မင်္ဂလာပါ သူကြိးနဲ့ တကွ မန်းရွာသူ ရွာသားမျာ။

ကျန်းမာတော်မူကြရဲ့နော်။

ခုတလော ရွှေမြန်မာတွေ ကိုယ့်အမျိုးကိုယ်ချစ်ဖို့ လှုံ့ဆော်ကြ၊ မျိုးစောင့် ဥပဒေဆိုပြီး တပ်လှန့်ကြနဲ့ တော်တော်လေး အလုပ်များနေကြရှာတယ်။

အဲဒီလို မျက်စိဖွင့် နားစွင့် လာတာကြောင့် ရပ်ကွက်တွေထဲမှာ ယဉ်ကျေးလိမ်မာ သင်တန်းတွေ ဖွင့်လိုက်တာတော့ တော်တော် အကျိုးအမြတ်ရှိတဲ့ လုပ်ရပ်ပဲ။ တို့များ ယုံကြည် ကျင့်သုံးတဲ့ဗုဒ်ဓ ( ဓ သေးသေး မရှာတတ်လို့ပါ။) ဝါဒ အခြေခံ တရားကိုက အပြစ်မပေး ၊ ဆု မပေးဘူး။ ကိုယ်ကျင့်ရင် ကိုယ်ရမယ်။ ကိုယ်လုပ်တဲ့ ကောင်းမှု မကောင်းမှု- ကိုယ်ပြုတဲ့ ကံ ကိုယ့်ထံ ပြန်တာပဲ။ ကောင်းရင် စံ ၊ မကောင်းရင် ခံ ။ ဒါကြောင့်လည်း ဘုရားဟော နဲ့ တလွဲတွေချည်း လုပ်နေကြတာပဲ။ ကိုယ်လုပ်တာ ကိုယ်ခံဆိုတော့ – ကိုယ့်ဘာသာလုပ်တယ် ဘာဖြစ်လဲ ဆိုတာမျိုးတွေ တွေးပြီးနေကြတာထင်တယ်။ ဘုရားထက် ကြီးတဲ့ ဘုရားလူကြီးတွေကလည်း လိုရာဆွဲတတ်ကြသေးတာကိုး။

ဘာပဲဖြစ်ဖြစ် ရပ်ကွက် ဓမ္မာရုံတွေမတော့ ယဉ်ကျေးလိမ်မာသင်တန်းတွေ ဖွင့်တာ တခြားသူတွေအတါက် မသိပေမင့် တို့အတွက်တော့ အဆင်ပြေသပေါ့။ အိမ်နဲ့တည့်တည့် တစ်လမ်းကျော် အရပ်မှာ ဓမ္မာရုံက ရှိနေတာဆိုတော့ ဓမ္မရုံကသင်တန်းပေးတဲ့ နေ့ဆို ဘုန်းဘုန်းပြောသမျှ  အော်လံနဲ့မို့ အတိုင်းသားကြားနေရတာမို့ သင်တန်းကို အိမ်ကနေ တက်နေရသလိုပ။

တပတ်တခါ တနင်္ဂနွေနေ့တိုင်း မူလတန်းကနေ အထက်တန်းထိ မည်သူမဆို တက်ရောက် သင်ယူနိုင်တာဆိုတတော့ ကလေးတွေကလည်း အရွယ်စုံ အတန်းစုံ။

တခါတရံ ဘုန်းဘုန်းက သင်ထားပြီးသမျှတွေ ပြန်ပြန် မေးတတ်တယ်။ သင်တန်းသား ကလေးတွေက ပြန်ဖြေပေးရတယ်။ တခါတခါ အမေးနဲ့ အဖြေတွေက သိပ် စိတ်သင်စားစရာကောင်းတယ်။  တခါတလေ ဘုန်းဘုန်းက သင်တန်းသား၊ သင်တန်းသူ အချင်းချင်း အမေးတဖွဲ့ အဖြေတဖွဲ့ အမေး အဖြေ လုပ်ခိုင်းတတ်တယ်။

ယဉ်ကျေးလိမ်မာသင်တန်းဆိုတာဘာသာရေးသက်သက်သင်တဲ့ သင်တန်းမဟုတ်ပဲ ကလေးသူငယ်လေးတွေကို ဗုဒ်ဓ နဲ့ ပတ်သက်တဲ့ဗဟုသုတဖြစ်တဲ့အကြောင်းအရာလည်းပါတယ်။

လောကဝတ် ၊ လူ့ကျင့်ဝတ် သင်ပေးတဲ့ အကြောင်းလဲပါ။ ကိုယ် စိတ် နှလုံး ယဉ်ကျေးစေတဲ့ ကဗျာလေးတွေ ရွတ်ဆိုတတ်အောင်သင်ပေးတာလဲပါ။ အဓိက ကတော့ ကလေးတွေရဲ့ စိတ် သိမ်မွေ့ နူးညံ့ စေတာပါပဲ။ အပြောအဆို အနေအထိုင် နဲ့ ပတ်ဝန်းကျင် ဆက်ဆံ ပေါင်းသင်းရေးတွေပါ သင်ပေးနေတာ ကြားနေရပါတယ်။

ဒီတပတ်တော့ မေးခွန်းတွေမေးရင်းနဲ့ ကျင့်ဝတ် ဆိုတဲ့ စကားဆီ ရောက်သွားတယ်။ ကျင့်ဝတ်ဆိုတာ စည်းကမ်းပေါ့။ လူမှာလည်း လူ့ကျင့်ဝတ်၊ ရဟန်းမှာလဲ ရဟန်းကျင့်ဝတ် ဆိုတာတွေကို စောင့်ထိမ်းရမယ်။ ပြီးတော့ အမေရိကန်သမ္မတ လင်ကွန်းအကြောင်းပြောတယ်။ တောသား ဘဝက ဆင်းရဲ နုံခြာ လို့ စာသင်ကျောင်းမတက်နိုင်ပဲ ပျဉ်ပြားပေါ်မှာ မီးသွေးနဲံ ရေးပြီး စာတတ်အောင် သင်ခဲ့တဲ့ သူတောင် အမေရိကန်သမ္မတကြီးဖြစ်လာသတဲ့။ ပြီးတော့ တို့များရဲ့ သမ္မတကြီးဦးသိန်းစိန်လည်း ဟိုး… ဧရာဝတီတို်င်း ရွကလေးတစ်ရွာမှာ မွေးလာတဲ့ သူပါတဲ့ ။ ပညာသင်ဖို့ရာ အတွက် ကျောင်းရှိတဲ့ နေရာကို အပင်ပန်း အဆင်းရဲခံသွားပြီး ပညာသင်ခဲ့ရပါသတဲ့။ ´´ သူတို့လို လူ တွေ တောင် နိုင်ငံတော် သမ္မတ ဖြစ်သေးရင် မင်းတို့လို မြို့ပေါ်နေပြီး ပညာကောင်းကောင်းသင်ခွင့်ရနေတဲ့ သူတွေရော နောင်တချိန် သမ္မတ မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ ပညာကို ကျိုးစားသင်ကြပါ။ လူ့ကျင့်ဝတ်တွေကို သေသေချာချာလိုက်နာ ကျင့်သုံးကြ ´´လို့ မိန့်တော်မူပြီး ´´ လူ့ကျင့်ဝတ် ဘယ်နှစ်မျိုးရှိလဲ ´´လို့မေးတော့ ကလေးတွေက ´´ ၅ မျိုး ရှိပါတယ်ဘုရား တဲ့ ။´´

´´ဟုတ်တယ်။ အဲဒီ ၅ မျိုးက ကလေးတို့ သိနေတဲ့ ငါးပါး သီလ ပဲ။ ငါးပါးသီလ ဆိုတာ လူတိုင်းစောင့်ထိမ်းရမယ်´´ ဆိုပြီး ငါးပါးသီလရဲ့ ကျင့်ဝတ်တွေကိုမေးပါတယ်။

´´ ၁။ သူ့ အသက် မသတ် ရပါဘူး။

၂။ သူ့ ပစ္စည်း ကို မခိုးရပါဘူး။

၃။ သူ့တပါး သမီးပျို ၊ လင်ရှိ မယား စတာ တွေကို မဖျက်ဆိးရပါဘူး။

၄။ သူတပါး အကျိုူးပျက်စီးအောင် အကျိုးယုတ်အောင် ၊ ကို်ယ်အကျိုးအတွက် လိမ်ညာ မုသား ပြောဆိုခြင်း မပြုရပါဘူး။

၅။ အသိတရားပျောက် အောင် မှောက်မှားတတ်တဲ့ သေရည် သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ရပါမယ်။  ´´

´´ မှန်တယ်။ အဲဒါ အခြေခံ လူ့ဝတ္တရား၊ လူ့ ကျင့်ဝတ်တွေပဲ။ ဒီတရား ငါးပါးကို လူတိုင်း စောင့်ထိမ်းကြည့် လောကကြီးအင်မတန်အေးချမ်း သာယာ လှပ လာမယ်။ ဒါကြောင့် ယဉ်ကျေးလိမ်မာ သင်တန်းက ကလေးတွေ ဒီ တရား ငါးပါးကို ၊ ဒီကျင့်ဝတ်ကို အသေအချာ လိုက်နာကြရမယ်။ နောင်တချိန် ဒီလို ကျင့်ဝတ် ငါးဖြာနဲ့ ပြည့်စုံတဲ့ လူတွေက လောကကောင်းကျိုး တိုင်းပြည်ကောင်းကျိုး အမျိုး ဘာသာ သာသနာ ကောင်းကျိုးတွေကို ယူဆောင်ပေးနိုင်မှာ။ ကဲ  ဘုန်းဘုန်း ကို ဘာမေးချင်တာ ရှိသေးလဲ။ “

ဆိုတဲ့အသံကြားပြီး ခဏ ငြိမ်သွားပါတယ်။ ပြီးတော့ ယောက်ျားလေး တစ်ယောက် အသံက မေးပါမယ် လို့ပြောတာ ကြားလိုက်ပါတယ် ။

ဘုန်းဘုန်း က “ မောင်သီဟ လား။ အခု ရ တန်း တက်နေတာနော်။ ကဲ ဘာမေးချင်လဲ မေးပါ။“ ဆိုတော့။

“ တပည့်တော်တို့က ဘုန်းဘုန်း စကားနားထောင်ပါ့မယ်။ ငါးပါးသီလ မြဲအောင် စောင့်ထိမ်းပါ့မယ်။ ဒါပေမယ့် သမ္မတ လုပ်တဲ့ သူက ငါးပါးသီလ မမြဲရင်၊ လူ့ကျင့်ဝတ် မညီရင်ရောဘုရား။“ တဲ့။   ဒီအမေးလည်း ဆုံးရော။ ဘုန်းဘုန်း အသံက အော်လံ ထဲ က ပေါ်လာပါတယ်။

“ အမယ် အမယ် မောင်သီဟ ရယ် ။ဒါက ဘုန်းဘုန်းကို အချွန်နဲ့ မတာပေါ့ ဟုတ်လား။ ဒါတော့ မရဘူး ။ ဘုန်းဘုန်း ပြော ရရင်တော့ မင်းပြောတဲ့ ငါးပါးသီလ နဲ့ လူ့ကျင့်ဝတ် နဲ့ မညီတဲ့ သမ္မတကြီး ရှိနေရင် ငါးပါးသီလမြဲတဲ့ လူ့ကျင့်ဝတ်နဲ့ ညီတဲ့ သမ္မတ တစ်ယောက်မြန်မြန်ရောက်လာပါစေလို့သာ ဆုတောင်းပေတော့ကွယ်။“ တဲ့။

ဒါနဲ့ ဒီတပတ် ယဉ်ကျေးလိမ်မာ သင်တန်းအချိန်ပြီးဆုံးချိန်ရောက်ပြီတဲ့ အတွက် တော်ကြအုံးစို့။

မန်းဂေဇက်ရွာသားများလည်း ဝိုင်းဝန်းဆုတောင်းပေးကြအုံးရှင်တို့။

လောက ကောင်းကျိုးလိုလားတဲ့ သူတွေများလာမှ လူကောင်းတွေ ဖြစ်မယ့်သူတွေများလာပြီး သမ္မာအာဇီဝ ကောင်းစွာအသက်မွေးခြင်းနဲ့ ဝမ်းဝဝ ခါးလှလှ ဘဝတွေ နေထို်င်နို်င်ကြမှာမို့။

လေဆန်အရပ်ထိ ပျံ့သင်း မွှေးကြိုင် သော သီလ ပန်းများပွင့်လန်းစေကြောင်း ဆုမွန်တောင်းလျှက် သူကြီးတို့ရွာမှာလည်း ပွင့်သော ပန်းတိုင်း မွှေးစေသတည်း။

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့

ကြည်လွင်

ရန်ကုန်မြို့။

၂၃. ၈.၂၀၁၃။

 

 

 

 

About Kyi Lwin

Kyi Lwin has written 57 post in this Website..