ရွာတွေ့ဆုံပွဲလေးကိုတက်ဖြစ်ခဲ့ရင်းနဲ့ပဲ . . စာရေးချင်လာတာနဲ့ အရင်ကရေးထားတဲ့ဇာတ်လမ်းလေးကိုပြန်ဆက်ဖြစ်တာပါ.. ဆက်မယ်ဆက်မယ်နဲ့ အားလည်းမအားတော့ဘူး . .ရေးလည်းမရေးဖြစ်တော့ဘူး.. ခုတော့ တကယ်ရေးပြီးတင်လိုက်ပါပြီ..

——————————————————————————————————————————————————–

ရှက်ပြေးတစ်ယောက်ရဲ့အစ

ကျွန်တော်မမကို လွမ်းတယ်.. ရွာတန်းရှည်ကို ရောက်တော့လည်းလွမ်းတယ်.. အဖိုးနဲ့ အဖွားကို နှစ်သိမ့်ပေးရင်းနဲ့လည်း. .လွမ်းတယ် .. မောင်ပုတို့ စာကလေးတို့နဲ့တူတူ ထန်းရည်သောက် ရင်း ဂစ်တာတီးရင်း လည်း လွမ်းတယ်..ဦးဖိုးလူရဲ့ရှေးဟောင်း နှောင်းဖြစ်တွေ နားထောင်နေရင်းနဲ့လည်း လွမ်းတယ်.. ရွာကျောင်းလေးမှာ စာသင်နေရင်းနဲ့ လည်း လွမ်းတယ်.. သေချာတယ် . ကျွန်တော် အိမ်ပြေးနေတဲ့ကာလ တလျှောက်လုံး ကျွန်တော် မမကို လွမ်းနေခဲ့တယ် .. ခု ကားပေါ်မှာလည်း မမ အကြောင်းစဉ်းစားနေရင်းလည်း ကျွန်တော် မမကို လွမ်းမိပါတယ်..

ရန်ကုန်ကို ပြန်ရောက်တဲ့အခါ မမ ကို ကျွန်တော် သွားတွေ့သင့်လား . .

မေမေက ရော ကျွန်တော် မမကို သွားတွေ့မှာကို ခွင့်ပြုမှာလား.

ဒီလိုတွေးရင်းနဲ့ပဲ .. သတိမထားမိလိုက်ပါဘဲ ကျွန်တော်နဲ့ မမရဲ့ အတိတ်ဆီကို အတိတ်ဆီသို့ .. ပြီးခဲ့လေသော အတိတ်ဆီသို့..

“ ကြပ်လိုက်တဲ့ကားကွာ .. ခါတိုင်းနေ့တွေလည်း ကြပ်တာပါပဲ .. ဒီနေ့တော့ဖြင့်ရင် မတ်တပ်ရပ်ရတဲ့လူမပြောနဲ့ ထိုင်နေတဲ့သူတွေတောင် .. ကိုယ်လေးတွေ ရို့နေရတယ်.. ဘယ်လိုကားပါလိမ့် ..”.. ရုံးနောက်ကျမှာကို ကျွန်တော် မကြောက်တော့ဘူး .. ဘယ်အချိန်အိမ်ကထွက်ရင် ရုံးချိန်ကိုမီနိုင်မလဲဆိုတာ ဒီရုံးမှာ အလုပ်ဝင်ဝင်ခြင်း တစ်ပတ်လောက် ကတည်းက ကျွန်တော် ကောင်းကောင်းသိနေပြီလေ.. ကားကြပ်မှာကိုပဲ ကျွန်တော်ကြောက်တာ.. အလုပ်သင်ဘဝမို့ ကျွန်တော်မျှော်မှန်းသလောက်လစာ မရပေမယ့် အလုပ်နဲ့ လစာပေးထားတာကို ကျွန်တော်က ကျေနပ်နေတာပေါ့ဗျာ.. ဒီတော့ ကျွန်တော် တက္ကစီ မစီးဘူး. . ဒီလိုနေ့တွေဆိုရင်တော့ တွေးမိတယ် “ငါလစာကောင်းတဲ့အခါ တက္ကစီနဲ့ပဲရုံးသွားရုံးပြန်လုပ်မယ် ” .. အဲသလိုပေါ့ဗျာ..

အဲလိုတွေးနေရင်းကပဲ ကျွန်တော့်နားထဲ မိန်းကလေးအသံတစ်ခု ရောက်လာတယ်..  “’ဒီမှာ အကိုကြီး .. ဒီက အမနဲ့ နေရာချင်းချိန်းပေးလိုက်ပါလား.. ”တဲ့ .။ အသံကခပ်မာမာနဲ့ ထူးဆန်းနေလေတော့ ကျွန်တော် သတိထားပြီးတော့ကို လှမ်းကြည့်လိုက်မိတယ်.. ။ မတ်တပ်ရပ်နေတဲ့အမတစ်ယောက်က ထိုင်နေတဲ့အမတစ်ယောက်ကိုကြည့်ပြီး သူ့ဘေးက အစ်ကိုကြီးတစ်ယောက်နဲ့နေရာလဲခိုင်းနေတာပါ.. အစွန်ဆုံးမှာ ထိုင်နေတဲ့ အမရဲ့ဘေးမှာမတ်တပ်ရပ်နေတဲ့ ဘဲကြီးတပွေကြောင့် သူ့ခမျာ မျက်စိပျက်မျက်နှာပျက်ဖြစ်နေတာ ကျွန်တော်လည်းသိလိုက်တယ်.. အစ်ကိုကြီးကလည်း နပ်လေတော့.. “အော် .. ဟုတ်ကဲ့ ရတယ်လေ.. ” ဆိုပြီး နေရာချင်းလဲပေးလိုက်တယ်.. ခဏနေတော့ သူတို့နား စပယ်ယာရောက်လာ .. ၊ သူကလည်း အရိပ်အကဲနားလည်လေတော့ .. “ကဲကဲ .. ဒီက အစ်ကိုက ဗိုလ်တထောင်ဆိုတာလား . .လာ.. လာ.. နောက်မှာ ချောင်တယ် .. အကြာကြီးစီးရဦးမှာ . နောက်သွားလိုက် ” ဆိုပြီး ဟိုးနောက်ထဲ ပို့လိုက်လေရဲ့ ..

ကျွန်တော်ကတော့ နေရာလှမ်းလဲခိုင်းတဲ့အမကိုပဲ လိုက်ကြည့်နေမိတယ် .. သူကတော့ သူပြောပြီး ဘာမှ မခံစားရတော့သလိုပဲဗျ .. ဟိုလူကိုလည်း မကြောက်သလိုလို နဲ့ . .ဒါပေမယ့် . သူလှည်းတန်းရောက်တော့ ဆင်းသွားရော.. ။ ကျွန်တော့်စိတ်ထဲမှာတော့ ဆံပင် ကုတ်ဝဲ လေးနဲ့ မျက်ခုံးကောင်းပြီး သတ္တိရှိတဲ့ အဲဒီအမကို သတိထားမိသွားသလို လေးလဲလေးစားမိသွားတယ်.. ဟုတ်တယ်လေ ဒီလိုနေရာမျိုးမှာ ဒီလိုအားကောင်းမောင်းသန်တဲ့ယောက်ျားကြီးတစ်ယောက်ကို သူမကြောက်ဘဲ .. အကူအညီပေးလိုက်တာကိုး။ .. ကျွန်တော်ကတော့ ကြပ်ကြပ်သပ်သပ် ဒီလိုင်းကားပေါ်မှာပဲ ရုံးမရောက်မချင်း မတ်တပ်တွေးရင်းနဲ့ အဲဒီ အမအတွက် ပီတိတွေဖြစ်နေမိတယ် ..

ဒီနေ့ အလုပ်မှာ ဝန်ထမ်းအသစ်တွေအတွက် အင်တာဗျူးရှိတယ်ဆိုလို့ ကျွန်တော် တစ်ယောက် ရုံးပိုင်းဆိုင်ရာတာဝန်များကို မန်နေဂျာကိုယ်စား လုပ်ပေးနေရပါတယ်. . မားကတ်တင်းဝန်ထမ်းတွေအတွက် ကားလမ်းကြောင်းဆွဲပေး .. time card တွေ စစ်ပေး.. Supplier တွေနဲ့ ပတ်သက်တဲ့ appointment တွေကို ပြန် confirm လုပ်နေရသလို Customer တွေနဲ့လည်း appointment တွေ လိုက်ချိတ်ပေးနေရလေတော့ တယ် လည်း အလုပ်ရှုပ်လှတာပေါ့ဗျာ.. အင်တာဗျူးတွေက ဆယ်နာရီမှာစတယ်.. ကျွန်တော့်မန်နေဂျာကတော့ Meeting Room ထဲကနေထွက်မလာနိုင်ပါဘူး .. အင်တာဗျူး ဝင်မဲ့ သူတွေကို နာမည်စာရင်းအလိုက် အလှည့်ကျ ကျွန်တော် ခေါ်ပြီး Meeting ခန်းထဲ လည်း ထည့်ပေးရသေးတယ်ဗျာ.. အရောင်းဝန်ထမ်းတွေကိုကြီးကြပ်ဖို့ Sales Supervisor  အသစ်ပေါ့ဗျာ.. ၅ယောက်လောက် interview ပြီးတော့ ဆရာက ထွက်ပြီးမေးတယ်. . ဘယ်သူကျန်သေးလဲဆိုတော့ .. “တစ်ယောက်ကျန်သေးတယ် ဆရာ. ကျွန်တော် ၆ယောက်စလုံးကို Confirmed လုပ်ပြီးသားဆရာ .. နောက်တစ်ယောက်ကတော့ မနေ့ကလာမယ်ပြောသေးတယ် .. ခုထိတော့ မရောက်သေးဘူးဆရာ” လို့ ကျွန်တော်ပြောတော့ . . လာနိုင်မလာနိုင် နောက်ဆုံးတခါconfirmed ထပ်လုပ်လိုက် လို့ ပြောပြီးတော့ ပဲ Meeting ခန်းထဲ ပြန်ဝင်သွားတယ် ..

ဒါနဲ့ ကျွန်တော်လည်း နောက်ဆုံးမလာသေးတဲ့ တစ်ယောက်ရဲ့ ဖုန်းနံပါတ်ကိုဆက်လိုက်ပါတော့ တယ်. .

“ဟုတ်ကဲ့ မခြူးသဉ္ဇာ နဲ့ပြောချင်လို့ပါခင်ဗျာ” “ဟုတ်ကဲ့ ခြူးသဉ္ဇာပါ”

“အော် ဟုတ်ကဲ့ အမ ကျွန်တော် BAC ရုံးကပါခင်ဗျာ .. ဒီနေ့ အင်တာဗျူးအတွက် မခြူးသဉ္ဇာကလာမယ်ပြောထားလို့ပါ .. အဲဒါ အမလာနိုင်မလာနိုင် နောက်ဆုံး confirmed လုပ်တာပါခင်ဗျာ .. ”

“ကျွန်မ လာနေပါပြီ .. BAC ကို ငါးမိနစ်အတွင်းရောက်မှာပါရှင်.. အခုလိုမေးတာကျေးဇူးတင်ပါတယ် ”

“အော် . .ဟုတ်ကဲ့ ကျွန်တော်ပြောထားပေးပါ့မယ် ခင်ဗျာ .. ”

ကျွန်တော့် ဆရာ့ကို သတင်းပေးပြီး ပြန်အထွက်မှာပဲ ကိုစိုင်းထူး နဲ့ ချိန်းထားလို့ပါဆိုပြီး ဧည့်ခန်းမှာ ရောက်နေတယ်လို့ ဧည့်ကြိုကလှမ်းပြောလို့ ကျွန်တော် သွားတွေ့မိတော့မှ .. ဟုတ်ပါတယ်. . သူမမှ သူမပါပဲ .. လှည်းတန်းကားမှတ်တိုင်မှာ ဆင်းသွားတဲ့ ကျွန်တော် ပြောတဲ့ သတ္တိရှိတယ်ဆိုတဲ့ အမပါပဲ.. သူကပဲ ကျွန်တော့်ကို တွေ့တွေ့ချင်း “ဟုတ်ကဲ့ ကျွန်မ ခြူးသဉ္ဇာပါ.. အင်တာဗျူးအတွက်ပါရှင်” တဲ့ .. ကျွန်တော် အံ့သြသွားတာကတကြောင်း ပြန်တွေ့ရမယ်လို့လည်း လုံးဝစိတ်ထဲမထင်မိတာကတကြောင်း ကျွန်တော် စက္ကန့်အနည်းငယ်လောက်အတွင်းမှာ ဘာလုပ်မိလိုက်မှန်းမသိပေမယ့် .. ကျွန်တော်ကိုယ်တိုင်ကပဲ မခြူးသဉ္ဇာကို Meeting Room ထဲမှာရှိနေတဲ့ဆရာ့ဆီကို အရောက်ပို့ပြီးနေပါပြီ..

ကျွန်တော့်အတွက် ဝမ်းအသာဆုံးအကြောင်းအရာကတော့ မခြူးသဉ္ဇာ ကျွန်တော်တို့ရုံးမှာ အလုပ်ရခဲ့ပါတယ်.. ကျွန်တော့်ရဲ့ တိတ်တခိုး ဆုတောင်းလေးပြည့်ခဲ့ပါတယ်. .

Social အလွန်ကောင်းတဲ့အမ .. ဖြတ်ထိုးဥာဏ်ကောင်းတဲ့ အမကို လူချစ်လူခင်များကြသလို ဆရာကိုယ်တိုင်ကလည်း ခဏခဏ ချီးမွမ်းပြောဆိုတတ်ပါတယ်. . ကျွန်တော့်ထက် အသက်နှစ်နှစ်သာသာ ကြီးပေမယ့် လုပ်ငန်းခွင်ထဲမှာ လူကြီးတစ်ယောက်လို ပြောဆိုလုပ်ကိုင်တတ်တဲ့ အမကို ကျွန်တော်အားကျမိပါတယ်. . နောက်ပြီး အမက သတ္တိရှိတယ်. . ဆိုတာ ကျွန်တော် မြင်ဖူးတယ်လေ.. ရုံးကဘယ်သူမှ မသိလိုက်ဘဲနဲ့ .. ကျွန်တော်တစ်ယောက်တည်း သိနေတဲ့ မ ရဲ့ အားသာချက်..။ မကိုယ်တိုင်ကလည်း ကျွန်တော့်ကို ရုံးရောက်မှ သိတဲ့ စာရေးပေါက်စလေးလို သဘောထားခဲ့တာပေါ့ဗျာ  . ။ ကျွန်တော်ကတော့ ရုံးမှာလူချစ်လူခင်များတဲ့ မကို ရုံးကလူတွေထက်ကြိုပြီး မအကြောင်းတွေသိခွင့်ရခဲ့တယ် .. မနဲ့အရင်ဆုံး တွေ့ခဲ့ရတယ် .. မရဲ့ စိတ်နေသဘောထားကို သူများတွေထက် ကြိုသိခဲ့ရလို့ ဘယ်သူမှမသိအောင် ဂုဏ်ယူနေမိတာပေါ့ဗျာ။ .. ရုံးဆိုလဲ အစောကြီးရောက်တယ်. . ပြန်ရင်လည်း နောက်ကျမှ ပြန်တယ် ။.. နောက်ကျမှ ပြန်တယ်ဆိုတာ မ ထက် ကျွန်တော်က အရင်ပြန်တာပါ.. ဒါပေမယ့် ရုံးနားက လက်ဖက်ရည်ဆိုင်ကနေ မ ပြန်သွားတာကို ကျွန်တော်စောင့်တယ် .. ကားတူတူ လိုက်စီးတယ် .. မတော်တဆ ကြုံသလိုပေါ့ဗျာ . .မ ကလည်း ရုံးက ဝန်ထမ်းကောင်လေး ဆိုတဲ့သဘောမျိုးပါပဲ.. ဒါပေမယ့် မနဲ့ ကျွန်တော်နဲ့ က အပြင်မှာထက် ရုံးမှာ ပိုခင်တယ်.. ရုံးမှာဆို ကျွန်တော်တို့ စကားပိုပြောဖြစ်တယ်.. ဒီလိုနဲ့ကျွန်တော် ရုံးပျော်ကြီးတစ်ယောက်ဖြစ်လာတာပေါ့ဗျာ..

ကျွန်တော်နဲ့ မနဲ့  ပိုရင်းနီးသွားတဲ့အကြောင်းကတော့ သောကြာနေ့တွေဆို ဆရာက Dinner လိုက်ကျွေးရင်းကနေစတာပါပဲ.. ဆရာ Dinner မလုပ်ပေးတဲ့အခါဆို ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက် တွေ မုန့်တူတူစားသောက်ပြီးမှ ပြန်ကြတယ် .. ပင်ပန်းတာတွေကို ပြောရင်းဆိုရင်း စားရင်းသောက်ရင်းဖြေတယ်ပေါ့ဗျာ ..

မ  ကလည်း ကျွန်တော့်ကို လူမော် .. လူမော် နဲ့ အပြင်မှာပါ တရင်းတနီး ဖြစ်နေပါပြီ ။ ကျွန်တော်ကလည်း မမခြူး ဆိုပြီး .. လုပ်ပေးခွင့်ရသလောက် နေရကနေဆို အားလုံးကို ကျွန်တော် လုပ်ပေးရင်းနဲ့ ကျေနပ်တဲ့ အဆင့်တခုကိုရောက်နေတာ ပေါ့.

ဒီလိုခင်ရင်မင်ရင်းကနေပဲ မ ရဲ့ စိတ်နေစိတ်ထားတွေ သဘောထားတွေ အမြင်တွေကို တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ တန်းတူ သိခွင့်ရလာပါတော့တယ်. . ကျွန်တော်ကတော့ ပိုသိလေ့ရှိတယ် . .ဘာကြောင့်လဲဆိုတော့ မ အိမ်ထိကျွန်တော် မ မသိအောင် လိုက်လိုက်သွားလို့ပါ.. ကျွန်တော် ပိုသိတယ်ဆိုတာတွေက မ ကသတ္တိရှိသလိုနေနေပေမယ့် .. မ ရဲ့ တကယ့်စိတ်က အားငယ်တတ်တယ် .. အားနာတတ်တယ်. . ။ လမ်းမှာ အဖိုးကြီးအဖွားကြီး တွေ တောင်းနေတာ မြင်ရင် သူအလှူငွေ အမြဲထည့်တယ် .. ကလေးတွေ တွေ့ ရင် ဘယ်ကနေလာတာလဲ .. ဘယ်နှစ်တန်းရောက် ပြီလဲ မေးပြီး နောက် အဲလိုမလုပ်နဲ့ ဘာညာပြောပြီး မုန့်ဖိုးပေးတတ်တယ် .။ မှတ်မှတ်ရရဆို . တခါက လမ်းမှာ အသက်ကြီးကြီး အဖွားအိုကြီးတစ်ယောက် လမ်းလျှောက်ရင်း မောနေလို့ ပလက်ဖောင်းမှာ ထိုင်ရင်း နားနေတာကို  မြင်လေတော့ .. အဖွားနားကို သွားပြီး .. “အဖွား ဘယ်သွားမလို့လဲ .. သမီး လိုက်ပို့ပေးမယ်လေ.. အိမ်ကဘယ်မှာလဲ ” ဆိုပြီး မေးနေရင်းက မျက်ရည်တွေကျလာပြီးအဖွားအတွက် မုန့်ဖိုးပေးလိုက်တယ်လေ.. ပြီးတော့ အဲဒီ အဖွားကိုကားလမ်းကူးပေးခဲ့တယ်. . လမ်းကဖြတ်သွားဖြတ်လာတွေကလည်း ငိုနေတဲ့ မ ကို ကွက်ကြည့်ကွက်ကြည့်နဲ့ ပေါ့ .. ကျွန်တော်က တော့ ဒီလိုအချိန်မှာ အနားမှာ တစ်ယောက်ယောက် ရှိနေရင် သူ့အတွက်ပိုအဆင်ပြေမယ် ထင်လို့ အမှတ်မထင်တွေ့သလို ဖန်တီးလိုက်တယ် ..

“ဟာ . .မမခြူး .. အိမ်မပြန်သေးဘူးလား.. ”

“အေး .. အမ ပြန်နေတာပဲ . . ခုန အဖွားတစ်ယောက်ကို အမ ကားလမ်းကူးပေးလိုက်တာ . . အဲ ဒါ ခု ဟိုဘက်ပြန်ကူးမလို့လေ.. ” မျက်ရည်လေးတွေ ကျွန်တော် မမြင်လိုက်မိလေအောင် သုတ်ရင်းပြောနေတဲ့ မ ကို ကျွန်တော် သနားသွားမိတယ်. . ။ အကြောင်းစုံသိနေတဲ့ ကျွန်တော် မ ကို ဘာမှ ထပ်မမေးတော့ပဲ .. “လာ မမခြူးလာ.. ကျွန်တော်နဲ့ တူတူ ဟိုဘက်သွားမယ်လေ. .ကျွန်တော်လိုက်ခဲ့မယ် .. ဘာမှ မဖြစ်ပါနဲ့ မမခြူးကလည်း .. ”  ဒီဘက်ကားလမ်းလည်း ရောက်ရော .. မမခြူးက .. “လူမော်. . အမ ခုန အဖွားဆီပြန်သွားလိုက်ဦးမယ်.. အမ မေ့သွားတယ် . အဲဒီ အဖွားကို တက္ကစီ ငှားပေးလိုက်ရမှာ. မဟုတ်လဲ ..  သူစီးမယ့် ဘက်စ် ကားပေါ်ထိ အမ တင်ပေးလိုက်ရမှာ . .အဖွားသနားပါတယ်. . ” ဆိုပြီး ငိုမဲ့မဲ့လေးပြောနေတဲ့ မ က တကယ့် ကလေးလေးတစ်ယောက်လိုပဲ.. ။ ကျွန်တော် မမြင်ဖူးတဲ့ မမခြူး ကို မြင်လိုက်ရတယ်. ကျွန်တော်သိတဲ့ သတ္တိရှိတဲ့ မာတဲ့ ထန်တဲ့ မမခြူး လုံးဝ မဟုတ်တော့ဘူး.။ ခုနအဖွားကို ပြန်ရှာပေမယ့် .. အဖွားမရှိတော့ ပါဘူး .. သူလည်း လိုင်းကားတစီးစီးပေါ် ရောက်သွားတဲ့ ပုံပါပဲ..။ ဒါပေမယ့် .. ကျွန်တော့်ရဲ့ မ ကတော့ အဲဒီနေ့က အိမ်ပြန်တဲ့ လမ်းတစ်လျှောက်လုံး .. “အေးဟာ .. ငါ မှားသွားတယ် . ငါ ခဏ စောင့်ပေးလိုက်ရမှာ .. ငါ ပိုက်ဆံနည်းနည်းပဲ ထည့်ပေးမိသွားတယ် .. ဟာ . စိတ်ညစ်ပါတယ် . .အဲ့အဖွားကတော့  .. သူ လှိုင်သာယာဆို အဝေးကြီးကို ပြန်ရမှာဟ.. ” ဒါတွေကိုပဲ မ က ကလေးတယောက်လိုတတွတ်တွတ် ပြောနေရင်း မျက်ရည်တွေသုတ်ရင်းနဲ့ ကျွန်တော်တို့လမ်းတူတူလျှောက်ခဲ့ကြရင်း မ ရဲ့ အိမ်ကို ပြန်ပို့ခဲ့ပါတယ်။ အဲဒီနေ့အတွက်  ပို့ပေးခွင့်ကိုတော့ မ ဆီကနေ ကျွန်တော် မတောင်းခံခဲ့ရပါဘူး..

မေမေကတော့ မင်း မမကို မခေါ်လာဘူးလား .. မမခြူးကို အိမ်ခေါ်ခဲ့လေကွယ် ဆိုပြီးတောင် ပြောနေပြီ. ။ ပြောမှာပေါ့ဗျာ .. ကျွန်တော် အိမ်ပြန်ရောက်ပီဆိုရင်ဖြင့် .. “မေမေရေ.. မမခြူးကလေ.. ”  ဆိုပြီး.. မမခြူး ချီးမွမ်းခန်း စတင်နေကျဖြစ်နေရောပေါ့.. မပြောတဲ့နေ့တောင် မရှိသလိုပါပဲ.. ဒါပေမယ့်လည်း .. ဒါပေမယ့်လည်း . .

ကျွန်တော် မ ကို အိမ်မခေါ်နိုင်ခဲ့ပါဘူး .. ကျွန်တော့် အိမ်ကို အိမ်လည်ဖိတ်ဖို့အခွင့်အရေးတောင် ကျွန်တော် မရခဲ့ပါဘူး.. လူတကာထက် မ အကြောင်းတွေ ပိုသိခွင့်ရခဲ့ပေမယ့် ..လူတိုင်းသိနေတဲ့ မ ရဲ့ အကြောင်းတွေကို ကျွန်တော်မသိခဲ့ပါဘူး .. မ အတွက် အရာရာ ဖြည့်ဆည်းပေးချင်နေတဲ့ကျွန်တော် .. မ ဘာလိုအပ်နေလဲဆိုတာ ကျွန်တော် မမြင်ခဲ့ပါဘူး .. မ လိုအပ်နေတာကို သိလိုက်ရတဲ့အချိန်မှာလည်း ကျွန်တော် မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး..

မ အတွက် ကျွန်တော် ဝမ်းသာရသလို .. ကျွန်တော့အတွက် လည်း ကျွန်တော် ဝမ်းနည်းရပါတယ်. . ကျွန်တော်တို့ရဲ့ လေးစားအားကျရတဲ့ ဆရာ ဦးစိုင်းထူးကိုကို က  ကျွန်တော့်ရဲ့ မ ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ် ..  ကျွန်တော် ကျေနပ်စွာနဲ့ မ အတွက် ဝမ်းသာဂုဏ်ယူခဲ့ပါတယ်. . ဒါပေမယ့် ကျွန်တော်မခံစားနိုင်ခဲ့ဘူး .. ကျွန်တော် မ ကို အရမ်းနှမြောတယ်.. ကျွန်တော် မ ကို ဘယ်လောက် တန်ဖိုးထားတယ် . .လေးစားတယ်ဆိုတာ.. ကျွန်တော် သိတယ် ..ကျွန်တော့ မေမေသိတယ်။. မ နဲ့ ဆရာတို့ လက်ထပ်မယ့် သတင်း ကြားတဲ့ နေ့က စ ပြီး  ကျွန်တော် အိမ်မှာ မ အကြောင်း မေမေ့ကို မပြောဖြစ်တော့ပါဘူး.. မေမေ မေးတဲ့အချိန်ရောက်တော့ “ဆရာနဲ့ မမခြူး လက်ထပ်တော့မယ် မေမေ..” ဆိုတဲ့ စကားတခွန်းကလွဲလို့ ကျွန်တော် ဘာဆိုဘာမှ ထပ်မပြောနိုင်. .မရှင်းပြနိုင် ခဲ့တော့ပါဘူး…

ဆရာလိုချင်တာ လိုအပ်တာအားလုံးကို ဖြည့်ဆည်းပေးခဲ့ရတဲ့ ကျွန်တော့ အဖို့ ဆရာ့ရဲ့ မင်္ဂလာဦးအတွက် ကျွန်တော့ရဲ့ နှလုံးသားကို သတိုးသားအရံအဖြစ် လက်ဖွဲ့ခဲ့ပါတယ်.  … ကျွန်တော် တခြားခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခုနဲ့ အလုပ်ထွက်ခဲ့ပါတယ်. . ဆရာနဲ့ မမခြူးတို့ရဲ့ တပည့်သားရင်းမောင်ငယ်တစ်ယောက်ဖြစ်ခဲ့တဲ့ ကျွန်တော့ကို ဆရာတို့နှစ်ယောက်စလုံးက အချိန်မရွေးပြန်လာခဲ့ပါတဲ့ .. ကျွန်တော် အလုပ်ကို ထားခဲ့တယ်.. အိမ်မှာ ပဲ နေခဲ့တယ် . . မေမေ့ကိုလည်းရှက်တယ် . . ကျွန်တော့်ကိုမွေးထားတဲ့အမေ က ကျွန်တော် ဘာဖြစ်တယ် ဆိုတာ မသိပဲ နေမလားဗျာ .. နောက်ဆုံး ကျွန်တော်အားငယ်ဝမ်းနည်းတဲ့စိတ်နဲ့ ရွာတန်းရှည် ဦးဖိုးလူတို့ဆီ ထွက်လာမိတော့တာပါပဲ..

“ခရီးသည်များခင်ဗျာ .. ယခု မိတ္ထီလာ ရွှေအုန်းပင် လမ်းခွဲ မှာ ခရီးတထောက်နားလို့ မိနစ် ၃၀ ခန့် ယာဉ်ရပ်နားမှာဖြစ်ပါတယ် လူကြီးမင်းတို့ ရဲ့ အဖိုးတန်ပစ္စည်းများကို ကားပေါ်မှာ မထားရှိဘဲ မိမိနဲ့ တစ်ပါတည်း ယူဆောင်သွားဖို့အတွက် မေတ္တာရပ်ခံပါတယ်. .အားလုံးပဲ မိနစ်၃၀ခန့် အနားယူ စားသောက်ပြီးရင်တော့ အချိန်မီ ကားပေါ်မှာ နေရာပြန်ယူပေးဖို့အတွက်လည်း မေတ္တာရပ်ခံပါတယ်…. ”

အိပ်ပျော်သလိုလို မပျော်သလိုလိုဖြစ်နေတဲ့ ကျွန်တော် .. ခရီးတထောက်နားဖို့ ပြောနေတဲ့ စပယ်ယာရဲ့ အသံကြောင့် သတိပြန်ဝင်လာလို့ အပြင်ဘက်ကြည့်မိတော့ ရွှေအုန်းပင် လမ်းခွဲရောက်နေပါပြီ .. ကျွန်တော် ဗိုက်လည်း အတော်ဆာနေပြီမို့ .. အများနည်းတူအောက် ဆင်းရင်း ရွှေအုန်းပင်ဆိုတဲ့ ထမင်းဆိုင်လေးထဲ ဝင်ထိုင်လိုက်မိပါတော့တယ်. . ဒီကနေ ..ကားပြန်ထွက်တော့မှပဲ ကျွန်တော် တကယ် အိပ်နိုင်တော့မယ် ထင်ပါရဲ့ ..

မေမေ . .ကျွန်တော် အိမ်ပြန်ရောက်တော့မယ် မေမေ. .

 

လူကလေး

လူကလေး

About လူကလေး

လူကလေး has written 16 post in this Website..