ကိုယ့်ရေဒါမှာ နန္ဒာဟာ မြောက်ဘက်စူးစူးကနေ ညှို့နေတယ်

အလင်းပြန်တဲ့ နိယာမဟာ မင်းနှလုံးသားကို မရိုက်ခတ်ဘူးလားကွယ်

ရိုက်ခတ်သမျှ လှိုင်းတိုင်း နန္ဒာ့ဆီကိုပဲ ရောက်တယ်

ကျော်ကြားနေတဲ့ ဘာသာစကားဟာလည်း နန္ဒာ ပါပဲ

တင်းထားတဲ့ လေးကိုင်းရဲ့ အားမာန်လို နှုတ်ခမ်းလေးကို ဖူး ထားပါ နန္ဒာ

နန္ဒာ့ အနမ်းဆီကို ကိုယ် ဖြတ်လမ်းက မလာပါဘူး

တိုးတိုးလေး ကြွေသွားတဲ့ သက်ပြင်းကအစ နန္ဒာ့ ဆီက မခွာပါဘူး

ထိ၊ သိ၊ သတိလေးမှာ နန္ဒာ့ လှိုင်းတွေပဲ မိနေတယ်

အရေးပေါ် အကြောင်းပြချက်တစ်ခု မြန်မြန်ထုတ်ပြန်ပါတော့ နန္ဒာ

D Day ရဲ့ နော်မန်ဒီမှာ နန္ဒာ့ ဆံပင်လေးဖြစ်ဖြစ်

ဟူးကောင်းလီဒိုလမ်းမကြီးမှာ နန္ဒာ့ နားသယ်စက သနပ်ခါးမှုန်လေး ဖြစ်ဖြစ်

ဖြန့်ခင်းလိုက်တာနဲ့ စစ်ပွဲတွေက အလိုလို ပြေငြိမ်းသွားမှာပါ

နန္ဒာ့ နံနက်ခင်းကို ဂျက်ကီ့ကို မပေးလိုက်နဲ့နော်

နန္ဒာ့နေ့လည်နဲ့ ညနေကို ပိုပိုသာသာ ယဉ်ကျေး

အနုမြူမွေ့ရာရဲ့ ညဆိုင်းကြိုးမှာ အိပ်မက်တွေ ပို့ထားလိုက်မယ်

ပျော်ရဲ့လား နန္ဒာ… ရင်ခုန်သံတွေ တစ်ချက်ပြီးတစ်ချက်

အချစ်ရဲ့ လေဖိအားနည်းရပ်ဝန်းထဲမှာပဲ ဆွံ့ဆွံ့အအ

နန္ဒာ့ သက်ပြင်းနွေးလေးမှာ…သန်းခြောက်ထောင်ရဲ့ အကြည့်တွေကို ဆွဲနှုတ်ပစ်လိုက်တယ်

ကမ္ဘာဦးက မီးကို စတင်တွေ့ရှိခဲ့သူလို

နန္ဒာနွယ် ဆိုတဲ့ ခလုတ်လေးကိုသာ နှိပ်လိုက်

စကြ၀ဠာတစ်သန်းလုံး

သံယောဇဉ်လေးတွေ ပြန့်ပွားသွားမှာပေါ့ ။ ။

ကမ်းဝေး

၇၊ ၆၊ ၂၀၁၄ စနေ

ဂျက်ကီ = ကျွန်တော်ရပိုင်ခွင့်ထဲက ဆော့ကစားမှုနည်းနည်းကို လုယူထားတဲ့ တောက်ခွေးစုတ်

About marblecommet

marblecommet marblecommet has written 57 post in this Website..

မိုးဦးလေဦး ရောက်လာပြီ... လေတွေက ခါးလိုက်တာ.... ငါ့မှာသာ....တိမ်တွေကို စီးပြီး မောပန်းနေရ.....