ဒီနေ့ မနက် အလုပ်လုပ်နေတုန်း..ဖုန်းကထမြည်ပါတယ်..ကောက်ကိုင်လိုက်တော့ အမကြီးဖုန်းဖြစ်နေတယ်…အဖေ အမောဖေါက်နေလို့ ဆေးရုံပို့ဖို့ စီစဉ်နေတယ်တဲ့ ခဏနေရင် အိမ်ကထွက်မယ်ပြောတယ်…လက်ကနာရီငုံ့ကြည့်လိုက်တော့ ၁၀နာရီခွဲ…ဒီနေ့ စနေနေ့ဆိုတော့ ၁၂နာရီ အိမ်ပြန်ရမှာ..ဆိုတော့..
ကျနော်ရုံးဆင်းတာနဲ့လိုက်လာခဲ့မယ်အမကြီးရေလို့..ပြောလိုက်ပီး အလုပ်တွေ အပြီးသတ်အောင်ဆက်လုပ်နေလိုက်ပါတယ်…အရေးထဲ အလုပ်ထဲမှာကလဲ
ပြသနာပေါင်းသောင်းခြောက်ထောင် …ပရက်ရှာတွေကလည်းများ…ကြီးမိုက်တစ်ယောက်
မန်းလေးဂေဇက်တောင် မှန်မှန်မဖတ်နိုင်ဘူး…
အလုပ်ဆင်းတော့ အိမ်မပြန်တော့ပဲ အဖေ့ကို သမားတော်နဲ့သွားပြတဲ့ အာရှတော်ဝင်
ကိုလိုက်သွားခဲ့ပါတယ်..ဟိုရောက်တော့ အဖေက ၀ှီးချဲပေါ်မှာ…ဆရာဝန်နဲ့မပြရသေး
တိုကင်နံပါတ်က ၇၃ တဲ့..၁၂နာရီက ဆရာဝန်စထိုင်တာ..ကျနော်ရောက်သွားတော့
၂နာရီကျော်ပြီ.. မေးကြည့်တော့ တိုကင်နံပါတ် ၅၀ရောက်ပြီတဲ့…သိပ်မလိုတော့ပါဘူး..
အကျင့်ကပါနေတော့ စိတ်ထဲကတွက်ကြည့်လိုက်မိတယ်..လူနာတစ်ယောက်ကို နှစ်မိနစ်ခွဲနှုန်းပေါ့(တိုကင်ယူထားပြီး မလာတာတွေလဲရှိမှာပေါ့လေ..)..
မြန်သားဘဲ..ခေတ်ပညာတွေတိုးတက်လာတော့ ဆရာဝန်တစ်ယောက်ဟာ
ကျနော်တို့ငယ်ငယ်ကလို နာရီဝက်လောက်အချိန်ယူပြီးမှ လူနာတစ်ယောက်ကုနေတာမဟုတ်တော့ဘူး .. နည်းပညာတွေတိုးတက်လာလို့ဖြစ်မယ်..
အားပါးပါး..လက်ဖျားခါတယ်ဗျာ…ကဲဒါတွေထားပါအုံးလေ..အဖေက ကျနော့်ကို တွေ့တာနဲ့
ဝမ်းသာအားရပြုံးပြီး..“သား…မင်းအလုပ်ကော အားလို့လားကွာ…
မင်းမိသားစုရောနေကောင်းကြရဲ့လား..” ……………………….

အဖေ့ ရဲ့ တိုးတိမ်ပြီး အားယူပြောလိုက်တဲ့ စကား ကြားလိုက်ရတော့ ကျနော် ရင်ဘတ်ကို
တာဝေးပစ်ဒုံးကျည်တစ်စင်း ရုတ်တရက်ထိမှန်လိုက်သလို ရုတ်တရက်အောင့်ကနဲခံစားလိုက်ရတယ်…သူခံစားနာကျင်နေရတာတွေအရင်မပြော………
သူ့သား အမိုက်တုံးကြီးကိုစိတ်ပူပီး အရင်မေးရှာတယ်….
ကျနော် အဖေ့အိမ်မရောက်တာတော်တော်ကြာပြီ
ရုံးပိတ်ရက်တိုင်း အဖေ့အိမ်သွားမယ်ကြံရင်း မရောက်ဖြစ်ရင်း..အကြောင်းအမျိုးမျိုး ကိုယ့်ကိုကိုယ် ဆင်ခြေတွေပေးပြီး ကိုယ့် ကိစ္စအပေါ့စားတွေနဲ့ပဲ အချိန်တွေ သုံးပစ်ခဲ့တာ..
အဖေ့ကိုဖုန်းနဲ့တော့ဆက်ဖြစ်ပါရဲ့…ပိုက်ဆံတော့ မရောက်ရောက်အောင်ပို့ပါရဲ့..လူကိုယ်တိုင်တော့သိပ်မရောက်ဖြစ်ခဲ့……အခုတော့..
အမောဖေါက်နေတဲ့… ၀ှီးချဲပေါ်က ပြုံးနေတဲ့ အဖေ့ရဲ့ မျက်နှာ ရှုံ့ရှုံ့သေးသေးလေးကို
ကြည့်ပြီး…ကြီးမိုက် ရဲ့ မျက်လုံးဟာ မျက်ရည်တွေနဲ့ေ၀၀ါးသွားခဲ့ရပါတယ်….အော်..အဖေရယ်…
…………………………………………………………………………………………….
တကယ်လို့သာ အဖေက ကျနော့ကို တွေ့တွေ့ချင်း “မင်းကွာ..ခုမှရောက်လာရသလား..
ဒီမှာအဖေတစ်ယောက်လုံး သေကောင်ပေါင်းလဲဖြစ်နေတာ..ဒီကြားထဲငါသေသွားရင်တောင်
မင်းမြင်လိုက်ရမှာမဟုတ်ဘူး”..လို့ပြောလာခဲ့ရင်..ကျနော် သိပ်ခံစားရမှာမဟုတ်ပါဘူး…
အော်…မေတ္တာတရားနဲ့ သာ လူမိုက်တွေကိုဆုံးမနိုင်တာပါလားလို့လည်း သတိပြုမိလိုက်ပါရဲ့..

ကျနော့ မိတ်ဆွေ ဆရာဝန်တစ်ဦးရဲ့ ဖုန်းနဲ့ ကူညီစောင်မမှု့ကြောင့် တိုကင်အတိုင်း
အလှည့်ထိမစောင့်ရတော့ ပဲ ပါရဂူနဲ့ပြခွင့်ရလိုက်ပါတယ်…
…အမကြီးရယ် ညီငယ့် မိန်းမ ရယ် လှည်းတွန်းပြီးဝင်ကြတော့
ကျနော်က အပြင်မှာနေခဲ့ရပါတယ်..ဟုတ်တယ်လေ..လူအများကြီးလိုက်ဝင်လို့မှမရတာ…
ကျနော်တွက်ထားတဲ့ စံချိန်ထက်နဲနဲတော့ပိုပါတယ်(သူငယ်ချင်းဆရာဝန်ကျေးဇူးထင်ရဲ့)..
၈ မိနစ်လောက်ကြာမှ အဖေပြန်ထွက်လာတယ်..မေးကြည့်တော့..
ဓါတ်မှန်ရိုက်ရမယ်..သွေးစစ်ရမယ်..သလိပ်စစ်ရမယ်…
အာထရာဆောင်းရိုက်ရမယ်..အီးစီဂျီ ရိုက်ရမယ်..ပြီးမှ ပြန်လာပြဆိုဘဲ…အော်
မကုရသေးပါလား..ဆေးစစ်ဖို့ ညွှန်ကြားရုံရှိသေးတာကိုး…ဘာတတ်နိုင်မှာလဲ..
ပြောတဲ့အတိုင်းလုပ်ရုံပေါ့…ကျနော်ကဘဲ ခပ်သွက်သွက် ဦးဆောင်ပြီး အထက်ကလုပ်ငန်းစဉ်
လေးတွေ ပီးမြောက်အောင် ဟိုမေး ဒီမေး ဟိုစောင့် ဒီစောင့်နဲ့ ဆောင်ရွက်ရပါတော့တယ်..
စောင့်နေရင်း ကျနော် အဖေ့အနားမှာ အမြဲကပ်ပြီး အားပေးစကား ပြောနေခဲ့ပါတယ်..
အဲဒီအချိန်တစ်လျှောက်လုံး အဖေ စကားတစ်ခွန်းဘဲ ထပ်ခါထပ်ခါပြောပါတယ်…
“ကြာလိုက်တာသားရယ်”….တဲ့ လူနာတွေများလို့ပါဆိုတဲ့အကြောင်းနဲ့ အဖေ့ကို
ဖြေသိမ့်ပေးနေရပါတယ်…
ဆေးစစ်ချက်တွေ အကုန်မရသေးပေမဲ့ ..စစ်တော့အကုန်စစ်ပီးသွားပြီ…
အဖြေရပြီးသား စစ်ချက်တစ်ချို့နဲ့အတူ သမားတော်နဲ့ပြန်ပြတော့…ဆေးရုံတက်ရမယ်တဲ့…
စုံစမ်းကြည့်တော့…ဒီလောက်အခန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့..
အာရှတော်ဝင်မှာ အခန်းလွတ်မရှိ..
အော်..မစည်သင့်မစည်အပ်တဲ့နေရာ..လာစည်နေပါလားလို့ တွေးလိုက်မိပါရဲ့…
ဒါနဲ့ပဲ အင်မာဂျင်စီမှာ အဖေ့ကို အောက်စီဂျင်ပေးထားပြီး
ဆေးရုံတင်ရေး မောင်နှမတွေ ခေါင်းချင်းရိုက် ဟိုဆေးရုံဖုန်းဆက်..ဒီဆေးရုံဖုန်းဆက်နဲ့..
နောက်ဆုံးတော့ ဆာကူရာ မှာတစ်ခန်းရမယ်ဆိုတာနဲ့ အဲဒီမှာတက်ရင်အဆင်ပြေမပြေ
သမားတော်ကို ၀င်ပြောပြ (ဟုတ်တယ်လေ သူကုမှာမဟုတ်လား..သူလာကြည့်နိုင်တဲ့ဆေးရုံဖြစ်ဖို့လည်းလိုသေးတာကိုး)ဒါနဲ့ပဲ
ဆာကူရာအထူးကုဆေးရုံကြီးမှာ အဖေ့ကို ဆေးရုံတင်လိုက်ပါတော့တယ်…
…………………………………………………………………………
ဟိုရွှေ့ ဒီရွှေ့ ဟိုပြောင်းဒီပြောင်းနဲ့ အဖေလည်းတော်တော် မောသွားရှာပါတယ်…
အခုတော့ သန့်ပြန့်တဲ့ ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေးအနားယူပီး အောက်စီဂျင်ကို
ရှုနေပါတယ်..အောက်စီဂျင်ရှုရလို့ထင်ပါရဲ့ အဖေ အတော်လေးလန်းလာတယ်..
ကျနော့်ကိုကြည့်ပြီး…“သား…အဖေဆေးရုံမှာနေဖို့လိုလို့လားကွာ..အဖေကောင်းနေပါပြီ”
တဲ့..ကျနော်သိတယ်..အဖေက အခုအသက် ၈၇နှစ်ရှိပြီ ..ဆေးရုံတစ်ခါမှ မတက်ဖူးပါဘူး
(ကျနော် သုံးတန်းလောက်က အဖေတိုက်ပွဲတစ်ခုမှာ ဒဏ်ရာရလာတဲ့ တစ်ခေါက်ကလွဲရင်ပေါ့)
ဒါကြောင့် အိမ်ပဲပြန်ချင်နေရှာတာ….ပီးတော့ ဆက်ပြောတာက…“မင်းအမေ အိမ်မှာ ဘယ်သူ
နဲ့ကျန်ခဲ့လဲ..အဆင်ရောပြေရဲ့လား”…..ဒီတော့ကျနော်က.
.နောက်ချင်စိတ်လေးပေါ်လာတာနဲ့
“အဖေ..အမေ့ကိုသတိရနေတာလား..တွေ့ချင်လို့လား..ကျနော်သွားခေါ်လိုက်မယ်လေ.အမေဒီမှာ အဖေ့ကို စောင့်အိပ်ပေးလို့ရပါတယ်…”လို့ပြောလိုက်တော့အဖေ ကျနော့်ကိုကြည့်နေရာက မျက်စိလွှဲလိုက်ပြီး ပြုံးပါတယ်.
.ပြီးမှ မဟုတ်ပါဘူးကွာ..ရပါတယ်တဲ့ အဲ့ဒီ့မချိန် အဖေပြုံး
လိုက်တဲ့ အပြုံးမျိုး အရင်ကကျနော် တစ်ခါမှ မမြင်ဖူးပါဘူး..အပြုံးက `ရှက်ပြုံးလေး´ပါ အသက် ၈၇ ရှိနေပြီဖြစ်တဲ့ အဘိုးကြီးတစ်ယောက်ရဲ့ အလွန်ချစ်စရာကောင်းတဲ့ အပြုံးလေးပါ
အဲ့ဒီ့အခိုက်လေးမှာ..ရုတ်တရက်ဆိုသလို..
ကျနော်တစ်ခါက(၁၉၈၇လောက်က..)TVမှာကြည့်လိုက်ဖူးတဲ့
“When we are old” ဆိုတဲ့ ဂျပန်ကားလေးကို သွားသတိရမိလိုက်တယ်…
အတိအကျမဟုတ်တောင် မှတ်မိသလောက် ဇတ်လမ်းအကျဉ်းလေးက
.ရုပ်ရှင်ထဲမှာ.ကျနော့်အဖေလောက်ရှိတဲ့အဖိုးကြီး
အဖွားကြီး လင်မယားက တောမှာသမီးတစ်ယောက် ထံ မှီခိုနေပါတယ်..သမီးလင်မယားက
လည်း နှစ်ယောက်လုံး အလုပ်လုပ်ကြရတဲ့ လက်လုပ်လက်စားတွေပါ..တစ်ရက်..အမေဖြစ်သူ
တော်တော်နာမကျန်းဖြစ်တော့ တိုကျိုမှာနေတဲ့ အကိုကိုဆက်သွယ်ပြီး ဆေးရုံတင်လိုက်ပါ
တယ်..ဆေးရုံတင်လိုက်တယ်ဆိုပေမယ့် တိုကျိုမှာရှိတဲ့ အကိုကဆေးကုသပေးရုံသာတတ်
နိုင်ပြီး တောမှာကျန်ခဲ့တဲ့ အဖေကြီးကိုလည်း ခေါ်မထားနိုင်ပါဘူး..တိုကျိုမြို့ကြီးကလည်း လူနေမှုစရိတ်က ကြီးတယ်မဟုတ်လား..ဒီလိုနဲ့ တိုကျိုမြို့က ဆေးရုံကြီးပေါ်မှာ အဖွားကြီးက
တစ်ယောက်တည်း ဆေးကုသမှုခံယူနေ..တောမှာကျန်ခဲ့တဲ့ အဖိုးကြီးကလည်း တစ်ယောက်
တည်းအထီးကျန်နေပြီး အားနေတော့ အဖွားကြီးကို လွမ်းနေ..(သူတွေးနေတာက …ငါတို့တွေကအသက်တွေကြီးလွန်းနေပြီ အချိန်မရွေးသေသွားနိုင်တယ်၊ မသေခင် အဖွားကြီးကိုတွေ့ရပါအုံးမလား..ဆိုတာပေါ့ )..သမီးနဲ့သမက်ကို တိုကျိုသွား
ချင်တယ်ပြောတော့ အဖိုးကြီးတစ်ယောက်ထဲ လွှတ်လို့လည်းမဖြစ်..သူတို့ကလည်း ကိုယ့်
အလုပ်နဲ့ ကိုယ်မို့ လိုက်မပို့နိုင်(ငွေကြေးမတတ်နိုင်တာလဲပါတာပေါ့..) ..
ဒီလိုနဲ့တစ်နေ့တော့ အဖိုးကြီးက သမီးနဲ့သမက် အလုပ်သွားနေတုန်း
တစ်အိမ်လုံး အနှံ့ ရှာတော့တာပဲ..နောက်ဆုံး..အံဆွဲတစ်ခုထဲ သမီးဖြစ်သူ ခြစ်ချုပ်စုထားတဲ့ ငွေအချို့ကိုတွေ့လို့ ယူပြီး သူနေတဲ့ မြို့ငယ်လေးက
ဘူတာရုံလေးကို အပြေးကလေး ထွက်ခဲ့ပါတော့တယ်..
စိတ်ကူးကတော့ တိုကျိုကို လိုက်သွားမယ်..အဖွားကြီးကို တွေ့မယ်ပေါ့လေ ..ရထားစီးပြီး
တိုကျိုကိုသွားတဲ့ တုန်ချိ တုန်ချိနဲ့ အဖိုးကြီးခမျာ ရှောရှော ရှူရှူ မရောက်ဘဲ လမ်းတစ်လျှောက် ဒုက္ခ မျိုးစုံတွေ့ရပုံကိုလည်း ရိုက်ပြထားပါသေးတယ် ..နောက်ဆုံး
အဖွားကြီးတက်နေတဲ့ ဆေးရုံရောက်သွားမှ..ဇတ်လမ်းသိမ်းထားတာပါ..အဲဒီဇာတ်သိမ်းမှာ..
အဖိုးကြီးနဲ့ အဖွားကြီးတွေ့ဆုံခန်းလေးက..ဇတ်လမ်းရဲ့ အသက်ပါပဲ..အဖိုးကြီးဝင်လာတော့
အဖွားကြီးက ခုတင်ပေါ်မှာ မျက်လုံးလေးမှိတ်ပြီး အိပ်ပျော်နေဟန်တူပါတယ် အဖိုးကြီးက
ဘေးကခုံလေးမှာ ၀င်ထိုင်ပြီးအဖွားကြီး မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ဘေးဘီကိုတစ်ချက်
ကြည့်လိုက်ပြီး အဖွားကြီးရဲ့ အရေးအကြောင်းတွေထင်နေတဲ့ နဖူးလေးကို နမ်းဖို့လုပ်လိုက်ပါတယ် အဖိုးကြီးမျက်နှာ အဖွားကြီး
နဖူးနားရောက်လုလုမှာ အဖွားကြီး မျက်လုံးတွေပွင့်လာတော့ အဖိုးကြီးခင်မျာ ရှက်အမ်းအမ်းနဲ့ ချက်ချင်းခေါင်းကိုရုတ်လိုက်ပြီး ခုံပေါ်မှာ နောက်လှည့်ထိုင်လိုက်တယ်..ပြီးမှစကားပြောကြတဲ့
အခန်းလေး..သိပ်မိုက်တယ်ဗျာ..ဒီကားလေးကို ကြည့်ဖူးတဲ့ လူတွေလည်း ကြည့်ဖူးမှာပါ..ဆိုချင်တာကတော့ အိမ်ထောင်ဖက်တွေဟာ အသက်ကြီးလာရင် သားသမီး မြေးမြစ်တွေထက် မိမိအိမ်ထောင်ဖက်ကိုသာ အားကိုးပြီး အပြန်အလှန် အေးမြတဲ့ အချစ်နဲ့
ချစ်နေကြတော့တာပဲ..တစ်ယောက်အကြောင်း တစ်ယောက်လည်း ပိုသိကြတယ် မဟုတ်လား…..
ဒီနေရာမှာ ကိုင်ဇာရဲ့ သီချင်းလေး သွားသတိရမိပြန်ရောဗျ…..
သီချင်းနာမည်က ရွှေရတုအချစ် ဆိုလား..ကျနော်လည်း ၀ါးတားတားနဲ့…
စာသားတွေလည်းအမြီးအမေါက်တည့်တည့် မမှတ်မိတော့ပါဘူး..
မှတ်မိသလောက်လေးတော့ရေးပြပါရစေ..

“မလွှဲမရှောင်သာကြုံမယ်..နောင်လာမဲ့နှစ်ပေါင်းငါးဆယ်..
ခေါင်းထက်ကဆံပင် ဖွေးဖွေးလှုပ်ကာ ..ဘာတွေညာတွေမသန်စွမ်းချိန်…
မင်းဆံပင်ဖြူဖြူပေါ် စံပါယ်ကုံးလေးပန်ပေးမယ်..မင်းပါးလေးကို ဖြေးဖြေးနမ်းမယ် ရင်တွေဘာတွေခုံပါစေ…..

ခုအချိန်လိုမဟုတ်ပဲ မပူပြင်းတဲ့အချစ်နဲ့လေ..သားတို့နားမလယ် မြေးတို့နားမလယ်..
သူငယ်ပြန်တယ်ထင်လဲထင်…
အများသူငါမမြင်အောင်..စာတွေခိုးခိုးရေးကြမယ်… အဖိုးကြီးငါ့ကို အဖွားကြီးမင်းက..မောင်တွေဘာတွေ ခေါ်ပါအုံး…”

ပြောရရင်တော့ဗျာ…ကျနော်တို့ ညီကို မောင်နှမတွေ ဘယ်လောက်ပြုစုပြုစု…
အဖေ စိတ်တိုင်းမကျဘူးဗျ..ဒါပေမဲ့ ဘာမှတော့မပြောရှာပါဘူး..ဆေးသောက်ဆိုသောက်တယ်
အစား စားဆိုစားတယ် (မနဲချော့ကျွေး တာတောင်နဲနဲပဲစားတယ်..)..အမကြီးဆိုစိတ်ကိုညစ်လို့…ကျနော်ကတော့တစ်မျိုး..
သူ့မျက်နှာကြည့်တာနဲ့ကို တစ်ခုခုစိတ်တိုင်းမကျ ဖြစ်နေမှန်း ခန့်မှန်းမိတာပါ…
ဘာရမလဲ..ကြီးမိုက်ဆိုတဲ့ကောင်က..ပေါ့သေးသေးမှမဟုတ်တာ…အပေါ်မှာပြောခဲ့ဖူးတဲ့
“ဒို့တစ်တွေ အိုမင်းကြတဲ့အခါ” ဆိုတဲ့ ရုပ်ရှင်လည်းကြည်ခဲ့ဖူးတယ်…ကိုင်ဇာဆိုခဲ့တဲ့..
“ရွှေရတုအချစ်” ဆိုတဲ့ သီချင်းလေးလဲ ခံစားနားထောင်ဖူးခဲ့တယ်…
ကိုယ်တိုင်ကလည်း အသက်ရလာပြီဆိုတော့…အိမ်ပြန်ရောက်လို့ မိန်မ မရှိတဲ့အခိုက်
သမီး သို့မဟုတ် သားလုပ်သူက ထမင်းပြင်ပေးရင်တောင် စားလို့တော့ ပြီးသွားပါရဲ့..
တစ်ခုခုလိုနေသလိုဘဲ..ခါတိုင်းလောက်အဆင်မပြေသလိုခံစားရတယ်…
ပြောရရင်တော့ဗျာ…ဖြစ်သလိုပြီးတဲ့ ထမင်းတစ်နပ်နဲ့ စိတ်ပါလက်ပါ
အရသာတွေ့တဲ့ ထမင်းတစ်နပ် ကွာသလိုပါပဲ…….
ဒါနဲ့ ကြီးမိုက် ချက်ချင်း အစီအစဉ်ဆွဲ…အမေ့ကိုသွားခေါ် တော့တာဘဲ…
ထင်တဲ့အတိုင်းပဲဗျို့…အမေလဲရောက်လာရော…အားလုံးအဆင်ပြေသွားတော့တာပဲ..
အမေက ခတ်ငေါက်ငေါက်နဲ့ ပြောသမျှ အဖေက ပြုံးပြုံးကြီး လိုက်နာနေတော့တာကိုး..
ကျွေးရခက်တဲ့ အစားကလဲ အမေကမကျွေးခင်ကတည်းက သူကတောင်းနေပြီ..
ငါဗိုက်ဆာပြီဟေ့ ကျွေးတော့တဲ့…မှတ်ကရော…
ဒီလိုနဲ့…အဖေလည်း တဖြည်းဖြည်း ကျန်းမာရေးတိုးတက်လို့လာတော့ ..
ကျနော်တို့မောင်နှမတစ်တွေစိတ်ချမ်းသာခဲ့ရပါတော့တယ်…
အဖေ ကျန်းမာရေးကောင်းလာတာတွေ့မှ..ကျနော်လည်းဂေဇက်ကို သတိရသွားတယ်..
ဂေဇက်ရွာကြီးကိုမရောက်တာကြာပါပကောလို့…
ဝန်ခံချက်။ စိတ်ကူးယဉ် ရေးဖွဲ့ထားခြင်းမဟုတ်ပါ..ကြီးမိုက်ဘ၀အတွေ့အကြုံ လတ်လတ်ဆတ်ဆတ်ပါ..
အသက်အရွယ်ကြီးရင့်သူ များကို လူငယ်များက စာနာနားလည်တတ်စေရန်
စေတနာဖြင့် ကြီးမိုက်၏ဘ၀အတွေ့ အကြုံမှန်ကိုတင်ပြလိုက်ရခြင်းပါ…
ဖတ်ရှု့ခံစားပေးသူအားလုံးအားကျေးဇူးဥပကာရတင်ပါဂျောင်း…
လမ်းဆက်လျှောက်နေတဲ့..
ကြီးမိုက်။

ချစ်သောအဖေနဲ့အမေ..ဆေးရုံကြီးပေါ်မှာ..

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)