၂ဝ တန်အချိန်

Yin Nyine NwayJuly 31, 20101min942

လူတစ်ယောက်
အလုပ်ကို မိုးချုပ်တဲ့ထိ အချိန်ပို လုပ်ပြီး မောမောနဲ့ အိမ်ကိုပြန်လာတယ်။
ပင်ပန်းလို့ စိတ်တွေလဲ တိုနေတယ်။ ငါးနှစ်အရွယ် သူ့သားလေးက အိမ်ပေါက်ဝမှာ
သူပြန်အလာကို စောင့်နေတာ တွေ့ရတယ်။
သား – “ဖေဖေ၊ ဖေဖေ့ကို သားတစ်ခု မေးလို့ ရမလား”
ဖခင် – “မေးလေသားရဲ့၊ ဘာမေးမလို့လဲ”
သား – “ဖေဖေ၊ တစ်နာရီ အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရလဲ”
ဖခင် – “ဒါ မင်းအလုပ် မဟုတ်ပါဘူး။ ဘာ ကိစ္စနဲ့ မင်းက သိချင်ရတာလဲ” ဖအေဖြစ်သူက
ဒေါသနဲ့ မေးလိုက်တယ်။
သား – “သားသိမှ ဖြစ်မှာမို့လို့ပါ ဖေဖေရာ။ ကျေးဇူးပြုပြီး ဖေဖေ တစ်နာရီ
အလုပ်လုပ်ရင် ပိုက်ဆံ ဘယ်လောက်ရလဲ ဆိုတာသာ ဖြေပေးပါဗျာ”
ဖခင် – “အေး၊ မင်းသိမှ ဖြစ်မှာဆိုလဲ ဖြေရတာပေါ့ကွာ။ တစ်နာရီကို နှစ်ဆယ် ရတယ်”
“အိုး” ခလေးငယ်က ခေါင်းငုံ့ချလိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်မိတယ်။
နောက်တော့ ခေါင်းမော့ပြီး သူ့အဖေကို မရဲတရဲ ကြည့်ပြီး မေးလိုက်တယ်။
“ဖေဖေ၊ သား ပိုက်ဆံ တစ်ဆယ်လောက် ဖေဖေ့ဆီက ချေးလို့ ရမလား”
ဖခင်ဖြစ်သူက ဒေါသတွေ ပေါက်ကွဲသွားတယ်။ “မင်းဒီလိုမေးတာက ငွေချေးပြီး ဘာမဟုတ်တဲ့
အရုပ်တွေ၊ တခြား အဓိပ္ပါယ် ဘာမရှိတဲ့ ဟာတွေ ဝယ်ဖို့ သက်သက်ပဲ ဆိုရင်
အခုချက်ချင်း မင်းအခန်းထဲမှာ ငြိမ်ငြိမ် သွားနေ နေတော့။ မင်းကိုယ်မင်း အတ္တ
ကြီးလား မကြီးဘူးလား သေချာ ပြန်စဉ်းစား။ ငါ နေ့တိုင်း ဒီလောက် အလုပ်ကို
အပင်ပန်းခံ လုပ်နေတာ မင်းရဲ့ ခလေးဆန်တဲ့ ဒီ ပူဆာတာတွေ သက်သက် အတွက်ပဲလား”
ကောင်ကလေးလဲ သူ့အခန်းထဲ တိတ်တိတ် ဆိတ်ဆိတ်လေး ဝင်သွားပြီး အခန်းတံခါးကို
ပိတ်လိုက်တယ်။ အဖေကြီးကတော့ ဧည့်ခန်းထဲမှာ ထိုင်နေရင်း သူ့သားရဲ့မေးခွန်းကို
စဉ်းစားမိလေ၊ ဒေါသထွက်လေ ဖြစ်နေတယ်။ ဒီကောင်လေးက သူ့ဆီက ပိုက်ဆံ
တောင်းချင်တာကိုများ ဒီမေးခွန်း လာမေးနေရသေးတယ်။ နာရီပိုင်းလောက်ကြာတော့ သူလဲ
ဒေါသပြေသွားတယ်။သူ့သားက သူ့ဆီကနေ ငွေတောင်းခဲတယ်။ အခု ဒီငွေတစ်ဆယ် တောင်းတာ
သူ့သား တကယ်လိုအပ်နေတဲ့ တစ်ခုခုကို ဝယ်ဖို့များလား လို့ စပြီး စဉ်းစား မိလာတယ်။
ဒါနဲ့ သူ့သား အခန်းထဲကို တံခါးခေါက်၊ ခွင့်တောင်းပြီး ဝင်သွားလိုက်တယ်။
“သား အိပ်နေပြီလား” သူ့သားကို ငြင်ငြင်သာသာ မေးလိုက်တယ်။
“မအိပ်သေးပါဘူး ဖေဖေ” သားက ပြန်ဖြေတယ်။
“စောစော က ဖေဖေ သိပ်ပြီးများ ဒေါသကြီး သွားသလား စဉ်းစားမိလို့ပါ” အဖေကြီးက
ချော့တယ်။ “ဖေဖေ ဒီနေ့ အလုပ်တော်တော် ပင်ပန်းလာလို့ စိတ်မရှည်နိုင်ပဲ
သားကို
အော်ငေါက်မိသွားတယ်။ ရော့၊ ဒီမှာ သားလိုချင်တဲ့ ငွေတစ်ဆယ်”
သားကလေးလဲ ဝမ်းသာအားရနဲ့ အိပ်ယာကနေ ငေါက်ကနဲ ထထိုင်လိုက်တယ်။ “အိုး၊
ကျေးဇူးတင်လိုက်တာ ဖေဖေရာ” အပြုံးမျက်နှာနဲ့ ပျော်ပျော်ရွှင်ရွှင် အော်လိုက်တယ်။
နောက်တော့ ခေါက်ထားတဲ့ ငွေစက္ကူလေးတစ်ချို့ကို သူ့ခေါင်းအုံးအောက်ကနေ
ဆွဲထုတ်လိုက်တယ်။
အဖေကြီးက သူ့သားဆီမှာ ငွေတစ်ချို့ရှိနေပြီးသားဆိုတာ သိသွားတော့
ဒေါသတွေက
ထပ်ထွက်လာပြန်တယ်။
ကောင်ကလေးကတော့ သူ့လက်ထဲက ငွေတွေကို ဖြည်းဖြည်းချင်း ရေတွက်ပြီး သူ့အဖေကို
မော့ကြည့်လိုက်တယ်။
“မင်းဆီမှာ ငွေတွေ ရှိနေပြီးသားကို ဘာလို့ ထပ်ပြီး လိုချင်နေရတာလဲ” သူ့အဖေက
ဒေါသသံနဲ့ အံကြိတ်ပြီး မေးတယ်။
“သားမှာ ငွေမလောက်လို့ပေါ့၊ ခုတော့ ပြည့်ပါပြီ” ကောင်ကလေးက ပြန်ဖြေတယ်။
“ဖေဖေ၊ ခု သားမှာ ငွေနှစ်ဆယ်ပြည့်ပြီ။ ဖေဖေ့ဆီက အချိန် တစ်ချို့ကို သား ဝယ်လို့
ရမလားဟင်။ မနက်ဖြန်ကျရင် ဖေဖေ အိမ်ကို စောစော ပြန်လာခဲ့ပါနော်။ သားလေ၊
ဖေဖေနဲ့
အတူတူ ညစာ စားချင်လို့ပါ”

မိတ်ဆွေရေ ဒီပုံပြင်လေးကိုမိတ်ဆွေချစ်တဲ့
လူကိုပြောပြပြီး

မိတ်ဆွေချစ်တဲ့လူကိုနှစ်ဆယ်တန်

အချိန်

လေးကိုအလကားပေးလိုက်ပါလားနော်။

2 comments

  • maypearl

    August 5, 2010 at 10:52 am

    ဟုတ်ပါတယ်…မိဘနှစ်ပါးလုံးကအလုပ်လုပ်နေရတဲ့ ကလေးတိုင်းမှာ ဒီခံစားချက်မျိုးရှိတတ်ပါတယ်
    တစ်ချို့ကလေးတွေဆို မိဘတွေပြန်လာချိန်ကိုစောင့်မျှော်နေကြတာ အရမ်းသနားဖို့ကောင်းတယ်

  • Gong Zhu

    September 16, 2010 at 6:36 pm

    အဲ့လို မိဘ နဲ့ သားသမီးမျိုးကို အပြင်မှာတော့ တစ်ခါမှ မတွေ့ဖူးသေးဘူး . ..

Leave a Reply