“တံခါးဖွင့်ကာ ကမ်းလင့်ပါလို့ ……..။´´

 

“ ခင် ရေ ပြီးပြီလား၊ အောက်ထပ်မှာ ဧည့်သည်တွေတောင် အတော်စုံစွာရောက်နေလောက်ပြီ´´

“ပြီးပါပြီ ကို ရဲ့၊ ဆံထိုးလေး ထိုးဖို့ဘဲ ကျန်တော့တာပါ ´´

“ဟုတ်ပါပြီ၊ အခါပေးမယ့်သူက အခါတော်ပေး စဖတ်တော့မလို့ လာအကြောင်းကြားနေလို့လေ´´

“ဟုတ်ကဲ့ပါ ကို ရယ်၊ ခဏလေးပါ´´

ဒီလိုနဲ့ ခင်ယမုံ တစ်ယောက် အလှပြင်ဖီးလိမ်းမှု့ကို လက်စသတ်လိုက်ပြီး အောက်ထပ်ခန်းမ ဆင်းမယ့်လှေကား ထိပ်မှာ သတိုးသား သတိုးသမီး နဲ့အတူ နှစ်ဖက်မိဘများ ပန်းကျဲမည့်ရှေ့ဆုံးက အချောအလှ ကလေးမလေး စသည်ဖြင့် အသီးသီး နေရာယူအသင့်ဖြစ်ချိန်မှာတော့ အောက်ထပ်ခန်းမတွင် သြဘာဖတ်သံကို စတင်ကြား ရပြီး ခဏအကြာမှာတော့ အခါတော်ပေးတာက ………… အစချီကာ မင်္ဂလာတေးသံ လွှင့်ပျံလာသည်နှင့် မင်္ဂလာဧည့်ခံပွဲကျင်းပရာ အောက်ထပ်ခန်းမကို လျှောက်လှမ်းကာဝင်ရောက်ကြပြီး ဧည့်ခံပွဲတစ်ခု၏ လုပ်ပုံ လုပ်နည်းတွေအတိုင်း ကျင်းပခဲ့ကြတာပေါ့။ အဲလို မင်္ဂလာဧည့်ခံပွဲပြီး နှစ်ဖက်မိဘတွေ အိမ်ကို တစ်လှည့်စီ ၀င်ရောက်ကန့်တော့ကြလို အသီးသီးသောကိစ္စတွေပြီးတဲ့အခါ ခင်ယမုံတို့ ဇနီးမောင်နှံနှစ်ဦး နေထိုင်မယ့် ကွန်ဒိုတိုက်ခန်းလေးကို ပြန်ခဲ့ကြတာပေါ့။ တိုက်ခန်းဝင်မယ့်တံခါးဝမှာတော့ သူငယ်ချင်းတစ်သိုက်က ပိတ်ကာ ရပ်ပြီး ညပွဲအတွက် ပျော်စရာ ခဲဖိုးဆိုမလားတောင်းကြ နောက်ကြလို့ ညဧည့်ခံပွဲလေး ပြုလုပ်ပေးမယ့်နေရာ ရွေးချိန်းဆိုကြပြီး တိုက်ခန်းလေးထဲ မင်္ဂလာ သတိုးသား သတိုသမီး တို့နှစ်ယောက် အမောဖြေကာ ဧည့်ခန်း မှာထိုင်လိုက်ပြီးရင်ဘဲ ခင်ယမုံက

“ကို ညပွဲကို ခင် ရောလိုက်ခဲ့ ရမှာလား´´

“လိုက်ခဲ့ပေါ့ ခင် ရယ်၊ အားလုံးက ကျောင်းကသူငယ်ချင်းတွေဘဲဆိုတော့ နှစ်ယောက်လုံးရဲ့ သူငယ်ချင်း တွေဘဲ အခြားသူမှမပါတာ ပြီးတော့ ခင် ပါတော့ သိပ်မိုးမချုပ်တော့ဘူးပေါ့´´

“ဟုတ်တယ် ကို ပြောတာ ဟုတ်တယ်၊ ဒါနဲ့ ခင် တစ်ခုစဉ်းစားမိတယ်၊ မနက်ဖြန်မနက်ကျရင် တံခါးဘယ်သူ လာ ခေါက်ခေါက် မနက် ၉ နာရီ မထိုးသေးခင် ကိုရော ခင်ရော တံခါးမဖွင့်ပေးကြေး ဘယ်လိုလဲ´´

“အင်း ရတယ် မနက်ဖြန်မနက်စောစောတော့ ကို ဧည့်သည်ဘယ်သူမှ လာစရာမရှိဘူး စိန်လိုက်လေ´´

“ဒီကလည်း လာမယ့်ဧည့်သည်မရှိပါဘူးနော်၊ ပြိုင်ပွဲကို ချိုးဖောက်တဲ့သူက မနက်ဖြန်နေ့လည်စာကို မီဖိုချောင်ဝင် ပြင်ဆင်ရမယ်နော် သိလား ကို´´

“ဟုတ်ပါပြီဗျ´´

ဒီလိုနဲ့ နောက်နေ့မနက် ၇ နာရီထိုးခါနီးလောက်မှာ ခင်ယမုံ တို့နေထိုင်ရာ တိုက်ခန်းတံခါးဝက လူခေါ်ဘဲလ် သံမြည်လိုက်တယ်ဆိုရင်ဘဲ ခင်ယမုံတို့နှစ်ယောက် တိုက်ခန်းတံခါးဝဆီ အပြေးလေးရောက်ကာ တိုက်ခန်း တွင်းမှ အပြင်သို့ကြည့်ရတဲ့ မှန်ဘီလူးပေါက်လေးကကြည့်လိုက်ကြရင်ဘဲ ခင်ပွန်းသည်ရဲ့ အဖေနဲ့အမေ၊ ခင်ယမုံ ရဲ့ ယောက္ခမတွေဖြစ်နေတာပေါ့။

“ကို သဘောပါ ဖွင့်ပေးချင် ကို ဖွင့်ပေးလိုက်လေ၊ ခင် ဘာမှမပြောပါဘူး´´

ဆိုပြီး ခင်ယမုံ တစ်ယောက်မနက်စာပြင်ဖို့ မီးဖိုခန်းဘက်လျှောက်သွားတယ်ဆိုရင်ဘဲ ကိုကိုလေး တစ်ယောက် နောက်ကလိုက်သွားရင်

“ကို မဖွင့်တော့ပါဘူး နောက်မှဘဲ ဖုန်းဆက်လိုက်မယ်၊ သိပ်လည်းအရေးကြီးပုံ မပေါ်ပါဘူး´´ လို့ပြောပြီးနေ လိုက်တယ်၊ ကိုကိုလေးရဲ့ မိဘတွေလည်း ၁၅ မိနစ်ကျော်လောက်တံခါးဖွင့်ပုံမပေါ်တော့ ပြန်သွားကြတာကို ကိုကိုလေးတစ်ယောက် မနက်စာ စားရင်း ပြူတင်းပေါက်မှန်ထဲက လှမ်းမြင်နေလိုက်တယ်ပေါ့။

ဒါနဲ့ဘဲ မနက် ၈ နာရီစွန်းစွန်းလောက်မှာတော့ တိုက်ခန်းတံခါး လူခေါ်ဘဲလ်သံ မြည်လာပြန်တော့ ခင်ယမုံ တို့နှစ်ယောက် ခုနလိုဘဲ အပြင်ကြည့်မှန်ဘီလူးပေါက်ကကြည့်လိုက်ကြရင်ဘဲ ခင်ယမုံ ရဲ့ အဖေနဲ့အမေ ဖြစ်နေတယ်လေ။ အဲ ဒီမှာ ကိုကိုလေး ကတော့ ခင်ယမုံကို စိုက်ကြည့်နေစဉ်မှာဘဲ ခင်ယမုံက

“ခင် တော့ပိတ်မထားရက်ဘူး ဖွင့်ပေးလိုက်မယ်´´ ဆိုကာ ပြောပြောဆိုဆို ခင်ယမုံ တစ်ယောက် တိုက်ခန်း တံခါးကို ဖွင့်ပေးလိုက်တယ်လေ၊ ကိုကိုလေးကလည်း ယောက္ခမတွေကို ခရီးဦးကြိုပြုခဲ့ပေါ့။

အဲဒါက လွန်ခဲ့တဲ့ အနှစ် ၃၀ ကာလက ဖြစ်ခဲ့ကြတာပါ၊ အခုတော့ ခင်ယမုံ တစ်ယောက် သား ၂ ယောက် သမီး ၁ ယောက်နဲ့ မိသားစုဘ၀လေးအဖြစ် နေခဲ့ကြရာက တစ်ညနေ မိသားစုစုံညီ ညစာစားနေရင်းနဲ့ သမီးဖြစ်သူက

“ဖေကြီး နောက်အပတ် သမီး ၆ နှစ်ပြည့်မွေးနေ့ရှိတယ် ဖေကြီးဘာလက်ဆောင် ၀ယ်ပေးမှာလဲ´´

“ဟုတ်သားဘဲ ကို ပြီးခဲ့တဲ့ သားအကြီးမွေးနေ့က ဂိမ်းစက်ဝယ်ပေးတယ်၊ သားလတ်ကျတော့ သူလိုချင်တဲ့ တင်းနစ်ရိုက်တံ အခု သမီးလေး အတွက် ကို ဘာစဉ်စားထားလဲ´´

“အဖေတို့မှာ သမီးက တစ်ယောက်ထဲ ပြီးတော့ အငယ်ဆုံးဆိုတော့ သမီးမွေးနေ့ကို ဆိုင်တစ်ခုခုမှာ ပွဲလေး လုပ်ပြီး ကျင်းပပေးမယ်၊ သမီး ကျောင်းက သမီးနဲ့တွဲတဲ့ သူငယ်ချင်းတွေလည်း လာဖို့ဖိတ်လိုက်လေ အဲဒီပွဲမှာ သမီးအတွက် အမှတ်တရ လက်ဆောင်လှလှလေးလည်းပေးမှာပေါ့၊ သားတို့ကလည်း ကိုယ့် ညီမလေးကို မွေးနေ့ပွဲလုပ်ပေးတာ ၀မ်းသာကြရမယ်နော် ဒီ ညီမလေးတစ်ယောက်ထဲရှိတဲ့ဟာ´´

ဟေး ဖြောင်း ဖြောင်း ဖြောင်း ………. အကိုနှစ်ယောက်ကလည်း လက်ခုပ်တီးအားပေးခဲ့ကြတယ်လေ။

ထမင်းစားပွဲပြီး အေးဆေးဧည့်ခန်းမှာ ထိုင်ကာသတင်းစာဖတ်နေတဲ့ ကိုကိုလေးနားက ထိုင်ခုံမှာ ခင်ယမုံ တစ်ယောက်ထိုင်လိုက်ပြီးတော့

“ကို .. ခင် တစ်ခုမေးမလို့´´

“ဘာများလဲ ခင် ရဲ့ ´´

“ဒီလိုလေ သား အကြီးဆုံး မူကြိုထားတဲ့နှစ် သူမွေးနေ့တုန်းက မွေးနေ့ပွဲလေးလုပ်ရအောင် ကို လို့ ခင် ပြောတော့ ကိုက အင်းမလုပ် အဲမလုပ်လေ၊ သားလတ် မနှစ်က သူ့မွေးနေ့မှာ သားလတ်က ဖေကြီး မွေးနေ့ ပွဲသားတို့အိမ်မှာ တစ်ခါမှ မလုပ်ဖူးဘူး သားမွေးနေ့ရောက်ရင် လုပ်ပါလားဆိုတော့ သားရယ်နောက်နှစ်ကျ လုပ်တာပေါ့ အခုတော့ ဖေကြီးမှာ အလုပ်တွေနဲ့ မအားဘူးလေးဘာလေးနဲ့ အခု ကို သမီး ကျတော့ မွေးနေ့ပွဲ လုပ်ပေးမယ်ဆိုတော့ ခင် တော့ အံသြမိတယ်၊ ကို ကလေးတွေကို နောက်တာတော့ ဟုတ်ပါဘူးနော်´´

“မနောက်ပါဘူး ခင် ရေ၊ အရင်နှစ်တွေက ကိုတို့သမီးလေး ကျောင်းမထားရသေးတော့ သူအတွက် မွေးနေ့ပွဲ လုပ်ပေးလည်း သူ့မွေးနေ့ကို လာမယ့်ကျောင်းနေဖက် သူငယ်ချင်းမရှိလို့လေ အခုတော့ သမီးလေး မွေးနေ့ပွဲ ကို လာမည့် သူငယ်ချင်းတွေလည်းရှိလာတာမို့ လုပ်မယ်လို့စိတ်ကူးလိုက်တာပါ၊ ပြီးတော့ ကို တို့ အသက် အရွယ် တွေကြီး သားတွေ သမီးတွေလည်း ကိုယ့်အိမ်ထောင်တွေနဲ့ ကိုယ်စီဖြစ်ကြရင် ကို တို့ကို တံခါးဖွင့်ကာ ကြိုလင့်မယ့်သူက ခင် သမီးလေးဘဲဖြစ်လာမှာလေ၊ ကို တို့မင်္ဂလာဆောင်ပြီ နောက်နေ့မနက် ခင် လိုပေါ့´´

ခင်ယမုံ တစ်ယောက် ခင်ပွန်းသည်ပြောတာကို နားထောင်ရင်း ပြုံးလိုက်မိတယ်လေ။

………………………………………………………………………………………………………………………………………

မိဖများကို တံခါးဖွင့်ကာ ကမ်းလင့်ကြိုသော လက်များဖြစ်ကြပါစေလို့ ……….။

 

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..