သင်္ကြန်တော့ ရောက်ပြန်ပြီ…

ဆိုတော့ကာ….   ဒီအချိန်မျိုးဆိုမှဖြင့် ကျုပ်လို အဘိုးကြီးများ တယ်…အထီးကျန်သကိုး……..

အိမ်ရှိလူအပေါင်းက  ဆိုင်ရာဆိုင်ရာကိစ္စတွေအသီးသီးနဲ့-

သင်္ကြန်တွင်းအတွက် စားရေးသောက်ရေး ပြင်သူကပြင်…

အခြောက်အခြမ်း မုန့်ပဲစားဖွယ်  ရှာဝယ်သူကဝယ်….

လည်ဖို့ပတ်ဖို့ ချိန်းကြ… ဆိုကြ… ဝယ်ကြ… ခြမ်းကြ….

အဲဒီအချိန်မျိုးမှာ ရေနွေးတစ်အိုးနဲ့ ချောင်ထိုးခံရတာကတော့ လူကြီးတွေပဲဖြစ်ပါတယ်။

ဒီလူကြီးတွေကလဲ အားကျမခံ ဘုန်းကြီးကျောင်းသွားဖို့ ဥပုသ်စောင့်ဖို့ ရိပ်သာဝင်ဖို့ လှူရေးတန်းရေးလုပ်ဖို့

စသည်…. စသည်….ဖြင့်  ကိုယ့်ထွက်ပေါက် ကိုယ်ရှာကြရတာပေါ့……။

ခက်တာက ကျုပ်ကလဲ ကြီးမလိမ္မာ ဆိုတော့..

အဲဒါတွေလုပ်ဖို့  ပျင်းတယ်ဗျ…

ဒီတော့… ဒီလုပ်လုပ်မယ်ဗျာ…..

ဂဇက်ရွာထဲ  သင်္ကြန်တွင်းမို့  လူအဝင်နည်းနေတုန်း

ကြားမိသမျှသတင်းပလင်း အတင်းအဖျင်းလေးတွေ … တိုးတိုးကြိတ်ကြိတ်လက်တို့ပြောပြမယ်…။

သူများတော့လျှောက်မပြောနဲ့……

(ကျုပ် အကုန်ပြောပြီးသား….  :D  :D  )

 

………………

ကျုပ်တစ်ခုကြားတာက  ကျုပ်တို့ရွာထဲက ဖတ်ရွေးအဖွဲ့ဆိုတာကြီး..

သူတို့ကိုယ်သူတို့ခေါ်တာတော့….. ဘာတဲ့… မန်ဂဇက်ချစ်သူများ…   ဆိုလား…

တော်တော်ချစ်တတ်ကြပုံရတဲ့လူတွေပါဗျာ… တကယ်… တကယ်…. :D

အဲဒါ  အဲဒီအဖွဲ့ရဲ့ စာမူရွေးချယ်တဲ့ပုံစံတွေဘာတွေ ပြုပြင်ပြောင်းလဲမလို့……  ဆိုပဲ၊

တကယ်တော့  ပြောပြောနေတာကြာပါပြီ….

တစ်ယောက်ကစပြောလိုက်  ကျန်သူတွေက တစ်ယောက်တစ်မျိုးပြောလိုက်နဲ့..

ခဏနေတော့  ဟိုလိုသည်လိုဖြစ်ပြီး  ပျက်ပျက်သွားတာ…။

ပျက်မှာပေါ့…  အစက စာမူဖတ်ရွေးတဲ့ကိစ္စဆိုတာ  အဖွဲ့ဝင်တွေက တစ်လအတွင်းဖတ်မိသမျှစာတွေထဲက ကိုယ်ကြိုက်တာလေးတွေ တေးမှတ်ထား- လကုန်တော့ အတွင်းရေးမှုးဆီ စာရင်းပို့၊ အတွင်းရေးမှုးကစာရင်းချုပ်ပြီးရင် အလှည့်ကျသူက ပိုစ့်တင်ကြေငြာ-

အဲသလိုသွားလာတာ ကိုးလရှိပြီ။ ဒီလောက်လွယ်အောင်လုပ်ထားတာတောင်ပင်ပန်းလို့ဆိုပြီး ဒါ့ထက်ပိုလုပ်ရမယ့် ပုံစံအသစ်လေးတွေစဉ်းစားတိုင်း  ဦးဦးပလာတာဆိုတဲ့အဖိုးကြီးက ဝင်ဝင်ပြီး ကန့်လန့်ကန့်လန့်လုပ်နေတာ…။

အခုတော့  ဒီကိစ္စတွေရှင်းသွားပြီ။

နောက်လုပ်မယ့် စာမူရွေးချယ်ရေးပုံစံသစ်ကို မျိုးဆက်သစ်လူငယ်လေးနှစ်ဦးက တိုင်ပင်ရေးဆွဲပြီး ရွာထဲမှာချပြမယ်တဲ့….။

ရွာသူရွာသားတွေက ဝင်ဆွေးနွေးသဘောထားပေးကြပေါ့ဗျာ…။

အရင် ဖတ်ရွေးအဖွဲ့ဝင်တွေ လစဉ်ကြေးလေးစုပြီး ဆုပေးဘို့စီစဉ်တာကိုလဲ ပယ်ဖျက်ပြီး-

စာမူရွေးချယ်တဲ့ကိစ္စက သပ်သပ် – စာမူရွေးတဲ့သူတွေလုပ် ၊ စိတ်ပါဝင်စားသူတွေဝိုင်းလုပ်

ရွာ့ကိစ္စအတွက် ဆုပေးပွဲ တွေ့ဆုံပွဲအတွက် အလှူငွေထည့်ဝင်တဲ့ကိစ္စက သပ်သပ်-

ပင်တိုင်အလှူရှင်တွေနဲ့ ရွာသူရွာသားတွေ ကိုယ်နိုင်သလောက်စုပေါင်းထည့်ဝင်ကြ     ……ဆိုပြီး

ကဏ္ဍတွေ ခွဲလိုက်တော့မယ်တဲ့……။

စာမူဖတ်လဲရွေးရသေး  ပိုက်ဆံလဲထည့်ရသေး   ဆိုတာမျိုးမဖြစ်တော့ဘူးပေါ့ဗျာ…။

အဲသည်မှာတင် ဦးဦးပလာတာတစ်ယောက် ခေါင်းခြောက်ရတော့တာဗျို့…

သူများစာကိုလဲ ဖတ်ရွေးပြီး နှမ်းဖြူးထုံးသုတ်ချင်သေးပေမယ့် အရင်လို အချောင်ခိုလို့ ရတော့မယ့်ပုံမရှိ-

အလှူရှင်အဖွဲ့ဝင်အဖြစ် လိုအပ်ရာရာလေးတွေပါဝင်ပံ့ပိုးပြီး နေပါတော့မယ်ဆိုရအောင်လဲ သူကိုယ်တိုင်က ဆယ့်နှစ်ရာသီဘိုင်ကျနေကျ-

မထူးပါဘူး….  ဌာနဆိုင်ရာလူကြီးတွေ အနားယူသလို  နှစ်သီးစားပင်စင်နဲ့နားပြီး အကြံပေးအဖြစ်နဲ့ပြန်ဝင်ဦးမှဆိုပဲ….

ပင်စင်လစာတွေလဲ တိုးတော့မှာဆိုတော့လေ….  :D

 

နောက်တစ်ခုကတော့  ဥပဒေ စိုးမိုးရေးကိစ္စ……..

ဘယ်ဥပဒေရှိရမလဲဗျာ….  ခင်ဗျားတို့ရွာသူကြီးထုတ်ပြန်ထားတဲ့  ဂဇက်ဥပဒေပေါ့….

သူ့ခမျာ  ရေးတော့ရေးထားရှာသား…

 

11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀ဝ နှုတ်ပါမည်။

 

ဆိုပဲ….

တကယ်တမ်းကျတော့  သူကိုယ်တိုင်လဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့လိုဖြစ်နေပြီ …..

အမှု့ဖြစ်မှန်းသိလဲ  မတိုင်မချင်း ဘာမှသိပ်လုပ်တာမဟုတ်။

သူ့ ရွာစောင့်တပ်ဖွဲ့ကလဲ သူလုပ်မှာလား  ငါလုပ်မှာလား  နဲ့  လွတ်သွားတာတွေကများနေပြီ။

တော်ရုံလွတ်တာကတော့ ဘာအရေးလဲဗျာ…

ရွာစည်းရိုး  ခွေးတိုးတာလောက်ကတော့ ရှိတာပေါ့…

ဒါပေသိ  ဟိုးတစ်လောက  ရိုးချောင်းတစ်လျှောက် ရေမြှုပ်မိုင်းကြီးမျောလာပါရောကလား….

အဲဒါက ပြီးသွားပေမယ့်  နောင်ကိုလဲ  ထောင်မိုင်း၊ တိုက်မိုင်း၊ နင်းမိုင်း၊ ချိန်ကိုက်မိုင်းတွေ  ရောက်လာနိုင်သမို့

ဒီအန္တရာယ်ကို ဝိုင်းဝန်းဆွေးနွေးကြတယ်ဆိုပဲ…

ထွက်လာတဲ့အဖြေကတော့  –

နောက်နောင်ကို  ဌာနဆိုင်ရာတွေ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကို နာမည်ရာထူးနဲ့တပ်အပ်စွပ်စွဲတဲ့ ပုဂ္ဂိုလ်ရေးသက်သက်တိုက်ခိုက်တဲ့စာတွေကို  လက်မခံဖို့  ဖျက်ပစ်ဖို့  ရွာသူကြီးကို တိုက်တွန်းကြသတဲ့….

အဲဒါက သတင်းမဟုတ်သေးဘူးနော်-

သတင်းက-

အဲဒီတိုက်တွန်းချက်ကို ရွာသူကြီးကလဲ လက်ခံသတဲ့….

 

အဲ….   အဲဒါမှ သတင်း …….

ရော့ .. ရော့..  ရေကလေးတစ်ငုံလောက်သောက်လိုက်

အံ့အားသင့်လွန်ပြီး မင်တက်မိနေတာလေး ပြေသွားအောင်…။

အဲဒါ နောင်ကို ရွာ့လုံခြုံရေး  စိတ်အေးကြပေတော့

မသကာ ထပ်ဖြစ်တော့လဲ  ပစ်မိန့်မပေးရသေးလို့…လို့ သဘောထားကြတာပေါ့ဗျာ……။

 

နောက်တစ်ခုလဲ ပြောပြဦးမယ်

ကျုပ်တို့ရွာသူကြီးက  ကျုပ်တို့ရွာကြီးကို  ပြင်ဆောက်ချင်နေသတဲ့….

ကိုယ်ချင်းစာပါသဗျာ…..

သူများရွာတွေက ဖလန်းဖလန်းထနေချိန်မှာ

သူ့ရွာက  အင်းဝခေတ်က  ပရပိုက်ကြီးနဲ့တူနေတာကိုး….။

အဲဒါ  ဘယ်တော့ဆောက်မယ်မဆောက်မယ်ဆိုတာ အသာထားလို့

လောလောဆယ်တော့ လူဦးရေများလာလို့ ဝင်ရထွက်ရ ကျပ်တည်းကြန့်ကြာလာတာကိုဖြေရှင်းဖို့

ဆာဗာသို့မဟုတ် ရွာ့မြေနေရာတိုးချဲ့ဖို့ကလဲ အရေးကြီးနေပြန်ရော…..။

အဲဒီအတွက် ရော နောင်လုပ်မယ့်အစီအစဉ်တွေအတွက်ရောစဉ်းစားပြီး

စိတ်လဲပါ လက်လဲပါ နိုင်တဲ့ရွာသားတွေထဲက

နည်းပညာအရဖြစ်စေ  ငွေကြေးအရဖြစ်စေ  ရွာ့ကောင်းကျိုးအတွက် တစ်တပ်တစ်အားပါဝင်ကူညီကြမယ်ဆိုရင်

လက်ခံပေးဖို့  ရွာ့သူကြီးကို  ရွာ့လူကြီးတွေက ဝိုင်းဝန်းတိုက်တွန်းတာကိုလဲ

သူကြီးခမျာ  အများသဘောကိုမလွန်ဆန်နိုင်ပဲ လက်ခံလိုက်ရပါသတဲ့

ကျုပ်တို့ ကိုယ်တတ်စွမ်းသလောက် တစ်တပ်တစ်အား ပါဝင်ကြပါစို့ဗျာတို့……

 

နောက်တစ်ယောက်အကြောင်းလဲ ပြောပြဦးမယ်…

အဲ…  အဲ….

ခဏနော…

ဟိုမှာ  ဆူနေပြီ….

ရေနွေးအိုးလေးတည်ထားတာ  ဆူနေပြီ….

လဘက်ခြောက်လေးထခပ်လိုက်ဦးမယ်….

ပြီးမှ စကား ဆက်ကြသေးတာပေါ့…………….။     ။

 

 

 

ကျန်းမာရွှင်လန်းကြပါစေ

ဦးဦးပါလေရာ

၁၂.၄.၂၀၁၃

 

 

 

About ဦးဦးပါေလရာ

parlayar 46 has written 74 post in this Website..

CJ # 3302011 2011/03/30 1:01:16 am