ရန်ကုန်မြို့လယ်ကတော့ သူ့ရဲ့ ထုံးစံအတိုင်း လူတွေ၊ ဈေးသည်တွေနဲ့ ရှုပ်ထွေးနေပါတယ်။ တောင်မှ မြောက်သို့သွားသူ၊ မြောက်မှ တောင်သို့လာသူ၊ အရှေ့မှအနောက်သို့ သွားသူ၊ အနောက်မှ အရှေ့သို့လာသူ အရှစ်ရှစ်မျက်နှာ ဖီလာ သွားသူလာသူတွေနဲ့ ရန်ကုန်မြို့လယ် ပလက်ဖောင်းဟာ မနေမနား အလုပ်လုပ်နေရပါတယ်။ အဲ့ဒီ အဲ့ဒီ ဥဒဟိုသွားလာနေကြတဲ့ လူတွေထဲမှာ အသက် ၁၆ နှစ်အရွယ်၊ အင်္ကျီအနက် လက်ပြတ်လေးနဲ့ ပုဆိုးကို ခပ်တိုတို ဝတ်ဆင်ထားတဲ့ ခပ်ပိန်ပိန် ခပ်ပါးပါး ကောင်လေးလည်း အပါအဝင်ပါပဲ။

နေကလည်း နေသာတဲ့နေ့ပီပီ လွှတ်ပူနေတယ်။ တချို့က ထီးလေးတွေနဲ့။ အချို့ကတော့ ထီးဗလာနဲ့။ ကောင်လေးကတော့ နားထင်မှာ ချွေးတွေနဲ့ဆိုပေမယ့် ဖြေးဖြေးသက်သာ လျှောက်လှမ်းလျက် လမ်းဘေး ဆိုင်တွေကို ငေးကြည့်နေမိတော့တယ်။ သူ … နာရီဆိုင်တွေ အများစုရှိတဲ့ နာရီတန်းဘက်ကို ရောက်တဲ့အခါ ဆိုင်တစ်ဆိုင်ထဲကို ဝင်သွားတာကို တွေ့လိုက်ရပါတယ်။ သူ့လက်ထဲမှာလည်း နာရီလေးတစ်လုံးနဲ့။

မှန်းစမ်း … ဘာလဲ ကြည့်ရအောင်။ သူ့လက်ထဲ ကိုင်ဆုပ်ထားတဲ့ နာရီက Q&Q အမျိုးအစား၊ ဖန်ရှင် စုံတဲ့ နာရီလေးပဲ။ ဆေးရောင်ကလည်း မမှိန်၊ အပွမ်းအပဲ့တွေလည်း မရှိတာကို ထောက်လိုက်ရင် ဒီနာရီဟာ အသုံးပြုတာ နည်းတယ်လို့ ယူဆလို့ ရသလို ဝယ်ထားတာလည်း မကြာသေးဘူးလို့ ထင်မိတယ်။

သူက ခပ်ဝဝ လူကြီးတစ်ဦးကို သူ့နာရီလေး ထုတ်ပြတယ်။

“ကျနော် ဒီနာရီလေး ရောင်းချင်တယ်” …… တဲ့။

လူကြီးက နာရီကို သေချာကြည့်ပြီး ပြောလိုက်တယ်။

“ငါးထောင် ပေးမယ်” ….. တဲ့။

ကောင်လေးရဲ့ မျက်နှာ တစ်ချက် မှိုင်သွားတယ်။ ပြီးတော့ လူကြီးကို ပြောလိုက်ပြန်တယ်။

“ကျနော် ဝယ်တုန်းက တစ်သောင်းကျော် ပေးရတယ်ဗျ။ ပတ်လည်း မပတ်ပါဘူး။ ငါးထောင်ထက် ပိုပေးလို့ မရဘူးလား ဦး”

လူကြီးက ခေါင်းခါတယ်။ သူ့မျက်နှာက ဒီထက် ပိုမပေးနိုင်ဘူး။ မကြိုက်ရင် မရောင်းနဲ့ဆိုတဲ့ ပုံစံ။ ကောင်လေးက ပိုပြီး ရလိုရငြား ပြောကြည့်ပေမယ့် မရတော့လည်း ပေးတဲ့ ဈေးနဲ့ ရောင်းလိုက်တယ်။ ကောင်လေး ကျေနပ်ပါတယ်။ ဒီဆိုင်အပြင် အခြားဆိုင် ၃၊ ၄ ဆိုင်လောက်ကိုလည်း ပြပြီး ရောင်းခဲ့ပြီးပြီ။ အချို့ဆိုင်တွေက မဝယ်ဘူး ဆိုလွှတ်တယ်။ အချို့ဆိုင်တွေက နှစ်ထောင်၊ သုံးထောင်ပဲ ပေးတယ်။ အခု ငါးထောင်ဆိုတော့ ဒီလောက်ဆို သူသွားမယ့် ခရီးအတွက် လုံလောက်ပါပြီ ဆိုတဲ့ အတွေးနဲ့ သူ့နာရီလေးဟာ ဈေးတည့်လို့ သွားပါတော့တယ်။

 

ဆက် … ရ … န် ….

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။