တစ်နေ့…ဟုတ်တယ်…ဇန္န၀ါရီလရဲ့ တစ်နေ့မှာပေါ့..စနေနေ့ပါ

ကျုပ်စက်ရုံမှာအလုပ်တွေရှုပ်နေတုန်း….ကျုပ်ရဲ့ ဟမ်းဖုန်းကထမြည်ပါတယ်…

နံပါတ်ကြည့်လိုက်တော့ အစိမ်းသက်သက်..ဒါနဲ့ပဲ ဖုန်းဖြေလိုက်ပါတယ်…

“ဟဲလို…အမိန့်ရှိပါခင်ဗျာ”

“အကိုလားဟင်……”

“………………………………”

ကျုပ်အကြီးအကျယ်အံ့သြသွားပြီး…ဘာပြန်ဖြေရမှန်းမသိဖြစ်သွားတယ်…

၂၇ နှစ်လောက်ကြာခဲ့ပေမဲ့ ကျုပ်ဒီ “အကို” ဆိုတဲ့အသံကို

မှတ်ကျက်မိနေတာကိုလည်း ကိုယ့်ကိုကိုယ် အံ့သြသွားတယ်….

“မေ…မေ…မေ ……..     ဟုတ်လားဟင်”

“ဟုတ်ပါတယ်အကို…မေ ရန်ကုန်လာဖြစ်တုန်း မင်္ဂလာဒုံမှာ ကိုမောင်စိန်နဲ့တွေ့တယ်

သူ့ဆီက အကို့ဖုန်းရလို့ လှမ်းဆက်ကြည့်တာပါ..”

`၀မ်းသာလိုက်တာ..မေရယ်…မေ နေကောင်းတယ်မဟုတ်လားဟင်´

`ကောင်းပါတယ်အကို…မေတို့တွေ အသက်တွေလည်း ကြီးနေကြပြီ…

ဘယ်နေ့သေမယ်မသိ….မသေခင် အကို့ကိုတော့ တစ်ခါလောက် တွေ့သွားချင်တယ်

လေ…ဆိုပြီး ဖုန်းဆက်လိုက်တာပါ..´

`အော်..မေရယ်…ကိုယ်ကလည်းတွေ့ချင်နေတာပါ…ခု မေ ဘယ်မှာတည်းလဲဟင်´

`မေ ရွှေတိဂုံ အရှေ့ဖက်မုခ် နားမှာနေတဲ့ အမလေးအိမ်မှာတည်းတယ် အကို´

`ဘယ်နေ့ ပြန်မှာလည်း  ဟင်..´

`တနင်္ဂနွေနေ့ ပြန်ရမယ်အကို´

`ဒါဆို ဘယ်နေ့တွေ့နိုင်မလဲ..ဟင်´

`အကိုအားရင်..တနင်္ဂနွေမနက်စောစော တွေ့ချင်တယ်….အကိုနဲ့တွေ့ပြီး မေ လည်းပြန်မှာပေါ့´

`ဒါဆိုဒီလိုဖြစ်မလား..ကိုယ် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်က တနင်္ဂနွေနေ့

မနက် ၇ နာရီ လာစောင့်မယ်လေ…မေ လာနိုင်မလား..´

`လာခဲ့မယ်လေအကို´

`အရှေ့ဘက်မုခ်က ကားပါကင်မှာကိုယ်စောင့်နေမယ်နော်´

`ဟုတ်ကဲ့ အကို..ဒါဆိုမနက်မှတွေ့မယ်နော်..ဘိုင့်´

`ဘိုင့်´

ဖုန်းချလိုက်ပြီးတော့…ကျုပ်ရင်တွေ ထူးထူးဆန်းဆန်း ခုန်နေတာသတိထားမိတယ်

အဲဒါနဲ့ လုပ်လက်စ အလုပ်လေးဖြတ်..အပေါ်ထပ်ကရုံးခန်းကိုတက်လာခဲ့ပါတယ်…

ရုံးအကူ အဒေါ်ကြီး ကို ကော်ဖီတစ်ခွက်ဖျော်ခိုင်းလိုက်ပြီး…အတွေးတွေက…

လွန်ခဲ့ပြီးတဲ့ နှစ်သုံးဆယ် ကျော်လောက်ဆီ အလိုလိုလွင့်မြောရောက်ရှိသွားပါတော့တယ်……

——————————————————————

————————————————————————-

——————————————————————————————————————-

ကျုပ် ဆယ်တန်းအောင်မဲ့ နှစ် အဖေကလည်းရန်ကုန်ပြောင်းရပါတယ် ဆယ်တန်းအောင်စါရင်းတွေထွက်တော့ အောင်စါရင်းကို မြို့ထဲက အထက်တန်းပညာဦးစီးဋ္ဌာနမှာသွား ကြည့်ရပါတယ်…

အဲ့ မှာ တပြည်လုံးအတွက် အောင်စာရင်းတွေကပ်တယ်လေ…

သွားကြည့်တော့…ဂုဏ်ထူးနှစ်ဘာသာနဲ့အောင်တယ်…၀မ်းသာလိုက်တာ

ဒါပေမဲ့…ကျုပ်က စာပေးစာယူတက်ပြီး အလုပ်လုပ်ချင်နေပြီ…

အဖေက မရဘူးဗျို့…`ငါ့သားသမီးတွေထဲ ပထမဆုံး ဆယ်တန်းအောင်တာ

မင်းတက္ကသိုလ် တက်ကိုတက်ရမယ်´လို့ တစ်ချက်လွှတ်အမိန့်ချတော့..

မိဘစကားမလွန်ဆန်နိုင်တဲ့သား…ဘာတတ်နိုင်မလဲ..တက်ပေါ့……

 

ကျုပ် အင်းယားလေးနားက အာစီ တူး မှာ လျှောက်လွှာသွားတင်တဲ့နေ့….မှတ်မှတ်ရရ

ကျုပ်တို့တပ်ထဲက ကျုပ်နဲ့အတူ ဆယ်တန်း အောင်တဲ့ စိုးကြီးဆိုတဲ့သူငယ်ချင်းနဲ့

အတူသွားခဲ့ကြတာပေါ့…ကျောင်းရောက်လို့..

`မင်းဘာမေဂျာလျှောက်လဲ´..လို့

စိုးကြီးကမေးတော့ ကျုပ်က `ဘိုင်အိုလျှောက်ထားတယ်ကွ´ ဆိုတော့

`ဘာကြောင့်ဘိုင်အို လျှောက်တာလဲကွ..ငါက သချာင်္ လျှောက်ထားတာ´..တဲ့

`ဟ..ငါက ဆယ်တန်းမှာ ဘိုင်အိုရယ်..သချာင်္ရယ် ဂုဏ်ထူးနဲ့အောင်တာလေကွာ

..နောက်..ငါကဘိုင်အို ၀ါသနာပါသကွ..ဘာယူယူ နောက်ဆုံးဘွဲ့တစ်ခုတော့ ရမှာပဲလေကွာ..´

`ဟာ..မင်းကလည်း..တပ်ထဲက ဒေသကောလိပ်တက်မှာ မင်းနဲ့ငါ နှစ်ယောက်ထဲ

..တစ်တန်းတည်း တက်ချင်တယ်ကွာ´….

ကျုပ်ဆိုတဲ့ကောင်ကလည်း…အစကတည်းက တက္ကသိုလ် ဆက်တက်ချင်တာမဟုတ်

အိမ်ကဇွတ်တက်ခိုင်းလို့သာ တက်ရတာဆိုတော့……

`အေးပါကွာ..ငါ မင်းနဲ့တူအောင် သချာင်္မေဂျာပျောင်းလိုက်မယ်..ဟုတ်ပြီလား..´

ဒီလိုနဲ့ ဆယ်တန်းမှာ သချာင်္နဲ့ ဘိုင်အို ဂုဏ်ထူးထွက်ခဲ့တဲ့ ကြီးမိုက်တစ်ယောက်

ရန်ကုန်က နာမည်ကြီး ဒေသကောလိပ် (၂) မှာ သချာင်္မေဂျာနဲ့ တက်ဖြစ်ခဲ့တယ်ပေါ့ဗျာ…

 

 

ကျောင်းစတက်တဲ့နေ့…ကျုပ်တို့လည်း..ဟိုရှာဒီရှာနဲ့  ကျုပ်တို့တက်ရမဲ့ အခန်းကိုရှာတွေ့ခဲ့ပါတယ်…

အတန်းခွဲက M4 တဲ့…မင်္ဂလာဒုံနဲ့ အင်းစိန်ကျောင်းသား အများစုပေါ့

…နောက်ပီး..ခုံနံပါတ်စီတော့လည်း…နာမည်ရဲ့နောက်ဆုံးအက္ခရာ

နဲ့စီတာဆိုတော့…ကျုပ်နဲ့ သောင်းစိုးက ရိုးနံပါတ်အစဉ်လိုက်ပဲပေါ့…

.မှတ်မိသေးတယ်ဗျာ…အာစီတူး ဆိုတဲ့ ကျောင်းကြီးဟာ အရောင်အသွေးစုံလင်စွာနဲ့

ပန်းပေါင်းစုံနဲ့လှပတဲ့ ဥယျာဉ်ကြီးလိုပါပဲ…ကျုပ်တို့ နှစ်ယောက်ကတော့ အဖေ့အကျ စစ်အင်းကျီကိုယ်စီနဲ့ စစ်လွယ်အိပ်ကိုယ်စီနဲ့ပေါ့………………

ကျုပ်ကတော့ ကျုပ်လက်စွဲတော်

ဂျမ်းဂဲဟက်ခေါ်တဲ့ စစ်ဦးထုတ်ကို ငိုက်ငိုက်ဆောင်းထားသေးတယ်…

လောကကြီးကို အဲ့တုံးက သိမ်ငယ်နေခဲ့မိတယ်လေ…ဆင်းရဲတာကိုး……

မနက် မနက်ဆိုရင် တပ်က ရဲဘော်တွေကို ဖယ်ရီကြိုတဲ့ကားနဲ့ မနက်ငါးနာရီခွဲ

ထလိုက်ကြရတာ(ဘတ်စ်ကားခသက်သာအောင်ပေါ့)…အဲ့တော့ ကျောင်းကို

၆ နာရီဆိုရင်ရောက်နေပြီ…ကျောင်းက ၇နာရီမှတက်မှာ ကျောင်းစောင့်တွေတောင်မနိုးကြသေးဘူး….

ကျုပ်တို့နှစ်ယောက် အုတ်ခုံတစ်နေရာမှာထိုင်ပြီး…လေကန်ရင်း..ကျောင်းတက်ဘဲလ်

တီးမဲ့ အချိန်စောင့်တာပေါ့….လက်ဘက်ရည်ဆိုင်ဖက်တော့..မျက်စောင်းတောင် ထိုးမကြည့်

နိုင်ပါဘူး…ကျောင်းဆင်းရင် ဘတ်စ်ကား စီးပြန်ဖို့ တစ်ယောက်မှာ ငါးမူး စီပဲရှိတာကိုး

(အဲဒီတုန်းက ၀ါယာလက်ကနေ အာစီတူး ကို စီးသွားစရာ နံပါတ် ၉ ကားပဲရှိတာ..ကားခကပြားလေးဆယ်ပဲ)

 

ကျုပ်တို့နှစ်ယောက် ကြော်ငြာသင်ပုန်း တွေမှာကြည့်ပြီး ကိုယ်တက်ရမဲ့အခန်းထဲ ၀င်ခဲ့ကြပါတယ်…တစ်ယောက်နဲ့တစ်ယောက်လဲ မသိကြသေးတဲ့ လူစိမ်းတွေဆိုတော့

သူ့ ကိုယ်အကဲခတ်..ကိုယ့် သူအကဲခတ်နဲ့ပေါ့…..

အတန်းက သင်ခန်းစာ စပါပြီ….

ဒီနေရာမှာ တစ်ခုပြောချင်တာက..အာစီတူးက စာသင်ခန်းတွေက အမေရိကန်

ဒီဇိုင်း…သီအေတာတွေ…ကျောင်းသားတွေထိုင်တဲ့ခုံတန်းတွေက စက်ဝိုင်းချမ်းပုံ၊

နောက်ဆုံးတန်းကနေ ရှေ့ဆုံးတန်းထိ တစ်ဆင့်စီနိမ့်သွားပြီး..အနိမ့်ဆုံး

အလယ်မှာတော့ ကျောက်သင်ပုန်းနဲ့ ဆရာ၊ ဆရာမစားပွဲ…အဲလို..အဲ့လို..

ထုံးစံအတိုင်း ကျုပ်တို့နှစ်ယောက်က အလယ်လောက်မှာ နေရာယူလိုက်ကြတယ်…

ဆရာမကသာ စာသင်နေတာ ..ကျောင်းသားတွေကတော့ ကျွက်စီကျွက်စီနဲ့…

ကျုပ်လည်း ဆရာမ သင်နေတာနားထောင်ရင်း…အခန်းထဲကို ကျီးကန်းတောင်းမှောက်

လိုက်ကြည့်နေရာက …ကျုပ်မျက်လုံးတွေ တစ်နေရာမှာ ဆက်ရွှေ့လို့မရအောင်ရပ်သွားပါလေရော………..

သူ့မျက်နှာတစ်ခြမ်း စောင်းလေးကို မြင်လိုက်ရတာ…အသားကဖြူဖြူ၊ ဆံပင်က

ဂုတ်ဝဲလေး..သူလည်းညာဖက်လှည့်အကြည့်…ကျုပ်နဲ့ မျက်လုံးချင်းဆုံမိကြတယ်…သူ့မျက်လုံးလေးက..မျက်ဝန်းနက်နက်…

နှုတ်ခမ်းလေးကပန်းသွေးရောင်နဲ့….ကျုပ်ရင်ထဲ..ဘယ်လိုဖြစ်သွားတယ်မသိဘူးဗျာ..

မျက်စေ့ လွှဲဖို့မေ့ပြီး စိုက်ကြည့်နေမိတယ်…သူကတော့ ဖြတ်ကနဲ ပြန်လှည့်သွားလေရဲ့..

 

ဒီလိုနဲ့ပဲ  ကျောင်းတက်တဲ့ရက်တွေတိုင်း သူ့ကိုမြင်ရမဲ့နေရာ ရွေးထိုင်ပြီး

သူ့ကိုသာ လိုက်ကြည့်နေမိတော့တယ်…

ကျောင်းထဲသွားလာရင်း မျက်နှာချင်းဆိုင် ဆုံမိတဲ့အခါတွေလည်းရှိတာပေါ့…

အဲလိုခါမျိုးမှာ သူက တစ်ချက် စိုက်ကြည့်ပီး မျက်လွှာချသွားတတ်တယ်…

 

သေချာတယ်…ကျုပ်သူ့ကိုချစ်မိနေပြီ…စတွေ့တဲ့နေ့ကတည်းကဆိုပါတော့…

သူ့နာမယ်လည်းမသိ၊ ဘယ်နေမှန်းလည်းမသိ…ဒါပေမဲ့ သူ့ကိုကျုပ်အမြဲလိုက်လိုက်ကြည့်နေတော့…သူကလည်းကျုပ်ကိုတော့သတိထားမိနေပြီပေါ့…

ပြောသာပြောတာ…ကိုယ့်ကိုကိုယ်တော့ အားငယ်မိတယ်…သူ့ကြည့်ရတာ

အချမ်းသာကြီးမဟုတ်တောင် ကျုပ်ထက်တော့ အများကြီး ပြေလည်ပုံရတယ်…

 

ဒီလိုနဲ့ ကျုပ်လည်းကျောင်းမှာ သူငယ်ချင်းလေးငါးခြောက်ယောက်လောက်

ရင်းရင်းနှီးနှီး ပေါင်းမိလာတယ်…ကျုပ်မှာရည်ရွယ်ချက်ကြီးကြီးမားမား မှန်းထားတာ

မရှိပေမဲ့ ကျုပ်ဘော်ဒါတွေကတော့ အရမ်းကိုစာကြိုးစားကြတာကိုး…

ဒီနေ့သင်တဲ့စာ..နောက်နေ့ဆို အချင်းချင်း ပြန်ရွတ်ပြ ဆွေးနွေးကြနဲ့…

ကျုပ်လည်းတစ်ယောက်ထဲ သီးခြားနေတာမဟုတ်တော့ သူတို့ကို

အောက်ကျမခံချင်တာနဲ့ တစ်နေ့စာတစ်နေ့ လုပ်ဖြစ်လာတယ်…

နေကြတာကလည်း မင်္ဂလာဒုံကချည်းဆိုတော့ ပိတ်ရက်တွေမှာ

တစ်အိမ်တစ်လှည့် စုကြပြီး ကျောင်းကသင်တဲ့တစ်ပါတ်စာ ပြန်ပြန်လုပ်ဖြစ်ကြတယ်…

ကျုပ်တို့တစ်ဖွဲ့လုံးလည်း အိမ်အခြေအနေတွေက သူမသာ ကိုယ်မသာ

ဆိုတော့…ထုံးစံအတိုင်း ကျောင်းဈေးတန်းဆိုတာ ကျုပ်တို့ဖို့ ဖွင့်ထားတာ

မဟုတ်သလိုပါပဲ…အားချိန်တွေဆို အရိပ်ကောင်းကောင်းမှာ စုထိုင်ကြပြီး

သဘာဝ ဆေးပေါ့လိပ်လေးဖွာရင်း စာအကြောင်းချည်းဆွေးနွေးကြတာပဲ…

တစ်ခါတလေလည်း တောအကြောင်း တောင်အကြောင်းပြောပေါ့…

တစ်ခုတော့ရှိတယ်…တစ်နေ့တစ်နေ့ ကားခပိုတဲ့ ၁၀ပြားစီစုထားကြ..

တစ်ပါတ်တစ်ခါလောက်တော့ ကျောင်းက သက်သာကန်တီးမှာ

လဘက်ရည်သောက်ဖြစ်ကြတယ်…အဲ့မှာက လဘက်ရည်တစ်ခွက် သုံးမတ်ပါ။

လိုတဲ့ပိုက်ဆံကိုတော့  ဂျီကျတတ်လွန်းလို့

ကျုပ်တို့အားလုံးက ချစ်စနိုးနဲ့ “ဖိုးဂျီ” လို့ခေါ်တဲ့ ကောင်ကစိုက်လေ့ရှိတယ်..

ကျုပ်တို့ထဲ  နဲနဲပြေလည်တာ သူတစ်ယောက်ပဲရှိတာ…

ဒီလိုနဲ့….တစ်ဖက်က ချစ်သူလေးကိုလည်းကြည့်…စာလည်းကြိုးစားကြရင်း

စာမေးပွဲကြီးနီးလာခဲ့ပါပြီ…ကျုပ်ဇတ်လမ်းကလည်း လိုက်လိုက်ကြည့်တာကလွဲလို့

ဘယ်အဆင့်မှ မတက်ဖြစ်ပါဘူး…ကျုပ်ဟာကျုပ် သိမ်ငယ်ပြီး မဖြစ်နိုင်ဘူးထင်တာရယ်..

ကျောင်းပြီးလို့ အလုပ်ရရင် မိဘတွေနဲ့ ကျန်အငယ်တွေကို ကျုပ်ကလုပ်ကျွေးရအုံးမှာ

ဆိုတဲ့ တာဝန်ကလည်းခေါင်းထဲရှိနေတော့…အချစ်ရေးမှာ ရှေ့ဆက်ဖို့ မကြိုးစားခဲ့တာပါ…

သူငယ်ချင်းတွေကလည်း အခြေနေကို အားလုံး သိတော့ အတင်းမတွန်းကြပါဘူး…

အဲဒီလိုနဲ့ ပထမနှစ်စာမေးပွဲတွေ ပြီးတော့ …ကျောင်းတွေပိတ်……….ပိတ်ရက်အတွင်း

သူငယ်ချင်းတွေနဲ့တော့ မကြာခဏဆုံကြပေမဲ့…သူ့ကိုတော့ မတွေ့ရတော့ဘူးပေါ့…

ဘယ်ရပ်ဋ္ဌာနေပြန်လေသည်မသိ…အော်..ကျောင်းပြန်ဖွင့်ရက်ကိုမျှော်ရင်း…ရင်မှာ လွမ်းလို့နေရုံမှတပါး………။

အာစီတူးမှာသူငယ်ချင်းတချို့နဲ့

အာစီတူးမှာသူငယ်ချင်းတချို့နဲ့……

အောင်စာရင်းတွေထွက်တော့ မှန်းထားတဲ့အတိုင်း…အမှတ်တွေ တော်တော်ကောင်းပါတယ်

ဂုဏ်ထူးတော့ ၂ဘာသာပါတယ်…သူငယ်ချင်းတွေလည်း အမှတ်ကောင်းကြပါတယ်…

အဲဒီသူငယ်ချင်းတွေကို ဒီနေ့အထိ ကျေးဇူးတင်နေမိတယ်…သူတို့နဲ့သာမတွဲမိရင်

ယောင်ချာချာကျုပ်ဘာမှဖြစ်လာမှာမဟုတ်….

 

ဒုတိယနှစ်ကျောင်းတွေ ပြန်ဖွင့်တော့…အပျော်ဆုံးနဲ့ စိတ်အတက်ကြွဆုံးသူက

ကျုပ်ပဲဖြစ်လိမ့်မယ်ထင်ရဲ့…သူ့မျက်နှာလေး ပြန်တွေ့ရတော့မှာကိုး…….။

ဒုတိယနှစ်မှာတော့ အတန်းသားတွေနဲ့ ခင်မင်ရင်းနှီးသူတွေပိုများလာပါတယ်..

တွဲနေကျ ကိုယ့် အုပ်စုလေးနဲ့ကိုယ်နေကြပေမဲ့…အုပ်စုလေးတွေ တစ်စုနဲ့တစ်စုလည်း

မျက်မှန်တန်း ခင်မင်လာကြပြီး အခေါ်အပြော အဆက်အဆံ ရှိလာကြပါတယ်…

အဲဒီတော့မှ..မင်္ဂလာဒုံကပဲတက်တဲ့ နောက်အုပ်စုတစ်ခုက “သူ”နဲ့အတူ Lab တစ်ဖွဲ့

တည်းကျတော့…“သူ့” နာမည်နဲ့ သူ့အကြောင်းကျုပ်စသိလာရပါတယ်….

သူက ပန်းတနော်ကဖြစ်ပြီး အစိုးရအရာရှိကြီးတစ်ဦးရဲ့သမီးပါ..ရန်ကုန်မှာ

ကျောင်းတက်ချင်လို့ အင်းယားလမ်းက အဆောင်ထားတဲ့ အိမ်တစ်အိမ်မှာ

သူ့အမနဲ့အတူ နေပြီး ကျောင်းတက်နေတာလို့သိရတယ်…..

အဲဒီပြန်ပြောပြတဲ့အုပ်စုက ကျုပ်တို့အဖွဲ့လို ယောက်ကျားလေးချည်းမဟုတ်ပဲ မိန်းကလေးတ၀က်ယောက်ကျားလေးတစ်ဝက်ပါ..တော်တော်လည်းခင်ဖို့ကောင်းကြပါတယ်.. သူတို့ကလည်း ကျုပ်ရဲ့ အုံ့ပုန်းဇတ်လမ်းကိုသိတော့ အားပေးကြပါတယ်….။

ကျုပ်တို့သူငယ်ချင်းတစ်စုလည်း ထုံးစံအတိုင်း စာကြိုးစားရင်း ကြံဖန်ပျော်နေခဲ့

ကြတာပါပဲ။ တစ်ခုထူးခြားလာတာကတော့ ကျုပ်ရဲ့ သူ လေးပါပဲ…

ကျုပ်နဲ့မျက်လုံးချင်းဆုံရင် အရင်လို ချက်ချင်းမျက်လွှာချမသွားပဲ…

ပြုံးရောင်ရောင်လေး တွေ့လာရတာပါပဲ…ကျုပ်မလဲ ရောဂါကရင့်သထက်ရင့်လာတာပေါ့

ဒါပေမဲ့ စာထဲမှာစိတ်နှစ်ပြီး ကျုပ်တတ်နိုင်သလောက်ထိန်းခဲ့ပါတယ်….

ဒီလိုနဲ့ပဲ…ဒုတိယအကြိမ် စာမေးပွဲကြီးနီးလာပြန်ပါပြီ….ဒီနှစ်က

အဆုံးအဖြတ်ပါပဲ…၁၀တန်း အမှတ်၊ ပထမနှစ်အမှတ်၊ ဒုတိယနှစ်အမှတ်တွေပေါင်းပြီးမှ

တက္ကသိုလ် ခွဲမှာမဟုတ်လား…ဒီတော့ကျုပ်တို့ သူငယ်ချင်းတတွေ

အစွမ်းကုန် ကျောင်းစာနဲ့ နပန်းလုံးကြတာပေါ့…

အဲ..စာမေးပွဲမဖြေခင် တစ်ပါတ်လောက်အလိုမှာ ကျုပ်စာတစ်စောင်ရပါတယ်…

သူ့ဆီကစာပေါ့…သူငယ်ချင်းတွေဆီက လက်ဆင့်ကမ်းပြီးရောက်လာတာပါ..

စာထဲမှာရေးထားတာက တိုတိုလေးပါ….

 

သူ…

သူ ပေးတဲ့စာကို တို့ရပါတယ်

စာမေးပွဲကြီးနီးနေလို့ ဒါတွေမစဉ်းစားပါနဲ့အုံးနော်

စာမေးပွဲဖြေပြီး နောက်ဆုံးနေ့ သူ နဲ့တွေ့ချင်ပါတယ်…

တို့

 

စာကတော့ တိုတိုလေးပါ…

ကျုပ်စာဖတ်ပြီး အရမ်းအံ့သြသွားတယ်…

ဟုတ်တယ်လေ..ကျုပ်ဘာစာမှ သူ့ကိုမပေးဖူးတာ..

အင်း…တစ်ယောက်ယောက်တော့ လုပ်ချလိုက်ပြီထင်တယ်…

ကျုပ်ဘော်ဒါတွေကလည်း ကျုပ်ပြောတာမယုံကြဘူး…ကျုပ်အသာကျိတ်ပြီးစာပေးထားတယ်ပေါ့…

ဒါနဲ့..ဟို မင်္ဂလာဒုံက ခင်နေကြတဲ့နောက်တစ်ဖွဲ့ကို အကျိုးအကြောင်း ပြောပြတော့…

တဖွဲ့လုံး ပြုံးစိစိလုပ်နေကြပြီး တစ်ယောက်မှဝန်မခံဘူး…ပြောသေးတယ်

“နင် ချစ်တဲ့သူလေးက အခုနင့်ကိုတွေ့ချင်တယ်လို့ချိန်းနေပြီပဲ…ဘာလဲ

နင်ကမပျော်ဘူးလားတဲ့”…နောက်တစ်ယောက်ကလည်း…

“နင်ဘာမှစဉ်းစားမနေနဲ့…နောက်ဆုံးနေ့ကျရင် သူနဲ့တွေ့လိုက်…ပြီးပြီပေါ့”

ဆိုတော့..ကျုပ်လည်းအူလည်လည်နဲ့ ဘာပြောရမှန်မသိတော့ပါဘူး…စိတ်ထဲကတော့…

သေချာတယ်..အဲဒီအဖွဲ့ထဲက မိန်ကလေးတစ်ယောက် လှော်လိုက်တာပဲဖြစ်မယ်…လို့

ပျော်လည်းပျော်တယ်…စိတ်ထဲလည်း မချင့်မရဲနဲ့….ငါဆက်လုပ်သင့်သလား

သူ့ကို သွားတွေ့သင့်သလား…ဖြစ်နိုင်ပါ့မလား…

ဆိုတဲ့အတွေးကလည်း ၀င်လာသေးတယ်…နောက်ဆုံးတော့

အို…ခုလောလောဆယ်…ခဏမေ့ထား…စာဖက်လှည့်လို့ ကိုယ့်ဖါသာ

ဆုံးမပြီး …ဒုတိယနှစ် စာမေးပွဲကို အောင်မြင်စွာ ဖြေနိုင်ခဲ့ပါတယ်…

 

နောက်ဆုံးနေ့ဖြေပြီး အခန်းအပြင်ထွက်တော့ သူငယ်ချင်းတွေ ကော်ရစ်ဒါမှာစုပြီး

ကျုပ်ထွက်အလာကိုစောင့်နေကြပါတယ်…လူစုမိတော့မှ..တစ်ယောက်က..

“ကဲ..ကိုယ်တော်..ကောင်မလေးနောက်လိုက်ပေတော့..

သူတို့လည်းစောင့်နေတယ်..တွေ့လား…ဟိုးဖက်က ကော်ရစ်ဒါမှာ”

ကျုပ်လှမ်းကြည့်တော့…ဟုတ်ပါတယ် ဟိုမင်္ဂလာဒုံအုပ်စုထဲက မိန်ကလေးတစ်ချို့နဲ့ “သူ”

ဒီဖက်ကိုလှမ်းကြည့်နေတာတွေ့ရတယ်…ခဏနေတော့ ကျန်သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီး

သူတစ်ယောက်ထဲ ထွက်သွားတာတွေ့လိုက်တယ်။

ကျုပ်လည်း ကျုပ်ဘော်ဒါတွေကို နှုတ်ဆက်ပြီးသူ့နောက်လိုက်သွားခဲ့ပါတယ်…

သူနဲ့ကျုပ်က ခြေလှမ်းငါးဆယ်လောက်ပဲကွာတာပါ..ဒါနဲ့ ကျောင်းဝန်းအပြင်ရောက်တဲ့အထိ

ခပ်ခွာခွာကပဲလိုက်သွားပါတယ်…သူက ကားဂိတ်ကိုကျော်ပြီး ပြည်လမ်းမဖက်ကိုဦးတည်သွားနေရင်း…တချက်တချက်ကျုပ်ကိုလည်းလှည့်ကြည့်ပါတယ်

လူရှင်းတဲ့ လမ်းမဖက်ရောက်တော့ ကျုပ်ခပ်သွက်သွက် ခြေလှမ်းလိုက်ပြီး

သူနဲ့ဘေးချင်းယှဉ်လျှောက်လိုက်ပါတယ်…ခြေလှမ်း၁၅ လှမ်းလောက်ယှဉ်လျှောက်တဲ့အထိ

ကျုပ်ဘာကစပြောရမှန်းမသိ…ဘာစကားလုံးမှလည်းထွက်မလာ..တိတ်ဆိပ်နေပါတယ်…

ခဏနေတော့..သူ့အသံလေး ပထမဆုံးထွက်လာပါတယ်…

“အကို..စာမေးပွဲဖြေနိုင်တယ်မဟုတ်လား”

သူ့အသံလေးက တိုးပေမဲ့ ကြည်လင်နေတယ်

“အင်း..အင်း…ဖြေနိုင်ပါတယ်…”

ကျုပ်ကတုံးတိတိ….

“အင်းလေ..အကိုတို့တစ်ဖွဲ့လုံးက အတော်တွေချည်းပဲ..ဖြေနိုင်မှာပါ”

အော်..သူ…တို့အဖွဲ့အကြောင်းပါတော်တော်သိထားတာကိုး..ဟိုအုပ်စုလက်ချက်ဖြစ်မယ်…

“အဲလောက်လည်းမဟုတ်ပါဘူးလေ..”

“အကိုဘာဝင်မယ်မှန်းထားလည်း..ဟင်”

“မမှန်းတတ်ပါဘူး..အစွမ်းကုန်တော့ကြိုးစားထားတာပဲ…ရရာပေါ့..”

နှစ်ယောက်စလုံး စာမေးပွဲအကြောင်းတွေချည်း ပြောရင်းနဲ့ လျှောက်လာလိုက်တာ

အခု IBC လို့ခေါ်တဲ့ ကန်ထောင့် နားရောက်လာလို့ အင်းယားကန်ဘောင်ပေါ်တက်ပြီး

အင်းယားလမ်းဖက်ဦးတည်လျှောက်လာခဲ့ပါတယ်….

စကားပြောရင်းတဖြည်းဖြည်း ရင်းနှီး နွေးထွေးလာသလိုဖြစ်ပြီး

ပြောရတာ အဆီအငေါ်တဲ့လာပါတယ်….နောက်တော့ အင်းယားထောင့်က

ဘူးသီးကြော်ဆိုင်လေးမှာ နှစ်ယောက်သား ထိုင်ဖြစ်ပါတယ်…

ဒီလိုနဲ့….ဒီလိုနဲ့….ဒီလိုနဲ့…တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့

ချစ်သူတွေဖြစ်သွားကြရောဆိုပါတော့….

 

တတိယနှစ် တက္ကသိုလ်တွေခွဲတော့  ကျုပ်တို့အဖွဲ့ ၆ယောက်ထဲက

၅ယောက်က RIT ၀င်ပြီး စိုးကြီးတစ်ယောက်ပဲ မိန်းထဲရောက်သွားပါတယ်

“မေ”ကတော့ ဓါတုမေဂျာနဲ့ စိုးကြီးနဲ့အတူ မိန်းထဲမှာပေါ့…….

ဒါကြောင့်ပဲ…စာသင်နှစ် တစ်နှစ်လုံး ကျုပ် RIT နဲ့ RASU ချောင်းပေါက်အောင်

ကူးခဲ့သန်းခဲ့ ရတာပေါ့…

……………………………………………….

………………………………………………..

………………………………………………..

………………………………………………..

နောက်နှစ်နှစ်ကြာတော့  မေလည်းကျောင်းပီးသွားလို့ ပန်းတနော်ပြန်သွား…

ကျုပ်မှာသာ…လွမ်းတသသနဲ့ ရန်ကုန်မှာကျောင်းတက်ရင်း ကျန်ခဲ့တာပေါ့…

စာအဆက်အသွယ်ပဲလုပ်နိုင်ကြတော့တယ်….

နောက် ၆လလောက်ကြာတော့…မေတစ်ယောက် တွံတေးမှာ ကျောင်းဆရာမ အလုပ်ရပြီး

တွံတေးမှာတာဝန်ထမ်းဆောင်နေတဲ့ သူ့အမ ဆရာဝန်မကြီးနဲ့ အတူနေကြောင်း

လာနိုင်ရင်လာတွေ့ဖို့အကြောင်း…သတင်းရောက်လာပါတယ်…

ကျုပ်လည်း သတင်းကြားကြားချင်း ကျောင်းတစ်ရက်ဖျက်ပြီး တွံတေးကိုချီတက်သွားခဲ့ပါတယ်…မေ စာသင်နေတဲ့ကျောင်းကိုလိုက်သွားတော့

မေ တအံ့တသြနဲ့ ထွက်တွေ့ပါတယ်…မေ က ဆရာမ၀တ်စုံလေးနဲ့ လိုက်ဖက်လိုက်တာ

လို့ ပြောလိုက်မိပါတယ်…တကယ်ကျက်သရေရှိတာပါ…

ပြီးတော့ မေ ရဲ့ စီစဉ်မှုနဲ့

မေ့ အမအိမ်မှာ အိမ်ဖေါ်လုပ်တဲ့ အဒေါ်ကြီးအိမ်မှာ တစ်ညတည်းဖြစ်ပါတယ်..

ညဖက်ချိန်ပြီးခိုးတွေ့ကြတာပေါ့…အဲဒီမှာတင် သူ့အမကြီးသိသွားပါလေရောဗျာ…

အဲတော့..နောက်နေ့မနက် သူ့ဆေးရုံမှာ သူနဲ့လာတွေ့ပါတဲ့…

ဒါနဲ့ပဲ နောက်နေ့ သူ့အမ ဆရာဝန်မကြီးနဲ့ သွားတွေ့လိုက်ပါတယ်…

သူက ကျုပ်တို့နှစ်ယောက်လုံး ငယ်သေးတဲ့အကြောင်း…ကျုပ်ကိုလည်း

ကျောင်းပြီးသည်အထိ စာကိုသာကြိုးစားသင်ယူပြီး ကျောင်ပီး၍ အလုပ်ရပါက

မိဘကိုအရင်အလုပ်အကြွေးပြု စေချင်ကြောင်း…နောက်ကို

မေနဲ့တွေ့ချင်ရင် သူ့အိမ်မှာ ခဏတဖြုတ်လာတွေ့နိုင်ကြောင်း…

အချိုသတ်စကားများပြောကြားပြီး..ပြန်လွှတ်လိုက်ပါတယ်…

ကျုပ်လည်း မေရှိရာကျောင်းကိုလိုက်သွားပြီး မေ့ကိုနှုတ်ဆက်လို့

ရန်ကုန်ပြန်ခဲ့ပါတော့တယ်….

…………………………………………………………………

စာမေးပွဲလည်းနီးလာပြီဖြစ်လို့ ကျုပ်မှာ တစ်နှစ်လုံး အချစ်ရူးပြီး

မလုပ်ဖြစ်ခဲ့တဲ့ ကျောင်းစာတွေ အသဲအသန် လုပ်နေရတာနဲ့

မေ့ဆီတောင် သွားမတွေ့နိုင်ပါဘူး…ကျုပ်အိမ်က မရှိမဲ့ ရှိမဲ့

ထားရတာဆိုတော့ ကျုပ်ကျလို့မဖြစ်ဘူးဆိုတာ ကိုယ့်ကိုကိုယ်လည်း

သိတာမို့ မေ့ကို ခဏအဆက်ဖြတ်ထားခဲ့ရပါတယ်

၃လလောက်ကြာ စာမေးပွဲကြီးပီးသွားပြီးတဲ့အထိ မေ့ဆီက စာလည်းမလာ

သတင်းလည်းမကြားလို့…ကျုပ်တွံတေးကို လိုက်သွားခဲ့ပါတယ်…

မေ့အမ အိမ်ရောက်သွားတော့ တခြားဆရာဝန်ကြီးတစ်ဦးကိုတွေ့လို့

သူပြောပြမှ မေ့အမကြီး ရန်ကုန်ပြန်ပြောင်းသွားမှန်းသိရပါတော့တယ်…

ဒါနဲ့..မေလုပ်ခဲ့တဲ့ မူလတန်းကျောင်းလေးကိုလိုက်သွားတော့လည်း

မေ အလုပ်ထွက်သွားပြီလို့ပြောပြပါတယ်…

ရန်ကုန်ပဲလိုက်သွားလေသလား…ဘယ်နေမှန်းလည်းမသိ…

ဒီလိုနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပြီး ….ကျုပ်လည်း အလုပ်ရရှိရေး

ကြိုးစားရင်းနဲ့ ကျောင်းပီးပြီး ၂ နှစ်လောက်ကြာမှ အစိုးရအလုပ်တစ်ခုရခဲ့ပါတယ်

နယ်မှာ အလုပ်လုပ်ရင်းလည်း မေ့ကို လွမ်းနေမိတယ်…စိတ်ထဲကလည်း..

ငါ အဆင်ပြေတဲ့တစ်နေ့ မေ့ ကို မတွေ့တွေ့အောင်လိုက်ရှာပြီး လက်ထပ်ယူမယ်လို့…

…………………………………………

…………………………………………

တစ်နေ့ မင်္ဂလာဒုံမှာရှိတဲ့ မိဘအိမ်ခဏပြန်ရင်း ကျောင်းနေဖက်သူငယ်ချင်း

စိုးကြီးနဲ့တွေ့လို့ လဘက်ရည်ဆိုင်ထိုင်ကြရင်း……စိုးကြီးက

“မင်း..မေ့ ကိုသတိမရဘူးလားကွ”

လို့ကောက်ကာငင်ကာ မေးပါတယ်..

“ဘယ်လိုပြောပါလိမ့်ကွာ..သတိရတာပေါ့…အဆက်အသွယ်မှမရတော့တာ..

အခုငါက အလုပ်နဲ့ နယ်ရောက်နေတော့ ပိုဆိုးတာပေါ့ကွ”

“အေး…မင်းကိုပြောရအုံးမယ်…ငါ ပြီးခဲ့တဲ့လက တွံတေးရောက်သေးတယ်ကွ”

တွံတေး ဆိုတဲ့အသံကြားလိုက်တော့ အတိတ်ကို ပြန်လွမ်းမိသွားပါတယ်…

“ဟေ..ဟုတ်လား…ဘာသွားလုပ်တာလည်း”

“ငါ့ညီမ မိကြည်သန်း ဆရာမအလုပ်ရလို့ လိုက်ပို့တာကွ..ငါဘယ်သူနဲ့တွေ့ခဲ့လည်းသိလား”

“………….”

“မေ နဲ့တွေ့ခဲ့တယ်ကွ…မိကြည်သန်းနဲ့ တစ်ကျောင်းထဲပဲ…အထကကျောင်းမှာ”

ကျုပ်တော်တော်အံ့အားသင့်သွားပါတယ်…စိုးကြီးနောက်နေတယ်ထင်လို့…

“ဟေ…ဟုတ်ရဲ့လားကွာ”

“နောက်..ဒီထက်အံ့သြစရာကောင်းတာက သူအိမ်ထောင်ကျနေပြီကွ..နှစ်နှစ်လောက်တောင်ရှိပြီပြောတယ်..

မင်း အတွက်တော့ စိတ်မကောင်းပါဘူးကွာ..ငါလည်း ဖုံးမထားချင်လို့..”

ကျုပ်ရုတ်တရက် ဘာပြန်ပြောရမှန်းမသိဖြစ်သွားရပါတယ်…

“မင်းအကြောင်းတွေလည်းမေးပါတယ်…ငါလည်းဘာလို့မင်းကို

အဆက်အသွယ်ဖြတ်ခဲ့တာလည်းမေးတော့…အခုမှတော့

ပြန်မပြောချင်တော့ပါဘူး ကိုစိုးကြီးရယ်တဲ့…သူ့ကိုသာခွင့်မလွှတ်ပါနဲ့လို့

မင်းကိုတွေ့ရင်ပြောပေးပါတဲ့..” စိုးကြီးလည်းမောသွားဟန်နဲ့

ခနရပ်ပြီး ရေနွေးကြမ်းခွက်လှမ်းလိုက်ပါတယ်….

“အင်း…ဘာတတ်နိုင်မလဲစိုးကြီးရာ..တို့နှစ်ယောက်ကံက

ဒီအတိုင်းဖန်လာတာကိုးကွ…ငါသူ့ကိုခွင့်လွှတ်ပါတယ်ကွာ..

ဒီအစီအစဉ်ကလည်း သူမိဘတွေ အမတွေရဲ့ အစီအမံနဲ့တူပါရဲ့ကွာ…

ငါလို ငမွဲကောင်နဲ့ ရမှာစိုးလို့နေမှာပေါ့….

ဘာပဲပြောပြော စိုးကြီးရာ..ငါသူ့ကို တစ်ခါလောက်တော့တွေ့ချင်သကွာ..

အဝေးကနေဖြစ်ဖြစ်ပေါ့.”

ကျုပ်လည်းစိတ်ထဲကတကယ့်ဆန္ဒကို ထုတ်ပြောမိပါတယ်…

“မင်းခံစားရတာကိုငါကောင်းကောင်းနားလည်ပါတယ် ကွာ….

ဒါပေမဲ့…မင်းမတွေ့ သင့်တော့ဘူး…..တွေ့ရင် မင်းစိတ်ထိန်းနိုင်မယ်ငါမထင်ဘူး…

တစ်ခုခုဖြစ်ရင်မကောင်းဘူးကွာ…အိမ်ထောင်လည်းကျနေပြီဆိုတော့…

မေ တောင် ငါ့ကိုမင်းအကြောင်းတွေမေးရင်း..မျက်ရည်စမ်းစမ်း စမ်းစမ်း နဲ့…

တော်သေးတာပေါ့..အိမ်မှာသူ့ယောက်ကျားရှိမနေလို့”

ကျုပ်တို့နှစ်ယောက် ဘယ်လောက်ချစ်ခဲ့ကြတယ်ဆိုတာ ကောင်းကောင်း

သိနေတဲ့ စိုးကြီးက တွေးတွေးဆဆပြောပါတယ်…..

ကျုပ်ကိုယ်တိုင်လည်း…ကိုယ့်ကိုကိုယ်ထိန်းနိုင်မယ် မသေချာ…

“အေးပါကွာ…ငါကလည်း ငါ့ဆန္ဒကိုသာပြောတာပါ…ဒါနဲ့သူ့အိမ်ထောင်ဖက်

အခြေအနေလေး သိသလောက်ပြောပြပါအုံး” လို့ကျုပ်ကမေးတော့…

“သူ့အမျိုးသားက ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက်ပဲကွ…တွံတေးကပဲ..

ငါတွေ့ခဲ့ရတဲ့ အိမ်ကြီးကလည်း တော်တော်ပြည့်ပြည့် စုံစုံနဲ့ပါ…

သားသမီးတော့မရသေးဘူး”

“အင်း…လင်ကောင်းသားကောင်းရသွားတာကို ပဲ ၀မ်းသာပါတယ်ကွာ

ငါဆို..သူ့ကိုတင့်တောင်းတင့်တယ်ထားဖို့မပြောနဲ့…မင်းသိတဲ့အတိုင်း

ကိုယ်တောင်ငတ်တစ်လှည့်ပြတ်တစ်လှဲ့”

ဒါပေမဲ့ ..ဘယ်လိုမှမေ့လို့မရ…ဖြူဖြူစင်စင်နဲ့ပဲ သတိရနေရတော့မှာပေါ့ မေရယ်..

လို့စိတ်ထဲကပဲပြောနေမိပါတယ်….

……………………………………………………………………………..

……………………………………………………………………….

………………………………………………………………………..

ဇန္န၀ါရီလရဲ့ တနင်္ဂနွေနံနက်ခင်းလေးဟာ မြူနှင်းတွေ့ဝေလို့

လွမ်းမောဖွယ်ရာ လှပလို့နေပါတယ်..

ရွှေတိဂုံဘုရား အရှေ့ဖက် မုခ် ဘက်လျှောက်လာနေတဲ့ သူတွေကိုငေးကြည့်ရင်း..

သူ ဘယ်လိုပုံဖြစ်နေမှာပါလိမ့်…ငါမှတ်မိနိုင်ပါ့မလားလို့ ကျုပ်တွေးနေမိတယ်…

၂၇ နှစ်ဆိုတဲ့အချိန်အတွင်းမှာ အများကြီးပြောင်းလဲသွားနိုင်တာကိုး….

နာရီကိုတစ်ချက်ငုံ့ကြည့်ပြီး ပြန်အမော့မှာ ခပ်လှမ်းလှမ်းကလျှောက်လာနေတဲ့

အမျိုးသမီးတစ်ဦးကို သတိထားလိုက်မိပါတယ်…ကြည့်နေရင်း…လေးငါးခြောက်လှမ်း

အကွာလောက်ရောက်တော့…ရပ်လိုက်ပြီး ကျုပ်ကိုကြည့်နေရာက ပြုံးပြပါတယ်..

“မေ…”

“အကို…”

တကယ်တန်းကျတော့ ငယ်ရုပ်ကိုနှစ်ဦးလုံး ဖမ်းပြီး မှတ်မိကြပါတယ်….

သူက အရင်ထက်နဲနဲပိန်ပြီး မျက်နှာကတော့ အရေးအကြောင်းလေးတွေ

ပေါ်စပြုပါပြီ…ဒါပေမဲ့ ပြုံးလိုက်တဲ့အခါမှာတော့…အရင်ကလိုပဲထင်ရတယ်…

 

ကျုပ်တို့ ရွှေတိဂုံဘုရားတက်ဖူးပြီး သူလျှောက်ချင်တဲ့ ကန်တော်ကြီးဖက်

စကားပြောရင်းလမ်းလျှောက်ခဲ့ကြပါတယ်….

သူက ဘာကြောင့် ကျုပ်နဲ့ အဆက်ပြတ်ခဲ့ရတယ်ဆိုတာ ပြန်မပြောသလို

ကျုပ်ကလည်း မသိချင်တော့လို့ မမေးဖြစ်ပါဘူး…

အဲဒီလိုပဲ…သူနဲ့ချစ်သူတွေသာဖြစ်ခဲ့ကြပေမဲ့…သူ့ကိုရီးစားစာ

တစ်စောင်မှ ကျုပ်မပေးခဲ့ဖူးကြောင်းကိုလည်း…ဆက်လက်ထိန်ချန်ထားလိုက်ပါတော့တယ်…

နှစ်ယောက်စလုံး

လက်ရှိအခြေအနေတွေ..မိသားစုအကြောင်းတွေ..

သူငယ်ချင်းတွေအကြောင်းတွေသာ…ပြောဖြစ်ကြပါတယ်…

ကျုပ်က ယူလာတဲ့ သားနဲ့သမီးပုံထုတ်ပြတော့…သေချာကြည့်ပြီး

အကို မေနဲ့ မရခဲ့တာ ကံကောင်းတာပေါ့..တဲ့..အကို့မိသားစုလေးက

ပျော်စရာလေး…သူ့မှာတော့ ကလေးမရနိုင်လို့ အခုလိုအသက်ကြီးလာချိန်မှာ

အိမ်ထောင်ရေးက ခြောက်သွေ့နေကြောင်း…ယောက်ကျားကလည်း

စီပွားရေးနဲ့ပဲအချိန်ကုန်.. သူ့မှာလည်း ပန်းနာရောဂါကြောင့် ဆရာမအလုပ်ကလည်းထွက်လိုက်ရပြီဆိုတော့..ဘ၀မှာ

ငြီးငွေ့စရာဖြစ်လာနေကြောင်း…ဒါကြောင့် ပြည်တွင်းရော

ပြည်ပပါ ဘုရားဖူးထွက်လိုက်၊  အမတွေရှိရာ နိုင်ငံခြားသွားလည်နေလိုက်၊

ကျန်တဲ့အချိန်တွေကိုတော့ တရားဓမ္မနဲ့သာ မွေ့လျော်နေကြောင်း

…ကျုပ်နဲ့ တွေ့ချင်နေတာ နှစ်ပေါင်းများစွာ ကတည်းကပေမဲ့ လူက အသက်ငယ်သေး၊ မရင့်ကျက်သေးတော့ အမှားမဖြစ်ရအောင် အောင့်ဧည်းနေခဲ့ရကြောင်း…အခုတော့

အသက်တွေလည်းထောက်လာ..ကျန်းမာရေးကလည်း မကြာမကြာ

ဖေါက်လေ့ရှိတော့…အင်း..ငါမသေခင် အကိုနဲ့တော့

တစ်ခါလောက်တွေ့ချင်တယ်လေဆိုပြီး..ရန်ကုန်ကိုတမင်လာလည်ခဲ့တာဆိုတဲ့အကြောင်း

စီကာပတ်ကုံး ပြောပြပါတယ်…ကျုပ်ကိုလည်း မိသားစုလေးနဲ့ အဆင်ပြေပြေတွေ့ရလို့

သူသိပ်ကိုဝမ်းသာရပါကြောင်းလည်း တတွတ်တွတ်ပြောပါသေးတယ်…

သူ့ကြည့်ရတာလည်း သူ့အလိုဆန္ဒပြည့်သွားလို့ထင်ရဲ့…

မနက် တွေ့ခါစတုန်းကနဲ့မတူ မျက်နှာကလေးကြည်ပြီးပေါ့ပါးလန်းဆန်းနေပါတယ်..

ဒီလိုနဲ့ သူပြောကိုယ်ပြောနဲ့ အချိန်ကိုကြည့်တော့ ၁၁နာရီထိုးတော့မယ်…

ဒါနဲ့ပဲ ကျုပ်အဆိုပြုတဲ့ အတိုင်း မြို့ထဲ ကိုသွား၊ သူ့ နဲ့အတူမနက်စာစားပြီး

သူပြန်ဖို့ ပန်းဆိုးတန်း ကူးတို့ဆိပ်ကိုလိုက်ပို့ခဲ့ပါတယ်…………

ဒလဘက် ကူးတဲ့ သဘောင်္ပေါ်ကနေ သူလက်ပြတော့ လက်ပြန်ပြရင်း..

ငယ်ငယ်တုန်းက မေ့ ကိုတွေ့ဖို့ တွံတေးကို သွားခဲ့တာ သတိရဖြစ်အောင်ရလိုက်ပါသေးတယ်…

အော်…အခုတော့လည်း ဖြူစင်တဲ့ သံယောဇဉ်လေးတွေနဲ့ပေါ့……

တော်သေးဘီ…

အားလုံးကိုလေးစားခင်မင်လျှက်…

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

`

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)