166431_171635209540514_6059203_n

 

..ဖျားတာလဲ အကြာကြီးဘဲ..။
ထမင်းမာမာလဲ စား၇တာမဟုတ်တော့ ကြက်စွတ်ပြုတ်နဲ့ ဆန်ပြုတ်နဲ့ ဘဲ စားရတာ..။ အသည်းရောင်
အသားဝါဆိုတော့ ဆီလဲ မစားရဘူးတဲ့..။
မစားနဲ့ ဆိုလဲ မစားဘူးပေါ့လေ.။
အဲဒီအချိန်တွေကစပြီး အဖော်မဲ့ သွားသလိုတော့ ဖြစ်လာပါတယ်..ဒါပေမယ့် မောင်နှမ၀မ်းကွဲတွေက ပိုချစ်လာကြသလိုဘဲ..ပိုပြီးဂရုစိုက်လာတာက ဟိုကွန်မြူနစ် ဦးလေးလေ..ဗိုလ်ရောင်နီ..။
ဦးလေးကတော့ ပြောပြပါတယ်..မြိုင်တို့ ပြောင်းသွားရတာ ချို့ တဲ့ လို့  သူများစေရာ ပြောင်း၇တာ….
ငြင်းလို့ မရဘူးတဲ့ ..
ဒါကြောင့်ငါ့တူလဲ ဘူဇွာလူတန်းစားတွေကို မုန်းရမယ်..ပစ္စည်းမဲ့ တွေကို ညှာတာ၇မယ်တဲ့ …
ကိုယ်ကလဲနည်းနည်းငယ်သေးတော့ အကုန်လုံးတော့ နားမလည်ဘူး..နည်းနည်းဘဲ သိတယ်..
“ ပစ္စည်းမဲ့ တော်လှန်ရေး”ဆိုတဲ့ စကားလုံး..အင်အားတွေပါနေသလို ထင်မိတယ်..။
စိတ်လဲ ၀င်စားမိတယ်.
ဦးလေးပြောသလိုဆို ကျနော်တို့ ပါတ်ဝန်းကျင်မှာတင်..ဆင်းရဲသားတွေ အများကြီးဘဲ..။
ကျနော့်သူငယ်ချင်းမ သေးလီတို့ တောင် ရေခပ်ပြီး အိမ်တကာထည့်ပေးမှ ထမင်းနပ်မှန်တာ..။
သူတို့ နဲ့ ကတော့ ကစားဖော်တွေပေါ့..။
ခုနင်က ပြောသလိုဘဲ ဦးလေးကားမောင်းပြန်လာချိန်တွေမှာ ဦးလေးကို လမ်းမက ထိုင်စောင့်ရင်စောင့်
ဒါမှမဟုတ် အိမ်ရှေ့ က ခုံတန်းလေးမှာ စောင့်ချင်စောင့်ပေါ့..။ ဦးလေးလာရင်ဦးလေးတို့အိမ်လိုက်သွားတာ..
အဘွားတို့ အိမ်နဲ့ က လှမ်းခေါ်ရင်တောင် ကြားတယ် ..ဟိုမှာလဲ မောင်နှမတွေ ရှိတာဘဲလေ..
ဦးလေးမှာ သား၃ယောက် သမီး ၃ယောက်ရှိတာ..အငယ်ဆုံးသမီးတောင် ကျနော့်ထက် ကြီးတယ်..။
ကျနော်က သူ့ ကို ညီမလေးလို့ ခေါ်တာ..အမှန်က သူ့ အိမ်က အကိုအမတွေက အငယ်ဆုံးမို့ ညီမလေးလို့ ခေါ်တာလေ။အဲဒါ ကိုယ်ကပါ ညီမလေးခေါ်နေတာဘဲ..။
ဒီလိုနေယင်းကနေ ကျနော် ၃ တန်းကျောင်းသားဖြစ်လာတယ်..။
မိဘတွေနဲ့ ခပ်စိမ်းစိမ်းနေပေမယ့် ဦးလေးတွေ အဒေါ်တွေနဲ့ ကတော့ ပိုရင်းနှီးလာတယ်..။
ဦးလေးရဲ့ ကွန်မြူနစ်တွေကလဲ ပိုပြီး ဟောတာတွေ လက်ကွက်စိပ်လာတယ်..။ ဦးလေးကတမျိုး သူ့ သားသမီးတွေဆို မုန့် ဘိုးတွေဘာတွေ သိပ်ပေးလေးပေးထမရှိဘူး.. ညီမလေးက မုန့် တွေဘာတွေ ညနေဘက် ရုပ်ရှင်ဈေးတန်းမှာ စားချင်ရင် ကျနော့်ကို လာပြီး မုန့် ဘိးု တောင်းဘိုတိုးတိုးတိတ်တိတ်လာပြောထားတတ်တယ်..။
ဦးလေးပြန်လာရင်တော့…ကျနော်
“ မာမူကြီး.. ညီိညီတော့ ပစ္စည်းမဲ့ လူတန်းစားဖြစ်နေပြီနော်” လို့ ပြောလိုက်တာနဲ့ ..
“ သိပ်ရတာပေါ့..ရဲဘော်ရယ်၊ ရော့ကွာ ၅ကျပ်ယူထား..ကြိုက်တာဝယ်စား” ဆိုပြီးပေးလိုက်တာဘဲ..။
အဲလိုဆို ညီမလေးက အံ့တွေ သြနေလိုက်တာလေ..။ ဟုတ်တယ် ကျနော်တို့ ကျောင်းမုန့် ဘိုး၇တာ တနေ့ မှ တစ်မတ် ပြား၂၀လောက်ဘဲရတာလေ..။
မုန့် တွေ ၀ယ်စားနေရင်းက ညီိမလေးက ချော့မေးတတ်တယ်..
“ညီညီ ခုနက အဖေ့ကို ဘယ်လိုပြောလိုက်တာလဲ..ပိုက်ဆံ အများကြီးပေးတယ်”
“ ညီိမလေးကလဲ..ဒါ ကွန်မြူနစ်တွေချင်းဘဲ နားလည်တာဟ..ညီမလေးမသိသေးပါဘူး၊
ညီညီပြောလိုက်တာ ပစ္စည်းမဲ့ လူတန်းစားဖြစ်နေပြီလို့ ပြောလိုက်တာ”
“ အဲလိုပြောရင် မုန့် ဘိုးရတယ်ပေါ့လေ..”
“ဟုတ်”
“ငါ..ပြော၇င်ရောပေးမှာလားမသိ”
“ မနက်ဖြန်ကျ ပြောကြည့်လေ”
“ အေး”
…..
…..
ကျနော်ကွန်မြူနစ်ဆရာအလုပ်ကောင်းလို့ နောက်ရက်ကျ ညီိမလေး တုတ်နဲ့ဆော်ခံထိတာဘဲ..
ခါလာကြီးနဲ့ မာမူကြီးလဲ စကားတွေများ ရန်တွေ ဖြစ်ကုန်ရော..
ညီမလေးက ကျနော့်လိုပြောပြီးတောင်းတာကို မာမူကြီးက ရိုက်တာ..ခါလာကြီးကိုလဲ ခလေးကို မုန့် တွေ
အ၀တ်အစားတွေ ၀ယ်မကျွေးလား ၀ယ်မပေးလားဆို ပြီး မိခင်တာဝန်မကျေတာတွေရော ဘာတွေရော
ရှုပ်နေတာဘဲ..။ ဖြစ်တာက နေ့ လည်ဘက်ကြီး..သတိထားမိတာက မာမူကြီး ကားနားတဲ့ နေ့ ….။
ခါလာကြီးက ကျနော့်ကို ညီိမလေးနဲ့ အခေါ်ခိုင်းတယ်.. ဒီစကားပြောတာချင်းအတူတူ
ညီမလေးကိုကျဘာလို့ ဆူ၇၇ိုက်ရတာလဲ သိချင်လို့ တဲ့ ..။
ကျနော်က ညနေလောက်မှ လာမယ်..အခု အထွန်း( ဗိုလ်လင်္ကျာ)နဲ့ အရေးကြီးလို့ သွားမလို့ လို့ ပြော
လိုက်တယ်..။
ညနေစောင်းလောက်ကျမျ မာမူကြီးဆီ ကျနော်သွားတာ..ကျနော်သိတယ်..ဒီအချိန်ဆို မာမူကြီးက
“ ဒီအချိန်ရောက်လာရင်ကွယ်..ကျနော့်စိတ်တွေ ဖောက်ဖောက်လာတယ်” သီချင်းလေးညည်းရင်း
အရက်သောက်နေပြီ။ နည်းနည်းလဲ မြူးနေလောက်ပြီ..။
“ ခါလာကြီးးးးး မာမူကြီး..ညီညီ လာပြီ..”
“ အံ့မလေး….လာပါတော် လာပါ..အကို့ ကိုဘဲစောင့်နေတာပါ..ထမင်းရောစားပြီးပြီလား..စားမှာလား၊
မျှစ်နဲ့ အမဲသားချက်ထားတယ်”
“ ဟန့်အန်း.. မဆာသေးဘူးခါလာကြီး”
ကျနော့်အဒေါ်က ပြုံးပြုံးရွှင်ရွှင်ပါဘဲ..
ကျနော်က မာမူကြီးပေါင်ပေါ်တက်ထိုင်ရင်း…
“ညီမလေးနဲ့ ခေါ်ခိုင်းတယ်ဆို”
“ အေး”
“ ညီညီ..ပြောရင် မုန့် ဘိုးရတယ်ဆိုလို့ နင့် တို့ ညီမလေးပြောတာ နင့်မာမူက ရိုက်တယ်..ညီညီပြောတာနဲ့ ဘာကွာလို့ လဲ”
“ ညီမလေးက ဘယ်လိုပြောလဲ”
“ ငါလဲ နင်မှာထားသလိုဘဲ ပြောတာပေါ့ဟာ..အဖေက ရိုက်တယ်”
“ ညီမလေးက ဘယ်တုန်းက ပြောတာလဲ”
“ နေ့ လည်ကလေ…”
ကျနော်ပြုံးနေတော့ ခါလာကြီးရော ကျန်တဲ့ မောင်နှမတွေရော ကျနော် ဘာပြောမလဲလို့  စောင့်နေကြတာ။
မာမူကြီးကတော့ အရက်ကလေးမော့လိုက် ပဲလှော်လေးဝါးလိုက်နဲ့  ကျနော့်ကို မှေးကြည့်နေတာ..
ကျနော်ပြောရခက်တာပေါ့… မာမူကြီး ရှေ့ မှာဆိုတော့..။
အကိုတွေအမတွေကလည်း ပြောပြဘို့ ဝိုင်းပြောနေကြတာ…ညီမလေးကြည့်၇တာလဲ…ပြောတာချင်းက
စကားချင်းတူပြီး ဘာများကွာလို့ ရိုက်ခံရတာလဲ တွေးနေပုံဘဲ..
ကျနော်ကလဲ ပေနေတယ်..ပြောရခက်တာကိုး…
ခါလာကြီးက ချွေးခံအိပ်ထဲ လက်နှိုက်ပြီး..ပြန်ထုတ်လိုက်တော့ ၅ကျပ်တန်တစ်ရွက်။
“ ကဲ..ရော့..ခါလာမုန့် ဘိုးပေးမယ်..အကုန်မုန့် ဝယ်စား”
ကျနော်က ခါလာကြီးလက်ထဲက ပိုက်ဆံကို တစ်လှည့် ၊နေ့ တိုင်းရွှေဥတစ်လုံးကျ ဥပေးနေတဲ့ 
ကွန်မြူနစ်ရွှေငန်းကြီးကို တစ်လှည့်ကြည့်ရင်းခေါင်းကုတ်နေတာ..။
ကျနော့်အခက်အခဲကို မာမူကြီးက သိနေပုံရတယ်..မျက်ရိပ်ပြလိုက်တယ်..ယူလိုက်ပေါ့..။
အားနာပေမယ့် ပိုက်ဆံ ၅ကျပ်ကို ကျနော် ယူလိုက်တယ်..ပြီးတော့ မာမူကြီးပေါင်ပေါ်က ဆင်းပြီး
ညီမလေး လက်ကို ဆွဲကိုင်ထားလိုက်တယ်..လက်ကို ညီိမလေးသိအောင်ဆုပ်ပြီး ညှစ်လိုက်တယ်။
သဘောကတော့ အသင့်ပြင်ပေါ့..။
“ အဲဒီအချိန်မှာ မပြောရဘူး”
“ အောင်မယ်လေးတော်..ဘယ်အချိန်မှာ ပြောရမလဲ ”
“ခါလာကြီးကလဲ…နောက်မှပြောမယ်”
“ ညီညီ..ခါလာပိုက်ဆံလဲ ပေးထားပြီးပြီနော်”
……
…..
“ အင်းးးမ် .. ပစ္စည်းမဲ့ လူတန်းစားတို့ ၊ကွန်မြူနစ်စကားတို့ ပြောချင်ရင်..အမ်းးး”
“ ပြောပါတော့ဟဲ့..တကတည်း”
..
“မာမူကြီးမူးနေတုန်းပြောရတယ်..အဲဒါမုန့် ဘိုး၇တယ်..”
“ဟမ်….”
ကျနော့်စကားလဲ ဆုံးရော မာမူကြီး အံ့အားသင့်သွားတဲ့ ဟမ် ကတော်တော်ကျယ်တယ်..
“ ညီညီ..ရဲဘော် မင်းသစ္စာဖောက်…မင်း ဖောက်ပြန်တဲ့ လူတန်းစား…မင်းကို
ဖြုတ်ထုတ်သတ်လမ်းစဉ်နဲ့ ဆုံးမမယ်ဟေ့” ဆိုပြီး အတင်းလိုက်ဖမ်းတော့တာဘဲ..။
မာမူကြီး ထလိုက်တာနဲ့ ကျနော်က ညီိမလေးလက်ဆွဲပြီးပြေးတာ ခြံဝတောင် ရောက်နေပြီ..
ကျနော်ပြေးမှာ ရုပ်ရှင်ဈေးတန်းပေါ့..ညီမလေးကို မုန့် ဝယ်ကျွေးရမှာလေ..။
အဲလို နဲ့ ကိုယ့်ဘဝလေး ငိုလိုက်ပျော်လိုက်နေလာရာကနေ …လုံးဝ မထင်မှတ်ထားတဲ့  ထောင့်လေးတစ်ခုကနေ ချစ်ပါတယ် ဆိုသူတွေရဲ့  စိတ်ကို မယုံနိုင်လောက်အောင် တွေ့ ရတာပါဘဲ..

တစ်ရက် ကျောင်းကနေ ထမင်းစားချိန်ဆင်းပြီး အိမ်ရောက်တာနဲ့  ထမင်းစားတော့မယ် အဘူလို့ ပြောတော့ အဒေါ် တစ်ယောက်က နင်ထမင်းမစားနဲ့  ဒီလာခဲ့ဦးလို့  ခေါ်ပါတယ်..
အဘူကို ကြည့်တော့ မျက်နှာသိပ်မကောင်းပါဘူး…
ကိုယ်ကလဲ ဗိုက်ကဆာနေပေမယ့် ကိုယ်ချစ်တဲ့ အဒေါ်ခေါ်တော့ လဲ သွားတာပေါ့..
အိမ်ရှေ့ စားပွဲမှာ အမေကြီးရယ် အဒေါ် ၄ ယောက်ရယ် မမရယ် ..ရှိနေတယ်.. အဒေါ်က..လေသံမာမာနဲ့ 
“ လာ..ဒီမှာထိုင် ”
“ ကဲ ..နင့်ကိုမေးမယ်..ငါမနက်က နင်နဲ့အတူ မျက်နှာသစ်ရင်း ငါ့လက်စွပ်ကို ခဏချွှတ်ပြီး စဥ့်အိုး နှုတ်ခမ်းပေါ်တင်မိရာက ပျောက်သွားတယ် ..နင်ခိုးတာမဟူတ်လား”
ရုတ်တရက် စနေတယ် ထင်ပေမယ့် မဟုတ်ပါဘူး….မျက်နှာတွေက ကြောက်စရာကောင်းနေတော့
“ ခါလာ..ကျနော် မယူဘူးလေ..ဘာဖြစ်လို့  ယူရမှာလဲ ..ကိုယ့်အဒေါ် လက်စွပ်ကို ”
“ ဟဲ့…နင်ကလွဲလို့  ဘယ်သူမှ မရှိဘူး ..ပေး လက်စွပ်” တဲ့…။
မယူပါဘူးလို့  ရှင်းပြပေမယ့် မမရဲ့ အမေက ထန်းဖလပ် ယပ်တောင်နဲ့  လက်တွေကို ရိုက်ပြိး စစ်တယ်..
နာပေမယ့် ကိုယ်မယူတော့ ဝန်မခံပါဘူး…
နောက် ကျန်တဲ့ အဒေါ်၂ယောက်ပါ ဝိုင်းရိုက်တဲ့အခါ အမေကြီးတနဲ့ အဘူ တားပါသေးတယ်..
မရပါဘူး…ရိုက်လိုက်ကြတာ…လက်ဖဝါးလေးတွေ နာလွန်းလို့  တဆတ်ဆတ်တုန်နေတာဘဲ…
မမက ဘာမှ ဝင်မပြောရဲတော့ ငိုနေတယ်….
ထပ်စစ်…ထပ်မေး …
မယူပါဘူးထပ်ငြင်းတော့ အဒေါ်က ရက်ရက်စက်စက် လက်ဝါးကို အပ်နဲ့ ဆွ တယ် ထိုးတယ်…
နာလိုက်တာ …
နာလိုက်တာ…. အဒေါ်ရယ် လုပ်ရက်လိုက်တာ…
“ ခါလာ အဲလိုမလုပ်ပါနဲ့ လို့  တောင်းပန်တော့ ”
ခိုးတုန်းက ခိုးပြီး ခုမျ မငိုနဲ့ တဲ့…..
အရမ်းဝမ်းနည်းတာဘဲ….ကိုယ်ချစ်တဲ့သူတွေ…ကိုယ့်ကို မယုံကြဘူး…
“ ကဲ ပြန်ပေးစမ်း ”
“ ကျနော်မယူပါဘူး….“
အဲလို ငြင်းနေချိန်မှာ မမအမေက လက်ကိုဆွဲယူပြိး လက်ဖဝါးပေါ်ကို သူသောက်နေတဲ့…အညာပြောင်းဖူးဖက် ဆေးလိပ်မီးတွေ ချွှေချတော့တာဘဲ…
“အာာာားးးးးးး ပူလိုက်တာ..ပူလိုက်တာ…
မီးနဲ့ ချွှေချလိုက် ထမ်းဖလပ်နဲ့ ၇ိုက်လိုက် အပ်နဲ့ ဆွလိုက်….
၃ တန်းအရွယ် ခလေးတစ်ယောက်ရဲ့  အသားတွေ လက်တွေတင်မက အသဲထဲကပါ…နာကျင်ခဲ့တယ်…
ငိုပါများတော့ အသံက မထွက်တော့ပါဘူး…
မျက်နှာတွေ ….မျက်နှာတွေ ..
ချစ်ခဲ့ကြတဲ့ မျက်နှာတွေ…..
စေ့စေ့ကြည့်ရင်း…ရင်တွေ တုန်လာတယ်..ရင်ဘတ်ထဲမှာ အောင့်တက်လာတယ်…
ဘာမှ မပြောတော့ပါဘူး..
ဘာမှ မဖြေရှင်းချင်တော့ပါဘူး….
ဘယ်လောက်ရိုက်ရိုက် အသံထပ်မထွက်တော့ ခေါင်းမာတယ်ဆိုပြီး ထပ်ရိုက်ပါသေးတယ်..
နောက်မှ မမအမျိုးသား ကိုဆွေက ရောက်လာပြီး..
“ ခင်ဗျားတို့  တော်လောက်ပြီ..ညီညီက ခင်ဗျားတို့  မွေးထားတဲ့ တူမဟုတ်ဘူးလား“
ဒေါသ တစ်ကြီးနဲ့  ကိုဆွေက ပြောပြီး အပြင်ခေါ်ထုတ်သွားခဲ့တယ်…
နောက်မှ ညီမလေးပြေးခေါ်လာလို့  မာမူဦးဟန်ရောက်လာပြီး…
သူ့ အမတွေ ညီမတွေကို ကျိန်းဝါ့းပြီး ကျနော့်ကို သူ့ အိမ်ကိုခေါ်သွားခဲ့တယ်…
ဟိုရောက်မှ ကျန်တဲ့ အမဝမ်းကွဲတွေက ဆေးထည့်ပေးတယ်..
ရှိုက်ငိုနေတဲ့ ကျနော်ဆီကို မာမူကြီး ရောက်လာတော့ မာမူကြီးကို ဖက်ငိုမိတော့တယ်..
အဲလို ဖက်ငိုနေတဲ့ ခလေးတစ်ယောက်ရဲ့  စိတ်ထဲမှာ တွေးနေတာက လူတေါဘယ်လောက်ချစ်တယ်ပြောပြော….
“ သူတို့  ပစ္စည်းဥစ္စာ ရွှေ ငွေ နဲ့  ယှဉ်လာရင် ချစ်တဲ့စိတ်တွေ ပျောက်သွားတာဘဲ ” လို့ တွေးနေခဲ့တယ်…
အဲလို တွေးနေရင်းနဲ့ မှ အတွေးတစ်ခုဟာ ခေါင်းထဲကို နက်နက်နဲနဲ စွဲဝင်သွားခဲ့တော့တယ်..
မာမူကြီး ပြောနေကျ…..
“ ပစ္စည်းမဲ့ ဝါဒ နဲ့  ပစ္စည်းမဲ့ တော်လှန်ရေး ”
“ ဘူဇွာ မုန်းတီးရေး….ဝါဒ ”
…..
…..
အရွယ်နဲ့ မမျှအောင် ခံခဲ့ရတဲ့  နှလုံးသားက တစစ်စစ် နာတတ်လာခဲ့တယ်..။

 

ဆက်ပါဦးမယ်

ခေါင်

 

About ကျော်စွာခေါင်

kyaw swar kaung has written 80 post in this Website..

ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။