အတူတူနေဖို့ဘယ်လောက်ထိ ဝေးရမလဲအတူတူပျော်ဖို့….ဘယ်လောက် ကြေကွဲရမလဲ…”

 

အချစ်သီချင်းလေးက လွင့်ပျံ့လာတယ် အမေ…. အချစ်ကို မခံစားမိဘဲ အမေ့ကို သတိရသွားတယ်… သမီးတို့တွေရော.. အတူတူနေဖို့ ဘယ်လောက်ဝေးနေရဦးမှာလဲ… “နီးနီးလေးနဲ့ဝေး” တဲ့.. ကျားပေါက်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ပေါ့…သမီးတို့တွေလည်း တကယ်ကို နီးနီးလေးနဲ့ဝေးနေတာပါ… (၃)ယောက်တည်းရှိတဲ့ မိသားစုဆိုတာ တကယ်တော့ အရမ်းနည်းလွန်းပါတယ်… အခုတော့ ဒီ (၃)ယောက်က တစ်ယောက်တစ်နေရာစီတဲ့လား… သမီးပဲ အရမ်းညံ့နေတာလား… ကံတရားကိုပဲ မကျော်လွန်နိုင်တာလား.. ဒါမှမဟုတ် သူများကိုပဲ ငဲ့ညှာလွန်းနေတာလား…

 

အိမ်မှာတစ်ယောက်တည်း အထီးကျန်နေမယ့် အမေ့ကို သနားနေမိသလို “တစ်ယောက်တည်းရုန်းကန်နေရတဲ့ ငါ့သမီးလေး” ဆိုပြီး အမေလည်း စိတ်မကောင်းဖြစ်နေတာလည်း သိပါတယ်… အားတင်းထားကြတာပေါ့နော်… ကားမှတ်တိုင်လေး (၄) ခုလောက်အကွာမှာနေတဲ့ မောင်လေးနဲ့တောင် တစ်ပတ်တစ်ခါ မတွေ့ဖြစ်တာ…ရန်ကုန်နဲ့ (၄၆) မိုင်အကွာက အမေ့ဆီကို ပြန်လာဖို့ ပိုခက်ခဲတာ အမေနားလည်မှာပါ… အမေကလည်း ပြန်လာပါလို့ မခေါ်ရက်သလို … သမီးကလည်း အမေလာနေပါလားလို့ အခေါ်ခက်နေတဲ့ အဖြစ်ပါ… သံယောဇဉ်တဲ့.. သနားစာနာမှုတဲ့… တစ်ခါတစ်လေကျတော့လည်း သူများမှီတာကိုခံဖို့က ကိုယ်တိုင်မတ်နေမှ ဖြစ်မှာလေ… ရုန်းထွက်ဖို့ ခက်နေတော့လည်း ယိုင်နဲ့နဲ့လေးကိုပဲ ထပ်မလဲအောင် ကြိုးစားနေရတာ နည်းနည်းတော့ ပင်ပန်းတာပေါ့…

 

အမေပြောဖူးတာ သတိရမိတယ်… ကိုယ့်အတွက်ပဲ ကြည့်တတ်တဲ့သမီးကို ပြောခဲ့တဲ့စကားပေါ့.. “သမီးက ကိုယ့်လမ်းကိုလျှောက်ပြီး ထွက်သွားမယ့်သူ.. အဖေရယ်..အမေရယ်..မောင်လေးရယ်ကပဲ ကျန်ခဲ့မယ့်သူ” တဲ့… ကိုယ့်ကိုကိုယ်လည်း ထင်ခဲ့ဖူးပါတယ်… သံယောဇဉ်ဖြတ်နိုင်တဲ့သူလို့… ငယ်ငယ်ကတည်းက ကျောင်းပိတ်ရက်ဆို အမျိုးတွေရွာကို လှည့်ပတ်သွားနေတဲ့ သမီးက အိမ်ကိုတွယ်တာရကောင်းမှန်းလည်း မသိခဲ့ဘူးလေ… အမေမှတ်မိသေးလား… တက္ကသိုလ်ပထမနှစ်ကိုတက်ဖို့ ရန်ကုန်ကိုသွားမယ့်နေ့က အဘွားရော၊ အဖေရော ငိုနေတဲ့အချိန်မှာ သမီးကတော့ အရမ်းပျော်နေခဲ့တယ်လေ… သမီးတက်လမ်းအတွက်ဆို ဘယ်လောက်ဝေးဝေး ခွဲနိုင်ပါတယ် ဆိုတဲ့ အမေကလည်း တကယ်တမ်းကျ မျက်နှာမကောင်းခဲ့ဘူးမို့လား… အလိုက်ကန်းဆိုးမသိတဲ့သမီးကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြောခဲ့သေးတယ်.. ဒေးဒရဲမြေကို ပြန်မလာဘူးလို့… အဆောင်မှာ ပစ္စည်းတွေထားပေးပြီးလို့ အမေပြန်သွားတဲ့အချိန်… ပထမဆုံးကျောင်းဖွင့်ရက်မှာ ကျောင်းတက်ပြီးလို့ အဆောင်ပြန်ရောက်တဲ့အချိန်… ပထမဆုံးအကြိမ်အဖြစ် ဆိုင်က ထမင်းထုပ်ဝယ်လာပြီး အခန်းထဲမှာ တစ်ယောက်တည်း ထမင်းစားရတဲ့ညနေ…အခန်းဖော်အပြင်သွားလို့ မီးပျက်နေတဲ့အခန်းထဲမှာ တစ်ယောက်တည်းဖြတ်သန်းခဲ့ရတဲ့ည.. မျက်ရည်မလွယ်ပေမယ့် အော်ငိုချင်မိခဲ့တယ်…

 

တစ်ပတ်တောင် မခံလိုက်ဘူးလေ… ကျောင်းပိတ်ရက်လည်းရောက်ရော.. ရန်ကုန်ကို အခုမှရောက်ဖူးတဲ့သမီးက ပန်းဆိုးတန်းသဘောင်္ဆိပ်ကို တစ်ယောက်တည်းဆင်းလာပြီး ရရာကားနဲ့ပြန်လာခဲ့တော့ တစ်အိမ်လုံးက အံ့သြကြတာ… အိမ်လွမ်းလို့ပြန်ချင်တဲ့စိတ်ကြောင့် ဘယ်ကသတ္တိတွေ ၀င်လာမှန်းတောင် မသိပါဘူး.. ဆူးလေလို့ ရေးထားတဲ့ ၄၅ ကားကို စီး… ဆူးလေကနေ ပန်းဆိုးတန်းကို ဟိုမေးဒီမေးနဲ့ရောက်လာ.. ဒလဘက်ကမ်းရောက်တော့ ထွက်လုဆဲဆဲနောက်ဆုံးကားပေါ်ပြေးတက်ပြီး ကားတံခါးပေါက်နားက ခုံပုလေးမှာ ထိုင်လိုက်လာခဲ့တဲ့အချိန်… လုံးဝကြောက်စိတ်မရှိတာ ကိုယ့်ကိုကိုယ်တောင် အံ့သြမိတယ်… အိမ်ရှေ့လည်းရောက်ရော.. တအံ့တသြနဲ့ ၀မ်းသာသွားတဲ့အဖေက “ငါ့သမီးပြန်လာပြီ” ဆိုပြီး ပြေးဖက်လိုက်တာ….ပြန်တွေးရင်တောင် ငိုချင်မိတယ်… အဲဒီအချိန်တုန်းကဆို ဖြစ်နိုင်ရင် ရန်ကုန်ဆိုတာရော တက္ကသိုလ်ဆိုတာရောကို မေ့ထားချင်လိုက်တာလေ….

 

တစ်ယောက်တည်း နေရတော့မှ မိသားစုဆိုတာကို တမ်းတမိတယ်.. သောကြာနေ့ဆို ပြန်လာမှာလားလို့ ဖုန်းဆက်ခိုင်းတဲ့ အဘွား… ရန်ကုန်မှာ တစ်ခုခုဆို စိုးရိမ်တကြီး ဖုန်းဆက်တတ်တဲ့အမေ… ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်တဲ့ အကျင့်ရှိလို့ “ကျောင်းသားဆိုတာ ကျောင်းစာပဲလုပ်နော်..ဘယ်ထဲမှမပါနဲ့” လို့ လှမ်းသတိပေးတတ်တဲ့အဖေ… ဒီလိုနဲ့ပဲ… သူငယ်ချင်းတွေကြားမှာ “မနယ်ချစ်” ဆိုတဲ့ ဘွဲ့လည်း တွင်ခဲ့ရောပေါ့.. ကျောင်းကလုပ်တဲ့ပွဲတွေကိုတက်ဖို့ထက် အိမ်ပြန်ဖို့ပဲ ပိုအားသန်တဲ့ သူငယ်ချင်းကို သူတို့တွေလည်း စိတ်တိုခဲ့ကြပါရဲ့…

 

ဒါပေမယ့် တကယ်တမ်းအိမ်ပြန်ရောက်ရင်လည်း ပျော်ရတာထက် စိတ်ညစ်ရတာက ပိုများပါတယ်… အရက်သောက်ပြီး စီးပွားရေးကို လှည့်မကြည့်တဲ့အဖေ… အဖေ့အစား မိသားစုတာဝန်ကို ယူထားရတဲ့အမေရဲ့ အဖေအပေါ် ပေါက်ကွဲတဲ့ဒေါသ.. အဖေနဲ့အမေကြားက အိမ်ထောင်ဦးစီးအဘွား… တစ်ခါတစ်ခါ မျက်ရည်ကြားက အမေပြောခဲ့တယ်… “ပြန်လာလည်း စိတ်ညစ်ရတာပဲ.. ငါ့သမီး ပြန်မလာခဲ့နဲ့” တဲ့… ဆိုင်ထမင်းဆိုင်ဟင်းကို စားပြီး ကျောင်းပိတ်ရက်ကို တစ်ယောက်တည်း ဖြတ်သန်းရမှာထက်စာရင် အမေ ဒါမှမဟုတ် အဖေ့ရဲ့လက်ရာ ထမင်းကိုစားပြီး မိသားစုနဲ့အတူတူ စိတ်ညစ်ရတာက ပိုကောင်းပါတယ်လေ…

 

ကျောင်းပြီးလို့ အလုပ်လုပ်တဲ့အခါကျတော့မှပဲ အိမ်လွမ်းတဲ့ဒဏ်ကို လှိမ့်နေအောင် ခံရတော့တာပဲ…လုပ်ငန်းခွင်ဆိုတာ ကျောင်းလိုမျိုး တစ်ပတ်ကို နှစ်ရက် ပိတ်တာလည်းမဟုတ်… အစိုးရရုံးပိတ်ရက်တိုင်းလည်း နားလို့မရ… ကျောင်းပြေးသလို အလုပ်ကနေပြေးရအောင်ကလည်း ခွင့်ယူရင် လစာမဖြစ်စလောက်လေးက အဖြတ်ခံရဆိုတော့… (၄)လလောက်နေမှ အိမ်တစ်ခါပြန်ဖို့တောင် အတော်လေးကြိုးစားရတာလေ… အဖေနဲ့အဘွား မရှိတော့တဲ့နောက်ပိုင်းမှာ အမေကလည်း မောင်လေးနဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ နေတတ်အောင် နေခဲ့ရသလို… သမီးကလည်း ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်၊ စာသင်တစ်ဖက်ကြားမှာ အိမ်လွမ်းဖို့ အချိန်မရှိအောင် နေတတ်သွားခဲ့တယ်…

 

အနေဝေးရင် သွေးအေးတယ်တဲ့… ဘုရားတရားအလုပ်၊ လူမှုရေးအလုပ်တွေနဲ့ အပူတွေကိုမေ့ပြီး အေးချမ်းအောင်နေတတ်နေလောက်တဲ့အချိန်မှာ…  (၆)နှစ်ဆိုတဲ့ အချိန်ကာလကို ဖြတ်သန်းခဲ့တဲ့သမီးကလည်း တစ်ယောက်တည်းနေရတာကို သဘောကျလာခဲ့တယ်.. အမေသတိထားမိရဲ့လားမသိဘူး.. အမေနဲ့ သမီးကြားက ဆက်ဆံရေးက နည်းနည်းများ အေးစက်လာသလားလို့… ဖုန်းပြောရင်လည်း အရင်ကလို ပလစ်ဆန်အောင် စကားတွေပြောပြီး မချွဲနွဲ့တတ်တော့ဘဲ လိုရင်းတွေကိုပဲ ဆွေးနွေးဖြစ်လာတယ်… တစ်ခါတစ်လေများ ဘယ်လောက်တောင်ဆိုးဝါးသလဲဆိုရင် အလုပ်ထဲက အဆင်မပြေမှုတွေက အမေဖုန်းဆက်ချိန်နဲ့တိုက်ဆိုင်ခဲ့ရင် သမီးရဲ့ ထွက်ပေါက်က အမေဖြစ်သွားခဲ့တယ်… ဘုန်းကြီးခေါင်းခေါက်ပြီးတော့မှ ပြန်တောင်းပန်လည်း အပိုပဲလေ… အမေက ဘယ်လောက်နားလည်ပေးပါတယ်ပြောပြော သမီးအမှားကို သမီးသိပါတယ်…

 

အမေမြင်တတ်ရင် သိမှာပါ… မာကျောကြွတ်ဆတ်လာတဲ့ သမီးရဲ့ စိတ်တွေကို… ကိုယ့်ကိုကိုယ်လည်း လန့်လာတယ်… တစ်ချိန်ချိန်မှာ မိသားစုဆိုတာနဲ့ ပြန်နေဖြစ်ခဲ့ရင် နေတတ်ပါတော့မလားရယ်လို့… အတူတူနေချင်လှပြီ အမေရယ်… အခုတလော ခဏခဏ စိတ်ကူးယဉ်မိတယ်… အမေရယ်၊ မောင်လေးရယ်၊ သမီးရယ်.. မနက်ဘက် မောင်နှမနှစ်ယောက်က အလုပ်ကိုယ်စီသွား… ညနေပြန်လာရင် အတူတူ ထမင်းလက်ဆုံစား… အမေနဲ့ စကားပြောရင်း တီဗီကြည့်..စာဖတ်.. တစ်ပတ်တစ်ခါ ဘုရားသွား… အမေဆို သမီးထက်တောင် ပိုနေချင်မှာပေါ့နော်… မစွန့်စားရဲတာ.. ရုန်းမထွက်ရက်တာ…. သူများကို အမှီခံရင်းနဲ့  ကိုယ်တိုင် လဲချင်လာတာ… ဘာကို ဘယ်လို ပုံချရမလဲမသိတော့ဘူး…

 

ပြတ်သားဖို့ ကြိုးစားကြရအောင်နော်.. သမီးစိတ်တွေ ဒီထက်မာကျောသွားမှာလည်း ကြောက်တယ်… မိသားစုအပေါ် မနူးညံ့တတ်တော့မှာ ကြောက်တယ်…. ငွေဆိုတာကို လိုက်ရင်းနဲ့ ကိုယ့်အတွက်ကိုယ် အချိန်မပေးတတ်တော့မှာ ကြောက်တယ်… အတူတူနေဖို့ ဘယ်လောက်ထပ်ဝေးကြရဦးမှာလဲ… အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရဦးမှာလဲ… အမေ့ကို ချစ်တယ်…  အတူတူနေချင်လှပြီ အမေ….။   ။

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 159 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010