သူ့ကိုသတိရတိုင်း သစ်ပင်တစ်ပင်စိုက်တယ်။ ဒါဟာ သူနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့စိတ်ထွက်ပေါက်တစ်ခုပဲ။ ကိုယ်စိုက်တဲ့ အပင်လေးတွေရှင်သန်လာတိုင်း သူ့အပေါ်ထားတဲ့ ကိုယ့်သံယောဇဉ်တွေဟာ ပိုမိုခိုင်မာလာ တယ်လို့ ထင်ရတယ်။ ကိုယ့်အတွက် ကိုယ်စိုက်တဲ့သစ်ပင်တွေဟာ သူ့ကိုယ်ပွားတွေပေါ့။ သူဟာသစ်ပင်တစ်ပင်ဆို ကိုယ်ဟာသူ့ရဲ့ဥယျာဉ်မှူးလည်းမဟုတ် သူ့ကိုအလှဆင်ပေးတဲ့ သစ်သီး ၊ ပန်းပွင့်တွေလည်းမဟုတိုယ်ဟာ သူအားမာန်အပြည့်နဲ့ ရှင်သန်နိုင်အောင် ပံ့ပိုးပေးတဲ့ မြေဆီမြေနှစ်သာ ဖြစ်ချင်တာ။သူ့မျက်နှာပေါ်က မှဲ့လေးတစ်စက်နဲ့ သူ့အပြုံးတွေဟာ ကိုယ့်အတွက် ဘယ်တော့မှမမေ့နိုင်တဲ့အမှတ်သညာတွေပေါ့။ သူအမြဲတမ်းပြုံးနိုင်ပါစေ ကိုယ်ဆုတောင်းတယ်။ သူ့ချစ်သူနဲ့ အဆင်ပြေပါစေကိုယ်ဆုတောင်းတယ်။ သည်ဆုတောင်းတွေ သူမသိလည်း သူ့အပေါ်အကျိုးသက်ရောက်ပါစေ။
သူ……ရေ အချစ်ဆိုတာ ပွင့်လန်းတော့မယ် ပန်းပွင့်လေးလိုပဲ။ မိုးစက်မိုးပေါက်လေးတွေ အငွေ့အသက်ရမှ ပွင့်လန်းလာတတ်တာလေ။ မိုးစက်မိုးပေါက်တွေ များလာရင်တာ့ ပွင့်လန်းမယ့်ပန်းပွင့်လေးဟာ ဖူးငုံသွားတတ်တယ်။ ကိုယ့်အချစ်တွေဟာ သူ့အပေါ်မှာ သည်းခဲ့တယ်ထင်တယ် သူ။ သူဟာ ကိုယ့်လက်ထဲက ပြဒါးလုံးလေးလား။ ကိုယ့်လက်ပေါ်မှာတုန်းက အကောင်းသား။ ကိုယ်လိုချင်ရက်နဲ့ ဆုပ်ကိုင်လိုက်ကာမှ သူနဲ့တွေ့ရင် ကိုယ်ဘာလုပ်မလဲဆိုတာကို သူသိချင်လား။ သူ့လက်ကလေးကိုင်ပြီး သူ့နဖူးလေးကိုသာ အနမ်းခပ်ဖွဖွ ကိုယ်ကပေးချင်တာ သူ….။ အဲသည့်နေ့က သူသိပ်လှနေတယ် ကိုယ်ပြောတော့ သူက ကိုယ့်ကိုပြုံးပြတယ်။ အဲသည်နေ့က သူ့အပြုံးကို ကိုယ်ဘယ်တော့မှ မမေ့ဘူး။ အဲသည်နေ့က သူ့အပြုံးကို အပြင်မှာ နောက်ဆုံးမြင်ရခြင်းဆိုတာကိုလည်း ကိုယ်မသိခဲ့ဘူး။

 

နံနက်ခင်းရဲ့ အေးစက်တဲ့အနမ်းတစ်ခုနဲ့အတူ သူ့ကိုလွမ်းတယ်။ လွမ်းဆွတ်မိတိုင်း ကိုယ့်ဘဝအသစ် ပြန်ရသလိုလိုနဲ့။ သူဟာ ကိုယ့်အတွက်နဲ့ ဥပေက္ခာတွေကို ပြည့်ဝစွာ စားသုံးထားတယ်။
သူ….ဟာ ကိုယ့်ချစ်သူပါ။ သူ….ဟာ ကိုယ့်ကိုချစ်သူလို့မသတ်မှတ်ပေမယ့် သူ….ဟာ ကိုယ်ချစ်ရတဲ့သူမို့လို့ ကိုယ့်ရဲ့ချစ်သူလို့ သတ်မှတ်တာဟာ ကိုယ်အတ္တလို့ သူစွပ်စွဲမယ်ဆိုလည်း စွပ်စွဲလိုက်ပါ…သူ။ သူ……ဟာ ကိုယ့်ချစ်သူပါ။ သစ္စာ ၊ ကတိ ၊ စောင့်ဆိုင်းခြင်း ၊ ကျန်ရစ်ခြင်း ၊ တိတ်ဆိတ်ခြင်း ၊ ငြိမ်သက်ခြင်း ၊ အလွမ်း ဘယ်လိုပဲ ခံစားချက်တွေ စုံလင်နေပါစေ…..သူ။ ကိုယ်ဟာ အချစ်ရဲ့ ခေါင်းစဉ်အောက်မှာ ရှိနေသူ တစ်ယောက်ပါ….သူ။ သူ့ကိုချစ်တဲ့ အချစ်တွေနဲ့ အတူတူပေါ့။ အချစ်ဆိုတာ အတ္တတွေကို အမျိုးမျိုးခေါင်းစဉ် တပ်ထားတဲ့ အစုအဝေးကြီးတစ်ခုတဲ့…..သူ။ ဒါဆိုရင် သူ့အတွက်ကိုယ့်ရဲ့ အဘ္တဖြူဖြူတွေကို ဘယ်လိုခေါင်းစဉ် တပ်မလဲ ကိုယ်သိချင်ပါရဲ့။ သူ့ရဲ့လက်ကိုဆုပ်ကိုင်ပြီး အနမ်းခပ်ဖွဖွပေးချင်တာတွေဟာ ကိုယ့်ရဲ့အတ္တဖြူတွေပေါ့။

 

နှစ်လွှာပေါင်းမှတစ်ရွက်တဲ့။ စွယ်တော်ရွက်ဆိုတာ သူသိမှာပါ။ တကယ်တော့ တစ်ရွက်ထဲကို နှစ်လွှာကွဲနေတာကို မမြင်မိကြဘူး….သူ။ ကိုယ်နဲ့သူဟာ တစ်ရွက်ထဲနဲ့ နှစ်လွှာကွဲနေတဲ့သူတွေမှန်း နောက်ကျမှသိခဲ့ရတယ်။ ဆက်ထုံးတစ်ခုဟာ ခိုင်မလိုလိုနဲ့ ပြေလျော့တတ်တယ်……သူ။ ကိုယ့်ဘက်က ဆက်ထုံးက ခိုင်ခဲ့ပေမယ့် သူ့ဘက်က ပြေလျော့ခဲ့တယ်ဆိုတာ သူသိမှ သိပါ့မလား။
Message , Incoming Call နတ္တိနဲ့ အသက်မဲ့တဲ့ နံနက်ခင်းများစွာကို ကိုယိပိုင်ဆိုင်နေပြီ…….သူ။ အဆုံးသတ်တော့မယ့် ဇာတ်လမ်းတစ်ပုဒ်ကို သိနေရက်သားနဲ့ သူက တစ်ကပြန်စမယ်ဆိုတဲ့ ခပ်ရွတ်ရွတ်စကားတွေကြောင့် ကိုယ့်မျှော်လင့်ချက်တွေ အရောင်တောက်ခဲ့ဖူးတယ်။ နောက်တော့ ဒါဟာ ရူးသွပ်မှုတစ်ခုသာသာဆိုတဲ့ အတွေးဟာ ဦးနှောက်ထဲကို စီးဝင်လာပြန်တယ်…………….သူ။ သူ့အတွက် ကိုယ် တက်တူးထိုးတယ်။ ဘယ်သူမှမမြင်နိုင်တဲ့ နေရာတစ်ခုမှာပေါ့။ သူတစ်ဦးတည်းသာ မြင်ရမယ့် တက်တူးမျိုး။ သူမမြင်နိုင်တာကို ကိုယ်ဝမ်းနည်းတာ။ တစ်နေ့နေ့များ ကိုယ်ပြခွင့်ရခဲ့မယ်ဆိုရင်………….။

 

ကိုယ့်ဘဝမှာ နောင်တဆိုတာရှိခဲ့မယ်ဆိုရင် အဲသည်နောင်တဟာ သူ့ကို မွတ်သိပ်စွာ ချစ်ခဲ့မိတဲ့ နောင်တပဲဖြစ်လိမ့်မယ်။ အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးဆိုပေမယ့် မတရားမှုတွေတော့ ရှိနေတုန်းပဲ…သူ။ သူလည်း မမြင်နိုင် ကိုယ်လည်း မမြင်နိုင် စိတ်နဲ့သာ ခံစားနိုင်တဲ့ စိတ်နဲ့သာကျူးလွန်နေတဲ့ မတရားမှုတွေပေါ့။ သူဟာ ကိုယ့်အပေါ်မှာ စိတ်နဲ့မတရားမှုပေါင်းများစွာ ကျူးလွန်ခဲ့နေတဲ့ တရားခံလို့ ကိုယ်စွပ်စွဲမိတာ မှားလား။ ကိုယ်ဟာ သူ့ရဲ့ကောင်းကင်အောက်က မြူတစ်မှုန်ပါ….သူ။ သူ့ရဲ့ကောင်းကင်ပြာပြာကြီးကို ဘယ်အချိန် ဘယ်နေရာကြည့်ကြည့် ကိုယ်မြင်နေရပေမယ့် ကိုယ့်လိုမြူမှုန်သာသာလောက်ကို သူမမြင်နိုင်တာ မဆန်းပါဘူး။ ကိုယ်ဟာ သူ့အတွက် မြူတစ်မှုန်ပါ။ လူတစ်ယောက်ကို ဟန်ဆောင်ချစ်ဖို့က မလွယ်ဘူး…..သူ။ စိတ်အလိုလိုက်ပြီး ချစ်ဖို့ကတော့ လွယ်ကူမယ်ထင်တာပဲ။ သူဟာ ကိုယ့်အပေါ်စိတ်အလိုလိုက်ခဲ့သလား။

 

သူဟာ မိုခါကော်ဖီကြိုက်သလို သူဟာ ဝိုင်နီတစ်ခွက်ကိုလည်း မက်မက်မောမော သောက်တတ်တယ်။ ကောက်ဖီသောက်တိုင်း သူပြုံးတတ်တဲ့အပြုံးနဲ့ ဝိုင်နီသောက်တိုင်း သူ့ရဲ့ရီဝေဝေအပြုံးတွေဟာ သိပ်ကိုဆွဲဆောင်အားပြင်းလွန်းနေတယ်။ အချစ်တစ်ခုရဲ့အခြားတစ်ဖက်မှာ မာနရှိသလား၊ မာနတစ်ခုရဲ့ အခြားတစ်ဖက်မှာ အချစ်ရှိသလား…….သူ။ ဒါမှမဟုတ် အချစ်နဲ့မာနဟာ တစ်ခါတည်း တွဲလျက်နေတာလား။ အဖြေမထွက်သေးတဲ့ကိုယ့်ရဲ့ ပုစ္ဆာတစ်ပုဒ်ကို ကိုယ်အခုထိအဖြေရှာနေတုန်းပဲ။ တစ်ခါတစ်ရံ သူ့နှုတ်ခမ်းပါးလေးကို လွမ်းသလို၊ တစ်ခါတစ်ရံ သူ့နှုတ်ခတ်ပါးတွေကို ကိုယ်မုန်းတယ်…..သူ။ ကိုယ်မုန်းတယ်။ ဒါဆို အချစ်တစ်ခုရဲ့အခြားတစ်ဖက်မှာ မာနတွေရှိတာပေါ့။ ပုံသေမရှိတဲ့ ပုံသေနည်းတစ်ခုကို  ပုံသေနည်းထုတ်ဖို့ ကိုယ်မကြိုးစားတော့ဘူး…….သူ။ ကိုယ့်ရင်ထဲက ဆူးတစ်ချောင်းကို ဆွဲနှုတ်ပစ်ဖို့ ကိုယ်ကြိုးစားနေတုန်းပါပဲ။

 

အနာရွတ်တဲ့။ ဟုတ်တယ်…..သူ။ ဒဏ်ရာတစ်ခုပေါ်က စိုက်ဝင်နေတဲ့ ဆူးတစ်ချောင်းကို ဆွဲနှုတ်ပစ်မယ်ဆိုရင် အဲသည်အရာရဲ့ အကျိုးသက်ရောက်မှုက အနာရွတ်တစ်ခုတော့ ကျန်ခဲ့မှာပဲ။ တစ်ဆစ်ဆစ်နာကျင်နေမယ့် အစား အနာရွတ်တစ်ခုကို မဲ့ပြုံးပြုံးပြီး ကြည့်နိုင်ဖို့ မာနလေးအနည်းငယ်တော့ ကိုယ့်အတွက် ချန်ထားခွင့်ပေးပါ ………..သူ။ အလွမ်းလို့မခေါ်ထိုက်တဲ့ ဖြူလွှလွှခံစားမှုတစ်ခု ၊ အသည်းကွဲခြင်းမခေါ်ထိုက်တဲ့ အနည်းငယ် နက်ရှိုင်းတဲ့ အနာရွတ်တစ်ခု ၊ လိုချင်တပ်မက်မှုလို့မခေါ်ထိုက်တဲ့ သူ့အပေါ် တပ်မက်မှု ၊  မာနလို့မခေါ်ထိုက်တဲ့ မဲ့ပြုံးတစ်ခုနဲ့ ကိုယ့်ကျေကျေနပ်နပ် နေခဲ့မယ်ဆိုတာ ကိုယ်မျက်ရည်မကျဘဲ ပြောပြချင်တယ်။ ကိုင်တွယ်မရနိုင်တဲ့ စိတ်ခံစားချက်တစ်ခုကို ခံစားမိစေဖို့ စကားလုံးတွေနဲ့ဖွင့်အံ့ချချင်တဲ့အတွက်။ သူ့ကိုချစ်တဲ့စာသားတွေကို သူမတွေ့ဘူး မမြင်ခဲ့မိဘူးဆိုရင်တောင် ကိုယ်ကျေနပ်ပါပြီ။ ကျေးဇူးပြုပြီး ဒီခေါင်းစဉ်လေးအောက်မှာပဲ ကိုယ့်ကိုနေခွင့်ပြုပါ။ သူ့………ကို…….ချစ်…….သော………..စာ….သား…………များ။

 

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

၂၀၁၄ခုနှစ် ဧပြီလ ၂ရက်နေ့

ညနေ (၄)နာရီ (၄၄)မိနစ်

 

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

About အောင် မိုးသူ

ဘကြီး အောင် has written 220 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။