ကျွန်မမှာ အကျင့်တစ်ခုရှိပါတယ်။ ကောင်းတဲ့အကျင့်လား၊ မကောင်းတဲ့အကျင့်လားတော့ မသိပါဘူး။ အဲဒါကတော့ ကျွန်မတစ်ခုခုသိလာပြီဆိုရင်၊ အဲဒီ သိလာတဲ့အရာကလည်း ကျွန်မအတွက် အရမ်းအကျိုးများစေတဲ့အရာ၊ ကျွန်မအရမ်းသဘောကျတဲ့အရာဆိုရင် ကျွန်မပတ်ဝန်းကျင်ကိုပါ ပြောပြချင်တာပါပဲ။ ဆရာကြီးလုပ်ပြီး ငါသိတယ် ဆိုတဲ့ ပုံစံနဲ့ ပြောပြချင်တာ မဟုတ်ပါဘူး။ ကျွန်မအနေနဲ့ ကောင်းတယ်လို့ သတ်မှတ်တဲ့အရာကို ကျွန်မပတ်ဝန်းကျင်က သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကိုပါ သိစေချင်တဲ့ သဘောပါ။ အထူးသဖြင့် သင်တန်းတို့၊ ကျောင်းတို့က ပြန်လာပြီဆိုရင် သင်ခဲ့ရသမျှထဲက ကျွန်မအရမ်းကြိုက်တဲ့စာတွေ၊ ကျွန်မအတွက် လင်းကနဲဖြစ်သွားစေတဲ့စာတွေဆိုရင် ရုံးကသူငယ်ချင်းတွေ၊ အတူနေတဲ့သူငယ်ချင်းတွေ၊ အခုဆိုရင် အတူနေတဲ့ အမေ့ကိုပါ ပြန်ပြောပြမိတာပါပဲ။ ဆိုတော့ ဒီလောက် စကားပလ္လင်ခံပြီးတဲ့အတွက် စပြောပါတော့မယ်။

ပြီးခဲ့တဲ့စနေနေ့၊ ရက်အတိအကျပြောရရင်တော့ (၅.၁၀.၂၀၁၃) ရက်နေ့က သင်တန်းမှာ အကြောင်းအရာတစ်ခုကို ဆွေးနွေးရပါတယ်။ ကျွန်မတက်နေတဲ့သင်တန်းရဲ့ သဘာဝကိုက အပြန်အလှန်မေးမြန်းဆွေးနွေးတဲ့ပုံစံနဲ့ သွားပါတယ်။ ဆိုတော့ ခေါင်းစဉ်တစ်ခုကို ဆွေးနွေးတော့မယ်ဆိုရင် ကိုယ့်အမြင်တွေကို ချပြခွင့်ရတာ အရမ်းပျော်ဖို့ကောင်းပါတယ်။ သင်တန်းသားတွေကိုလည်း တစ်ချိန်လုံးမေးခွန်းတွေပဲ မေးပါတယ်။ တစ်ယောက်တစ်မျိုးအမြင်တွေကိုစုပြီး လိုချင်တဲ့အဖြေကိုရောက်အောင် သွားတဲ့စနစ်ပါ။ အဲဒီနေ့က ဆွေးနွေးတဲ့ခေါင်းစဉ်ကတော့ The Nature of a Team ပါ။ အကြောင်းအရာကို မဆွေးနွေးခင် ကစားနည်းတစ်ခုကို ကစားရပါတယ်။

ပထမဆုံး ဆရာက အခန်းထဲက လူအရေအတွက်ကိုကြည့်ပြီး အဆင်ပြေအောင် (၁၁) ယောက်စီပါတဲ့အဖွဲ့ (၇) ဖွဲ့ ဖွဲ့လိုက်ပါတယ်။ ပြီးတာနဲ့ တစ်ဖွဲ့ချင်းစီဟာ ပင်လယ်ပြင်က သင်္ဘောတစ်စီးစီပေါ်ကို ရောက်နေတဲ့ ပင်လယ်ဓားပြတွေ ဖြစ်သွားပါတယ်။ နောက် တစ်ဖွဲ့ချင်းစီက ရေယာဉ်မှူး (ကပ္ပတိန်) (၂) ယောက်စီရွေးရပါတယ်။ ရေယာဉ်မှူး (၂) ယောက်ကို A လို့ သတ်မှတ်ပါတယ်။ ပြီးရင် ကျန်တဲ့အဖွဲ့သား (၉) ယောက်ကို ကို B-၂ ယောက်၊ C-၂ ယောက်၊ D-၂ ယောက်၊ E-၂ ယောက်၊ F-၁ ယောက် စီအဖြစ် ပြန်ခွဲခိုင်းပါတယ်။ ပြီးတော့ သင်္ဘောအခြေအနေကို ရှင်းပြပါတယ်။ သင်္ဘောက ပျက်သွားပါပြီ။ စိုးရိမ်ရတဲ့အခြေအနေကိုလည်း ရောက်နေပါတယ်။ ဘယ်အချိန် ထပေါက်ကွဲမလဲဆိုတဲ့ အနေအထားပါ။  ရှင်းပြပြီးတာနဲ့ ဆရာက (၇) ဖွဲ့က A, B, C, D, E, F တွေကို သီးသန့်စီခေါ်ပြီး လျို့ဝှက်ညွှန်ကြားချက် (instruction) ပေးပါတယ်။ A တွေက ကပ္ပတိန်တွေဖြစ်တဲ့အတွက် သင်္ဘောတစ်စီးလုံးအတွက် တာဝန်အရှိဆုံးပါ။ ကိုယ့်အဖွဲ့သားတွေအကုန်လုံးကို ဘေးလွတ်ရာကို ဦးဆောင်ခေါ်သွားရပါမယ်။ အဖွဲ့သားအားလုံးပါအောင် ခေါ်ရပါမယ်။ (ကျွန်မက A ဖြစ်လို့ အခြားသူတွေကို ဘာပြောမှန်းတော့ မသိပါဘူး။)

ကစားနည်း စပါပြီ။ အန္တရာယ်ရှိတဲ့အခြေအနေမှာ ကိုယ့်အဖွဲ့သားတွေကို ဘေးလွတ်ရာကို ခေါ်သွားရမှာပါ။ ကျွန်း (၅) ကျွန်း ပေးထားပါတယ်။ တစ်ကျွန်းကို ရွေးရပါမယ်။

1. 1st Island (200 km)
(Grantee food and water and get there for 3 and half days

2. 2nd Island (100 km)
(Grantee food and water but there is a tribe that eats strangers on the island)

3. 3rd Island (100 km)
No food, but have water. Polices come to island every week.

4. 4th Island (50 km)
Don’t know whether there is food or water

5. 5th Isand (150 km)
Grantee food and water, but don’t know whether you can come back or not. You have been there once.

ကျွန်မတို့ အဖွဲ့သားတွေ အကြိတ်အနယ် ဆွေးနွေးရပါတော့တယ်။ (၁၁) ယောက်မှာ တက်ကြွစွာဆွေးနွေးတာက (၈) ယောက်ပါ။ ကျန်တဲ့ (၃) ယောက်ကတော့ ဘာတစ်ခုမှ မေးလို့ မရပါဘူး။ မေးရင်လည်း ကြိုက်သလိုလုပ်ဆိုတဲ့အဖြေပဲ ရပါတယ်။ ဆိုတော့ ပထမ (၃) ကျွန်းကို (၉) ယောက်ရဲ့ ဆန္ဒအရ ပယ်ပါတယ်။ ကျွန်း (၄) နဲ့ ကျွန်း (၅) ကို ရွေးတဲ့နေရာမှာတော့ အမြင်မတူကြတော့ပါဘူး။ ဒီကြားထဲမှာ (၂) ယောက်က အချက်တိုင်းအချက်တိုင်းမှာ အဆိုးဘက်က တွေးပြီး ပယ်ပါတယ်။ ကန့်လန့်တိုက်ပါတယ်။ သူတို့ကိုယ်တိုင်လည်း  ကိုယ်ပိုင်ရွေးချယ်မှု မရှိသလို ကျန်အဖွဲ့သားတွေ ပြောသမျှကိုလည်း မကောင်းဘက်ကနေ ထောက်ပြပါတယ်။  သူတို့နှစ်ယောက်ကြောင့် ကျွန်းတစ်ခုကို ရွေးလိုက်ဖို့ ခက်နေပါတယ်။ ဒါ့အပြင် နောက် (၂) ယောက်ကလည်း တစ်ခုခုရွေးလိုက်ရင် ဆင်ခြေတစ်ခုမဟုတ် တစ်ခု ပေးပြန်ပါတယ်။ အတော်ကြာတဲ့အထိ ညှိနှိုင်းမှုက အဆင်မပြေပါဘူး။ (၄) ယောက်က တစ်ခုရွေးလိုက်ပြန်ရင်း သူတို့က တစ်ခုမဟုတ်တစ်ခု ထပြောကြပြန်ရင်းနဲ့ အချိန်စေ့သွားပါတယ်။ နောက်ဆုံး ကျွန်း (၄) ကို ရွေးလိုက်ပါတယ်။ ကန့်လန့်တိုက်တဲ့ (၂) ယောက်က မလိုက်ဘူးတဲ့။ ဆင်ခြေပေးပြီး ငြင်းတဲ့ (၂) ယောက်ကလည်း မလိုက်ဘူး ထလုပ်ပြန်ပါတယ်။ ဒါပေမယ့် သူတို့ကို အကျေအလည်ပြောရင်းနဲ့ လိုက်မယ့်အရိပ်အယောင်ပြပါတယ်။ လုံးဝမလိုက်မှာကတော့ ကန့်လန့် (၂) ယောက်ပါ။ ဒီလိုနဲ့ အချိန်စေ့လို့ ဆရာက မေးတဲ့အခါ အဖွဲ့တိုင်းလိုလိုမှာ အများဆုံး (၉) ယောက်ပဲ လိုက်ပါတယ်။ (၂) ယောက်စီ ကျန်နေပါတယ်။ ဆရာက ဘယ်ကျွန်းကို ဘာကြောင့်ရွေးလဲဆိုတာ မသိချင်ပါဘူး။ သူသိချင်တာက လုံးဝမလိုက်ဘူးလို့ ငြင်းနေတဲ့ (၂) ယောက်ကို ဘယ်လိုဆုံးဖြတ်မှာလဲတဲ့။ အမျိုးမျိုးဖြေကြပါတယ်။ သင်္ဘောပေါ်မှာ ထားခဲ့မယ်၊ သူတို့သွားချင်တဲ့ ကျွန်းကို သွားခိုင်းလိုက်မယ် စသဖြင့်ပါ။ ကျွန်မကတော့ သက်သက်မဲ့ ကန့်လန့်တိုက်ပြီး ဘာမှရေရေရာရာမဆုံးဖြတ်တဲ့ (၂) ယောက်ကို သေနတ်နဲ့ချိန်ပြီး ခေါ်မယ် လို့ ဖြေလိုက်ပါတယ်။ နောက်တစ်ဖွဲ့ကတော့ ကြိုးတုပ်ပြီးခေါ်ပါမယ်တဲ့။ အဲဒီလို ကြင်ကြင်နာနာဆက်ဆံကြပါတယ်။

အားလုံးရဲ့ အဖြေတွေကို နားထောင်အပြီးမှာတော့ ဆရာက လျို့ဝှက်ချက်တွေကို ပြောပါတယ်။

A ရဲ့ တာဝန်က ကိုယ့်အဖွဲ့ဝင်တွေကို ဘေးလွတ်ရာကို ဦးဆောင်ခေါ်သွားဖို့ပါ။
B တွေက လက်ထောက်ကပ္ပတိန်တွေပါ။ ကပ္ပတိန်ဘာပြောပြော Yes – ဟုတ်ကဲ့ ဆိုပြီး ထောက်ခံရပါမယ်။
C တွေကတော့ ဘာပြောပြော No လုပ်တဲ့သူတွေပါ။
D တွေက Against (ကန့်လန့်တိုက်) ဆန့်ကျင်တဲ့သူတွေပါ။
E တွေက Neglect (လျစ်လျူရှု) သမားတွေပါ။
င်္F ကတော့ silent ပါတဲ့။

ဒီတော့မှပဲ ကျွန်မတို့လည်း ကိုယ့်အဖွဲ့သားတွေ ဘာလို့ ဒီလိုဖြစ်လဲဆိုတာ သဘောပေါက်ပါတော့တယ်။ တစ်ဖွဲ့ချင်းဆီမှာ ပုံစံစရိုက်မတူတဲ့သူတွေ စုနေစေချင်လို့ ဆရာက ညွှန်ကြားထားတာပါ။ ကျွန်မကတော့ အဲဒီဂိမ်းလေးကို အရမ်းသဘောကျသွားပါတယ်။

နောက်တော့ ဆရာနဲ့ ဆွေးနွေးရပါတယ်။ Team တစ်ခုရဲ့ သဘောသဘာဝ၊ Team ဆိုတာ ဘာလဲ၊ Team နဲ့ Group နဲ့ ကွာခြားချက် စသဖြင့် အများကြီးပါပဲ။ ကျွန်မအတွက်တော့ အရမ်းဗဟုသုတရခဲ့ပါတယ်။ အဲဒီမှာ ဆရာပြောတဲ့ ဥပမာလေးတစ်ခုကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Company A နဲ့ Company B တို့ လှေပြိုင်ပွဲလုပ်ကြပါတယ်။ တစ်သင်းမှာ (၉) ယောက်စီ ပါပါတယ်။ Company A မှာက 8 Instructors + 1 Rowers ပါ။ Company B မှာက 1 Instructor + 8 Rowers ပါ။ အဖြေကတော့ ရှင်းရှင်းလေးပါပဲ။ Company B နိုင်သွားပါတယ်။ ဒါပေမယ့် Company A က သူတို့ဘာကြောင့် ရှုံးရသလဲဆိုတာနဲ့ပတ်သက်ပြီး အစည်းအဝေး လုပ်ပါတယ်တဲ့။ အချိန်အတော်ကြာအောင် Management Meeting လုပ်ပြီးတဲ့အခါမှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်။

Final Decision – Replace the rower

အရမ်းတွေးဖို့ကောင်းတဲ့ ဥပမာလေးပါ။ အစောကြီးအိပ်ရာထပြီး သွားတက်ရတဲ့သင်တန်းဖြစ်ပေမယ့် အိပ်ငိုက်ချိန်မရှိလောက်အောင်ကို စိတ်ဝင်စားဖွယ်အပြည့်ပါပဲ။ မသိသေးတဲ့အရာတွေ အများကြီးကို သိခဲ့ရတဲ့အတွက်လည်း တော်တော်လေး ဝမ်းသာမိပါတယ်။

သင်တန်းတက်တာနဲ့ ကဗျာချစ်သူနဲ့ ဘယ်လိုဆိုင်လို့လဲလို့ မေးကြမယ်ထင်ပါတယ်။ ကျွန်မပြောခဲ့တဲ့အတိုင်း သင်တန်းရဲ့ပုံစံက အပြန်အလှန်မေးမြန်းဆွေးနွေးတဲ့ပုံစံပါ။ ဆိုတော့ ဆရာမေးသမျှမေးခွန်းတိုင်းကို ဆရာလိုချင်တဲ့အဖြေနဲ့ အနီးစပ်ဆုံးဖြေနိုင်ခဲ့သလို ဆရာပေးချင်တဲ့ အဓိကအချက်တွေကိုလည်း အမိအရဖမ်းယူနိုင်ခဲ့ပါတယ်။ အဲဒါကတော့ ကဗျာချစ်သူတွေကြောင့်ပါပဲ။ ဆရာက Team အကြောင်း ပြောနေတဲ့အချိန်မှာ ကျွန်မကတော့ ကဗျာချစ်သူတွေကိုပဲ မြင်မိပါတယ်။ ကဗျာချစ်သူတွေက ဆရာပေးတဲ့ကစားနည်းထဲက A, B, C, D, E, F တွေလို စရိုက်တွေတော့ မရှိပါဘူး။ ဒါပေမယ့် တစ်ယောက်ချင်းစီရဲ့ နယ်ပယ်တွေ မတူကြတဲ့အတွက် အမြင်တွေ မတူကြပါဘူး။ အဲဒီ မတူတဲ့အမြင်တွေကို ညှိနှိုင်းပြီး အဖြေထုတ်တယ်၊ တစ်ဦးချင်းစီရဲ့ အားနည်းချက်တွေကို နားလည်ပေးပြီး အားသာချက်တွေကို အသုံးပြုတယ်၊ ဒီလိုနဲ့ ပန်းတိုင် (Goal) ကို ရောက်အောင်သွားကြတယ်။ ရေရှည်တည်တဲ့ခိုင်မြဲအောင် (Sustain) ကြိုးစားတယ်။ ကျွန်မမှာ လက်တွေ့ဘဝကြီးတစ်ခု ရှိနေတဲ့အတွက် ဆရာပေးတဲ့ Theory တွေကို ပိုပြီး သဘောပေါက်ခဲ့တယ်လို့ ခံစားရပါတယ်။ ကျွန်မရဲ့ အားနည်းချက်တွေကို သေချာမြင်ခဲ့မိသလို ဒါတွေကို နားလည်ပေးတဲ့ ကဗျာချစ်သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်လည်း ဒီထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့ ဆက်လက်ချီတက်သွားကြဖို့ ယုံကြည်ပါတယ်။ (မဟုတ်ရင် သေနတ် နဲ့ ကြိုး ကြိုက်တာကို ရွေးပါ။)

ဒါကြောင့် ကျွန်မရဲ့ သင်တန်းအတွေ့အကြုံတွေကို မျှဝေရင်းနဲ့ ကဗျာချစ်သူတွေကို တရားဝင်ရည်းစားစကား (အဲလေ) ကျေးဇူးတင်စကား ပြောလိုက်ပါတယ်ရှင်။

ချစ်တဲ့
လုံမလေးမွန်မွန်

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 159 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010