လွန်ခဲ့တဲ့(၃)လကျော်က နေ့လေးတစ်နေ့…

သူငယ်ချင်းတစ်ယောက်နဲ့ ထိုင်နေကြ လက်ဘက်ရည်ဆိုင်လေးမှာဆုံဖြစ်ဖို့ချိန်းထားကြတယ်… နယ်မှာတာဝန်ကျနေတဲ့သူငယ်ချင်းမို့ ကျွန်တော်နဲ့မတွေ့ဖြစ်တာ (၂)နှစ်လောက်ရှိပြီ… ကျွန်တော်ကလဲ သူငယ်ချင်းကိုတွေ့ချင်တာတစ်ကြောင်း၊ ကျွန်တော်ထိုင်နေကျလက်ဘက်ရည်ဆိုင်လေးမှာချိန်းပြီး ညနေစာ အတူတူသွားစားမယ်ဖို့ရည်ရွယ်ချိန်းဆိုလိုက်မိပါတယ်…

ညနေပိုင်း(၄)နာရီခွဲလောက် သူငယ်ချင်းရောက်လာတော့… သူနဲ့အတူတူ သူငယ်ချင်းရဲ့ညီမအငယ်ဆုံးလေး (၇)တန်းကျောင်းသူတစ်ယောက်ပါလာတယ်… ကျွန်တော်နဲ့လဲ ငယ်ငယ်တုန်းက သိကျွမ်းပြီးသားမို့ ကလေးက သိပ်မစိမ်းနေပေမယ့်တွေ့ခါစမှာတော့ ခပ်ရှိန်ရှိန်ဖြစ်နေပါတယ်… ကျွန်တော်သတိထားလိုက်မိတာက ကလေးမလေးရဲ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့…

ကျွန်တော်က ကလေးမလေးကို ကြောင်တောင်တောင်ဖြစ်မနေအောင်…စကားတွေပြောရင်း ငိုနေရတဲ့အကြောင်းအရင်းကို အဖေကြီးရိုက်လို့လား… အမေကြီးဆူလို့လားစသည်ဖြင့်…ကလေးမလေးစိတ်ရွှင်လာအောင် စကားတွေပြောမိရာက သူငယ်ချင်းမှတစ်ဆင့် ကလေးမလေးရဲ့ပြသနာ အရင်းအမြစ်ကိုသိလာရပါတယ်…

“ ဒီလိုကွာ… ငါ့ညီမလေးက အငယ်ဆုံးလဲဖြစ်… ငါတို့နဲ့ကျတော့ အသက်ကလဲကွာ… အိမ်မှာက မိဘတွေနဲ့ပဲနေရတာများတော့ သူ့ခမျာအပေါင်းအသင်းမက်သကိုး… ခက်တာက လက်ရှိသူ့နားက အပေါင်းအသင်းတွေက သူ့ကိုကျဉ်ထားကြတယ်… အခုလဲသူ့အပေါင်းအသင်းတွေက ၀ိုင်းပြောကြလို့ ၀မ်းနည်းပြီးအိမ်မှာငိုနေလို့ စိတ်ပြေလက်ပျောက်ဆိုပြီး…ငါခေါ်လာတာ…”

“ ဘာဖြစ်လို့တုန်းကွ… သူကတခြားလူတွေအပေါ်ဘာများလုပ်မိလို့တုန်း…”

“ အဲဒီလိုတော့မဟုတ်ဘူး… ငါ့ညီမက စာတော်တယ်… ငါတို့လိုမဟုတ်ဘူးပေါ့ကွာ… ကြိုးစားချင်စိတ်လဲရှိတယ်… အမြဲတမ်းလိုလိုလဲ ကျောင်းမှာပထမတွေဘာတွေရတယ်ပေါ့… အင်္ဂလိပ်လိုပြောရရင် Teacher Pet လို့တောင်ပြောရသကိုး…”

သူငယ်ချင်းက ဆေးလိပ်တစ်လိပ်ကိုမီးညှိပြီးဖွာရှိုက်လိုက်သည်…

“ အင်း… ဆက်စမ်းပါဦး…”

“ အဲဒီတော့ ပြသနာက တခြားကလေးတွေက သူ့နဲ့မကစားချင်ဘူးတဲ့… သူကစာတော်တယ်… ဆရာမကချစ်တယ်… ဆိုပြီး မိန်းခလေးတွေပီပီ ဂျေဝင်ကြတယ်ဆိုပါတော့…”

“ဟေ…”

“ မအံ့သြနဲ့သူငယ်ချင်း… မိန်းခလေးလဲဖြစ်… အသက်အရွယ်နဲ့ရင့်ကျက်မှုကလဲ (၇)တန်းဆိုတော့ ဒီပြသနာတွေရှိတာပေါ့…”

သူ့စကားတိုတိုလေးမှာ ကျွန်တော်ကတော့အရှည်ကြီးတွေးလိုက်မိပါသည်…သူငယ်ချင်းနဲ့ထမင်းအတူတူစားပြီး ငယ်ဘ၀က ရယ်စရာတွေပြော… ကလေးမလေးလဲ စိတ်ထဲပျော်ရွှင်သွားတယ်ထင်ပါ့… ပြုံးပြုံးရွှင်ရွှင်ပဲအိမ်ပြန်သွားပါတယ်…

သူအိမ်ပြန်သွားပေမယ့်…တွေးမိတဲ့…တွေးတတ်တဲ့ကျွန်တော်ကတော့ဖြင့် အိမ်ကိုအတွေးဝန်ထုပ်ဝန်ပိုးကြီးနဲ့ ပြန်ခဲ့ရပါတယ်…

အိမ်အပြန်လမ်းမှာ ကျွန်တော်စဉ်းစားမိတဲ့ပြသနာက လုပ်ငန်းခွင်တစ်ခုကအရွယ်ရောက်ပြီးလူကြီးများမနာလိုမှုပေါ့ဗျာ… ကျွန်တော်အရင်လုပ်တဲ့ကုမ္ပဏီမှာ လစဉ် အထူးချွန်ဆုံးဝန်ထမ်းကိုရွေးသကိုး… အရောင်းဝန်ထမ်းတွေ၊ ရုံးဝန်ထမ်းတွေအကုန်လုံပေါ့…

တစ်နှစ်ကိုတစ်ခါ ညစာစားပွဲလုပ်ပြီးတော့ဆုတွေပေး…

နောက်ဆုံး အထူးချွန်ဆုံးဝန်ထမ်းက လူမုန်းအများဆုံးဝန်ထမ်းဖြစ်သွားရော…

ကျွန်တော်တို့အထူးချွန်ဆုံးဝန်ထမ်းကိုရွေးတာ လုပ်ငန်းတိုးတက်ပြီးတော့ ၀န်ထမ်းတွေကြိုးစားချင်စိတ်ရှိအောင်လမ်းဖွင့်ပေးတဲ့သဘောပါ… တကယ်ကြုံတွေ့ရတဲ့ပြသနာက မနာလိုဝန်တိုမှုကိုကြီးထွားအောင်လုပ်ပေးလိုက်သလိုပါပဲ…

အဲဒီအချိန်မှာ ပြန်စဉ်းစားရမယ့်ကိစ္စက ထူးချွန်ဝန်ထမ်းရွေးချယ်တဲ့သူတွေ ပုဂ္ဂိုဟ်ရေးကင်းရဲ့လားနဲ့… ဘက်လိုက်မှုရှိနေလားဆိုတာပါပဲ… ပုဂ္ဂိုဟ်ရေးလဲကင်းရဲ့… ဘက်လိုက်မှုလဲကင်းပါရဲ့ မနာလိုဝန်တိုမှုဖြစ်လာရင် တရားခံကဘယ်သူတုန်း…

တရားခံကမနာလိုဝန်တိုမှုဖြစ်တဲ့လူကိုယ်တိုင်ပါပဲ… မနာလိုတယ်ဆိုတာ မနာလိုသူရဲ့ပြသနာပါ…

လုပ်ငန်းခွင်ရဲ့ပြသနာမဟုတ်သလို အုပ်ချုပ်ရေးပိုင်းပြသနာလဲ မဟုတ်ပါဘူး…

မနာလိုစိတ်ကနေ မခံချင်စိတ်ဖြစ်အောင်လုပ်ရမှာက မနာလိုတတ်သူရဲ့တာဝန်ပါ…

မနာလိုစိတ်က လူကို စုတ်ယုတ်စေတယ်… မခံချင်စိတ်ကလူကိုတိုးတက်စေတယ်…

မခံချင်စိတ်နဲ့ ကြိုးစားသူများကို ၀ိုင်းဝန်းကူညီပြီး အမြင့်ရောက်အောင်တွန်းတင်လို့ရပေမယ့်…

မနာလိုစိတ်နဲ့ညစ်တွန်းတွန်းနေရင်တော့ ဘေးကနေဘာမှလုပ်ပေးလို့မရပါဘူး… ဝေးဝေးရှောင်နေရမယ့် အနေအထားကိုပါရောက်သွားလိမ့်မယ်…

အဲဒါကို ကိုယ်တိုင်ပဲရွေးချယ်ရမှာပါ… တခြားမည်သူမှလုပ်ပေးလို့မရပါဘူး…

မနာလိုစိတ်ကင်းမှလဲ Teamwork ဆိုတာဖြစ်လာနိုင်မှာပါ… မဟုတ်ရင် ပြိုကွဲသွားတဲ့စည်းလုံးမှုရဲ့တရားခံဟာမနာလိုစိတ်ကြောင့်ပဲဖြစ်မှာပါ…

တကယ်တော့ မနာလိုစိတ် (Jealous) ဆိုတာ တရားဝင်လုပ်ငန်းခွင်တွေမှာမသုံးသင့်သော၊ မရှိသင့်သောစာလုံးဟုမှတ်ယူထားပြီး… ကျွန်တော်တို့အားလုံး မနာလိုစိတ်ကင်းသောအ၀န်းအ၀ိုင်းလေးအား တတ်နိုင်သမျှ တည်ဆောက်ဖို့ရန်ကြိုးစားကြပါစို့…

 

ခင်မင်လျက်-

ကြောင်ဝတုတ်

ဇူလိုင်လ၊ ၂၀၁၂

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...