ကဲ.. ကဲ… ဒီတလ သွားမယ်၊ ၀ါးမယ်၊ မြိုမယ်၊ ဆို့မယ်… အစီအစဉ်လေးကနေ ပြန်လည်ကြိုဆိုပါတယ်…

ဟီး.. တခါမှကို  မလုပ်ဖူးသေးဘဲနဲ့ ကြိုဆိုနေတာ.. နောက်တလဆိုရင်တော့ တကယ်ပြောလို့ရပါပြီ… :)

ဒီတလမှာတော့ ကျွန်တော်တို့ သွားစားဖြစ်တဲ့ ဆိုင်လေးကတော့… စမ်းချောင်း ဗဟိုလမ်းနဲ့ ညောင်တုန်းလမ်းထောင့်က ရွှေဟင်္သာတ ဆိုင်လေးပဲ ဖြစ်ပါတယ်…

ဒီဆိုင်လေးကိုတော့ ကျွန်တော်ရယ်၊ မဟေသီရယ် သွားရောက်ခဲ့ပါတယ်…

အခင်းအကျင်းလေးကတော့ မိုက်ပါတယ်.. အမိုးတွေကို အပြည့်မထုတ်ထားပါဘူး.. စည်ပင်ခွန်ရှောင်ချင်လို့ပါ…

မိုးရွာရင်တော့ ထုတ်ပါတယ်.. ဒါပေမဲ့ ရေပေါ်စားသောက်ဆိုင်လေးပေါ့… စည်ပင်ကမရှင်းနိုင်တော့ မြောင်းတွေပိတ်ပြီး ရေမဆင်းနိုင်လို့… ခွိခွိ…

Kitchen ကလဲ ၂ နေရာတောင် ရှိပါတယ်.. တနေရာကတော့ အထဲမှာ ဖြစ်ပြီး.. နောက်တနေရာကတော့ လမ်းပေါ်မှာပါ… ဒါမှ အနံ့ နဲ့ မြူဆွယ်နိုင်မှာကိုး…

တကယ်ကောင်းတာကတော့ ဆက်ဆံရေးပါ… ပြီးတော့ Free ပေးတဲ့ ဟင်းချို..  ကြက်လည်ပင်းတွေ ဘာတွေကို မုန်းသွားအောင် ထည့်ပေးထားပါတယ်..

တဇွန်းလောက် သောက်ကြည့်လိုက်မယ်… အွန်းးးးးး တကယ်ကို အရသာရှိတယ်ဗျ… အနံ့လေးကလဲ မွှေးပြီး… ပူပူလောလောလေးဆိုတော့ နည်းနည်းတောင် ထပ်သောက်ချင်သွားတယ်…

နောက်တဇွန်းထပ်သောက်တယ်… နောက်တဇွန်းထပ်သောက်တယ်…  မိန်းမက မျက်စောင်းထိုးပါပြီ… အိနြေ္ဒကို မရဘူးဆိုပြီး…

ကျွန်တော်လဲ လက်တွန့်သွားပါပြီ.. ချွေးကလဲ နည်းနည်းစို့ပြီဆိုတော့…

ရောက်လာပါပြီဗျာ.. ရောက်လာပါပြီ… ပြောရင်းဆိုရင်း… မှာထားတဲ့ .. ဒီဆိုင်ရဲ့ နာမည်ကြီးလက်ရာ… ငါးကင်နဲ့ ဂဏန်းမဆလာချက်ကလေးပါ…

ငါးကင်က ဒီမှာ ဈေးအမျိုးမျိုး ရပါတယ်.. ၁၅၀၀၊ ၂၀၀၀၊ ၃၀၀၀ ကနေ ၄၀၀၀ ထိ ရှိပါတယ်.. ဒီဆိုင်မှာ ထူးခြားချက်က ဆိုင်ကလေးက ကြီးပေမဲ့ ၄၀၀၀ ကျော်တဲ့ ဟင်းအမယ် မရှိပါဘူး…

ဈေးနှုန်းချိုသာတာကို ပြောလိုခြင်းပါ… ပေးရတာနဲ့လဲ တန်တဲ့အရသာ… အိုးကြီးခွက်ကြီးတွေနဲ့ ထည့်ပေးထားတာ.. ဒါတွေက နှစ်သက်စရာပါ…

အပြောလေးတွေလျှော့ပြီး.. စ ပြီး မြည်းပါပြီ… ကောင်းတယ်ဗျာ.. ငါးကင်လေးက မွှေးကလဲ မွှေး အရသာကလဲ ကောင်း… နဲ့… ရှလွတ် သရေယိုသံ…

မဆိုးဘူးဗျ.. တော်တော်ကောင်းတယ်.. အင်း… တော်တော့်ကို ကောင်းတာဗျ… မဒီက တံတောင်နဲ့ တွတ်ပါပြီ… ကျွန်တော်ချည်းပဲ လက်ဝါးကြီးအုပ်လို့တဲ့.. အွတ်…

တော်ရုံပဲ ကောင်းတယ်… မဒီမှ ပြောသော အသံဖြစ်ပါတယ်… အေးပါဟယ်.. နဂိုစားသလိုစားတာမှ မဟုတ်ဘဲ.. ဒါက မန္တလေးဂဇက်အတွက်ရေးနေတာ ဟ…

ဒါဆို ရှင်ပြောပြောနေတဲ့ Kai က စပွန်ဆာလား..

ပေးမလားဆိုတာတော့ မညှိရသေးဘူး ဟ..  ရပါတယ်.. ပွိုင့်တိုးတောင်းလိုက်မယ်လေ… အဟိ…

ပေးမှာလား ဆရာကြီး… ပုံမှန်ဆို ငါးကင်ဆို ငါးကင်.. ဂဏန်းဆို ဂဏန်းပဲ မှာတာနော်.. ဒီနေ့တော့ စကေးကျော်ကုန်ပြီ…

ဒီနေ့အတွက် စပွန်ဆာကိုတော့ ရွှေဟင်္သာတမှလဲ မကျွေးသလို ဘယ်အဖွဲ့အစည်း ဘယ်ကုပ္မဏီမှလဲ မပေးထားသေးပါဘူး…

နောက်လတွေ လတွေဆိုလဲ ကိုယ့်စရိတ်ကိုယ်စားပြီး ဆက်လက်တင်ဆက်သွားမည်ဖြစ်ကြောင်း ကြိုတင် သတင်းကောင်းပါးအပ်ပါတယ်…

နောက်တခါ ဂဏန်းလေးကိုလဲ မြည်းကြည့်ပါမယ်.. ကောင်းတယ်ဗျ.. ကြက်သွန်နီပါးပါးလေးနဲ့ မဆလာနဲ့မွှေးမွှေးလေးကို ရေစပ်စပ်လေးနဲ့ ချက်ထားတာ…

အားပါးပါး… အနှစ်ကလေး မြည်းတာနဲ့ လျှာကိုလည်သွားတယ်… လည်သွားတဲ့ လျှာလေးကို နဂိုပြန်ဖြစ်ဖို့ နောက်တခါ ထပ်နှိုက်စားလိုက်တယ်…

အဟွတ်အဟွတ် အဟွတ်… ဆီနဲနဲ သီးသွားတယ်ခင်ဗျ.. အစပ်လဲ နည်းနည်း ပါတော့ မျက်ရည်ပါလည်လာတယ်…

အစပ်ပြေ ဟင်းချိုသောက်တော့လဲ ပူတော့… အားးးးးးး… ပူတယ်ဟ… အားလားလားလားးးးးးး…

ဒီတခါတော့ မိန်းမက အလိုက်သိတယ်… ကျွန်တော်ကြိုက်တဲ့ နာနတ်သီးဖျော်ရည်လေးကို အလျင်အမြန်မှာပေးတယ်… ဆားဗစ်ကလဲ ကောင်းတယ်… ချက်ချင်းကို ရောက်လာတယ်…

ဟူး… အခုမှ သက်သာသွားတယ်…

ခုနက အဓိက ဟင်းလျာတွေ လာချပြီးတော့… အရံဟင်းလေးတွေ လာပို့ပါတယ်… ဒါတွေကတော့ ငါးနီတူသုပ်… ဟဲ ၅၀၀ ပဲပေးရတယ်…

မြေအိုးမြီးရှည် ၁၀၀၀ ပဲ ပေးရတယ်… ယိုးဒယား သင်္ဘောသီးထောင်း ၅၀၀ တို့ကို လာချပါတယ်… မှာပြီး မကြာဘူး လာချတာ မြန်လို့.. စားခါနီးမှသာ မှာလိုက် ကွက်တိပဲ…

အစပ်လေး ပြေသွားတော့ ခုနက ဂဏန်းကို ပြန်ကိုက်ပါပြီ… အော်.. ဂဏန်းက ကိုက်ထားပြီးသားလေးဆိုတော့ သွားနာလဲ သက်သာတယ်.. ရှိုးလဲ မပဲ့ဘူး…ဒါလဲ ကောင်းတဲ့ အချက်တချက်ပဲ…

အသားလေးထုတ်ပြီး မိန်းမကို ခွံ့လိုက်ပါတယ်.. ခုနက အအေးတိုက်ထားတာလေးကို ပြန်ဖားတာပေါ့.. :)

သူကလဲ ဖြေပေးထားပါတယ်.. ကောင်းသားပဲတဲ့.. ကျွန်တော်လဲ သူပြောတာ ဟုတ်လား.. မြည်းကြည့်ပါတယ်.. ဟုတ်တယ်ဗျ… တကယ်ကို ကောင်းတာပါဗျာ့… ဂွတ်တ်တ်တ်…..

အချိန်ကလဲ ပြည့်တော့မှာဆိုတော့ ကျန်တာလေးတွေ သုက်သုက် မြည်းလိုက်ရအောင်… ကောင်းတယ်ဗျ.. တော်တော်လေးကို ကောင်းပါတယ်.. ငါးနီတူသုပ်ကလေးက မိန်းကလေး ပရိသတ်တွေ အကြိုက်…

ချဉ်စပ်လေး.. ဒါကိုမှ ငါးနီတူက ကြွပ်တုန်းပဲ ဆိုတော့… ပိုကောင်းသွားတယ်…

မြေအိုးမြီးရှည်လေးက ပြောစရာ မလိုဘူးဗျ.. ကောင်းချက်က…. ဒါပေမဲ့ တခုပဲ ပဲငပိမထည့်ပေးထားတော့ နည်းနည်းတော့ ပေါ့တယ်.. ဒါပေမဲ့ ကောင်းတုန်းပါပဲ…

ယိုးဒယား သင်္ဘောသီးထောင်းလေးကတော့ မဆိုးပါဘူးတော့ ပြောရမယ်.. သူ့ဈေးလေးနဲ့ သူပေါ့… ၅၀၀ ကိုး.. မကြိုက်ဘူးလဲ မဟုတ် ကြိုက်တယ်လဲ မဟုတ်… ခြုံပြောရရင် ကောင်းပါတယ်ပေါ့…

အဲဒီဆိုင်မှာ တခြားစားစရာတွေ ရှိပါသေးတယ်… ပသျှူးထမင်းကြော်တို့၊ ကတ်ကြေးကိုက်တို့၊ မလေးရှားခေါက်ဆွဲကြော်တို့… တုန်ယမ်း ဟင်းချို .. အထူးသဖြင့် ပင်လယ်စာ တုန်ယမ်း..

အကုန်နီးပါးကောင်းပါတယ်..  မြည်းပြီး ပြောဖို့က အချိန်ကလဲ မလောက်တာရယ်… ဗိုက်ကလဲ မဆန့်တာရယ်.. ဘက်ဂျက်ရယ်ကြောင့် မပြောပြဖြစ်တော့တာပါ…

ဘယ်လိုစားစားပါ.. ၄၀၀၀ ကျော်တဲ့ အမယ်မရှိသလို… စားလို့ဝ ကျေနပ်စရာကောင်းတဲ့ အတွက်.. မွေးနေ့ပွဲတို့ မိတ်ဆုံစားတာတို့ လဲ လုပ်လို့ကောင်းပါတယ်ဆိုတာ သတင်းကောင်းပါးရင်း….

ဒီတလအတွက် သွားမယ်၊ ၀ါးမယ်၊ မြိုမယ်၊ ဆို့မယ် အစီအစဉ်လေးကနေ နှုတ်ဆက်လိုက်ပါတယ်… နောက်တလတွေမှာလဲ ထပ်ဆုံပါဦးမယ်နော်…

သွားဖြစ်အောင် သွားလိုက်ကြပါဦးနော်…

လိပ်စာက အမှတ်(၁)/ မြေညီထပ်၊ ဗဟိုလမ်း နှင့် ညောင်တုန်းလမ်းထောင့်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း 09 431 70591၊ 09 4200 14737 (Booking လုပ်လို့လဲ ရပါတယ်)…

 

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...