”မိုးကလေးညိုလာရင် xxx လွမ်းမျက်ရည်လေးလည် xxx ငယ်ငယ်တုန်းက သူငယ်ချင်းကို xxx သတိရပါတယ် xxx ကျောင်းသွားအတူတူ xxx ကစားလည်းအတူပဲကွယ် xxx နှောင်းအတိတ်မှာ ပျော်စရာ xxx အောက်မေ့ပါသေးတယ်”

ခုတလော မနက်တိုင်းလိုလို မိုးကလေးစွေနေတတ်တယ်။ ပထမတန်းတက်နေတဲ့ သမီးလေးရဲ့ ကျောင်းထမင်းဘူးအမီထည့်ပေးဖို့ မိုးဖွဲတွေကြားမှာပဲ ဈေးကိုထွက်လာခဲ့တော့ မိုးဖွဲတွေကြားမှာပဲ ဈေးက အသက်ဝင်စည်ကားနေတယ်။ ထီးရောင်စုံတွေကြား တွန်းထိုးရင်း ရာသီစာ ပုစွန်ဖော့ချိတ်လေးတွေ တွေ့တာနဲ့ ပုစွန်ကြော်၊ ချဉ်ပေါင်ဟင်းရယ်ချက်မယ်၊ ပိုတဲ့ပုစွန်ကို မျှစ်ကြော်မယ် တွေးပြီး လိုအပ်တာတွေဝယ်တော့ ထုံးစံအတိုင်း မျှစ်ကိုသတိထားရမယ်လေ။ ရန်ကုန်တစ်ခေါက် ရောက်တုန်းက ဆေးမဆိုးထားလောက်တဲ့ အဝါဖျော့ဖျော့ ပေါက်ပြီးသားမျှစ်တွေ ဈေးမှာ ဝယ်ခဲ့ဖူးတယ်။ ဆေးဆိုးမျှစ်ရှောင်စရာမလိုတဲ့ ရန်ကုန်ကအိမ်ရှင်မတွေကို ဒီတစ်ခါတော့ အားကျ မိပြန်ရော။

နယ်မြို့ကလေးမှာတော့ ဈေးထဲကမျှစ်ဆိုင်တိုင်းလိုလို မျှစ်တွေဆေးဆိုးထားမြဲ။ ဝါထိန်နေအောင် ဆိုးထားတဲ့မျှစ်လည်းရှိသလို ဆေးမဆိုးထားတဲ့ပုံပေါက်အောင် ဖျော့ဖျော့လေးဆိုးထားတဲ့ မျှစ်လည်း ရှိတယ်။ မျှစ်ရဲ့ပင်ကိုအရောင်ဟာ အဖြူရောင်။ မျှစ်ကိုဒီအတိုင်းစားလို့ မရ၊ ပြုတ်ပြီးမှ စားလို့ရ၊ ရောင်းလို့ရတယ်။ ပြုတ်လိုက်တဲ့အခါမှာ မျှစ်ဟာဖျော့ဖျော့လေးဝါသွားတယ်။ အဲဒါနဲ့အသွင်တူအောင် မျှစ်ကို ဝါဖျော့ဖျော့လေးဆေးဆိုးပြီး လှလှလေး ဗန်းထဲထည့်ထားကြတယ်လေ။

ဒီတော့ ဈေးဆိုင်နောက်ဘက်တန်း မျှစ်ဒိုင်ဆီလျှောက်လာပြီး ခင်မင်ရင်းစွဲ မျှစ်သည်လေးဆီမှာပဲ ဆေးမဆိုးရသေးတဲ့မျှစ်၊ မပေါက်ရသေးတဲ့မျှစ်ကို ဝယ်တယ်။ အဝါဖျော့ဖျော့ နုနုထွားထွား စား ချင့်စရာ မျှစ်သုံးချောင်းဟာ ကျမလက်ထဲရောက်လာခဲ့ပြီ။

ငွေသုံးရာကို လှမ်းပေးရင်း ”မျှစ်တွေက ပြုတ်လိုက်တော့ ဝါသွားတာပေါ့နော်” လို့ အမှတ်တမဲ့မေးလိုက်မိတယ်။ မျှစ်သည်မိန်းကလေးက ”အစ်မ၊ မျှစ်ကပြုတ်ထားတာ မဟုတ်ဘူး။ ဓာတ်စာကျွေးထားတာ” တဲ့။
”ဓာတ်စာဆိုတာ ဘာလဲ။ ဓာတ်မြေသြဇာလား”
”ဟုတ်တယ် အစ်မ”
”ဟင် ဘာဖြစ်လို့လဲ။ ဆေးမဆိုးထားဘူး မဟုတ်လား” လို့ ကျမထပ်မေးတယ်။
မိန်းကလေးက ” မျှစ်ကိုဆေးမဆိုးထားဘူး အစ်မ၊ ပြုတ်ထားတာတော့လည်း မဟုတ်ဘူး။ ဓာတ်စာ လေးနည်းနည်းဖြူးထားမှ မျှစ်ကပျော့သွားတာ။ မဟုတ်ရင် မာတောင့်နေမှာပေါ့” တဲ့။
”မျှစ်က ပြုတ်ထားတာ မဟုတ်ဘူးလား”
”မဟုတ်ဘူး အစ်မ”
”ဘာဖြစ်လို့ မပြုတ်တာလဲ”
ကျမရဲ့ ဒီမေးခွန်းမှာ မျှစ်သည်မိန်းကလေးဟာ ခပ်ပျင်းပျင်းလေးရယ်တယ်။ သြော် … အလည်း အတဲ့ကျမ။ ဒီလောက်မျှစ်တွေအများကြီးကို ဘယ်သူက ထင်းဖိုး မီးသွေးဖိုး အကုန်ခံပြီးပြုတ်မလဲ။
တစ်မြို့လုံးမှာ အသုံးမကျဆုံး အိမ်ရှင်မ ကျမကလွဲလို့ ဘယ်သူဖြစ်နိုင်ဦးမလဲ။

ဝယ်ပြီးပြီဆိုတော့လည်း မထူးဘူး၊ ချက်ရတော့မယ်။ မျှစ်ကြော်ဆိုတာ ငယ်ကတည်းကစွဲခဲ့ရတဲ့ ဟင်းတစ်ခွက်။ ငယ်သူငယ်ချင်းလေးတစ်ယောက်က ကျမကိုပေးခဲ့တဲ့နာမည်။ မျှစ်ကြော် ဟင်းပွဲ နဲ့အတူ နှောင်းအတိတ်ရဲ့ပျော်စရာတွေ တွဲစပ်သီထားတယ်။ အသက်တွေ ဘယ်လောက်ပဲကြီးလာ လာ၊ ပျော်စရာငယ်ဘဝကို မမေ့နိုင်သေးတာ မျိုးချစ်စိတ်တို့ရဲ့ အရင်းတည်ရာလို့ ခေါ်ရမလား။

ကပေါက်ကရောက်စိတ်တွေဟာ တလောက ကသောကမျော ဖတ်လိုက်ရတဲ့ Hard liner  နဲ့  Soft liner  ဆိုတဲ့ပို့စ်ဆီ ရောက်လာပြန်ပါရော။ အပြစ်ဆိုစရာမရှိတဲ့ ဆောင်းပါးလေးရဲ့ ဆိုလို ရင်းကတော့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ အားလုံးဟာ ကိုယ့် Role  အတိုင်း ကိုယ်လုပ်နေကြရ တာဖြစ်ပြီး တိုင်းပြည်မှာ  Soft liner  တွေများလေ ကောင်းလေဆိုတဲ့ အကြောင်းလေးပါ။  ဆောင်းပါးဟာ ပြဿနာနဲ့ အခြေအနေကို ချပြထားခြင်းဖြစ်ပြီး ဖြေရှင်းနည်း Solution  ကိုတော့ ရေးမထား။ သည်တော့လည်း တိုင်းပြည်ထဲက အမာတွေပျော့လာအောင် ဘယ်လိုဖြေရှင်းရပါ့။ မျှစ်လို ဓာတ်စာကျွေးရင်ကောင်းမလား။ ကိုယ့်  Role  အတိုင်း ကိုယ်လုပ်ရင်း တိုင်းပြည်ကြီး ဒီအဆင့်ထိ ရောက်သွားခဲ့ပြီ။

ဒီမိုကရေစီသက်တမ်းရင့်တဲ့ တခြားတိုင်းပြည်တွေမှာ ပါတီကြီးနှစ်ခု အကြိတ်အနယ်ယှဉ်ပြိုင်ကြ တယ်ဆိုတာ ကြက်ဥနဲ့ဘဲဥ ဈေးကွက်လုရသလို။ ပြည်သူတွေက ဘဲဥမရရင် ကြက်ဥကိုပဲ ကြော် စားမယ်၊ ပြုတ်စားမယ်၊ ချဉ်ရည်ဟင်းချက်စားမယ်။ ကြက်ဥနဲ့ဘဲဥ ပါတီကြီးနှစ်ခုဟာ Power  balance  ဖြစ်နေမယ်။ ဒီတိုင်းပြည်မှာကတော့ ပါတီကြီးနှစ်ခု အကြိတ်အနယ်ယှဉ်ပြိုင်ကြတယ် ဆိုတာ ဆေးဆိုးမျှစ်နဲ့ ရိုးရိုးမျှစ် ဈေးကွက်လုရသလို။

စာတော်တဲ့ ၁ဝတန်းကျောင်းသားတစ်ယောက် အစမ်းစာမေးပွဲတွေမှာ ထိပ်ကပြေးခဲ့ပြီး အတန်းတင်မှာ ကျသွားခဲ့တယ်ဆိုရင် မြင်းကောင်းခွာလိပ်ဖြစ်တယ်လို့ ပြောလို့ရပေမယ့် ကျတာကတော့ ကျတာအမှန်။  အစမ်းစာမေးပွဲတွေမှာ ထိပ်ကပြေးခဲ့တဲ့ ပါတီကြီးတစ်ခု အတန်းတင်ရောက်မှ ကျတယ်ဆိုရင် ဘယ်သူက ညံ့တယ်လို့ ရှင်းရှင်းပြောမှာလဲကွယ်။  Hard liner  တွေများတယ်၊ ပြည်သူတွေ ကိုယ်နဲ့တန်တဲ့အစိုးရ ရတယ် စသဖြင့်ပြောကြမယ်။ ပြီးရင်တော့ လာမယ်လေ သိပ်လှနေတဲ့ ကာလာခြယ်ဆေးဆိုးမျှစ်။

အယ် … မျှစ်ဋီကာချဲ့နေလိုက်တာ မိုးတောင်စဲသွားခဲ့ပေါ့။ ငယ်တုန်းက  စားခဲ့ရတဲ့မျှစ်နဲ့တူအောင် အခုဝယ်လာတဲ့မျှစ်ကိုလည်း အထပ်ထပ်ပြုတ်ပြီး ရေတွေသွန်ပစ်လိုက်ရင် မျှစ်ထဲစိမ့်ဝင်နေတဲ့ ဓာတ်မြေသြဇာတွေ လျော့ကျသွားတန်ကောင်းပါရဲ့။ ဘယ်လိုပဲဖြစ်ပါစေ အဆိပ်အတောက် ကင်းစင်တဲ့ အရိုးခံ ငယ်ချစ်မျှစ်လေးကိုတော့ အလွမ်းစာရင်းထဲ ထည့်သွင်းလိုက်ရပါတော့မယ်။

”ဝဿန်မိုးလေးစဲရင် xxx ရင်ခွင်ထဲဆွေးကာ xxx ကလေးဘဝက xxx မျှစ်ကလေးကို xxx သတိရမိတယ် xxx”

ဝင့်ပြုံးမြင့်

၂၇၊ ဇူလိုင်၊ ၂၀၁၃

 

 

 

 

About ၀င့်ပြုံးမြင့်

wintpyone myint has written 59 post in this Website..

IN LOVE I TRUST.