” ဒို့အရေး… ဒို့အရေး… “

” စာပေလွတ်လပ်ခွင့်ရရှိရေး… ဒို့အရေး… ဒို့အရေး… “

 

ဂဇွတ်ကျေးရွာအုပ်စုသူကြီးမင်းကတော်… အတင်းနှိုးသဖြင့် သူကြီးမင်းဦးခိုင် အိပ်မုံစုံမွားနှင့်ထလာသည်…

ဘာမပြောညာမပြောနှင့် သူကြီးသမီးလေးချာချာ အိပ်နေသောအခန်းကို ပြေးသွားသည်…

“ငါ့သမီးလေးမှရှိလေစ… ဘယ်ကောင်အလစ်သုတ်သွားပြီလဲမသိ…”

သူကြီးမင်းကတော်နောက်မှ နားရွက်လှမ်းဆွဲမှသတိပြန်ဝင်လိုက်၏…

 

” ဒီမှာ ဦးခိုင်… အခုကိုင်လှုပ်နေတာ ရှင့်သမီးချာချာကို မဟုတ်ဘူး… ရှင့်ထိုင်မယ့်ထိုင်ခုံကို ကိုင်လှုပ်နေတာ… “

 

” ဘယ်လို… ကျုပ်ထိုင်ခုံကို ကိုင်လှုပ်နေတယ်… ဘယ်သူတွေတုန်း… ရွာထဲက ဟိုစပ်စပ်ဒီစပ်စပ်နဲ့ လက်သမား… မောင်ဇာလား…”

 

” ဒီမယ် ဦးခိုင်… ရှင့်မလဲတစ်နေ့တစ်နေ့ အအိပ်ပဲမက်နေတယ်… ရှင်အအိပ်မက်လို့ ရှင့်သမီးရွာကို အိမ်သာနက်ကြီးစီးပြီးလာလည်တဲ့ တစ်ရွာသားနောက် ကောက်ကောက်ပါအောင်လိုက်သွားတာမမှတ်သေးဘူးလား… “

 

” အာ… မင်းမလဲ… ငါ့သမီးချာချာလင်နောက်လိုက်တဲ့အကြောင်းပဲ ချီးခြောက်နေရနှူးနေတာပဲ… ဒါထက် ဘယ်မှာတုန်း လက်သမားမောင်ဇာ…”

 

” အခု ရှင့်ထိုင်ခုံကိုင်လှုပ်နေတာ လက်သမားမောင်ဇာမဟုတ်ဘူး… ရှင့်ရဲ့ သူကြီးရာထူးပြိုင်ဘက်ဟောင်း ကိုရင်ခဲ…”

 

” ကိုရင်ခဲတဲ့လား…”

 

ကိုရင်ခဲဆိုတာ… တခြားလူမဟုတ်… သူကြီးမင်းနဲ့ ငယ်ဘ၀တုန်းက မိန်းမပိုးဖော်ပိုးဘက်… သူကြီးကတော်ကို အပြိုင်ပိုးရာကနေ

သူကြီးဦးခိုင်က အချစ်ပန်းကို လက်လှမ်းနိုင်လို့ ကိုရင်ခဲက အသဲကွဲရာကနေ ရေခြားမြေခြားကို သင်္ဘောစီးထွက်သွားပြီး

အ၀ီစိတွင်းများတူးဖော်ရေးအလုပ်ကိုလုပ်ကိုင်ရင်း ကြီးပွားခဲ့ရာမှ အသဲကွဲရွာတော်ကို ပြန်လည်ခြေချပြီး ငယ်ကြင့်မပျောက်သေးသောကြောင့်

သူကြီးမင်း ဆယ်အိမ်ခေါင်းဘ၀ကတည်းက လိုက်လံပြိုင်ဆိုင်နေသောသူဖြစ်ပါသည်…

 

သူကြီးဦးခိုင် အိမ်ရှေ့သို့အပြေးဆင်းသွားသည်…

အိမ်ရှေ့တွင် ရွာ့မျက်နှာဖုံး ကိုရင်ခဲနှင့် ရွာတွင်းမှ စာပေ၀ါသနာပါကြသော လူငယ်လူရွယ်… လူလတ်… လူကြီးများအစုံအလင်…

လူတိုင်းတွင်လဲ ရွာအမှတ်တံဆိပ်ကြက်ဆင်ကြီးများရိုက်နှိပ်ထားသော နှဖူးစည်းများ၊ လက်ပတ်များနှင့်…

 

” ဟေ့ကောင်တွေ ဘာလုပ်နေတာလဲကွ… မင်းတို့က… ရွာအေးချမ်းသာယာနေတာကို ဖျက်လိုဖျက်ဆီးကွာ…”

ရွာ့သပိတ်ခေါင်းဆောင် ကိုရင်ခဲက… နိုင်ငံခြားမှပြန်လာသူပီပီ နွေခေါင်ခေါင် ကုတ်အင်္ကျီကိုလက်ခေါက်ဝတ်ထားပြီး… ခြေထောက်တွင်တော့ နိုက်ကီးဖိနပ်နှင့်

သူကြီးရှေ့ကို ဟန်ပါပါထွက်လာသည်…

” ဒီမယ်သူကြီး… ကျုပ်နာမည်… ခဲ(စ)… ကျောက်ခဲ ခင်ဗျားသိတယ်နော်… “

 

” ဟေ့ကောင် ငခဲ… မင်းကိုငါသိတယ်… အခုမှသိတာမဟုတ်ဘူး… ငယ်ငယ်ကတည်းကသိတာ…”

 

” သိရင်လဲပြီးရောဗျာ… ဒါပေမယ့်သူကြီးရယ်… ခင်ဗျားပြသနာကို ခင်ဗျားရှင်းသင့်ပါတယ်… “

 

” ဟေ… ဘာကိုရှင်းရမှာတုန်း ကိုရင်ခဲ…”

” ဒီလိုဗျ…”

ကိုရင်ခဲ စကားကိုဖြတ်ထားပြီး အိပ်ကပ်ထဲက ဂလေဘီဆေးလိပ်ကိုထုတ်ခဲလိုက်သည်…

ဘေးမှ ဂျလေဘီဆေးလိပ်ခုံပိုင်ရှင် မြန်မာလူမျိုးဦးဆာမိမှ မိမိစပွန်ဆာပေးထားသည့်ဆေးလိပ်အားကြည့်ပြီး ခပ်ကြွားကြွားခေါင်းမော့လိုက်သည်…

“ပြောမှသာပြောစမ်းပါ ငခဲရာ…. မင်းနှယ်… သိပ်ဟန်လုပ်…”

” ဒီလိုပါသူကြီး… သူကြီးပဲ… ရွာ့လူထုအတွက် စာပေကဏ္ဍဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ အထက်ကိုအစီရင်ခံလို့ကောင်းအောင် ရွာ့သတင်းစာထုတ်ဝေခွင့် ပေးထားတယ်… ဟုတ်တယ်နော်…”

” အင်းလေ… အဲ့ဒါဘာဖြစ်လို့တုန်း…”

” အခုကျတော့ သူကြီးမင်းက ရွာ့ထိပ်မှာ သရော်စာကင်းမဲ့ဇုံ ဆိုတဲ့ဆိုင်းဘုတ်ကို အာဏာသုံးပြီး ချိတ်ထားတော့… ဆိုစမ်းပါဦး… ဒါက ဘယ်လိုသဘောများတုန်း…”

” မဟုတ်ဘူးငခဲ… ကျုပ်သတင်းစာထုတ်ခွင့်ပေးတယ်ဆိုတာ……..”

” ရပါပြီ… သူကြီးရယ်… ရပါပြီ… သူကြီးပဲပြောခဲ့တာလေ… ငါမယားငယ်ထားရင် ငါ့ကိုရေး… ငါ့မိန်းမလင်ငယ်နေရင်ငါ့ကိုရေး ဆို… အခုကျတော့ သရော်စာကင်းမဲ့ဇုံဆိုတော့ ဘယ်လိုဖြစ်တာတုန်းပြောစမ်းပါဦး…”

ကိုရင်ခဲနောက်မှ ခပ်လျိုလျိုလိုက်လာသော ကာလသားခေါင်းကိုမတ်စိန်က လက်မြှောက်ပြီး ဒို့အရေး… ဒို့အရေး… နှစ်ခါအော်လိုက်သည်…

ဆန္ဒပြရာသို့လိုက်ပါလာသော ဘေထုတ်သည် ကြောင်ဝတုတ်မှ သူစပွန်စာပေးဖို့ယူလာသော ကြက်ဆင်တံဆိပ်ရိုက်တီရှပ်များအား နောက်မှထပ်ဝိုင်းလာ သူများကို ဝေငှလျက်ရှိသည်…

ထန်းတောပိုင်ရှင်ကိုအောင်ပုမှ လိုက်ပါလာသူများအား နေပူခံရေငတ်ပြေစေရန်… ထန်းရေအေးများ လိုက်လံတိုက်ကျွေးလျက်ရှိ၏…

ထိုစဉ် ရွစိရွစိဖြင့် ရွာ့ကာလသမီးများအဖွဲ့လဲ သူကြီးအိမ်ရှေ့သို့ရောက်လာလေတော့သည်….

ရောက်လျင်ရောက်ခြင်း…

ရွာကာလသမီးခေါင်းဆောင် ဆွာတေးတုန်နှင့် လက်မနှေးကြည်ပြာတို့မှ…

” ဒီမယ်သူကြီးမင်း… ရွာ့အလှူဆိုလဲ လက်မနှေးရအောင် ကျွန်မတို့ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်ခဲ့တာပဲ… ရွာနာရေးဆိုလဲ… ၀ဋ်ရွတ်ဖို့အသင့်… အခုလို… ရွာ့စာပေအရေးကြပြန်တော့လဲ ကျွန်မတို့ လက်မနှေးဘူး… သရော်စာရေးတာကို ကန့်ကွက်မယ်ဆိုရင်ဖြင့်… ကျွန်မတို့ကန့်ကွက်ရပါလိမ့်မယ်… “

 

” နေကြပါဦးဟယ်… ဘယ်လိုဖြစ်ကြတာတုန်း…. ကျုပ်လဲဘာမှမသိရပါလား…”

ဇာတ်လမ်းတစ်လျှောက်ငြိမ်နေလာသော မောင်ဇာအသံထွက်လာသည်…

” ဒီမယ်သူကြီး ကျုပ်ရွာမှာ ရွာ့ကာလသားခေါင်းကိုမတ်စိန်နဲ့ လက်သမားလုပ်လာတာ သူကြီးမင်းအသိ… ကျုပ်မေတ္တာရှိရတဲ့သူကြီးမင်းသမီးလေးချာချာ… အိမ်သာနက်ကကောင်နောက်ပါသွားကတည်းက ကိုမတ်စိန်နဲ့ကျုပ် ရိုးရိုးသားသား လက်သမားလုပ်လာတာ တစ်ရွာလုံးအသိ…”

သူကြီးဦးခိုင် သမီးအကြောင်းပါလာတော့စိတ်မရှည်တော့…

“ဘာလဲကွ… မင်းနဲ့ မတ်စိန် လက်သမားလုပ်လာတာ အခုကိစ္စနဲ့ ဘာဆိုင်လို့တုန်း… “

 

“ဆိုင်တယ်သူကြီး… ကျုပ်တို့ရွာမှာ… ကာရာအိုကေဆိုင်မရှိဘူး… အနှိပ်ခန်းမရှိဘူး… ပြည့်တန်ဆာရုံမရှိဘူး… အခြောက်ကပွဲမရှိဘူး… ကျုပ်တို့ဘ၀အမောဖြေစရာဆိုလို့ ဒီနေ့စဉ်ထုတ်သတင်းစာလေးပဲရှိတယ်…”

 

“အင်း… ဆက်စမ်းပါဦး….”

 

” အဲဒီတော့ ကျုပ်တို့သတင်းစာလေးမှာ သရော်စာဆိုတဲ့ဟာလေးမရှိရင်… ကျုပ်တို့သတင်းစာ ဘာအဓိပ္ပာယ်မှမရှိတော့ဘူး… သူကြီးလဲရွာသူကြီးလုပ်မနေနဲ့တော့…”

ရွာသားမောင်ဇာ ပြောလဲပြော မျက်ရည်မထိန်းနိုင်ဖြစ်ပြီး… ရွာ့အပျိုတော်ဆွာတေးတုန်၏ ရင်ခွင်ကြား ခေါင်းခွေ့၍ငိုချလိုက်သည်…

 

” ဖြန်း….”

အသံအကျယ်ကြီးတစ်ချက်ကြားလိုက်ပြီးသည်နှင့် သူကြီးအိမ်ဘေးနားသစ်ပင်က ငှက်နှစ်ကောင်လန့်ပျံသွား၏…

ဆေးဆရာကြီးဆြာခ လူကြားထဲမှာပြေးထွက်လာပြီး… မောင်ဇာကို ပြေးပွေးလိုက်သည်…

“လက်သံပြောင်လှချည်လား တူမကြီးရယ်… ကံသီလို့အသက်မထွက်သွားတာ… သူကြီးမင်းရေ… ခင်ဗျားပြန်စဉ်းစားသင့်ပြီ… ရွာသူရွာသားတွေရဲ့… သဘောထားကို…”

သူကြီးဦးခိုင် အသံတစ်ချက်သာထွက်နိုင်သည်…

“ခင်ဗျာ…”

သူကြီးဦးခိုင် ခေါင်းကုတ်စဉ်းစားလိုက်သည်…

ရွာသားများအသံ ကျယ်သတက်ကျယ်လာသည်…

” ဒို့အရေး… ဒို့အရေး… စာပေလွတ်လပ်ခွင့်ရရှိရေး… ဒို့အရေး… ဒို့အရေး…”

သူကြီးဦးခိုင် အိမ်တွင်းသို့ဝင်လိုက်၏… နှစ်လုံးပြူးကို ထုတ်ပြီး ရွာထိပ်ဆိုင်းဘုတ်ရှိရာသို့ သုတ်ခြေတင်လေသည်…

ရွာသူရွာသားငြိမ်းချမ်းစွာဆန္ဒပြသူများလဲ သူကြီးဦးခိုင်နောက် ထပ်ချပ်မကွာလိုက်သွားကြသည်…

ရွာထိပ် ဆိုင်းဘုတ်သို့အရောက်ဝယ်…

 

ဘားမန် ပြည်

အိမ်သာပျက် ခရိုင်

ဂဇွတ်ကျေးရွာစု

(သရော်စာ ကင်းမဲ့ဇုံ)

 

သူကြီးမင်း မျက်နှာကြီးနီလာသည်…

ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်သည်…

တွေ့ပါပြီ…

သူကြီးမင်း၏ သားထွေး ဓားအာဂ…

မိန်းမရပြီး ကဗျာဆရာယောင်ယောင် စာရေးဆရာယောင်ယောင်လုပ်နေလို့…

ရွာ့အချောအလှ ခပ်ကျိတ်ကျိတ်ဆုံးမတတ်သူ ကွမ်းထောင်ကိုင်ပင်ပင်နှင့်ပေးစားပြီး ရွာအတွင်း ဆံပင်ညှပ်ဆိုင်ကို နွားနှစ်ရှင်းရောင်းပြီးထောင်ပေးထားသူ…

တစ်နေ့နှစ်ယောက်ခန့် ပုံမှန်အိမ်မှနေ၍ လျော်ကြေးပေးနေရသူ… သားတော်မောင်အား ဆိုင်းဘုတ်ဘေး နွားလှည်းလမ်းအနီး ပိုးလိုးပက်လက်အိပ်နေသည်ကို တွေ့ရတော့သည်…

” ပင်ပင်… သမီး….”

” ရှန်… အဖေ့…”

ပင်ပင်မှာ လူအုပ်နောက်မှ မသိမသာအခြေအနေကြည့်နေရာမှ ပြေးထွက်လာ၏…

” နင့်ယောင်္ကျားသွားခေါ်ခဲ့စမ်း…”

“ဟုတ်စ်”

ပင်ပင်မှာ ခင်ပွန်းဖြစ်သူ အာဂအား ပြေးအထူ….

သူကြီးဦးခိုင်လဲ ထန်းတောပိုင်ရှင်ကိုအောင်ပုဆီက ထန်းရည်ပုလင်းဆွဲယူပြီး ဓားအာဂ ပါးစပ်ထဲသို့ထန်းရည်များလောင်းထည့်ရင်း…

” ငါက အသက်ကြီးလို့ မျက်စိမကောင်းလို့ ပါးစပ်နဲ့ခေါ်ပေးတာကို မှန်အောင်လိုက်မရေးနိုင်တဲ့သား… စာလုံးပေါင်းကို မှားအောင်ရေးတဲ့သား… ငါ့ကိုဒုက္ခပေးတဲ့သား… မအေပေး… @#$^%&”

သူကြီးဦးခိုင်မှာ မြည်တွန်တောက်တီးလျက် သားဖြစ်သူဓားအာဂကို ဂုတ်မှဆွဲကာ ရွာအတွင်းသို့ ပြန်ဝင်လေတော့သည်…

ထိုအချိန်တွင် ရွာလူကြီးများ အပြေးအလွှားရောက်ရှိလာသော်လဲ…

သူကြီးဦးခိုင်မှ…

မမီတော့ဘူး… အကုန်လုံးကမောက်ကမဖြစ်ကုန်ပြီ… အကုန်လုံးပြသနာတက်ကုန်ပြီး….” ပြောပြောဆိုဆိုနှင့် ရွာလမ်းအတိုင်း အိမ်သို့ပြန်တော့သည်…

သားဖြစ်သူဓားအာဂမှာလဲ ခေါင်းကိုတွင်တွင်ရမ်းလျက် ထန်းရည်ပုလင်းဖြင့် ပါးစပ်ဆို့ထားသောကြောင့် ၀ူးဝူးဝါးဝါးသာ အော်နိုင်ပေသည်…

ရောက်လာကြသော ရွာ့လူကြီးများလဲ ပြသနာကူညီဖြေရှင်းရင်း… ရွာသူရွာသားများကို နှစ်သိမ့်လျက် ကျန်နေခဲ့တော့သည်…

 

အဖြစ်အပျက်အစအဆုံးအား ဘေးမှထိုင်ကြည့်နေသော ပုံပုံစတိုးပိုင်ရှင် ကြောင်ဝတုတ် ကောက်ချက်ချသည်ကား…

သူကြီးသားဓားအာဂကပဲ မူးမူးနဲ့မှားပြီး ဒီဆိုင်းဘုတ်ကိုရေးသလား….

သူကြီးမင်းကိုယ်တိုင်ပဲ ရည်ရွယ်ချက်ရှိရှိနဲ့ရေးပြီး… သားတော်မောင်ငမူးဓားအာဂကို အလီဘိုင်ပြသလားဆိုတာတော့….

သူကြီးမင်းကိုယ်တိုင်သာ သိပေလိမ့်မည်…

ဘာတဲ့ နိုင်ငံရေးမှာ မတော်တဆဖြစ်တယ်ဆိုတာ မရှိဘူးဆိုလား… ကြားဖူးခဲ့ဖူးပါသည်…

ကြောင်ဝတုတ်သည်… ရွာအမှတ်တံဆိပ်ကြက်ဆင်များရိုက်နှိပ်ထားသော အင်္ကျီများကိုင်လျက် ရွာအတွင်းသို့ဝင်သွားသူ…

သူကြီးမင်းအား ငေးကြည့်လျက်သာရှိပေတော့သည်…

 

ခင်မင်လျက်-

ဖက်ဖက်ကက်

 

 

 

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...