အငိုတိတ်အောင်ချစ်တတ်သူ

etoneJuly 24, 20101min830
ရာဟုလောဝါဒ သုတ္တန်များလို့”ထင်ရှားတဲ့ ဒီ တရားတော်များဟာ ခုနစ် နှစ်အရွယ် ရာဟုလာ သာမဏေငယ်လေးကို တရားဓမ္မနဲ့ တစ်စ တစ်စ ရင်းနီး မွေ့လျော် ရင့်ကျက်လာအောင် တစ်ဆင့်ချင်း တက်ပြီး လမ်းညွန်ဆုံးမတဲ့ ဒေသနာ တော်များ ဖြစ်တဲ့အတွက် ကလေးငယ်များကို အဓိက ရည်ညွန်းတဲ့ အဆုံးအမများလို့ ဆိုနိုင်ပါ လိမ့်မယ်။ ဒါကြောင့် ဒီအကြောင်း အရာများကို ရေးသားရာမှာ မူလ ရည်ရွယ်ရင်း အတိုင်း ကလေးငယ်များကို ပြောပြတဲ့ ပုံစံနဲ့ပဲ ရေးလိုက်ပါတယ်။ အခြေခံကစပြီး ဓမ္မနဲ့ ရင်းနီးမွေ့လျော် ရင့်ကျက် လိုသူ အားလုံးအတွက်လည်း ရည်ညွန်းပါတယ်။
ကလေးတို့… မြတ်စွာဘုရားရှင်ရဲ့ “သားတော်ရာဟုလာ”ဆိုတဲ့ ကိုရင်လေးအကြောင်း ကြားဖူးကြမယ် ထင်ပါတယ်နော်၊ သားတော် ရာဟုလာလေးကို ရှင်သာမဏေ ပြုပေးတော့ အသက်က ဘာရှိသေးလို့လဲ၊ ခုနစ်နှစ် အရွယ်ကလေးပေါ့၊ ဒါပေမဲ့ သူ ရှင်သာမဏေ ပြုတာဟာ အခု ကလေးတို့ ကျောင်းပိတ်ရက်မှာ သင်္ကန်းစည်း သလို ခုနှစ်ရက်လောက် ‘ဒုလ္လဘ’ သဘောမျိုး စည်းတာ မဟုတ်ဘူးနော်၊ အမြဲတမ်း သာသနာ့ တာဝန် ထမ်းဆောင်ဖို့ အဖြစ် ရှင်သာမဏေ ပြုပေးတာ၊ ဒီအကြောင်း မသိသေးတဲ့ ကလေးတွေလည်း သိရအောင် အစကနေ အကျဉ်းချုပ် နည်းနည်း ပြောပြမယ်နော်.
မင်းတို့ ငါတို့ အားလုံးရဲ့ အားထားကိုးကွယ်ရာ ဖြစ်တဲ့ မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်ထိုက်တဲ့ အရည်အချင်းတွေ ပြည့်စုံအောင် လေးအသချေင်္နဲ့ ကမ္ဘာတစ်သိန်း ပါရမီတော်တွေ ဖြည့်ကျင့် အားထုတ်ခဲ့ရတယ်။ အရပ်ထဲမှာ နှုတ်ကျိုးနေသလို “လေးသင်္ချေ” မဟုတ်ဘူးနော်။ လေးအသင်္ချေ ရှေ့မှာ “အ” လေးပါတယ်။ “သင်္ချေ= သချင်္ျာ”ဆိုတာ ရေတွက်လို့ ရတာ၊ အဲဒီ ရှေ့မှာ “အ”လေး ထည့်လိုက်တော့ “အသင်္ချေ” ဖြစ်သွားရင် မရေမတွက် နိုင်တော့တာလို့ အဓိပ္ပာယ်ရတယ်။
ကမ္ဘာကြီးဟာ သတ္တဝါတို့ရဲ့ သက်တမ်းတွေ၊ သူတို့ပြုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ အတိုင်း အတိုး အဆုတ်တွေ အကြမ်ကြိမ်ဖြစ်ပြီး သတ္တဝါတွေ ဒီမြေပြင်မှာ လုံးဝဆိတ်သုဉ်းပြီး ကမ္ဘာပျက်သွားလိုက်၊ ပြီးတော့ သတ္တဝါတွေရဲ့ ကံအားလျော်စွာ ပြန်ဖြစ်လာလိုက်နဲ့ အဲဒီလို ကမ္ဘာကြီး ပြန်ဖြစ်လာတဲ့ အကြိမ်တွေကို တစ်ကမ္ဘာ၊ နှစ်ကမ္ဘာနဲ့ ရေတွက်ရာက နောက်ဆုံး ရေတွက်မှတ်သားဖို့ မနိုင်တော့ဘူး ဆိုရ လောက်အောင် များလာတာကို တစ်အသင်္ချေလို့ သတ်မှတ်တာပေါ့။ အဲဒီလိုနည်းနဲ့ လေးအသင်္ချေလို့ သတ်မှတ်တာပေါ့။ အဲဒီလိုနည်းနဲ့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း လောက် ကြာအောင် ပါရမီတွေ ဖြည့်ခဲ့ရတာ။
“ပါရမီ”ဆိုတာကတော့ ကလေးတို့ နားလည်အောင် ပြောရရင် ရှိသင့် ရှိထိုက်တဲ့ အရည် အချင်းတွေ တစ်ဖက်ကမ်းခပ် ဆိုရလောက်အောင် ပြီးပြည့်စုံအောင် ကြိုးစား အားထုတ် ရတာပါပဲ။ စွန့်လွှတ် လှူဒါန်းတဲ့ ဒါနဆိုရင်လည်း ပစ္စည်းဥစ္စာက စပြီး ခြေလက် အင်္ဂါတို့၊ မျက်လုံးတို့၊ နောက်ဆုံး အသက်ခန္ဓာအထိ စွန့်လွှတ်နိုင်စွမ်း ရှိအောင်ပေါ့၊ ကိုယ်ကျင့်သီလ ဆိုရင်လည်း ကိုယ့်အသက်ကို စွန့်ချင် စွန့်ရပါစေ၊ ဘယ်တော့မှ မဖျက်ဘူးဆိုတဲ့ အဆင့်အထိပေါ့၊ အသိပညာ ဆိုရင်လည်း ဘက်စုံ အပြည့်အစုံ ဖြစ်အောင်ပေါ့။
မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေထဲမှာ နိဗ္ဗာန်ကို မျက်မှောက် ပြုဖို့အတွက် ဆိုတဲ့ ဝိပဿနာ တရားတွေ၊ မဂ္ဂင်တရားတွေသာ မကဘဲ သားသမီး ကောင်းဖြစ်ဖို့ လိုက်နာ စရာတွေ၊ မိဘကောင်း၊ ဆရာကောင်း၊ တပည့်ကောင်း စတဲ့ လူကောင်း သူကောင်းတွေ ဖြစ်ဖို့အတွက် လိုက်နာစရာတွေ လက်တွေ့အသုံးကျအောင် အပြည့်အစုံ အမှန်အကန် ဟောတော်မူနိုင်တာဟာ အဲဒီလောက် ရှာကြာတဲ့ ကပ်ကမ္ဘာတွေ၊ ဘဝ အမျိုးမျိုးတွေမှာ ဘဝပေါင်းစုံ ကျင်လည်ပြီး အတွေ့အကြုံတွေ ဆည်းပူးခဲ့လို့ပဲပေါ့။ အဲဒီလို အဘက်ဘက်က အားထုတ် ဆည်းပူးလို့ လိုအပ်တဲ့ အရည်အချင်းတွေ အားလုံး ပြည့်စုံ လာတာကို ပါရမီ ပြည့်တယ်လို့ ခေါ်တာပါပဲ။
အဲဒီလို ပါရမီတွေ ပြည့်စုံပြီးလို့ အခုနောက်ဆုံး ဘုရားဖြစ်မယ့် ဘဝမှာတော့ အခုအခါ နီပေါနိုင်ငံနဲ့ အိန္ဒိယနိုင်ငံထဲမှာ ပါဝင်တဲ့ မဇ္ဈိမဒေသ အရပ်က ကပိလဝတ္ထုလို့ခေါ်တဲ့ တိုင်း ပြည် (ပြည်နယ်)မှာ ခမည်းတော် သုဒ္ဓေါဓန မင်းကြီးနဲ့ မယ်တော် မာယာဒေဝီ မိဖုရားကြီး တို့က အဲဒီခေတ် သတ်မှတ်တဲ့ ခုနှစ် သင်္ကေတ အရ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် ၊ သောကြာနေ့မှာ ဖွားမြင်ခဲ့တယ်။(ခရစ်နှစ် မပေါ်ခင် နှစ်ပေါင်း ငါးရာကျော် ခြောက်ရာစု လောက်ကပေါ့)။
မင်းသားငယ် မွေးဖွားချိန်မှာ တစ်လောကလုံးက သိသာလောက်အောင် ထူးခြားတဲ့ ဖြစ်ရပ်များက ကြွေးကြော် အသိပေးသလို ဖြစ်ပေါ်ခဲ့ပြီး မင်းသားရဲ့ ခြေ၊ လက်၊ အင်္ဂါ ်စတဲ့ ခန္ဓာကိုယ် တစ်ခုလုံးကလည်း ယောင်္ကျားကောင်း၊ ယောင်္ကျားမြတ်တို့ရဲ့ အမှတ်အသား ဖြစ်တဲ့ လက္ခဏာတော်ကြီး ၃၂ ပါးနဲ့ လက္ခဏာတော် ငယ်တွေပါ အပြည့်အစုံ ပါရှိတဲ့ အတွက် ရုပ်လက္ခဏာကို ကြည့်ရှုအကဲခတ် တတ်သူတိုင်းက “စကြာဝဠာ တစ်ခုလုံးကို အာဏာပိုင်စိုး အုပ်ချုပ်နိုင်စွမ်းရှိတဲ့ စကြဝတေးမင်း ဖြစ်မယ့် ယောင်္ကျားကောင်း၊ ယောင်္ကျားမြတ် ဖြစ်တယ်”ဆိုပြီး တိုင်းတစ်ပါး မင်းများကရော၊ သူဌေး သူကြွယ်များကပါ လက်ဆောင် ဆက်သကြတဲ့ စည်းစိမ်ဥစ္စာ ရတနာတွေရယ်၊ မင်းသားရဲ့ ဘုန်းကံကြောင့် ဖြစ်ပေါ်လာတဲ့ ရွှေအိုးကြီးတွေ၊ ရတနာတွေရယ်နဲ့ အဘက်ဘက်က ပြည့်စုံလှတာမို့ မင်းသားရဲ့အမည်ကို “သိဒ္ဓတ္ထ”လို့ အမည်ပေးကြတယ်။ မြန်မာလိုတော့ “မောင်ပြည့်စုံ” ပေါ့။
ခုခေတ်မှာ ပြောကြတဲ့ စကားတစ်ခု ရှိတယ် မို့လား။ “ သားဦး အရူး”ဆိုတာလေ၊ အဲဒီ စကားက သားဦးဟာ ရူးကြောင်ကြောင် နိုင်တယ်လို့ ပြောတာ မဟုတ်ဘူး၊ သားဦးလေး ရတဲ့အချိန်မှာ မိဘတွေ အရူးအမူး ချစ်တတ်ကြတာ၊ အဖြစ်သည်းတတ်ကြ တာကို ပြောတာ။ ခုလည်း သုဒ္ဓေါဓန မင်းကြီးမှာ အသက် ၅၆ နှစ်ကျော်မှ ကံပေါ်ပြီး ထီးညွန့် နန်းလျာဖြစ်တဲ့ သားဦးကို ရတယ် ဆိုတော့ အရူးအမူး ဖြစ်မှာပေါ့ကွာ၊ ဒါကြောင့် သားတော်လေးရဲ့ နောင်ရေးကို သိရအောင် ပုရောဟိတ်လို့ခေါ်တဲ့ ဗေဒင်ကျမ်း တတ်ပုဏ္ဏား ဟူးရားတွေနဲ့ ခေါ်ပြပြီး မေးစစ်ကြတယ်။ ထူးခြားတဲ့ကလေး ဆိုတော့ ဘာတွေများ ဘယ်လောက်အထိ ထူးခြားမလဲ ဆိုတာ သိရအောင် ဗေဒင် မေးတယ်ပဲ ဆိုကြပါစို့။
လက္ခဏာတော်ကြီး ၃၂ ပါးလို့ ခေါ်တဲ့ အမှတ်အသားတွေက သိပ်ပြီး ထင်ထင် ရှားရှား ကြီးမဟုတ်ဘဲ အရိပ်အယောင် လောက်သာ ပါတယ် ဆိုရင် အဲဒီ ယောင်္ကျားဟာ စကြဝတေးမင်း ဖြစ်တတ်ပြီး ပီပီပြင်ပြင် ထင်ထင် ရှားရှားကြီး ပါရင်တော့ လောကီ စည်းစိမ်တွေကို မမွေ့လျော်တော့ဘဲ တရားဓမ္မထဲမှာ ဘဝကို နှစ်မြုပ်မွေ့လျော် တတ်တဲ့ သဗ္ဗညုဘုရား စင်စစ်ဖြစ်မယ်လို့ ဝေဒကျမ်းတွေမှာ ပါသတဲ့။ ဒါပေမဲ့ ဖခင်ဖြစ်တဲ့ သုဒ္ဓေါဓန မင်းကြီးက စကြဝတေးမင်း ဖြစ်စေချင်နေတဲ့ ဆန္ဒပြင်းထန်နေတယ် ဆိုတာ သိကြတော့ မင်းခစားဖြစ်တဲ့ ဟူးရား ပုဏ္ဏားအေိုကြီးတွေက နိမိတ်ဖတ်တဲ့အခါမှာ သိဒ္ဓတ္ထ မင်းသားငယ်ရဲ့ ခန္ဓာကိုယ်မှာ လက္ခဏာတော်ကြီးတွေ ထင်ထင် ရျားရှား ပြည့်ပြည့်စုံစုံကြီး ပါနေတာ တွေ့ရပေမယ့် လောကုတ္တရာနဲ့ မွေ့လျော်မယ်ဆိုရင် လောကသုံးမှာပါးမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ သဗ္ဗညုတဘုရားရှင် ဖြစ်မယ်။ လောကီနယ်မှာ မွေ့လျော်မယ်ဆိုရင် တော့ စကြဝတေးမင်း ဖြစ်လိမ့်မယ်ဆိုပြီး နှစ်မျိုးနှစ်ခွ ဟောကြသတဲ့။
ပုဏ္ဏားတွေထဲမှာ အသက် အငယ်ဆုံးလည်းဖြစ်၊ ပညာလည်း အလွန်ထက်တဲ့ ကောဏ္ဍည ပုဏ္ဏားကတော့ တခြားပုဏ္ဏား အိုကြီးတွေလို “On the other hand” တွေ၊ ဘာတွေ လုပ်မနေဘူး။ “On the one hand” ဆိုပြီး လက်ညှိုးတစ်ချောင်းပဲ ထောင်ပြသတဲ့။ “အဲဒါဘာလဲ”ဆိုတော့မှ “သဗ္ဗညု ဘုရားစင်စစ် ဧကန်ဖြစ်မယ်၊ တခြား ဘာမှ မဖြစ်နိုင်ဘူး”လို့ ဟောတာတဲ့။ ဘုရင်က အလိုမကျလို့ ရာထူးက ဖြုတ်လိုက်တော့ ဘာမှ ဝမ်းနည်းမနေဘဲ ဘုရားလောင်း အလာကို ဥရုဝေလတောက စောင့်မယ် ဆိုပြီး ထွက်သွားတယ် ဆိုကိုး။
ကောဏ္ဍည ပုဏ္ဏားငယ် ဟောတဲ့ အထဲမှာ အသက်တွေ၊ ရက်တွေပါ အတိအကျနဲ့၊ အသက်အရွယ် ဘယ်လောက်မှာ “သူအို၊ သူနာ၊ သူသေ၊ ရဟန်း”ဆိုတဲ့ နိမိတ်ကြီးလေးပါး မြင်ပြီး တောထွက်တော်မူလိမ့်မယ် ဆိုတာလည်း ပါသေးသတဲ့။ ဒီလို ပြောလိုက်လို့ ဗေဒင်ပညာက တယ်ဟုတ်ပါလား လို့တော့ အထင်မကြီး လိုက်ကြပါနဲ့ဦး နော်၊ အဲဒီ ကောဏ္ဍည ပုဏ္ဏားဟာ သုဒ္ဓေါဓနမင်းကြီး ရှေ့မှာသာ အာပေါင် အာရင်း သန် သန် နဲ့ လက်ညှိုး တစ်ချောင်း ထောင်ပြီး ဟောခဲ့တာ၊ တကယ်တမ်း ဘုရားဖြစ်တော်မူ တဲ့အခါ တရားဦးဟောဖို့ အတွက် မိဂဒါဝုန်တောကို ကြွသွားတော့ အဲဒီ ကောဏ္ဍည ကိုယ်တိုင်ကပဲ “သဗ္ဗညုဘုရား ဖြစ်ပြီဆိုတာ မယုံကြည်နိုင်ပါဘူး”ဆိုပြီး တရားနာဖို့ ငြင်း ဆန်ခဲ့သေးတယ်။ ကလေးတို့လည်း မှတ်ထားနော်၊ “ဗေဒင်ဆရာဆိုတာ သူများကိုသာ အပြောသန်တာ၊ ကိုယ်တိုင် ဘဝကို ပုံပြီး လက်ခံရမှာကျတော့ ကိုယ့်ဗေဒင် ကိုယ်မယုံဘူး ဆိုတာ ကေဏ္ဍညပုဏ္ဏားကို ကြည့်ရင် သိသာတယ်”။
ဘာပဲဖြစ်ဖြစ် သားအတွက် ရတက်မအေးနိုင်တဲ့ သုဒ္ဓေါဒန မင်းကြီးကတော့ သားတော်ရဲ့ မြင်ကွင်းထဲမှာ သူအို၊ သူနာ၊ သူသေ ဆိုတာ မတွေ့မမြင်ရအောင် အမိန့် ပေး စီမံထားသတဲ့။ သူကိုယ်တိုင်က သားတော်ထက် အသက်ငါးဆယ်ကျော် ခြောက် ဆယ်နီးပါး ကြီးရင့် အိုမင်းနေတဲ့ ကိစ္စကိုတော့ ဘယ်လို မိတ်ကပ်တွေနဲ့ ဖန်တီး ကာကွယ် ထားတယ်ဆိုတာ စာထဲမှာ မတွေ့ရသေးကွ။
ပြီးတော့ သားတော်ကို ဓမ္မနယ်ပယ်ဘက် ပါမသွားအောင် စောစောစီးစီး ကာမဂုဏ်နှောင်ကြိုးနဲ့ ချည်ထားမှပဲ ဆိုပြီး ၁၆ နှစ်အရွယ်မှာပဲ ယသော်ဓရာ မင်းသမီးနဲ့ ထိမ်းမြား လက်ထပ်ပေးပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် စံမြန်းစရာ နန်းမ သုံး ဆောင်မှာ မောင်းမမိဿံ အခြွေအရံများနဲ့ ခံစားပျော်မွေ့အောင် စီမံပေးထားတာတဲ့။
သဘာဝတရားတို့၊ အမှန်တရားတို့ ဆိုတာ ကြာကြာဖုံးကွယ် လှည့်ဖြားထားလို့ ရတဲ့ အရာမျိုး မဟုတ်တဲ့အပြင် သိဒ္ဓတ္ထမင်းသား ဆိုတာကလည်း ပါရမီရင့်ကျက် ထက်မြက်တဲ့ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် သူကို လိမ်ညာလှည့်ဖြားလို့ ဘယ်ရမလဲ၊ အသက် ၂၉ နှစ်အရွယ် ရောက်တဲ့အခါ ဥယျာဉ်တော်ထဲ လှည့်လည် ရှုစားဖို့သွားရင်း သူအို၊ သူနာ၊ သူသေ တွေကို တွေ့မြင်သွားပါတော့တယ်။ မင်းသားရဲ့ အပါးတော်မြဲ ဖြစ်တဲ့ မောင်ဆန်က”ဒါဟာ သက်ရှိလောကကြီး တစ်ခုလုံးရဲ့ ဖြစ်ရိုးဖြစ်စဉ်ကြီး ဖြစ်ပါ တယ်။ ဘယ်သူမှ ငြင်းဆန်လို့ မရတဲ့ ပုံသေ ဖြစ်စဉ်ကြီးပါ” ဆိုတဲ့ အကြောင်း လျှောက်တင်တဲ့အခါ သိဒ္ဓတ္ထမင်းသားက “ဒီ မွေး အို နာ သေ ဆိုတဲ့ ပုံသေ ဖော်မြူ လာကြီးကို ပြောင်းလဲ ပစ်ရမယ်၊ မအို မနာ မသေရာကို ငါရှာမယ်၊ နေရိုး နေစဉ် အိမ်ထောင် သားမွေးဆိုတဲ့ ဓလေ့ဟောင်းကြီးအတိုင်း နေနေကြသမျှတော့ ဒီပုံသေ ဖြစ်စဉ်ဟောင်းကြီးအတိုင်း သွားနေရမှာပဲ။ ပုံသေ ဖြစ်စဉ် ဟောင်းကြီးက လွတ်ဖို့ အတွက် နေရိုးနေစဉ် အိမ်ထောင် သားမွေး အာရုံငါးပါးနဲ့ ပျော်မွေ့ မေ့လျော့နေတဲ့ အဖြစ်ကိုလည်း စွန့်လွှတ်ရမယ်၊ ဒါကြောင့် တောထွက်ပြီး တရားဓမ္မ ရှာဖွေမယ်”လို့ အခိုင်အမာ ဆုံးဖြတ်လိုက်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ ယသော်ဓရာ မိဖုရားက သားဦး ရတနာ လေးကို ဖွားမြင်ပါတယ်။ ဒီသတင်းကို သိဒ္ဓတ္ထမင်းသား ကြားသိရတဲ့အခါ “လကို ရာဟုဖမ်းသလို ငါ့ဘဝကို ဖမ်းမယ့် သံယောဇဉ်တစ်ခု တိုးတာပဲ၊ အမြန် ရုန်းထွက်မှ ဖြစ်မယ်”လို့ ဆုံးဖြတ်ပြီး အဲဒီည သန်းခေါင်ယံမှာဘဲ ထီးနန်း စည်းစိမ်တွေကော၊ မိဖုရားနဲ့ သားတော်တို့ကိုပါ စွန့်လွှတ်ပြီး တောထွက်ခဲ့တယ်။ “လကို ရာဟု ဖမ်းသလိုပဲ” ဆိုတဲ့ စကားကို အကြောင်းပြုပြီး သားတော်ရဲ့ အမည်ကိုလည်း “ရာဟုလာ”လို့ မှည့်ကြသတဲ့။
ကလေးတို့ စိတ်ထဲမှာ “သားတော်လေး ဖွားမြင်တဲ့ နေ့မှာပဲ ဖအေဖြစ်တဲ့ ဘုရား လောင်းက စွန်ပစ်ပြီး တောထွက်သွားတယ်”ဆိုတော့ “သားလေးကို မချစ်ဖူး”လို့များ ထင်ကြမလားပဲနော်။ ခုခေတ်မှာလည်း တချို့အဖေတွေ မိသားစုကို စွန့်ခွာပြီး နိုင်ငံခြားတွေ ဘာတွေ ထွက်သွားကြတာ ရှိတယ်မို့လား၊ အဲဒါ ဘာဖြစ်လို့လဲ ဆိုရင် “သားတို့ကို ချစ်လို့၊ ဘာမဆို မချို့မတဲ့ ပြည့်ပြည့်စုံစုံ ဖြစ်စေချင်လို့”လို့ ပြောကြမှာပဲမို့လား၊ ဒါပေမဲ့ သူတို့ ရှာပေးနိုင်သမျှဟာ သူတို့ ထင်ထားသလို “အရာရာ မတောင့်တ မပူပင်ရအောင်”ဆိုတာတော့ မဖြစ်ကြဘူး။ ရသမျှဟာ စိုးရိမ်ပူပန်စရာတွေနဲ့ အမြဲယှဉ်တွဲနေတာဖြစ်လို့ ပစ္စည်းနဲ့ ပိုင်ဆိုင်သူ ဆိုတာ ဦးရာက အရင် ပျက်ပြီး နောက်ဆုံးတော့ မျက်ရည်နဲ့ နှုတ်ဆက် ခွဲခွာ ရတာမျိုး ချည်းပါပဲ။
အလောင်းတော် သိဒ္ဓတ္ထာ ဥယျာဉ်တော် လှည့်လည်စဉ်က တွေ့မြင်ခဲ့ရတဲ့ သူအို သူနာ သူသေ တို့နဲ့ အချစ်ခင် အတွယ်တာဆုံးတွေကို စွန့်လွှတ်ဆုံးရှုံး ရတဲ့ အတွက် ငိုကြွေးနေကြသူတွေ အကြောင်းကို တွေးကြံရင်း “တစ်ကိုယ်ကောင်း အာရုံ ခံစားမှုအတွက် တွယ်တာတဲ့ အချစ်ဆိုတာ တကယ့် အစစ်မဟုတ်ဘူး၊ ဆွဲဆောင်မှု ပြင်းထန် သလောက် ခံနိုင်ရည် ချည့်နဲ့တဲ့ အတွက် သေးငယ်(သေးသိမ်)လှတယ်။ တစ်ခဏ အတွက် အင်အား ပြင်ထန်ပေမယ့် ထာဝရအတွက် အင်အားချည့်နဲ့တဲ့ အရာဆိုတာ အတုအယောင်သာ ဖြစ်တယ်၊ တစ်အောင့် တစ်ခဏ ကျေနပ်သာယာမှု အတွက် ပေးဆပ်ရတဲ့ မျက်ရည်နဲ့ ငိုကြွေးရတဲ့ အချိန်တွေဟာ မတန်မရာ အတိုးကြီး လှမယ်၊ တစ်လောကလုံး အငိုရပ်ဖို့အတွက် မအို မနာ မသေရာ တရာမြတ်ကို ရှာ တော့မယ်၊ မြင့်မြတ်မှု အတွက် ကြီးကျယ်တဲ့ အရာအားလုံးကို စွန့်တော့မယ်”လို့ ဆုံးဖြတ်ခဲ့တာပါ။
မင်းသားရဲ့ ကြံတွေး စဉ်းစားနေတဲ့ အမူအရာတွေကို တွေ့မြင်ပြီး ခမည်းတော် အပါအဝင် အားလုံးကပဲ သိနေကြလို့ ငိုကြွေး တားမြစ်တဲ့ ကြားကပဲ အားလုံးကို စွန့်ခွာပြီး တောထွက်ခဲ့တာပါ။ တောထွက်ခါနီးမှာ ယသော်ဓရာ မိဖုရားကို ပြောဆိုပုံနဲ့ ပတ်သက်လို့ ရေးဖွဲ့ပူဇော်တဲ့ ကမ္ဘာကျော်ကဗျာ(အာရှတိုက်ရဲ့ အလင်းရောင်) မှာတော့ “ အားလုံးထက် အစွန့်ရခက်တဲ့ အပယ်မိဖုရား၊ သတ္တဝါ အားလုံးကို ချစ်သမို့ ငါဟာ မင်းကို အချစ်ဆုံး ဖြစ်တယ်ဆိုတာ သိပါ၊ ပူဆွေးစရာ ကြုံရင် ‘ငါတို့ အခု ပူဆွေးရခြင်းဟာ ကမ္ဘာပေါ်မှာ ငြိမ်းအေးဖို့အတွက် မျှော်လင့်ချက်ပဲ၊ သောကကြောင့် ကျရတဲ့ မျက်ရည်တွေဟာ လောကရဲ့ မျက်ရည်တွေကို ဆေးကြောပေးမဲ့ ကမ္ဘာပြုမိုးကြီး ဖြစ်လာမယ်”လို့ ယုံကြည်ပြီး မင်း ဖြေတော့။ ကမ္ဘာကြီး မျက်ရည်စဲပြီး ငိုပွဲရပ်တဲ့ အခါမှာ အချစ်ဆုံးများဟာ ရှေ့ဆုံးက ပါကြမယ်” လို့ ဖျောင်းဖျပါသတဲ့။
“ဒီနေ့…. ချစ်သူတို့ ကျရတဲ့ မျက်ရည်ဟာ နောက်တော့ တစ်လောကလုံးရဲ့ မျက်ရည်တွေကို ဆေးကြောပေးနိုင်တဲ့ ကမ္ဘာပြုမိုးကြီး ဖြစ်စေမယ်”လို့ ကတိပေးလိုက်တဲ့ သဘောပါပဲ။
ငွေကို လိုချင်သူဟာ ငွေကို စွန့်လွှတ်ရင်းနှီး မြှုပ်နှံရသလို မျက်ရည်စဲစေမည့် တရားကို ရှာဖွေဖို့အတွက် မျက်ရည်တွေကို စွန့်ပစ် ရင်းနှီး မြှုပ်နှံခဲ့ပြီး တောထွက်ခဲ့တာပါ။ အချစ်စစ်(မေတ္တာ)ကို ပြုဖို့အတွက် အချစ်တုကို ခွဲခွာခဲ့တာလို့ပဲ ဆိုရမှာပေါ့။