လူ့လောကဆိုတော…

ဘုတ်ငှက်တို့ ကျေးငှက်တို့ ပျံသလို… နိမ့်တုံမြင့်တုံရှိသတဲ့…

ကျွန်တော် တက္ကစီကားဆရာအလုပ်ကို ဘဝဆိုတဲ့လေထန်လှိုင်းထန်တွေကြားထဲမှာ တစ်လကျော်ကျော်ခန့်လုပ်ခဲ့ရဖူးပါသည်…

ထိုစဉ်တုန်းက ရယ်စရာမကောင်းပေမယ့်… ယခုအချိန်ပြန်တွေးတဲ့အခါမတော့…

ခဏတာအမောတွေကြားထဲက…တဒင်္ဂအပြုံးလေးတွေဖြစ်လာခဲ့ရပါပြီ…

ဘဝတစ်ကွေ့က… ရယ်သံခေါင်းတစ်ဝှေ့လို့ပဲဆိုလိုက်ချင်ပါတော့သည် ခင်ဗျား…

 

တက္ကစီကားတစ်စီးလက်ထဲရောက်တဲ့အချိန်…

ပထမဆုံး ကားမောင်းရင်းခရီးသည်ရှာရတာ… ခရီးသည်တွေ့ပြန်တော့ ကိုးလိုးကန့်လန့်နေရာကတားသမို့…

နောက်ကားကို ညှာတာမိရင်း ခရီးသည်မရတာတို့… ရုပ်ပျက်ဆင်းပျက်တန်းမစီချင်လို့ ခရီးသည်မတင်တာတို့နဲ့မို့…

စီးပွားဖြစ်ခဲ့လားလို့မေးရရင်… စီးပွားမပျက်ရုံတမည်ပါ… အဲ… အုံနာကျေးချန် ဆီဖိုးနှုတ်ပြီးရင်တော့ဖြင့်…

တစ်ခါတစ်လေ ၂၀၀၀- ၃၀၀ဝ လောက်တော့ ခပ်ပါးပါးကျန်သမို့… သိပ်မဆိုးလို့ပြောရမပေါ့…

ကားခမကုန်ဘဲ… အလုပ်ရောက်သလို… သုံးစရာစွဲစရာအတိုအစလေးရသမို့… အမြတ်မထွက်ရင်တောင် အရင်းမစိုက်ရဘူးဆိုရမပေါ့…

ဒါတွေထားပါလေ… အရင်ဆုံးအမှတ်တရဖြစ်တဲ့ ခရီးသည်တစ်ယောက်ကိုပြောပြပါ့မယ်…

 

ဒီလိုဗျာ… တစ်နေ့… တနင်္ဂနွေတစ်ရက်…

ကျွန်တော်ကားမောင်းလာတုန်း တာမွေအဝိုင်းနားမှာ စုံတွဲတစ်တွဲကားငှားပါတဲ့…

ယောင်္ကျားလေးဖြစ်သူက ကျွန်တော့်ကို စမ်းချောင်း… ဇလွန်လမ်းလို့ ပြောပါတယ်…

ကျွန်တော်လဲ တာမွေကနေ စမ်းချောင်း… ဇလွန်လမ်းကို ၃၀၀ဝ နဲ့ဈေးတည့်တဲ့အချိန်ကျတော့…

အဲဒီကောင်လေးက သူမလိုက်ပါဘူးတဲ့… အဲ… ကောင်မလေးကိုသာ ကားပေါ်တင်လွှတ်လိုက်ပါတယ်…

ကားခကိုလဲ အဲဒီကောင်လေးက ရှင်းပေးလိုက်တာမို့… ကျွန်တော်လဲ ပေါ့ပေါ့ပါးပါး စမ်းချောင်းဘက်ကို ခြေစင်္ကြာလှည့်မောင်းခဲ့တာပေါ့…

အဲ့လိုနဲ့ ဦးထောင်ဘိုအဝိုင်းကျော်လို့ ရွှေတိဂုံဘုရား… ခြေတော်ရင်းရောက်မှ…

ခရီးသည်ကောင်မလေးက ကျွန်တော့်ကို စကားစတော်မူပါတယ်…

” အစ်ကို…”

” ခင်ဗျာ…”

“တကယ်လို့ ညီမက စမ်းချောင်းမသွားတော့ဘဲ… မြို့ထဲ ပန်းဆိုးတန်းကိုသွားမယ်ဆိုရင် အစ်ကို့ကို ဘယ်လောက်ထပ်ပေးရမလဲဟင်…”

အဲ… ကျွန်တော်လဲ ၃၀၀ဝ ကရပြီးသား မြို့ထဲပြန်တက်ရမယ်ဆိုတော့…

၁၀၀ဝလောက်သာထပ်ရမယ်ဆိုရင် ဒီခရီးအကွာအဝေးလေးနဲ့ ၄၀၀ဝ ရမယ်ဆိုတော့ မဆိုုးရှာဘူးဆိုပြီး

စေတနာရေစီးကမ်းပြိုလိုက်လိုက်ပါသေးတယ်…

 

“အဲဒါဆိုလဲ ပန်းဆိုးတန်းပဲမောင်းပေးပါနော်…”

အဲ့လိုနဲ့ ပန်းဆိုးတန်းဘက်ကို ဦးတည်မောင်းနှင်နေတုန်း…

ကျွန်တော့်ဆီကို သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပါတယ်… မှတ်မှတ်ရရပြောရရင်ဖြင့် ကိုအမတ်မင်းထင့်…

ခဏလောက်စကားပြောပြီး… စကားလက်စဖြတ်ဖုန်းချအပြီးမှာ…..

” အစ်ကို… ဖုန်းပါတယ်မဟုတ်လားဟင်… သမီးတစ်ကောလောက်ခေါ်ချင်လို့ပါ… ဖုန်းဖိုးပေးပါ့မယ်…”

အဲ… Customer Service မဟုတ်ပါလား… အဲယားကွန်းအေးတယ်… မိုဘိုင်းဖုန်းပါတယ်… iPhone နဲ့ ဖုန်းပြောရမယ်….

အဲဒါနဲ့ အားနာနာ ဖုန်းထုတ်ပေးလိုက်ပါတယ်…

 

” အစ်ကို့ဖုန်းကို ကျွန်မမခေါ်တတ်ဘူး… နံပါတ်ပေးမယ်… ခေါ်ပေးပါလားဟင်…”

အဲဒါနဲ့ သူပေးတဲ့ဖုန်းနံပါတ်ကို ခေါ်ပေးပြီး ကျွန်တော့်အလုပ်ကျွန်တော်လုပ်… ကားကိုဂရုတစိုက်ဆက်မောင်းခဲ့ပါတယ်…

 

“အန်ကယ်လား… သမီးပါ… အခုအန်ကယ့်ရုံးကိုလာနေပြီ… ရုံးမှာရှိမယ်မဟုတ်လားဟင်… သမီးလာနေပြီနော်… စောင့်နေ…..??????”

အော်… ဘာတွေတုန်း…

“အစ်ကို…”

” ခင်ဗျာ…”

” နောက်ထပ် တစ်ကောခေါ်မယ်နော်… ပိုက်ဆံကို ကားခနဲ့ပေါင်းပေးပါ့မယ်…”

” အော်… ဟုတ်… ရပါတယ်….”

” ဒီနံပါတ်လေးနှိပ်ပေးပါဦး….”

ကျွန်တော့်မှာ နောက်ထပ်နံပါတ်တစ်ခုထပ်နှိပ်ပေးရပါတော့တယ်….

အော်… Customer စိတ်ချမ်းသာပါစေ… အဲယားကွန်းအေးတယ်… ဖုန်းပါတယ်….

 

“ဟဲလို… မောင်လား…. အဆောင်နားရောက်ပြီ… မီးနေသိပ်မကောင်းလို့ ခဏအိပ်လိုက်ဦးမယ်နော်…”

” အိပ်ယာနိုးမှ မောင့်ကို ဖုန်းဆက်လိုက်မယ်… အခုတောင် ကားမောင်းတဲ့အစ်ကိုကြီးဖုန်းနဲ့ဆက်နေတာ…”

” အဆောင်ပေါ်ရောက်ရင် နေသိပ်မကောင်းတော့ အောက်ဆင်းပြီး ဖုန်းမဆက်ချင်တော့လို့… ဒါပဲနော်… ကားဆရာအစ်ကိုကြီး… အားနာစရာ….”

 

အင်… ဘယ့်နှာကြီးပါလိမ့်….

ကျွန်တော်ကားနောက်ကြည့်မှန်ကနေ တစ်ချက်လှမ်းကြည့်လိုက်ပါတယ်…

ကျွန်တော့်ဖုန်းလေးကို လက်ကနေကိုင်ထားပြီး… ကားအပြင်ကိုငေးကြည့်လို့…

ဖုန်းကိုလဲ ပြန်မပေး…

စိတ်စပူလာပြီ… မီးပွိုင့်မိမှာစိုးရိမ်လာပြီ… သူပြောတဲ့အတိုင်းဆို ဆင်းရမှာ ပန်းဆိုးတန်းအောက်ဘလောက်…

ကမ်းနားလမ်းနားအထိ… ဖုန်းလဲပြန်မပေးဘဲ… ကိုင်ထားပြီး… မီးပွိုင့်မိမှဆင်းပြေးသွားရင်…

ကားခလဲမရ… ဖုန်းလဲဆုံးဖြစ်တော့မယ်…

ဖုန်းအဆုံးခံရအောင်လဲ… ဒင်းယူထားတာက iPhone ကြီး… ဘုရား… ဘုရား…

စိတ်လဲပူရင်း… ကားလဲမောင်းရင်း… မီးပွိုင့်မမိအောင် မီးပွိုင့်တွေအမီ မောင်းရင်း ကန်တော်ကြီးဟိုတယ်နားရောက်တော့…

” အစ်ကို……”

” ခင်ဗျာ………….”

” ဟို… ပထမခေါ်တဲ့ဖုန်းကို ဘယ်လိုပြန်ခေါ်ရမလဲဟင်… ခေါ်ပေးပါလား…”

” နောက်တစ်ခုကလေ… စမ်းချောင်းကိုပဲ ပြန်မောင်းပေးပါနော်… ကားခနဲ့ ဖုန်းခကျသလောက်ပေးပါ့မယ်….”

ကျွန်တော်လဲ ဘာလုပ်ရမှန်းမသိနဲ့… ” ဟုတ်ကဲ့… ” တစ်လုံးသာပြောနိုင်ပြီး…

တိရိစ္ဆာန်ရုံဘေးကနေ ဦးထောင်ဘိုအဝိုင်းဘက် ပြန်လှည့်ဖို့ ကြိုးစားရပါတော့တယ်…

အဲ့အချိန်အထိ… ကျွန်တော်စိတ်ပူနေတာက ကားခမဟုတ်… သူကိုင်ထားသော ကျွန်တော့်ဖုန်း… iPhone….

 

တဖြည်းဖြည်းနဲ့… စမ်းချောင်း… ဇလွန်လမ်းထဲချိုးဝင်တော့ ဒေါင့်တိုက်တစ်ခုရှေ့မှာ ကျွန်တော့ကိုရပ်ခိုင်းပါတယ်…

ကားပေါ်ကဆင်းပါတယ်… ပြီးတော့ ကားခ ၅၀၀ဝ တန်တစ်ရွက်ထုတ်ပေးပါတယ်…

ကျွန်တော့်ဖုန်းကို လက်ကကိုင်ထားဆဲ…

ပြီးတော့မှ…

 

” အော်… မေ့လို့… ဒီမှာအစ်ကို့ဖုန်း…”

ကျွန်တော့်ဖုန်းကို လက်ထဲပြန်ထည့်ပေးပါရဲ့… အောင်မလေး ကျေးဇူးရှင်မရယ်… အခုမှ ကျုပ်မလဲ စိတ်သက်သာရာရပါတော့တယ်….

သူမလဲ လှည့်ထွက်သွားပြီး… ကျွန်တော်လဲကားမှန်လေးပြင်တင်တုန်း…

” အစ်ကိုနေပါဦး…”

“ဗျာ…..”

” ဟိုတစ်ယောက်လေ… ပထမတစ်ယောက်…”

” အော်… အင်း…”

” သူ… အစ်ကို့ဖုန်းကို ဆက်လာရင်… ညီမကို အဆောင်ရှေ့မှာထားခဲ့ကြောင်း… ဗိုက်နာနေလို့နေသိပ်မကောင်းကြောင်း ပြောပေးပါနော်…”

” အော်… အင်း…”

” ကျွန်မကို ကူညီတာကျေးဇူးတင်ပါတယ်….”

” အော်… အင်း…”

ကျွန်တော့်ဘဝကဗျာ… ကားငှားစီးပြီးလို့ ကားပေါ်ကဆင်းသွားတာတောင်… နောက်ဆက်တွဲအလုပ်ကပေးခဲ့သေးတယ်…

အဲ့လိုနဲ့… စမ်းချောင်းကနေပြန်ထွက်… လူကလဲ မရလို့… မြေနီကုန်းဘက်ခြေအဆန့်…

မီးပွိုင့်နားရောက်တော့…

ကျွန်တော့်ဖုန်းမြည်လာပါတယ်…

” ဟဲလို….”

” ဟဲလို… ဟိုကားမောင်းတဲ့အစ်ကိုလားမသိဘူး…”

” ဟုတ်…”

” ဟိုကောင်မလေးကို ဘယ်မှာချခဲ့လဲဟင်…”

” ခင်ဗျာ… သူ့အဆောင်ရှေ့မှာ….”

” သူနေရောကောင်းရဲ့လားမသိ…”

” ဟုတ်ကဲ့… အဲ… မကောင်းဘူး… ကျုပ်ကို ဗိုက်အောင့်တယ်လို့ပြောသွားတယ်…”

” ခင်ဗျာ… ဘယ်လို…”

” ခင်ဗျားဖုန်းဆက်ရင် သူဗိုက်အောင့်နေတယ်လို့ ပြောပေးပါလို့ပြောပြီး ကားပေါ်ကဆင်းသွားတယ်…”

” အော်… ဟုတ်ကဲ့… ကျေးဇူးပဲနော်အစ်ကို…. ဒါကထက်… သူဗိုက်အောင့်နာအတော်ဆိုးလား…”

” အာ… သူအောင့်တာပဲဗျာ… ကျုပ်အောင့်တာမှမဟုတ်တာ… ဆိုးလားမဆိုးလားတော့ ဘယ်သိမလဲဗျ…”

” ဒီမှာကားမောင်းနေတယ်… ခင်ဗျားလုပ်တာနဲ့တိုက်တော့မယ်… သိချင်ရင် အဆောင်သွားကြည့်ကြဗျာ… ဒါပဲ….”

 

အော်… ဘဝဆိုတာ…

ဒီလိုပဲ လူအမျိုးမျိုး… စိတ်အထွေထွေတို့ရဲ့ ဆုံရာမှာ ကြုံသလိုလှည့်ပတ်သွားလာနေရတာပဲမဟုတ်ပါလားဗျာ….

 

ခင်မင်လျက်-

ကြောင်ဝတုတ်၊ ၂၀၁၃ နှစ်ကုန်ပိုင်း

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...