ဝဿုန္ဒေနတ်မင်းလည်း ငိုရှာပြီ။

မနေ့က နေ့လည်ဖက် မြောက်ပြင်ဘက်က သူငယ်ချင်းတစ်ယောက်ဆီ သွားရင်းနဲ့ အပြန် မာမီစံရဲ့ ပန်းလက်ဆောင်    ရောင်းတဲ့ဆိုင်ကို ၀င်ခဲ့လိုက်တယ်၊ မန္တလေးမှာ ကျုံးမြို့ရိုှးနှင့် နန်းတော်ကိုအခြေပြုပြီး နန်းတော်၏ အရှေ့အရပ် ၌  နေသူ များကို နန်းရှေ့ ၊ နန်းတော်၏ မြောက်အရပ်၌ နေသူများကို မြောက်ပြင် စသည်ဖြင့်ခေါ်ဝေါ်သုံးနှုန်းကြပါသည်။ မာမီစံရဲ့ Flower Gift Shop ဆိုင်ကို တံခါးလေးဖွင့်ဝင်လိုက်တာနဲ့

မာမီစံ – ဟယ် ခင်ခ မပေါ်လာအတော်ကြာတာ အခုဘယ်ကနေ မျက်စိလည်လာတာတုံး။

ကျွန်တော် – ဘယ်ကမှ လည်လာတာမဟုတ်တ်ပါဘူး မာမီစီကိုဘဲလာတာပါ၊ မွေးနေ့က ဆုတောင်းလက်ဆောင်ပန်းပို့ပေး လိုက်တာ ရတဲ့အကြာင်းနဲ့ ကျေးဇူးတင်ကြောင်းလာပြောတာ။ သတိတရပို့ပေးလို့ ကျေးဇူးနော်။

မာမီစံ – ခင်ခလာတာနဲ့အတော်ဘဲ မာမီလည်းနေ့လည်ပျင်းနေတာ ကော်ဖီလေးသောက် စကားပြောရတာပေါ့

ကျွန်တော် – အရောင်းအ၀ယ်တွေကော ဘယ်လိုလဲမာမီ

မာမီစံ – အခုနောက်ပိုင်း မင်္ဂလာဆောင်ချိန်လည်း လွန်ပြီဆိုတော့ နည်းနည်းအေးလာတယ်၊

ကျွန်တော် – ကျွန်တော်တို့လည်း အခုတလောပါးတာဘဲ၊ မာမီကတော့ စုံတွဲတွေ ချစ်ချစ်ခင်ခင်နေလာကြလို့ဖြစ်ပါပေါ့

မာမီစံ – ဘာဆိုင်လို့လဲအေ

ကျွန်တော် – စိတ်မကောက်ကြတော့ လက်ဆောင်ပန်းပေးပြီးချော့စရာ မလိုဘူးလေ၊

မာမီစံ – ခင်ခပြောလိုက်မှဖြင့် မာမီက မေတ္တာပို့ကို ပြောင်းပြန်ထိုင်ပို့ရ မလိုဖြစ်နေပြီး၊ နေအုံးကော်ဖီလေးဖျော်လိုက် အုံးမယ်၊

( ပြောပြောဆိုဆိုနဲ့ မာမီစံတစ်ယောက် ထသွားပြီး ခဏနေတော့ ကော်ဖီနှစ်ခွက် ကိုင်လို့ပြန်ရောက်လာပါတယ်။)

ကျွန်တော် – ဟိုတလောက ဒီဘက်ကဖြတ်ရင်း မာမီဆိုင်ကိုလှမ်းကြည့်တာ ပိတ်ထားတာတွေ့တယ်၊

မာမီစံ – ဘယ်အချိန်လောက်လဲ

ကျွန်တော် – ည ၇ နာရီလောက်ဘဲရှိသေးတာ၊ မာမီက ၈ နာရီ ၈ နာရီခွဲမှာ ပိတ်နေကျမဟုတ်ဘူးလား၊

မာမီစံ – ခင်ခရယ် နင်မရောက်တာ အတော်ကြာသွားပြီလေ၊ မာမီ ၆နာရီ ခွဲ လောက် ဆိုင်ပိတ်တာ ၂ လလောက်တောင် ရှိတော့မယ်၊

ကျွန်တော် – ဟင်အစောကြီးပိတ်နေပါလား၊ ထူးဆန်းလို့

မာမီစံ – ဟုတ်တယ်၊ စိတ်ညစ်လွန်းလို့လေ ၊ ည ၇နာရီကျော်ရင် လျှပ်စစ်မီးက လာတော့လည်း မီးအားကမပြည့်ဘူး အ၀င် ၁၁၀ သာသာလောက်ရှိတာ၊ အဲတော့အဲယားကွန်းကဖွင့်မ ရတော့ လှောင်ပြီး အိုက်လာတယ်၊ အ၀င်တံခါးလှပ်ထား ရရင်လည်း မာမီပန်းတွေ ဖုန်တွေနဲ့ ကာလာချိန်းသွားမယ်၊ ပြီးတော့ ၁၅မိနစ် ၁၀ မိနစ်လောက် တစ်ခါတစ်ခါ ပျက်လိုက်၊ မီးပျက်လို့ ကိုယ့်ဆိုင်မှောင်မဲနေမှာစိုးလို့ မီးစက်လေးဖွင့်ပြီး ဆိုင်ထဲပြန်ဝင်ရုံရှိသေး မီးကပြန်လာ၊ ဒါနဲ့ ဆီနှမျောလို့ မီးစက်လေးထွက်ပိတ်ပြီး၊ သိပ်ကြာကြာမထိုင်ရသေးဘူး မီးကပျက်ပြန်လို့၊ မီးစက်ဆင်းဖွင့်၊ ပြီးတော့မီးပြန်လာနဲ့ တစ်ညတစ်ည အဲဒီ လျှပ်စစ်မီး ပျက်လိုက်လာလို့က်နဲ့ဘဲ ကောင်းကောင်းထိုင်နေရတယ်မရှိလို့ စိတ်ညစ်လာတာနဲ့  ၆ နာရီခွဲ ဆိုဆိုင် ပိတ်ဖြစ်တာ ခင်ခရေ။

ကျွန်တော် – ကျွန်တော်တို့ ဘက်လည်းဒီတိုင်းပါဘဲ၊ အဲဒါများ ပြီးခဲ့တဲ့လက ကြေးမုံသတင်းစာမှာ ဖတ်လိုက်ရတယ် မန္တလေး၌ ၂၄နာရီ လျှပ်စစ်မီးပေးနိုင်တယ်ဆိုတဲ့သတင်းလေ၊ ပုံနှိပ်စာသား အမှန်တရား မဖြစ်သေးတဲ့အကျင့်က ရှိနေတုံးမာမီရေ။

မာမီစံ – ခင်ခရေ ကြုံတုံး ၀ဿုန္ဒေနတ်မင်း ငိုတဲ့ဇာတ်လမ်းသိပြီးပြီလား

ကျွန်တော် – မသိသေးဘူး လုပ်စမ်းပါအုံး

မာမီစံ – ဒီလိုခင်ခရေ ၀ဿုန္ဒေနတ်မင်းရဲ့ သက်တမ်းက မဟာပထ၀ီမြေကြီးတည်ရှိသရွှေ့ သက်တမ်းရှည်တယ်တဲ့။ အဲဒါလွန်ခဲ့တဲ့ ဆယ်စုနှစ်ရဲ့တစ်ရက်မှာ သံတမန်တွေဆုံတဲ့ ညခင်းဧည့်ခံပွဲတစ်ခုကို ၀ဿုန္ဒေနတ်မင်း ရောက်ရှိလာတော့ အိန္ဒိယ သံတမန်၊ တရုတ်သံတမန် နဲ့ မြန်မာ သံတမန်တွေက ကြိုဆိုကြ တယ်တဲ့၊ အဲဒီမှာဘဲ ၀ဿုန္ဒေနတ်မင်းက သင်တို့ကြုံတုန်း ဆုတစ်ခု ဆီတောင်းပါ၊ ကျွန်ုပ် လောကစောင့်ကြပ် နတ်မင်းကြီးတွေထံ လျှောက်ထားပြီး   ဖြည့်စွမ်းပေးပါမယ်ဆိုတယ်။  ဒါနဲ့ဘဲ ပထမဆုံး အိန္ဒိယ သံတမန်က “ သူတို့နိုင်ငံက ကွန်ပျူတာနည်းပညာ software ပညာရှင် တွေဟာ ကမ္ဘာအနှံ အလုပ်အကိုင်အခွင့်လမ်းတွေ ရပြီ ကမ္ဘာကြီးဟာ ကွန်ပျူတာနည်းပညာကွန်ယက်ကြီး သဖွယ်တိုးတက်ရပါစေ´´လို့ဆုတောင်းတယ်၊  ၀ဿုန္ဒေနတ်မင်း ကလည်း နောက် ဆယ်စုနှစ်အတွင်းအောင်မြင်ပြည့် လိမ့်မယ်လို့ မြင်ကြောင်း၊ နတ်မင်းကြီးတွေလျှောက်ထားပေးမယ်ပေါ့၊ ဒုတိယ တရုတ်သံတမန်က “သူတို့နိုင်ငံက ထုတ်ကုန်ပစ္စည်းတွေကို ကမ္ဘာဈေးကွက်မှာ ပိုပြီးထိုးဖောက်ရောင်းချနိုင်တဲ့ စီပွားရေးအောင်မြင်မှု့ ထိပ်သီးစာရင်း ထဲပါရပါစေ´´လို့ ဆုတောင်းတယ်၊ ၀ဿုန္ဒေ နတ်မင်းကလည်း နောက် ဆယ်စုနှစ်အတွင်းအောင်မြင်ပြည့်လိမ့်မယ်လို့ မြင်ကြောင်း၊ နတ်မင်းကြီးတွေလျှောက်ထားပေး မယ်ပေါ့၊ ဒီလိုနဲ့ မြန်မာသံတမန်အလှည့်ရောက်တော့   မြန်မာသံတမန်က ဆုတစ်ခုလည်း တောင်းလိုက်ရော ၀ဿုန်န္ဒေနတ်မင်း အဲဒီမှာ ချုံးပွဲချငိုပါလေရောတဲ့။

ကျွန်တော် – ဘာဆုတောင်းလို့ ငိုရတာလဲ

မာမီစံ – ခင်ခရယ် ကော်ဖီလေးတစ်ငုံလောက်တော့ မော့ပါရစေအုံး၊

( မာမီလည်း ကော်ဖီလေး မော့သောက်ပြီး၊ စကားဆက်ပြန်ပါတယ်)

မာမီစံ – အဲဒီမှာ အိန္ဒိယ နဲ့ တရုတ်သံတမန်က မြန်မာသံတမန်ကို အဆွေတော်ဘာတွေသွားတောင်းလို့ နတ်မင်းငိုသွား ရတာလဲပေါ့၊ မြန်မာ သံတမန်ကလည်း အကျွန်ုပ်လည်းပြောနေကျ စကားဘဲတောင်းတာပါ နတ်မင်းဘာလို့ ကျွန်ုပ်အလှည့် ကျမှငိုရလဲမသိဘူး အဆွေတော်တို့ရယ်၊ ၀ဿုန်န္ဒေနတ်မင်းလည်း ငိုလို့အားရတော့မှ မြန်မာသံတမန်တောင်းတာက ရိုးရိုးလေးတောင်းတာပါ၊ ဒါပေမယ့် မြန်မာသံတမန်တောင်းတဲ့ဆု ပြည့်မြောက်တဲ့အချိန်မှာ ကျွန်ုပ်နတ်မင်း သက်တမ်း ကုန်ဆုံးသွားပြီးဖြစ်လို့ မြင်မသွားရတော့မှာ တွေးမိပြီး ယူကြုံးမရလွန်လို့ပါကွာ လို့ပြောတော့၊ အိန္ဒိယ နဲ့ တရုတ် သံတမန် တွေက မြန်မာ သံတမန်ကို အဆွေတော်တောင်းတဲ့ဆုလေးပြောပြပေးလား မေးတော့၊ မြန်မာသံတမန် က သူတောင်းတဲ့ဆုကို ပြန်ပြောပြတာပေါ့။ တောင်းတဲ့ဆုက  “ ကျွန်ုပ်တို့မြန်မာနိုင်ငံသည် ခေတ်မှီဖွံဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်ရပါလို၏´´ တဲ့ကွယ်၊

( မာမီစံလည်း သူဇာတ်လမ်းလေးအဆုံးသတ်ပြီး လက်ကျန်ကော်ဖီလေးကို အရသာခံသောက်နေလေရဲ့) အဲဒီမှာ-

ကျွန်တော် – မာမီထံ အကယ်လို့ နတ်မင်းရောက်လာပြီး ဆုတစ်ခုတောင်းဆိုရင် မာမီဘာဆုတောင်းမလဲ

မာမီစံ – အမလေး ခင်ခရယ် မာမီတောင်းမယ့်ဆုက ဒို့မန္တလေးမြို့ကြီး လျှပ်စစ်မီး လာပါသော်လည်း ခဏခဏပျက်ခြင်း၊ မီးအားမပြည့်ခြင်း ဒုက္ခမှ ၂၄နာရီ လွတ်ကင်းရပါလို၏ လို့တောင်းမှာပေါ့။

ကျွန်တော် – အဲဒါဆိုရင်တော့ မျက်ရည်သုတ်ဖို့က လက်ကိုင်ပ၀ါနဲ့မရတော့ဘူး၊ မျက်နှာသုတ်ပ၀ါလောက်ဆောင် ထားရလိမ့်မယ် မာမီ

မာမီစံ – ဘာလို့လဲ ခင်ခ

ကျွန်တော် – ဒီတခါ ၀ဿုန္ဒေနတ်မင်း ချုံးပွဲချတင်မကဘူး ရှိုက်ကြီးတငင်ငင်ပါငိုမှာ မာမီရေ။

မာမီစံလည်း သဘောကျစွာ ရယ်မောနေမိတော့ပါတယ်။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

 

 

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..

   Send article as PDF