“မမေ့နိုင်ပါအတည် အလေးပြုပါသည်´´

 

လွန်ခဲ့တဲ့နှစ်ပေါင်း ၆၆ နှစ် ကျော်ကာလက ဗိုလ်ချုပ်အောင်ဆန်း(သခင်အောင်ဆန်း)ပြောခဲ့တာနော်။ ဒါပေမယ့် အခုခေတ်အချိန်အခါ လုပ်ဆောင်နေကြပုံကိုများ သူထပြောလေသလား ထင်ရလောက်အောင် အကျုံးဝင်နေစဲ မိန်ခွန်းများကို ပြန်လည်ရှာဖွေတင်ပြလိုပါတယ်။

၁၉၄၅ ခုနှစ် သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေးမိန့်ခွန်းမှ ကောက်နုတ် ရလျှင် –

“လူမျိုးရေးတရားဟောလဲ ငါ့လူမျိုးမှ ငါ့လူမျိုး တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ် ငါ့လူမျိုးသာ ကမ္ဘာကြီး စိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရားမဟုတ်ဘဲ ကိုယ့်လူမျိုးကိုချစ်ခင်သော်လည်း တခြား လူမျိုးများကို မုန်းတီးခြင်း အထင်သေးခြင်းမဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တစ်ဦးအကျိုး တစ်ဦးဖြစ်စေအောင် ဆောက်ရွက်တဲ့ လူမျိုးရေးတရားမျိုးလဲဖြစ်ရမယ်´´

 

၁၉၄၆ ခုနှစ် ဇန်နာဝါရီလ ၂၃ ရက် ဖဆပလပြည်လုံးကျွတ်ညီလာခံတွင်တင်သွင်းခဲ့သောအဆိုမှ ကောက်နုတ် ရလျှင် –

“နိုင်ငံရေးဆိုတာက တစ်ခါတရံမှ အစည်းလုပ်ပြီးတော့ စင်မြင့်ပေါ်က ပြောတဲ့သူကပြော နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး၊ အမြဲတမ်းအားဖြင့် တစ်တိုင်းတစ်ပြည်လုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ မိမိတို့ရဲ့ ဆိုင်ရာဆိုင်ရာ အကျိုးတွေကိုဆိုင်သလိုဖွဲ့စည်းပြီးတော့ကာ မိမိတို့ပြဿနာတွေလုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲလုပ်နေတဲ့ကိစ္စဖြစ်တယ်´´

 

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် မြို့မိမြို့ဖများဂုဏ်ပြုသည့် ဧည့်ခံပွဲတွင် ပြေားကြားသည့်မိန်ခွန်းမှ ကောက်နုတ်ရလျှင် –

“ခေါင်းဆောင်လုပ်တဲ့လူတွေဟာ ကိုယ်ယုံကြည်တဲ့ကိစ္စကို တိုင်းသူပြည်သားတွေကို ပြောရဲရမယ် ရှင်းပြနိုင် ရမယ် အသက်စွန့်သင့်တဲ့နေရာမယ် စွန့်ရဲရမယ် ပရိယာယ်သုံးသင့်တဲ့နေရာမယ် သုံးရမယ် အချိန်အခါ လိုက်ပြီး လုပ်ရမယ် အများယောင်လို့ ယောင်ရတယ် အမောင်တောင်မှန်းမြောက်မှန်း မသိဆိုရင် ခေါင်းဆောင်မဟုတ်ဘူး´´

“ကိုယ့်ကိုကိုယ် မယုံတဲ့လူဟာ ဘယ်အခါမှ တခြားလူကိုမယုံဘူး၊ ကိုယ့်တိုင်းသူပြည်သားကိုလဲမယုံဘူး ကျွန်တော်အဖို့ ကျွန်တော်ကို ကျွန်တော်ယုံတယ် ခင်ဗျားတို့ကိုလည်းယုံကြည်တယ် ဗမာ့လွတ်လပ်ရေးလဲ ယုံကြည်တယ် ဘယ်ကိစ္စမဆိုလုပ်ရင် မှားတယ်မှန်တယ်ဆိုတာ ရာဇ၀င်က ဆုံးဖြတ်လိမ့်မယ်´´

 

၁၉၄၇ ခုနှစ် မေလ ၁၉ ရက် ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမိန်ခွန်းမှ ကောက်နုတ်ဖော်ပြရလျှင်

“တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေး သဘောတရားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွားရေး အဆင့်အတန်းကို အဃါင့်အရေးတန်းတူရနိုင်တဲ့ အခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်   ပေး မှ တကယ့်ဒီမို ကရေစီအထိ တက်လှမ်းနိုင်မယ်´´

 

တကယ်တော့ အထက်ဖော်ပြပါမိန့်ခွန်းတွေဟာ လွန်ခဲ့တဲ့ အနှစ် ၆၆ နှစ် ကျော်လောက်ကပြောခဲ့တာပါ ဒါပေမယ့် မနေ့တစ်နေ့က လက်ရှိမြန်မာပြည် ကိုလှမ်းကြည့်ပြီးပြောနေသလားအောက်မေ့ရလောက်အောင် အခုကာလနဲ့ ကိုက်ညီနေသေးတာဟာ ဗိုလ်ချုပ်အောင်းဆန်းရဲ့ အမျှော်အမြင်ကြီးမား မှုကို ပြနေသလိုပါဘဲထင်မိပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်း ဟာ အကွဲကွဲအပြားပြားဖြစ်နေတဲ့ အင်းအားစုတွေကို စုစည်းနိုင်တဲ့စွမ်းအားရှိတယ် ပညာတတ်အထက်တန်းလွှာနဲ့ သူမိသားစုဝင်တွေကအစ တော်လှန်ရေးထဲပါလာအောင် စည်းရုံးပြောနိုင်စွမ်း ရှိတယ် သမိုင်းမှာပြန်ကြည့်ရင်တွေ့နိုင်ပါတယ်၊ သာဓကအနေနဲ့ပြောရရင် ဂျပန်ကျူးကျော်သူတွေကို ပြန်လည် တိုက်ထုတ်ဖို့အတွက် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်ကြီးကို အင်းပြည့်အားပြည့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖန်းတီးနိုင်ခဲ့ပါတယ်၊ တိုင်းရင်းသားပြည်သူတွေ ကိုယ့်ဆန္ဒနဲ့ကိုယ် ကိုယ့်အသိ စိတ်ဓာတ်နဲ့ကိုယ် ပါဝင်လာကြတာနော် အခုခေတ်လို ဘာမလုပ်ရင်မဲမပေးနဲ့ ဘာလုပ်ရင်မဲပေးတို့ ၂၅% ကို ဘယ်သူတွေယူမယ်တို့ မဲလိမ်တာတွေ ကြိုတင်မဲတွေ ဒါတွေဒါတွေမရှိဘူးနော် အဲလိုစည်းရုံးပြောဆိုနိုင်စွမ်း ရှိတဲ့သူတစ်ယောက်ပါ၊ ဘယ်လောက်ထိစည်းရုံးရေးအားကောင်းလဲဆို ပင်လုံသဘောတူစာချုပ်ချုပ်လို့ ရအောင်အထိ တိုင်းရင်းသားလူမျိုးပေါင်းစုံ သူနဲ့အတူရပ်တည်ပြီး လွတ်လပ်ရေးကို အတူတကွတောင်းဆိုဖို့ လုပ်ဆောင်နိုင်စွမ်းရှိသူပါ။

 

အဲဒီလိုသမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ ကိုယ်ကျင့်သိက္ခာကြီးမားခဲ့တဲ့ နိုင်ငံရေးအမြင်အပြည့်အ၀ရှိပြီး အမျှော်အမြင်ကြီးခဲ့တဲ့ ဗိုလ်ချုပ်အောင်းဆန်းကိုတော့ တိုင်းရင်းသားပြည်သူတွေ မြန်မာပြည်သူပြည်သား အားလုံးက ချစ်ခင်မြတ်နိုးစွာနဲ့ တမ်းတနေစဲပဲရှိမယ်လို့ ကျွန်တော်ယုံကြည်နေရင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုကာရေးသား ဂုဏ်ပြုလိုက်ပါတယ်။

 

စာဖတ်ပရိတ်သပ်ကြီးကျေးဇူးပါ။

ခင်ခ။

( ဆယ့်ကိုးဂျုလိုင်မမေ့နိုင် )

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..