီးတော့ ဆရာ ဆရာမက ဘေးကထိန်းကျောင်းပေးရုံပါပဲ”

နောက်ပြီး ဆက်ပြောထားသေးတယ်ခင်ဗျ…ဆရာဆရာမတွေရဲ့တာဝန်နဲ့ပါတ်သက်ပြီး…

“သင်ရိုးတွေကိုခေါင်းပေါ်ရွက်မထားဘဲ ဝေဖန်သုံးသပ်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့ တီထွင်တတ်လာအောင် ပြုစုပျိုးထောင်တာဟာ ပညာသင်တာပါ။
ကလေးတွေပြောရဲဆိုရဲ ဖြစ်လာဖို့ မေးခွန်းမေးတတ်ဖို့ များများမေးတတ်ဖို့
ကိုယ်ပိုင်ဥာဏ်သုံးတတ်လာဖို့ ဆရာဆရာမ ရဲ့တာဝန်ပါ။”

ကဲ..စာသင်တာနဲ့ ပညာသင်တာ ဘယ်လောက်ကွာလဲ…ကျွန်တော်တို့တတွေရော
လွန်ခဲ့တဲ့အချိန်တွေမှာ…စာသင်ခဲ့ရသလား..ပညာသင်ခဲ့ရသလား…စဉ်းစားစရာပါ..
ဆရာကောင်းဆက်နိုင်ထောက်ပြနေတာတွေဟာ အမှန်တွေဆိုတာ ကျွန်တော်တို့
ဒီနေ့ သိလာ လက်ခံလာနေရပါပြီ…အမြန်ဆုံးပြုပြင် ကြဘို့ဘဲလိုတော့တာ..
ဘယ်လိုပြင်ကြမလဲ…ဒါကိုလည်းဆက်တွေးကြရမှာပါ…
ကျုပ်အရမ်းခိုက်သွားတာကတော့…ဂျာနယ်ထဲမှာလဲ ဟိုက်လိုက်လုပ်ထားတဲ့
သူ့ကိုယ်သူ အားမနာတမ်း ဝေဘန်ထားတဲ့ စာပိုဒ်လေးပါပဲ….ကိုင်း ဖတ်ကြည့်ရအောင်..

“နိုင်ငံတကာမှာ ပြောင်းလဲဆန်းသစ်နေပြီဖြစ်တဲ့ ပညာရေးစံနစ်အကြောင်းသိလို့မဟုတ်ပါဘူး။ တကယ်တော့ ကျုပ်ဟာ မျက်စိတွေ နားတွေပိတ်ထားတဲ့ ခေတ်ဆိုးကြီးထဲမှာ လျှာတစ်ချောင်းနဲ့ရင်းပြီး ဘွဲ့ရလာတဲ့ ကြက်တူရွေးကြီး ဆိုရင် မမှားပါဘူး”

ဒီစာလေးကိုဖတ်မိတော့ ကျနော့်အတွေးတွေ မိမိဖြတ်သန်းခဲ့တဲ့ အတိတ်ကို
ပြန်တွေးမိပါတော့တယ်…………..။
ဟုတ်ပါ၏..မှန်ပါ၏..မှန်လွန်းနေပြန်ပါ၏။ အော်..တကယ်တော့…..
ကြီးမိုက်ကိုယ်တိုင်လည်း နှုတ်သီးကောက်နီကြီးနဲ့ ကြက်တူရွေး ကြီးတစ်ကောင်ပါလား..
ကျုပ်တို့ စာတွေအလွတ် ကျက်ခဲ့ကြသည်
အလွတ်ကျက်ထားတာတွေ အဖြေလွှာတွေပေါ်ချရေးခဲ့ကြသည်
အလွတ်ကျက်ထားတာတွေ အမှန်ဆုံးနဲ့ အချိန်မီ ပြန်ချရေးနိုင်သူတွေ
ဂုဏ်ထူးဝေေ၀ဆာဆာနဲ့ အောင်ပန်းဆင်ကြတော့
ဝိုင်းပြီးဂုဏ်ပြုခဲ့ကြသည်….ယနေ့ခေတ်အချိန် ပိုလို့ပင်ဆိုးပါသေးသည်..မြို့ကြီးများတွင်
ကျောင်းနေသူ ကျောင်းသားကျောင်းသူလေးများကို ကြည့်လိုက်ကြပါအုံး..
လွယ်အိပ်ကြီး တနင့်တပိုးလွယ်..ကျောင်းပြေးတက်လိုက်..ကျူရှင်ပြေးတက်လိုက်
တစ်နေ့တစ်နေ့… ကျောင်းကပေးလိုက်သောစာကျက်ရသည်ကတစ်မျိုး..
ကျူရှင်ဆရာမကပေးလိုက်သည်ကို ကျက်ရသည်ကတစ်မျိုး.. နားချိန်၊ကစားချိန်ပင်မရှိရှာကြ…
သူတို့ကိုကြည့်၍ မိဘတွေသည်ပင် အမောဆို့နေကြရသည်…
အမှန်က “စာသင်”နေကြခြင်းသာ..ပညာသင်နေကြခြင်းမဟုတ်…ထို့ကြောင့်ပင်..
သတိပြုမိသည့်အချက်က…
သူတို့လေးတွေသည် လောကကြီးအကြောင်း နကန်းတစ်လုံးမှမသိ
မိဘထမင်းခူးမပေးလျှင်မစားတတ်ရှာ…အဖေါ်မပါရင်မသွားရဲ မလာရဲ..
ဒီလိုနဲ့..ဘွဲ့ရကျောင်းပီးတော့ ..အလုပ်ခွင်ထဲရောက်..ဘ၀ဆိုတာ
နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါ..ပီဘိ ကလေးလေးတွေလို…
ဟိုဟာမသိ ဒီဟာမမြင်ဖူး လူမှု့ဆက်ဆံရေးဆိုတာ ဘာမှန်းမသိ..
ကိုယ့်စိတ်နဲ့အခန့်မသင့်ရင်..စိတ်ကောက် စိတ်ဆိုးလိုဆိုး..
ပုံမှန်နေ့စဉ်အလုပ်ကို အဆင်ပြေအောင် ဆောင်ရွက်နိုင်အောင်ကိုပင်
နှစ်နဲ့ချီ ၍ သင်ယူလေ့ကျင့်ကြရပြန်ပါသည်..
ပြောရမယ်ဆိုရင်တော့..ကျောင်းသက်တလျှောက်လုံးမှာ
စာတွေသာ သင်ခဲ့တာ…ပညာမသင်ခဲ့ရတော့…တကယ့်ပညာကို
အသုံးချရ အစွမ်းပြရမဲ့ အလုပ်ခွင်ရောက်တော့မှ တကဲ့ပညာကိုစသင်
ကြရတော့တာ…အလုပ်ခွင်ဆိုတာ..ပညာသင်သူငယ်တန်းဆိုပါတော့….
အဲဒါကိုဘဲ ပြန်တွေးမိတဲ့ ဆရာကောင်းဆက်နိုင်က..အခုလိုသူ့ကိုသူ
သုံးသပ်ပြန်ပါတယ်….

“ဒီအကြောင်းစဉ်းစားမိရင် ကျုပ်ကျောင်းနေခဲ့တဲ့ ၁၄ နှစ်ဆိုတဲ့အချိန်ကို
နှမြောမိတယ်။ အမှန်ဝန်ခံရရင် အရည်မရအဖတ်မရပါပဲ”

သူပြောမှ မိမိကိုကိုယ်လည်းပြန်လည်၍ အမှန်အတိုင်းသုံးသပ်ကြည့်မိသည်..
ဘွဲ့ရပြီး လုပ်ခဲ့ဖူးသမျှအလုပ်တွေမှာ..အဆန်းအသစ် တီထွင်ဖို့…စံနစ်သစ်နှင့်စီမံခန့်ခွဲဖို့
မဆိုထားပါနှင့်..လုပ်ငန်းခွင်ထဲတွင် လက်ရှိ ရှိနေပြီးသား စံနစ် နှင့် စီမံခန့်ခွဲမှု့
အစီအစဉ်များကိုပင် မနဲမီအောင်လိုက်နေရသေးသည်…လူမှု့ဆက်ဆံရေးဆိုသည်ကိုလည်း
အလုပ်ခွင်ရောက်မှနဖူးတွေ့ ဒူးတွေ့ တွေ့ကြရသည်…
ကုန်ထုတ်လုပ်မှု့အပိုင်းတွင်ကြည့်လိုက်ပါဦး……ထိုနည်း၎င်းပါပဲ…
နည်းပညာအလွန် တိုးတက်လာနေသော ပါတ်ဝန်းကျင်နိုင်ငံများမှ
စက်ကိရိယာပစ္စည်း အသစ် အသစ် တို့ကို ၀ယ်ယူအသုံးချနေကြရသည်..
သို့ရာတွင် ထိုစက်ကိရိယာ ဘာကြောင့်တီထွင်ကြသည်..
ဘယ်လိုတီထွင်ဖန်တီးဖြစ်ပေါ်လာသည် မစဉ်းစားနိုင်အား..
ထိုစက်ကရိယာကို မည်သို့ မောင်းနှင်အသုံးပြုရမည်..ပျက်လျှင်
မည်သို့ ပြင်ရမည်ကိုပင် မနည်း ကြိုးပမ်းနေကြရပေသေးသည်..
ယနေ့ ပညာရေးစံနစ်ကို တိုးတက်ကောင်းမွန်အောင် ပြောင်းလဲနိုင်ရေး
အတွက် အသံတွေ ဟိုမှဒီမှ ကြားလာနေရပါပြီ…ဘယ်တော့ အကောင်အထည်ဖေါ်ပြီး
ဘယ်လိုပြင်ကြမလဲ…ဒါကိုလည်းဆက်တွေးကြရမှာပါ…
ပြသနာကိုတင်ပြခဲ့တဲ့ ဆရာကောင်းဆက်နိုင်ကပဲ…ပြုပြင်ရမဲ့ နည်းကိုလည်း
ဒီလိုလေးအကြံပြုထားပြန်ပါတယ်…..

“ကဲ၊ဒီတော့ ဘယ်ကစကြရမလဲဆိုတော့ ကလေးတွေကိုမသင်ခင် ဆရာ၊ဆရာမတွေကို
သဘောပေါက်အောင် အရင်သင်ရမှာပါ..ဒီအတိုင်းသင်တန်းပဲပေးလို့မရပါဘူး..။
စီမံကိန်းတစ်ခုရေးဆွဲရပါမယ်။ အကောင်အထည်ဖေါ်ဖို့ ရှေ့ပြေးနေတဲ့ နိုင်ငံတွေက
Expert တွေ(ကျွမ်းကျင်သူတွေ) ငှားရပါမယ်။ Expert တွေကနေ တာဝန်ရှိသူတွေကို
လက်တွေ့ သင်တန်းပေးမယ်။ တာဝန်ရှိသူတွေကမှ အဖွဲ့ငယ်တွေခွဲပြီး တိုင်းဒေသကြီးနဲ့
ပြည်နယ်အလိုက် မြို့နယ်ကျေးရွာအထိ ကွင်းဆင်းပြီး အနည်းဆုံးနှစ်ပါတ်ကြာ
ဆရာ၊ ဆရာမတွေကိုလက်တွေ့သင်ကြားပေးမယ်။ ဆရာ ဆရာမတွေကိုတော့
ကျောင်းသားတွေကိုနားလည်သဘောပေါက်အောင် ဟောပြောပြသပေးဖို့လိုပါတယ်။
ဒါကတော့ အရပ်သားတစ်ယောက်ရဲ့ အရပ်အမြင်နဲ့အကြံပြုချက်ပါပဲ။”

ကောင်းပါပီဗျာ…ဒီလိုနဲ့ နောက်ဆုံးတွေးလိုက်မိတာကတော့..
ပညာရေးစံနစ်ကြီးမပြောင်းသေးခင်..ကျုပ်တို့၏ကလေးများကို ကျောင်းတွင်
စာသင်စေ၍ အိမ်တွင် မိမိတို့က “ပညာ”ကို တတ်နိုင်သရွေ့ သင်ပေးကြပါဟုသာ
အကြံပြုလိုပါကြောင်း…စာရှု့သူ ရွာသူရွာသားအပေါင်းတို့ခင်ဗျား……
ရွာသူားများလည်း ဒီနေ့ခေတ် ပညာရေးအကြောင်း ၀ိုင်းဝန်းဆွေးနွေးပေးကြပါအုံးလို့
မေတ္တာရပ်ခံပါတယ်ဗျာ…
အားပေးဖတ်ရှု့သူအားလုံးကိုလေးစားလျှက်..
လမ်းဆက်လျှောက်နေတဲ့…
ကြီးမိုက်။
၇.၇.၁၂

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)