အခုလိုရာသီမှာ တညင်းသီးပြုတ်တွေရောင်းကြတာများသလို စားတဲ့သူတွေလည်းမနည်း ရှိကြပါတယ်၊ ဒါပေမယ့် အဲဒီတညင်းသီးဟာ ကျန်းမာရေးကို အကျိုးဖြစ်စေဖို့ထက် အဆိပ်သင့်အစာလို့ခေါ်ရလောက်အောင် ဆိုးကျိုးတွေရှိတဲ့အကြောင်း ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုထဲက ကောက်နုတ်တင်ပြပါရစေ။

တညင်းသီးဟာ အဆိပ်တက်တဲ့အစာတစ်ခုဖြစ်ပါတယ်၊ သူအထဲမှာ Djenkolic acid လို့ခေါ်တဲ့အဆိပ်ပါဝင်ပြီး ကျောက်ကပ်ကိုပျက်စီးစေပါတယ်၊ အဲဒီအဆိပ်ရဲ့ မော်လီကျူးတွေဟာ အပ်ချောင်းပုံလေးတွေဟာ ပုတီးကိုသီထားတဲ့ပုံဖြစ်ပါတယ်၊ ကျောက်ကပ်ဆိုတာကျွန်တော်တို့ရဲ့ခန္ဓာကိုယိထဲက အညစ်အကြေးတွေကို စွန့်ထုတ်ပေးတဲ့နေရာဖြစ်ပါတယ်၊ တညင်းသီးစားလိုက်ရင် ပါဝင်တဲ့  Djenkolic acid အဆိပ်တွေဟာ သွေးထဲကိုအရင် ရောက်ပါတယ် ၊ပြီးမှ အသည်းကို ရောက်ပါတယ်၊ အဆိပ်တွေဝင်လာရင် ပြယ်အောင်လုပ်ပေးတာ အသည်းကဖြစ်ပေမဲ့ တညင်းသီးမှာပါတဲ့ အဆိပ်ကိုတော့ အသည်းကမဖျက်စီးနိုင်ပါဘူး။  အဲဒီတော့ နောက်ဆုံးကျောက်ကပ်ကနေစွန့်ထုတ်ဖို့ ကြိုးစားပါတယ်၊ ဒါပေမဲ့ ခုန အပ်ချောင်းပုံ အဆိပ်လေးတွေက ကျောက်ကပ်ရဲ့  glomerulus နဲ့ tubule  လို့ခေါ်တဲ့ ဆီးပြွန်ငယ်လေးတွေမှာ ပိတ်ဆို့ပါတယ်၊ အပ်ချောင်းပုံလေးတွေကထိုးလို့ သွေးကြောလေးတွေပေါက်ပြီး သွေးထွက်နိုင်ပါတယ်၊ အဲဒါဆို ဆီးသွားတဲ့အခါ သွေးပါလာတတ်ပါတယ်၊ ပိုဆိုးရင် ဆီးသွားလမ်းကြောင်းကိုပိတ်ရင် ဆီးသွားနည်းလာမယ် နောက်ဆုံး ဆီးမသွား နိုင်တဲ့အထိ ဖြစ်တတ်ပါတယ်၊ အဲဒီအခါကျောက်ကပ်နှစ်ခုလုံး ဆီးမသွားနိုင်လို့တင်းပြီး မခံရပ်နိုင်အောင်နာကျင်လာပါမယ်၊ ဒါဆိုဆေးရုံကိုအချိန်မှီ သွားပြီး  ကျောက်ကပ်သန့်စင်စက်နဲ့ အချိန်မှီကုသရပါလိမ့်မယ်။

တညင်းသီးမှာ amino acid လို့ခေါ်တဲ့ Protein ဓာတ်တွေပါတာကြောင့် စွဲမက်စရာကောင်းပါတယ်၊ ဆိုလိုတာက တညင်းသီးစားရတဲ့အရသာဟာ အသားစားရတဲ့အရသာကဲ့သို့ ဖြစ်စေတာပါ၊ နောက်ပြီး Managanese တွေများစွာပါလို့ သကြားဓာတ်ကို ကျစေနိုင်ပါတယ်၊ ဗီတာမင်အနေနဲ့တော့ တညင်းသီးမှာပါတာမတွေ့ရပါဘူး၊ဒါကြောင့် တညင်းသီးဟာ အဟာရဓာတ်ရဖို့အတွက်တော့ မစားသင့်ပါဘူး။

တညင်းသီးအဆိပ်ဟာ ၃၀၀ ဒီဂရီစင်တီဂရိတ် ကျော်မှသာ ဓာတ်ပြယ်စေနိုင်တာမို့ ရေဆူမှတ်ဟာ ၁၀၀ ဒီဂရီစင်တီဂရိတ် သာရှိတာမို့ ဘယ်လိုမှဓာတ် မပြယ်နိုင်ပါ၊ ဒါကြောင့်ပြုတ်မယ်ဆို ရေကိုတစ်ကြိမ်တည်းပြုတ်တာထက် မကြာခဏလဲပြီးသွန်ပေး ရေအသစ်ထဲ့၍ပြုတ်သင့်ပါတယ်၊ ဒါမှ အဆိပ်အားလုံး မဟုတ်တောင် လျော့နည်းသွားအောင်လို့ပါ၊ ကင်စား၊မီးဖုတ်စားရင်တော့ အဆိပ်တွေဟာဓာတ်လည်မပြယ်၊ အပြင်လည်းမထွက်၊ လျော့လဲမသွားဘဲ ရှိနေတာပါ၊ တစ်ချို့လည်းဆားရေစိမ်ပြီးစားကြပါတယ်၊ ဆားရေမှာကြာကြာစိမ်ထားရင်တော့ ဆားရေပြင်းအားများလေ အဆိပ်တွေ လျော့နည်းလေဖြစ်မှာပါ၊ သိပံ္ပနည်းအရ pH များလေလေ ပျော်ဝင်မှု့ Solubility များလေသဘောပါဘဲ၊ပြီးတော့ တညင်းသီးနုစဉ်မှာ အဆိပ်ပါဝင်မှု့နည်းတာတွေ့ရပါတယ်။

တညင်းသီးစားရင်ပါးစပ် အနံထွက်တယ်ဆိုတာ Djenkolic acid မှာပါတဲ့ ဆာလ်ဖါအုပ်စု SH နဲ့ အခြားဓာတ်ပစ္စည်းတွေ ဓာတ်ပြုရာကထွက်လာတာပါ၊ အဲဒီထွက်လာတဲ့ဓာတ်တွေကို အဆုတ်ကနေစွန့်ထုတ်တဲ့အတွက် အသက်ရှုထုတ်တဲ့အခါ အနံရစေတာဖြစ်ပါတယ်၊ပြီးတော့ဆီးမှာလည်းအဲဒီဓာတ်တွေ ပါဝင်တဲ့အတွက် ဆီးသွားရင်လဲအနံထွက်စေတာဖြစ်ပါတယ်၊တစ်ချို့ရိုးရာတိုင်းရင်းဆေးမှာ တညင်းသီးဟာ သကြားဓာတ်ကိုလျော့စေလို့ တညင်းသီး စားရင်ဆီးချိုသက်သာစေတယ်လို့ ဆီးချိုရောဂါကုသရာမှာသုံးတတ်ကြပါတယ်။

တညင်းသီးအဆိပ်ဟာ ဆီးထဲမှာအနည်ကျတဲ့အတွက် ဆီးကျောက်တည်ခြင်းကိုဖြစ်စေတတ်ပါတယ်၊ဒါကြောင့် တညင်းသီးအစားများရင် ဆီးကျောက်တည် ခြင်းဖြစ်နိုင်ပါတယ်။အခုလို ကျန်းမာရေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေတဲ့ တညင်းသီးကို မနေနိုင်လို့စားရင် တစ်လုံးနှစ်လုံးလောက်တာ စားသင့်ပြီး မစားဘဲနေနိုင်ရင်ကောင်းပါကြောင်း အကြံပြုလိုက်ပါတယ်။

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..