ကြိုက်လွန်းလို့ပါဗျာ (မင်းလူအမှတ်တရ)

လူကြည့်တော့မင်သေသေ .. ပညာကမသေး

ပေတေတေ ကို့လူကိုကြည့်.. စာရေးသတဲ့လေး..

 

ဖတ်ကြည့်ပေါ့သူ့စာ.. အဆွေးလေးကခပ်မြေ့မြေ့

ပြီးတော့ခါ ဖတ်သူကို့မှာ.. ပြုံးတုံ့တုံ့လေး

ပါလေရာ သူ့စာမှာ.. ဇာတ်ကြောင်းရယ်ခင်းရရင်ဖြင့်

သူချစ်တဲ့သူ့တက္ကသိုလ်က .. background တဲ့လေး..

 

ကျောင်းထဲက သူ့အပင်.. အမြစ်ပျောက်လို့ဘယ်ဆီနေ

သူရေးတဲ့ “ရေတမာ”.. အသက်ပြင်းလှသတဲ့လေး

 

သူထွင်တဲ့ငါ့မင်းသား.. ပြန်လို့ဖြင့်လာပါ့မလား

မီးထွန်းတိုင်းသတိရတယ်ကွယ့်.. “ဓာတ်ခဲ” တဲ့လေး

 

ခင်ဗျားရေးတဲ့ ဒီဇာတ်တွဲ..ဖတ်ချင်သေးရဲ့နောက်တခါ

“ကျော်ကွန့်ဇနီး လှထုံ” နဲ့ လည်း ဆုံချင်ပါသေး..

 

မပြောတော့မယ့် ဇာတ်သိမ်း… ခင်ဗျားကိုယ်စားဘယ်သူရေးမလဲ

“အများနဲ့ မသက်ဆိုင်သူ” ခင်ဗျားကဖြင့်.. ရီတော့မကွယ့်လေး..

 

ခင်ဗျားသွားတဲ့ သေရွာကို.. ကင်ဆာကပို့သတဲ့

အမောင့်ကို ကြိုက်တဲ့ကျုပ်မှာဖြင့် . .“ အော်ဆွေး”ရသေး..

 

နောက်များဖြင့် ကြုံမကြုံမသိ..  အသစ်ရယ်လို့မှမရှိရင်ဖြင့်

ပန်းဆိုးတန်း အဟောင်းတန်းသွား.. မေးလို့ရှာရဦးမလေ

လူကိုတော့မကယ်နိုင်ဘူး.. စာတွေကို ဖြင့်စုထားဦးမယ်

Idea မသစ်သော်လည်း.. စာဟောင်းကအတွေးမဟောင်းပါဘူးလို့

မှီငြမ်းလို့ အားကိုးမယ်.. အပျင်းပြေဟာသအရေးအသား.. သတိယမှုများစွာနဲ့

စိတ်ပမ်းပြေလို့ ဥာဏ်ရွှင်စေ့မယ်..

မင်းလူ” ဆိုတဲ့ ကျုပ်ကြိုက်တဲ့ စာရေးဆရာရဲ့

ဘာလေးများရှိဦးမတုန်း..

ဒါလေးတော့ ချန်ထားပေးပါဦးဗျ.. ကျုပ်ကြိုက်လို့လေး..

 

 

လူကလေး

 

 

 

 

 

 

 

 

လူကလေး

About လူကလေး

လူကလေး has written 16 post in this Website..