Cartoon

သတင်းဖတ်ပြီး ရင်ထုမနာဖြစ်ရပုံ များဗျာ။

 

ယနေ့ခေတ် လူသားများအတွက် မရှိမဖြစ်လိုအပ်သော အရာမှာ လျှပ်စစ်ဓါတ်အား ဖြစ်ပါသည်။

အနည်းဆုံး ဖုန်းအားသွင်းဖို့တော့ လျှပ်စစ်ဓါတ်အား လိုပါသည်။

ကွန်ပျူတာ အသုံးပြုဖို့အတွက် လျှပ်စစ်ဓါတ်အား လိုပါသည်။

ထမင်းဟင်းချက်ပြုတ်ဖို့အတွက် လျှပ်စစ်ဓါတ်အား လိုပါသည်။

တီဗီ ကြည့်ဖို့အတွက် လျှပ်စစ်ဓါတ်အား လိုပါသည်။

အ၀တ်အစားများ မီးပူတိုက်ဖို့အတွက် လျှပ်စစ်ဓါတ်အား လိုပါသည်။

ရေခဲသေတ္တာ၊ အဲကွန်း၊ ပန်ကာ၊ အ၀တ်လျှော်စက် စသည့် ဇိမ်ခံပစ္စည်းများ

အသုံးပြုရန်အတွက် လျှပ်စစ်ဓါတ်အားလိုပါသည်။

ဤမျှ အသုံးဝင်သော လျှပ်စစ်ဓါတ်က လူသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို

တိုက်ခိုက်လာသောအခါ…။

 

10345761_594736967314069_6297547190107824791_n

 

အခုတလော သတင်းစာ ဂျာနယ်များတွင် ဓါတ်လိုက်သေသောသတင်းတွေ သတိမပြုမိပဲ

မနေနိုင်လောက်အောင် ပါနေခဲ့ပါသည်။

အဆိုးဆုံးက ဓါတ်ကြိုးပြတ်ကျလို့ လူသေသည့် သတင်းတွေ များလာနေခြင်းဖြစ်ပါသည်။

လှည်းတန်းမှာ ၂ ယောက်၊ မြောက်ဥက္ကလာမှာ ၁ ယောက်၊ လှိုင်သာယာမှာ ၃ ယောက်၊

ပေါင်း ၆ ယောက် ဓါတ်ကြိုးပြတ်ကျမှုများဖြင့် သေဆုံးခဲ့ရပါသည်။

ကျွန်တော်တို့၏ ခေါင်းပေါ်တွင် သွယ်တန်းလျက်ရှိနေသော ဓါတ်ကြိုးများက

အချိန်မရွေးပြတ်ကျနိုင်သည် ဆိုသောအခါ ကျွန်တော်တို့ကို ဘယ်သူက ကာကွယ်ပေးမှာပါလိမ့်…။

ကျွန်တော်တို့ကတော့ အဆိုပါ ဓါတ်ကြိုးပြတ်ကျမှုများကို လျှပ်စစ်မိုးပျံ မိုင်းဗုံးများ  ဟု နာမည်ပေးချင်ပါသည်။

ကျွန်တော်တို့ ၏ နေ့စဉ်ဘ၀ လှုပ်ရှားမှုများသည် စစ်မြေပြင် မဟုတ်ပါပဲလျက် အချိန်မရွေး

အသက်ဆုံးရှုံးရနိုင်သည် ဆိုသောအခါ ထိုပြသနာကို ဘယ်သူက တာဝန်ယူ ဖြေရှင်းပေးမှာပါလိမ့်။

မနက်မိုးလင်း ထမင်းချိုင့်လေးဆွဲပြီး အလုပ် သွားသည့် သမီးငယ်လေးတစ်ယောက်

ညနေခင်း အိမ်ပြန်မရောက်မချင်း မိအိုဖအိုကြီးတွေက ပူပန်နေကြရပါပြီ။

ငါ့ သမီးလေး…၊ ငါ့ သားလေးများ ဓါတ်ကြိုးပြတ်ကျပြီး အန္တရာယ်နဲ့ ရင်ဆိုင်နေရရှာပြီလား…။

ငါ့ဇနီး များ ဈေးဝယ်နေရင်း ခေါင်းပေါ် ဓါတ်ကြိုးပြတ်ကျ  နေမလား…။

ရန်ကုန်မြို့ပေါ်တွင် အလုပ်ဆင်းနေရသော်လည်း စစ်မြေပြင်ကို စစ်တိုက်ထွက်သွားသော

စစ်သားများလို အချိန်မရွေး အသက်အန္တရာယ်နှင့် ကြုံပြီး သေပွဲဝင်သွား ရနိုင်ပါသည်။

ဝမ်းနည်းစရာ ကောင်းလေစွ…။

အခု မိုးရာသီ အတွင်း လျှပ်စစ်ကြောင့် သဆုံးသူ ၃၀  ကျော်ရှိလာနေပြီ ဆိုသည့် သတင်းကလည်း

စိုးရိမ်စရာကောင်းလှပါသည်…။

ကျွန်တော်တို့ မသိကျေးကျွန်း ပြုမထားနိုင်ကြတော့ပါ…။

အဆိုပါ ဓါတ်ကြိုးပြတ်ကျမှုများအတွက် မည်သူ့တွင် တာဝန်ရှိပါသနည်း…။

အခုအချိန်အထိတော့ ဓါတ်ကြိုးပြတ်ကျမှုများအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်ဆိုပြီး

အလုပ်မှ နှုတ်ထွက်သွားသည့် ၀န်ကြီး ဆိုတဲ့ သတင်းမျိုး မဖတ်ခဲ့ရသေးပါ…။

သေသူတစ်ဦးအတွက် ငွေ ၅ သိန်း ခန့် လျော်ကြေးပေးလိုက်ရုံနဲ့ ပြီးကြစတမ်းလား…။

မီးမကြာခဏ ပျက် ပြီး ရုတ်တရက် မီးပြန်လာရာမှ မီးလောင်မှုတွေ ဖြစ် တတ်ပါသေးသည်…။

ကမ္ဘာ့ဖလား ဘောလုံးပွဲကြည့်နေရာမှ အရုပ်အသံ မကြည်လင်သဖြင့် အင်တင်နာ လှည့်မိရာက

ဓါတ်လိုက်သေဆုံးရမှုမျိုးတွေလည်း ရှိနေပါသည်…။

EPC မှာ လုံးလုံး တာဝန်ရှိသည်ဟုတော့ မစွတ်စွဲလိုပါ…။

သို့သော် သည်ပြသနာတွေကို EPC က ဦးဆောင်ဖြေရှင်းသင့်သည်ဟုတော့ ထင်မြင်မိပါသည်…။

EPC မှလည်း ဓါတ်ကြိုးပြတ်ကျမှုများအတွက် တာဝန်ရှိသည် ဆိုပြီး တောင်းပန်တာမျိုး တစ်ခါမှ မတွေ့ရပါ…။

‘‘ရန်ကုန်တိုင်းတစ်ခုထဲမှာပဲ အခုလို ဓာတ်ကြိုးပြတ်ကျတဲ့ ဖြစ်စဉ်မျိုး

ထပ်ဖြစ်နိုင်တဲ့ နေရာတွေ အများကြီးရှိနေသေးတယ်’’ဟု

ဒေါ်ညိုညိုသင်းက ပြောသည် 7 Days ဂျာနယ်က ဖေါ်ပြလာသောအခါ…။

 

ကျွန်တော်တို့ တစ်ခုခုတော့ လုပ်ရပေတော့မည်…။

ဘယ်ကစပြီး ဘာကိုစလုပ်ကြမလဲ…။ စိုးရိမ်စရာကောင်းသော အခြေအနေတစ်ရပ်မို့

သည်စကားဝိုင်းကို ကျွန်တော်တို့ ဖန်တီးဖြစ် ကြပါသည်။

ကျွန်တော်တို့ နှင့် လျှပ်စစ်မိုးပျံမိုင်းဗုံးများ အမည်ရ စကားဝိုင်းပေါ့ခင်ဗျာ…။

လျှပ်စစ်မှ မီးလောင်မှုတွေ မဖြစ်အောင် ဘာတွေ ဆောင်ရွက်ထားသင့်ပါသလဲ…။

လျှပ်စစ် သုံးစွဲရင်း ဓါတ်လိုက်သေဆုံးမှုတွေ မဖြစ်အောင် ဘယ်လို ပညာပေးသင့်ပါသလဲ…။

(အမြန်ဆုံး ဆောင်ရွက်သင့်နေပြီ ဖြစ်ပါသည်)

အထူးသဖြင့် ဓါတ်ကြိုးပြတ်ကျမှုတွေ မဖြစ်အောင် ဘယ်လို စီမံဆောင်ရွက်သင့်ပါသလဲ…။

(ချက်ခြင်း စီမံချက် ချ၍ ဆောင်ရွက်သင့်နေပါပြီ)

စသည်ဖြင့်…

နားလည်သလောက် ၀ိုင်းဝန်း ဆွေးနွေးကြစေချင်ပါသည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့်…

လျှပ်စစ် ကျွမ်းကျင်မှုကို သင်တန်းဖွင့်လှစ် သင်ကြားပေးနေသော ကိုစွယ်တော်ရွက်  နှင့်

EP အင်ဂျင်နီယာ တစ်ယောက်ဖြစ်သော ကိုထူးဆန်း  တို့မှလည်း

အထူးဧည့်သည်များအဖြစ် ဤစကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးထားကြပါသည်။

ထို့အတွက်လည်း ကိုစွယ်တော်ရွက် နှင့် ကိုထူးဆန်းတို့အား စာကြမ်းပိုးများမှ

ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါသည် ခင်ဗျား။

ကိုစွယ်တော်ရွက်မှလည်း သူကျွမ်းကျင်ရာ နယ်ပယ် ဖြစ်သဖြင့် ပိုစ်တက်လာသည့်အခါ

ကွန်းမန့်များဖြင့် ၀င်ရောက် ဆွေးနွေးပေးသွားမည်ဟု ဆိုပါသည်။

ကျွန်တော်တို့ ရွာသူ ရွာသားများအနေဖြင့်လည်း ဒီစကားဝိုင်းမှာ ပါဝင်ကြဖို့

လေးလေးစားစား ဖိတ်ခေါ်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်

စာကြမ်းပိုး ၁။

—————————————————————————————————————-

 

ကို စွယ်တော်ရွက် ရဲ့ ဆွေးနွေးချက်လေးကို အရင် ဖတ်ကြည့်ကြရအောင်ပါ။

 

စာကြမ်းပိုး တို့ရေ။

ဓါတ်ကြိုးပြတ်ကျလို့ လူသေရတာမှာ EPC (ရန်ကုန်ဆို YESB) မှာ လုံးဝ တာဝန်ရှိပါတယ်။

ဒါပေသည့် ယနေ့ မြန်မာ့ လျှပ်စစ်ကြိုးသွယ်စံနစ်မှာ အန္တရာယ်ကာကွယ်ရေး Protection အပိုင်း အားနည်းမှုတွေက ကြီးစိုးနေပါပြီ။

လုပ်ငန်းခွင်ကလူတွေကိုယ်တိုင် လိုက်နာရကောင်းမှန်းမသိတော့တဲ့ အခြေအနေပါ။

ဥပဒေ မစိုးမိုးလို့ လို့ ပြောရင်လည်း ရမယ်ခင်ဗျ။

လုပ်ပိုင်ခွင့်ရှိတဲ့နေရာမှာ လုပ်ငန်းသဘာဝကို နားမလည်တဲ့သူတွေ ရောက်နေရာကနေ

ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ဘေးရောက်မှေးမှိန်ကုန်ကြတာကိုး။

အင်ဂျင်နီယာကျောင်းတွေကနေ တကယ်မတတ်တဲ့ စာရွက်ပေါ်က ဘွဲ့ရတွေ

မွေးထုတ်ပေးလိုက်တာကလည်း တစိတ်တပိုင်းပါမပေါ့လေ။ တိုက်တိုက်ဆိုင်ဆိုင် NLD

လူငယ်ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့တာလေး ကိုဘဲ ချိတ်လိုက်ပါရစေ။

တာဝန်မသိတဲ့ သူတွေရဲ့ တာဝန်ခံမှုမရှိခံတာတွေကြောင့်

တိုင်းပြည်ဇောက်ထိုး ဆင်းခဲ့/ဆင်းနေ ရတာ ဖြစ်ပါကြောင်း။

ရွာထဲမှာပါ ၀င်ရောက်ဆွေးနွေးပေးပါမည်လို့ ကတိပေးပါကြောင်း ကျေညာမောင်းခတ်လိုက်စေလို။

With respect Swal Taw Ywet.

 

—————————————————————————————————————-

ကို ထူးဆန်း ကလည်း အောက်ပါအတိုင်း ၀င်ရောက်ဆွေးနွေးသွားပါတယ်ဗျာ။

 

စာဂျပိုး တို့ ရေ..

တရားခံ ဘယ်သူလဲ ဟေ့လို့ ဆိုရရင် အများက တစ်နေရာထဲ လက်ညှိုး ၀ိုင်းထိုးကြမှာ ဖြစ်ပေမဲ့

ကျွန်တော့် အတွက် တော့ မြန်မာနိုင်ငံရဲ့အခြားဖြစ်စဉ်များစွာလိုဘဲ မုန့်လုံးစက္ကူ ကပ်ဖြစ်စဉ်လို့

ယူဆလို့ တစ်ခုလောက်ဘဲ အတိုချုပ်ပြောချင်ပါတယ်ဗျာ။

ကျွန်တော်တို့ မြန်မာလူမျိုး တွေ preventive maintenace ဆိုတာ လုပ်ရမယ်ဆိုတာ သိလာတဲ့ နေ့ ၊

ဘယ်လောက် အရေးကြီးတယ် ဆိုတာခံယူလာတဲ့ နေ့ ၊

အဲ့ဒီ့ အတွက်လည်း budget ထား နိုင်လောက်တဲ့ အနေအထား ရှိလာတဲ့ နေ့ ၊ ထားလာတဲ့ နေ့ ၊

အဲ့ဒီ ကမှ တဆင့် အလွဲသုံးစားကင်းစွာ လုပ်လာတဲံ နေ့ရောက်မှသာ ဒါမျိုး တွေ မဖြစ်အောင်

ကာကွယ်လာနိုင်မယ်လို့ ဘဲ ပြောချင်မိပါတယ်ဗျာ။

ရေတိုပြောရရင် ဓါတ်ကြိုးအောက်က ရှောင် လျှောက်ကြပါလို့ 

ဓါတ်လိုက်နေတာ တွေ့ ရင် စိတ်မကောင်းစွာ နဲ့ ဘဲ လွှတ်ပေးထားလိုက်ပါ ။

သွားမဆွဲပါနဲ့ ။

ဘယ်နေရာကနေ ဓါတ်အားဖြတ်လို့ ရမလဲ ဆိုတာ သိရင် ဓါတ်အားဖြတ်နိုင်အောင်ဘဲ ကြိုးစားပါ ။

ကိုယ့် အိမ်မှာ ဆိုရင် ဘယ်နေရာကနေ ဓါတ်အားဖြတ်လို့ ရမယ် ဆိုတာ သိအောင်လုပ်ထားပါ။

မတော်တဆ ဖြစ်ပျက်ခဲ့ ရင် အမြန်ဆုံးသွားဓါတ်အားဖြတ်ပါ ။

နောက် ခါတော်မှီ အကြံလေးတစ်ခုတော့ ပေးချင်ပါတယ် ဗျာ။

ဂက်စ် ဈေး နုန်းတွေ မတရားတက်လာတော့ အိမ်ရှင်မ များ ဂါတ်စ်မီးဖိုတွေကနေ

လျှပ်စစ်မီးဖိုတွေဘက် လှည့်လာမယ် ဆိုရင် ကိုယ်ဘယ်မှာ တပ်သုံးမယ် ဆိုတဲ့ နေရာက

လျှပ်စစ်မီးကြိုးများသည် အဲ့ဒီ့ မီးဖို ရဲ့ ၀န်ကို ခံ နိုင်ရဲ့လားဆိုတာ တတ်သိနားလည် ကျွမ်းကျင်သူများကို မေးပြီးမှ သုံးစွဲကြပါလို့။

ခင်မင်စွာဖြင့်

ထူးဆန်း…။

 

—————————————————————————————————————-

 

စာကြမ်းပိုး (၂)

ကျနော် နားလည်သလောက် ဆိုရင် လျှပ်စစ်ဆိုတာ နိုင်ငံရဲ့ မရှိမဖြစ်လိုအပ်တဲ့ ရင်းမြစ်ထဲမှာ ပါပါတယ်။

ပိုလျှံတယ် လို့ ဇွတ်ပြောပြီး ရောင်းစားတာလည်း ရောင်းတာပေါ့။

မီးမလာတဲ့ မီတာခတွေ တိုးမြှင့်ကောက်ခံတာလည်း ကောက်ခံကြပေါ့။

ဘယ်တတ်နိုင်မလဲ။ ခံဖက်က ရှိတဲ့ မိဘပြည်သူများဆိုတော့ ခံကြဗျားးးး

ဒါပေမဲ့ ရတဲ့ ငွေတွေနဲ့ ဘာလုပ်နေမှန်းမသိအောင်ကို ဒီနိုင်ငံမှာ

လျှပ်စစ်နဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုက အားနည်းရုံမက ညံ့ဖျင်းတယ် လို့ ပဲ ပြောလို့ ရပါတယ်။

ရပ်ကွက်တစ်ခု တစ်ခု က ဓာတ်တိုင် တစ်ခု တစ်ခုကို ကြည့်လိုက်ပါဦးးး။

အမယ်ဘုတ်ရဲ့ သူ့ချည်ခင်နဲ့ သပွတ်အူက စပ်ကျတဲ့ သားသမီးတွေတောင် အဲလောက် မရှုပ်နိုင်ပါဘူးဗျာ။

 

ရပ်ကွက်ထဲက လျှပ်စစ် ဝန်ထမ်းငယ်တွေကိုယ်တိုင် အိမ်တွေက ပိုက်ဆံပေးခိုင်းရင်

မီးလိုင်း ဓာတ်ကြိုးတွေကို ဟိုဘက်ပြောင်းချိတ်ပေးး ဒီဘက် ပြောင်းချိတ်ပေးလုပ်နေတာ ဆိုးပါတယ်။

သဘာဝဘေး အန္တရယ်ကျရောက်မှာထက် ခုချိန်မှာက လျှပ်စစ် အန္တရယ်ကို ပို အဓိက ထား ကာကွယ်ရမလိုဖြစ်နေပါပြီ။

သက်ဆိုင်ရာများ သတိပြုမိပါစေ။ အသက်ဆုံးရှုံးမှုတွေလည်း ထပ်မဖြစ်ပါစေနဲ့လို့ ပဲ ပြောချင်ပါတယ်ဗျာ။

 

—————————————————————————————————————-

 

စာကြမ်းပိုး (၃)

 

လျှပ်စစ်ဓါတ်ကြိုးတွေ ဟိုနေရာမှာပြတ်ကျ ဒီနေရာမှာပြတ်ကျနဲ့ သတင်းတွေကြားရရုံမကပါဘူး။

ကျနော်ကိုယ်တိုင် ရပ်ကွက်ထဲမှာ မျက်မြင်ကြုံတွေ့ နေရတာ။

ဘယ်သူ့ ကို ယိုးမယ်ဖွဲ့ ရမလဲ။ ဗမာတွေရဲ့ ထုံးစံအတိုင်း ကံကိုပဲ ပုံချရမလား ။

ဒီဘက်ခေတ်မှာတော့ တိုင်းသူပြည်သားတွေဟာ အသိဥာဏ်ပွင့်လင်းလာပြီမို့

ဘာပဲဖြစ်ဖြစ် ကံကိုပဲ ပုံချနေဦးမှာတော့. . . မဟုတ်တော့ဘူးဗျ ။

ဒီပြသနာဟာ…

ဘာကြောင့် ဘယ်လိုဆိုတာ

တွေးကြည့်လို့ မြင်သိနေပြီပဲဗျာ။

ဒီတော့ တာဝန်ရှိတဲ့လူတွေ ပြုပြင်ပြောင်းလဲဖို့ လုပ်။

ဒီလို ဒီလို ဓါတ်ကြိုးတွေ ပြုတ်ကျပြီး အပြစ်မဲ့ပြည်သူတွေ ဘာမဆိုင်ညာမဆိုင်နဲ့ အသက်တွေ ပေးနေရတာ. . .
ဒီလို အသက်တွေ ဆုံးရှုံးနစ်နာတဲ့အထိ ဆိုးနေပြီဆိုတာတောင် ဒီအတိုင်းပဲ ဆက်ကြည့်နေရင်…
ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ပျက်စီးဆုံးရှုံးမှာကို သောက်ဂရုမစိုက်တဲ့ တာဝန်ရှိသူတွေလို့ ပဲ သတ်မှတ်ရမှာပဲ ။

သက်ဆိုင်ရာ ဌာနကနေ ဒီလိုဆိုးကျိုးတွေ မဖြစ်အောင် . . ပြုပြင်ပေးပေါ့ဗျာ ။

သက်တမ်းလွန်နေတဲ့ လျှပ်စစ်မီးကြိုးတွေ . . .
ခံနိုင်ဝန်မမျှတော့တဲ့ လျှပ်စစ်ကြိုးအဟောင်းအဆွေးတွေကို သေချာစစ်ဆေးပြီး လိုအပ်သလို ပြင်ဆင်ပေးနေပေါ့။
အပြစ်မဲ့ပြည်သူတွေကို အန္တရာယ်ကျရောက်နိုင်ခြေမရှိတဲ့အထိ /စိတ်ချလုံခြုံစွာ သွားလာလှုပ်ရှားလို့ ရနေတဲ့အထိ လုပ်ပေးနေရမှာပေါ့ ။

စစ်ဆေးမှုကလည်း သေချာဖို့ ထိရောက်ဖို့လိုသလို အစားထိုးပြင်ဆင်မှုကလည်း တိကျသေချာဖို့လိုပါတယ်။
ပြီးလျှင်ပြီးရော လုပ်နေကြရင်တော့ . . .အသေဆိုးတွေနဲ့ သေနေကြရဦးမှာပဲ ။
ဒီအတိုင်း အိပဲ့အိပဲ့ ဆက်လုပ်နေကြဦးမယ်
ဆိုရင်တော့ အသက်တွေ
ဆက် သေပေးနေရဦးမှာပါပဲ ။

အခုဆိုရင် . . . မိုးလေးနည်းနည်းရွာ. . / လေလေးနည်းနည်းတိုက်တာနဲ့

သွားလာနေရတဲ့ တိုင်းသူပြည်သားတွေ စိတ်ချလက်ချ မသွားရဲတော့ဘူး။

ဘယ့်နှယ်ဗျာ. . .တောရွာကလူတွေက မှောင်မှောင်မည်းမည်းအောက်မှာ

မြွေ ကင်း/ စစ်/ တို့မီး ရှို့မီးတွေ ကြောက်နေရတယ်။

အခု မြို့နေပြည်သူတွေကျတော့ လမ်းသွားရင်း ဘယ်အချိန် ကိုယ့်ပေါ်ဓါတ်ကြိုးပြုတ်ကျပြီး ဂန့် မလဲ စိုးရိမ်နေရတယ်။

ပြည်သူတွေဆီက မီတာခတွေကောက်နေတာပဲ။
ဟုတ်တယ် ဟုတ် ။
လျှပ်စစ်ကိုအသုံးပြုသူတွေကလည်း ကျသလောက် လစဉ် ပေးဆပ်နေကြတာပဲ။

ပြည်သူတွေဆီက ရယူဖို့ ပဲ ကြည့်နေမှာလားပေါ့။

ပြည်သူတွေဆီက ရသမျှယူပြီး စိတ်ချလုံခြုံရတဲ့ အရည်အသွေးပြည့်ဝမှုလေးတော့ ပြန် မပေးဘူးလားးပေါ့။

တာဝန်ယူမှု ဆီရောက်အောင်သွားကြပါ သက်ဆိုင်သူတို့ ရာ. . ။
ဒီအတွက် . . . တာဝန်သိဖို့လိုပါတယ်။
ကိုယ် လုပ်ရမယ့်တာဝန်ကို သိပြီး . . .
ပီပြင်အောင် လုပ်ကြပေါ့။

တစ်ခုမေးလိုက်ချင်တာက. . .
အရင်အစိုးရ လက်ထက်အောက် တုန်းကလည်း. . .
အပြစ်မဲ့ပြည်သူတွေ မသေသင့်တဲ့ အခြေအနေဆိုးတွေနဲ့ သေခဲ့ကြရတယ်။
အခု အစိုးရသစ်လက်ထက်မှာရော. .
ဒီလိုပဲ သေနေကြရဦးမှာလား. . .
ဒီမေးခွန်းရဲ့အဖြေက ဂုဏ်သိက္ခာတစ်ခုဗျ ။

ကဲ . . .

ပြင်ကြဗျာ။
ဒီအတိုင်းကြီးတွေ ဆက်ဖြစ်နေဦးမယ်ဆိုရင် ရှက်ဖို့ကောင်းလွန်းလို့ပါဗျာ. . .။

—————————————————————————————————————-

စာကြမ်းပိုး (၄)

လျှပ်စစ်အန္တရာယ်လို့ ဆိုရာမှာလဲ –

တသက်လုံးတင်မက ဆွေစဉ်မျိုးဆက်အထိတိုင်အောင် လျှပ်စစ်ကို အန္တရယ်မကင်းအောင်

သုံးစွဲနေကြရတာဟာ ဘယ်သူ့ချွတ်ယွင်းချက်လဲ ၊

ဘယ်သူ့အားနည်းချက်ကြောင့်လဲဆိုတာ စဉ်းစားဖေါ်ထုတ်စရာ ဖြစ်လာပါပြီ။

ကျနော်တို့နိုင်ငံမှာ အများပြည်သူ အန္တရယ်မကျရောက်ရလေအောင် ကာကွယ်တဲ့အနေနဲ့

ဆေးဝါး တင်သွင်း/ထုတ်လုပ်တာတွေ၊ အစားအသောက် တင်သွင်း/ထုတ်လုပ်တာတွေမှာ

စည်းကမ်းတွေ စံချိန်စံညွှန်းသတ်မှတ်ချက်တွေ အသီးသီး သတ်မှတ်ထားသလိုမျိုး-

လျှပ်စစ်ဆိုင်ရာ လူသုံးကုန်ပစ္စည်း တင်သွင်း/ထုတ်လုပ်တာတွေမှာလဲ စည်းကမ်းတွေ

စံချိန်စံညွှန်းသတ်မှတ်ချက်တွေ စစ်ဆေးအရေးယူမှု့တွေ အရေးတကြီး လိုအပ်နေပြီလို့ မြင်မိပါတယ်ဗျာ။

ဆေးမှားရင် ဖြေဆေးရှိပါတယ်။

ဓါတ်လိုက်ရင်တော့ ဖြေဆေးမရှိပါဘူး..။

အစားအသောက်မှားရင် စားတဲ့သူပဲ ထိခိုက်ပါသဗျ..

အရည်အသွေးမမှန်တဲ့ လျှပ်စစ်ပစ္စည်းတွေသုံးနေရလို့ မီးလောင်ရင်တော့

ဘေးက မဆိုင်တဲ့သူတွေလဲ ထမင်းထုပ်စားရဖို့ ဖြစ်လာနိုင်ပါတယ်…။

လျှပ်စစ်ဆိုင်ရာ ပစ္စည်းတွေမှာ….

အရည်အသွေးနိမ့်တဲ့ပစ္စည်းတွေ တင်သွင်း/ထုတ်လုပ် မှု့ကို တားဆီးသင့်တာဖြစ်သလို…

တချိန်ထဲမှာပဲ အရည်အသွေးမီတဲ့ မှန်ကန်တဲ့ လျှပ်စစ်ပစ္စည်းတွေ တင်သွင်း/ထုတ်လုပ်/ဖြန့်ဖြူးတာကိုလဲ

အားပေးရမှာ လိုအပ်သလို ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်ဗျာ။

တစ်ချိန်က ကစလ လို့ တံဆိပ်တပ်ထားတဲ့ ပြည်တွင်းထုတ် လျှပ်စစ်ပစ္စည်းတွေဟာ…

ဒီကနေ့ ဆိုင်မျိုးစုံမှာ ပေါပေါလောလောရနေတဲ့…

ပြည်ပကသွင်းလာတဲ့ လျှပ်စစ်ပစ္စည်း အပေါစားအညံ့စားတွေထက်..

အရည်အသွေးပိုင်းမှာ အများကြီး သာလွန်တာကိုလဲ ထင်ထင်ရှားရှားတွေ့ရပါတယ်။

လူ့အဖွဲ့အစည်းတစ်ခုမှာ ပိုညံ့တဲ့လူသုံးကုန်ပစ္စည်းတွေ သုံးလာရတယ်ဆိုတာ…

အဲဒီလူ့အဖွဲ့အစည်းရဲ့ လူနေမှု့အဆင့် ပိုနိမ့်သွားတယ်လို့ တိုက်ရိုက်ဆိုလိုတာပါခင်ဗျာ..။

 

——————————————————————————-

စာကြမ်းပိုး(၄)

အစိုးရရဲ့ ကြွေးကြော်သံတွေကိုလဲ နားမယောင်ပါဘူး…

အစိုးရရဲ့ ဦးတည်ချက်တွေ ဆောင်ပုဒ်တွေကိုလဲ အားမကိုးပါဘူး…

ပြည်သူအပေါ် တာဝန်ရှိတဲ့ လက်ရှိတာဝန်ယူနေတဲ့အစိုးရရဲ့

တာဝန်သိမှု့ ….. ဆိုတာကလေးကိုပဲ တောင့်တောင့်တတ ဖြစ်မိပါရဲ့ဗျာ….။

 

—————————————————————-

စာကြမ်းပိုး( ၅ )

ကြားရ နားဝမသက်သာပါလား ဟရို့ ..!!!
နွေမှာ မိုးမှာ ဆောင်းမှာ ဘယ်အခါခါ ဖြစ်ဖြစ် အန္တရာယ် ပေးနိုင်တာ အန္တရာယ် ရှိနေတာက

လျှပ်စစ်မီးပဲဗျ ။ လူတွေက ဖြစ်မှသာ ဖြစ်ပြီပဲ ။ ကြောက်လား ဆိုတော့လည်း ကြောက်ပါတယ်ပဲ ။

အန္တရာယ်မဖြစ်အောင် စည်းစနစ်တကျ သုံးသလား ဆိုတော့ မသုံးဘူး မဟုတ်ဘူး ။ မသုံးတတ်တာ ။

ဒီလျှပ်စစ် သုံးနေတဲ့သူတိုင်း လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဗဟုသုတ ရှိသလားဆို မရှိဘူး ။

ခလုပ်နှိပ်လိုက်ရင် မီးလင်းတာပဲလေ ဆိုတဲ့ အသိနဲ့ သုံးနေတာ ။ ဆိုလိုတာက လျှပ်စစ်နဲ့

ပါတ်သက်တဲ့ မှန်ကန်တဲ့ ဗဟုသုတ ပေးမှု အားနည်းနေတာ ။ ဒါကြောင့် တစ်ချို့ နေရာတွေမှာ

မဖြစ်သင့်တဲ့ မတော်တဆ မှုတွေ ထပ်ကာတစ်လဲလဲ ဖြစ်နေတာ ။

အဲ့ ဒါဆို နေ့စဉ် လျှပ်စစ်ကို တာဝန်ယူ ဖြန့်ဖြူးပေးနေတဲ့ သူတွေကော လုံလောက်တဲ့ အတတ်ပညာ ပြည့်ဝရဲ့လား ။

သူတို့သုံးသွားတဲ့ လျှပ်ကာ ပစ္စည်းတွေ ( တစ်ချို့ဆို ဝါယာ နှစ်ချောင်း လိမ်ကျစ်ပြီး ဆယ်လို တိတ်ခေါ်မလား

တိတ်အကြည်လေးနဲ့ ပဲပတ်ပေးသွားတာ ) ကော ပြည့်ဝတဲ့လုံခြုံမှု ရှိရဲ့လား

ဒါတွေကို တရားဝင် စစ်ဆေးပေးမဲ့ အဖွဲ့ လုံလောက်အောင်ရှိရဲ့လား ။

နေရာတိုင်းမှာ အချိန်ကာလ သတ်မှတ်ချက်အလိုက် စစ်ဆေးပေးသင့်တယ်။

စစ်ဆေးမှု ခံယူရမယ်ဆိုတာ လူတိုင်း လက်ခံရဲ့လား ။ ပထမဆုံး လူတွေရဲ့ အမြင် ပြောင်းလဲသွားအောင်

အသိပညာပေးရမယ် ။ တာဝန်ရှိသူတွေက အချိန်ကာလ အလိုက် အသိပညာ ဖြန့်ဝေရမယ် ။

အဲ့လိုပြောလိုက်တာနဲ့ လျှပ်စစ်သုံးစွဲသူများ လိုက်နာရန် ဆိုတဲ့ ဝါကြန့်ကြန့် စက္ကူတွေ လိုက်ဝေပြီး

မတန်ရင်ကာ ပိုက်ဆံ တောင်းသုံးနေဦးမယ် ။ ဘယ်အကြောင်းပြောလိုက်ပြောလိုက် ဒီဘူတာပဲ

ဆိုက်ဆိုက်နေတော့ ခက်တယ်ဗျာ ။

အစိုးရတစ်ဖွဲ့ လုံး ၀န်ထမ်း တစ်ဖွဲ့လုံး စုံလိုက် လဲလိုက်တာ ကောင်းမယ်ဗျာ ။

 

———————————————————————————-

 

ဒီအချိန်မှာ အင်မတန်မှ သင့်တော်တယ်လို့ ကျွန်တော်တို့ ယူဆမိတဲ့

ကိုစွယ်တော်ရွက် ရဲ့ လျှပ်စစ်သတိ လျှပ်စစ်အသိ ဆိုတဲ့ ဆောင်းပါးလေးကို

ပြန်လည်ဖေါ်ပြပေးလိုက်ချင်ပါတယ်ဗျာ။ ရွာထဲမှာ တင်ခဲ့ပြီးသားဖြစ်ပေမယ့်

လိုအပ်တယ်ထင်လို့ ဒီပို့စ်ထဲမှာ ပြန် ထည့်ပေးလိုက်တာပါ။

STY-on-KMYTimes-600x505

 

 

“လျှပ်စစ်သတိ၊ လျှပ်စစ် အသိ”

ဟို တစ်ချိန်တုံးက ခေတ်စားခဲ့တဲ့ “ သတင်းစာ ကိုင်ရင် ဓါတ်လိုက်တယ် ” ဆိုတဲ့စကားလေး မမေ့ကြသေးဘူးဟုတ်။

ဒီနေ့တွေမှာတော့ ဓါတ်လိုက်သေဆုံးမှု သတင်းတွေကို သတင်းစာကိုင်တိုင်းတွေ့နေရလို့

ဒီဆောင်းပါးလေးကို ရေးဖြစ်ပါတယ်။ လျှပ်စစ်ဓါတ်လိုက်မှု အန္တရာယ်မှ ကင်းဝေးစေချင်လို့ပါ။

ဓါတ်လိုက်တယ်ဆိုတာက ကိုယ်ခန္တာအတွင်း လျှပ်စစ်ဓါတ်ဖြတ်သန်းစီးဆင်းသွားတာကိုခေါ်တာပါ။

လျှပ်စီးကြောင်းဖြတ်စီးလိုက်တဲ့အချိန်မှာ လူ့ခန္တာကိုယ်အတွင်း သွေးလှည့်ပတ်မှုရဲ့

အဓိကမောင်းနှင်သူဖြစ်တဲ့ နှလုံး ( Heart ) ပုံမှန် အလုပ်မလုပ်နိုင်တော့ဘဲ အသက်သေဆုံးစေသည်အထိ

အန္တရာယ်ပေးလိုက်တာဖြစ်ပါတယ်။လျှပ်စီးကြောင်းရဲ့ သဘောသဘာဝ ကို လိုတိုရှင်း ရှင်းပြပေးပါရစေ။

လျှပ်စီးကြောင်းတစ်ခုဖြစ်ဖို့ လိုအပ်ချက် ( ၂ ) ခုဘဲ ရှိပါတယ်။

( ၁ ) က လျှပ်စစ်တွန်းအားပါ။ ဗို့အား ၄၀ ဗို့ ကျော်တာနဲ့ အသက် အန္တရာယ်ပြုနိုင်ပြီလို့ သတ်မှတ်ထားပါတယ်၊

အိမ်တွေမှာ သုံးဘို့ လျှပ်စစ်က ပို့ပေးထားတာက ၂၂၀ ဗို့ပါ။စက်မှုလုပ်ငန်း စီးပွားရေးလုပ်ငန်းတွေအတွက်

၄၀၀ ဗို့အားပေးပို့ထားတာတွေလည်းရှိပါသေးတယ်၊ တြိသွင် ၀ါယာလေးချောင်းစနစ်လို့ခေါ်ပါတယ်။

ဗို့အားများလေ၊အန္တရာယ်များလေ၊ဝေးဝေးနေသင့်လေ ပါ။

( ၂ ) ကလျှပ်စစ်ဓါတ် ဖြတ်သန်းစီးဆင်းသွားနိုင်မယ့် ပတ်လမ်းပြည့် ဖြစ်ဖို့ပါ။

တွန်းအားရှိနေပေမယ့် ပတ်လမ်းမပြည့်ရင် လျှပ်စစ်မစီးနိုင်ပါဘူး၊

ဓါတ်ကြိုးပေါ်နားနေတဲ့ငှက်တွေ ဘာ့ကြောင့်ဓါတ်မလိုက်တာလဲ??? ဆိုတဲ့မေးခွန်းရဲ့ အဖြေပါ၊

ပတ်လမ်းမပြည့်လို့ပါ။

စာဖတ်သူရဲ့အိမ်မှာ မီးဖွင့်ဘို့ ခလုပ်လေးကိုနှိပ်လိုက်ရင် ပတ်လမ်းပြည့် ဖြစ်သွားပြီး

လျှပ်စစ်စီးဆင်းမှုဖြစ်လာကာ မီးလင်းလာတာ ဖြစ်ပါတယ်။

လျှပ်စီးကြောင်းရဲ့သဘာဝ ကိုသိပြီဆိုရင် လျှပ်စစ်ဓါတ်လိုက်မှုအန္တရာယ်မှ ကင်းဝေးစေနိုင်မယ့်

“ဆောင်ရန်” လေးတွေ လိုက်လုပ်ကြည့်ရအောင်။

လိုအပ်ချက် ( ၁ ) က လျှပ်စစ်တွန်းအားရှိရမယ်ဆိုတော့ကာ တွန်းအားမရှိရင်

ဓါတ်မလိုက်နိုင်တော့ဘူးပေါ့၊ ဟုတ်တယ်ဟုတ်? ခလုတ်ပိတ်ပြီးမှ ပလပ်ထိုးဗျာ၊

ပြီးမှ ခလုတ်ပြန်ဖွင့်၊ ကိုယ်ပလပ်ထိုးနေချိန်/ ဆွဲဖြုတ်နေချိန် အဲဒီပလပ်ပေါက်မှာဓါတ်အား

မရှိအောင် လုပ်ထားရင် အန္တရာယ်ကင်းမှာပေါ့။ ထပ်ပြောပါဦးမယ် လျှပ်စစ်တွန်းအားမရှိရင် လျှပ်စီးကြောင်း မဖြစ်နိုင်ပါဘူး။

ဒီနေရာမှာ ကျနော်တို့အများစုရဲ့ အားနည်းချက်လေး နဲနဲထောက်ပြခွင့်ပြုပါ။

ပလပ်ပေါက်တိုင်းမှာ အဲဒီပလပ်ပေါက်ကိုထိန်းချုပ်မယ့်ခလုတ် ( Switch ) တတ်ဆင်ထားရမှာဖြစ်ပါတယ်။

“ခလုတ်မလိုပါဘူး ဒီအတိုင်းဆွဲဖြုတ် ပလပ်ထိုး လုပ်ရင်လည်းဖြစ်တာဘဲ” ဆိုပြီး

ခလုတ်မတတ်ဘဲသုံးတဲ့၊တတ်ထားတဲ့ခလုတ်ကို အသုံးမပြုဘဲနေတဲ့ အားနည်းချက်တစ်ခုရှိနေပါတယ်၊

အန္တရာယ်ကို လက်ယပ်ခေါ်နေတာပါနော။

ပလပ်ပေါက်ကိုထိန်းချုပ်ဖို့ ခလုတ်တတ်ထားတယ်ဆိုရင်တောင် အဲဒီခလုတ်သည်

ဓါတ်လိုက်နိုင်သောကြိုး( တနည်း ) အများအခေါ် အပူကြိုး ( Live Wire) ကိုဖြတ်ထားပေးဘို့လည်း

အရေးကြီးပါသေးတယ်၊ အအေးကြိုးကိုသွားဖြတ်ထားမိရင် ခလုတ်ပိတ် ( switch OFF ) ထားပေမဲ့

ပလပ်ပေါက်မှာ ဓါတ်အားရောက်နေမှာပါ။ အခုလူသုံးများလာနေတဲ့

ထပ်ချဲ့ခလုတ်ခုံ ( Extension Cable with Switches ) မှာ ကျတော့ထိပ်ဆုံးမှာ

နှစ်ချောင်း ပလပ် ( 2 Pins Plug ) သုံးတာဆို အပူကြိုး အအေးကြိုးပြောင်းပြန်ဖြစ်သွားနိုင်ခြေ

ပိုရှိနေပါတယ်။ မြေဓါတ်ချကြိုး ( Earth Wire ) ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ သုံးချောင်းပလပ်နဲ့

ပလပ်ပေါက် ( 3 pins Plug and Socket ) ကို သုံးရင်တောင် အနည်းဆုံး အပူကြိုး အအေးကြိုး

ပြောင်းပြန်တတ်မိခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါသေးတယ်။ 3 pins Plug  တွေရဲ့ Earth Pin

ကို ချိုး၊ကွေး၊ဖြုတ် လုပ်ပြီး နှစ်ချောင်းသုံးပလပ်ပေါက် ( 2 Pins Socket ) မှာ သုံးနေကြသူများဆင်ခြင်နိုင်ဘို့ပါ။

လိုအပ်ချက် အမှတ် ( ၂ ) ပတ်လမ်းပြည့် ( Close Circuit ) ဆိုတာကိုကြည့်ရအောင်။

ဓါတ်လိုက်မှု အများစုမှာ MEPE / ( YESB )ကပေးတဲ့ အပူကြိုး (Live Wire ) နဲ့မြေဓါတ်( Ground ) ကြားထဲမှာ

လူရောက်သွားပြီး ပတ်လမ်းပြည့်ဖြစ်-လျှပ်စစ်စီးဆင်း-ဓါတ်လိုက်ခံရတာ ဖြစ်ပါတယ်။ မြေဓါတ် ( Ground ) ဟာ

နေရာတကာမှာရှိနေနိုင်တဲ့ အအေးကြိုးဖြစ်နေလို့ပါ။ နံရံမှာရှိတယ်၊မျက်နှာကျက်မှာရှိတယ်။ရေစိုနေတဲ့နေရာတွေမှာ

လျှပ်စစ်က အလွယ်တကူ ပိုစီးဆင်းနိုင်တယ်။ သမံတလင်းဆို လျှာထိုးကြမ်းခင်းထက်ပိုအန္တရာယ် ရှိပါတယ်။

လျှပ်စစ်ခုခံမှု ( Resistance ) နည်းပါးရင် လျှပ်စစ်စီးဆင်းမှု ပိုများပါတယ်။

ကိုယ်ခန္တာကိုမြေဓါတ်မမိအောင်နေထိုင်ခြင်းဖြင့် ဓါတ်မလိုက်အောင်ကာကွယ်နိုင်ပါတယ်။

ကိုယ်ခန္တာနဲ့ မြေဓါတ်ရဲ့ကြားထဲမှာ လျှပ်စစ်မစီးနိုင်မယ့် ပစ္စည်းလေးတွေ ထားထားပေးလိုက်ရုံလေးပါခင်ဗျ။

ထမင်းဟင်းချက်တဲ့လျှပ်စစ်မီးဖိုနားမှာ၊ လျှပ်စစ်မီးပူတိုက်မယ့်နေရာ၊ တီဗွီ၊ပန်ကာ၊ဖုန်းချာဂျာ

ပလပ်ထိုးရမယ့်နေရာတွေမှာ မြေဓါတ်ကင်းလွတ်နေအောင်စီမံထားသင့်ပါတယ်၊

သစ်သားခုံလေးရိုက်၊ရာဘာခြေသုတ်ဖုံလေးချပေးထားတာနဲ့တင် ခြေထောက်နဲ့ မြေဓါတ်အကြား

လျှပ်စစ်စီးဆင်းမှုကိုကာကွယ်ထားနိုင်ပါတယ်၊ ထမင်းအိုးဟင်းအိုးမွှေမယ့်အချိန်

ရာဘာလက်အိတ်စွပ်ထားလိုက်ရင်ပိုပြီးလုံခြုံသွားမှာပါ၊ ရာဘာလက်အိတ်မသုံးချင်ဘူးဆိုရင်တောင်

အခုခေတ်မှာ လွယ်လင့်တကူဝယ်လို့ရနေပြီဖြစ်တဲ့ အ၀တ်လက်ခုအိတ်လေးတွေစွပ်ပြီးသုံးသင့်ပါတယ်။

“မြွေကိုက်လျှင်ဆေးရှိသည်၊ ဓါတ်လိုက်လျှင်ဆေးမရှိ ”ဆိုတဲ့ ဆောင်ပုဒ်လေးကို အမြဲ သတိရနေစေချင်ပါတယ်။

( ၁ ) ခလုတ်ပိတ်ပြီးမှ ကိုင်တွယ်ပါ။

( ၂ )မြေဓါတ်မှကင်းလွတ်နေပါစေ။ ဆိုတဲ့ အချက်လေး ၂ ချက် ထဲကိုဘဲ သိထားပြီး အသုံးချပါ။

မိမိတင်သာမက မိမိပါတ်ဝန်းကျင်ကိုပါ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

လျှပ်စစ် အသိ၊ လျှပ်စစ် သတိလေးထားလိုက်ခြင်းအားဖြင့် လျှပ်စစ်အန္တရာယ်ကျရောက်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

စွယ်တော်ရွက်…။

 

ဒါကတော့ ကိုစွယ်တော်ရွက်ရဲ့ “စွယ်တော်ရွက်ရဲ့ဘ၀မှာ ပထမဦးဆုံးပုံနှိပ်ဖေါ်ပြခြင်းခံရတဲ့ဆောင်းပါး” ပို့(စ) လေးပါ။

အခုအချိန်မှာ အလိုအပ်ဆုံး ဖြစ်နေတဲ့ ပညာပေးဆောင်းပါး ဆိုတော့ ကျွန်တော်တို့ ဒီပို့စ်နဲ့ အတူ ဖေါ်ထုတ်လိုက်ပါတယ်။

ကိုစွယ်တော်ရွက်ရဲ့ မူရင်းပို့စ်ကို အားပေးချင်တယ်ဆိုရင်တော့ အောက်ကလင့်ကို သွားလို့ရပါတယ်ခင်ဗျ။

“စွယ်တော်ရွက်ရဲ့ဘ၀မှာ ပထမဦးဆုံးပုံနှိပ်ဖေါ်ပြခြင်းခံရတဲ့ဆောင်းပါး”

http://myanmargazette.net/186768

~~~~~~~~~~~~~~~~~~~~~~~

ဓါတ်ကြိုးတွေပြတ်ကျတာနဲ့ ပတ်သက်ပြီး Facebook ပေါ်က Kyaw Oo ရဲ့ပို့စ်လေးကို

ကိုစွယ်တော်ရွက်က ကျွန်တော်တို့ဆီ ပို့ပေးလာပါတယ်ဗျာ။ ဖတ်ကြည့်ပေးကြပါဦး။

 

10418349_10204097426056889_2439984361505688577_n

ဓါတ်ကြိုးပြတ်လို့ ပြည်သူတွေ သေသွားရပြန်ပါပြီ ။

လမ်း သွားရင်တောင် အပေါ်မော့ ကြည့် နေရတယ် ။ 

အဲဒီအတွက် အရင်တုန်းကတော့  earth ring and earth bar တွေတတ်ထားပါတယ် ။

safety အတွက်ပါ ။ ဘာမှလည်းမခက်ပါဖူး ။

အဲဒါက မီးလာတဲ့ ဖက် ဓါတ်တိုင်မှာ တပေ နှစ်ပေ အကွာမှာ ကြိုးပြတ်ကျရင် အရင် ထိဖို့ 

သံချောင်းလေးတတ်ထား တာပါ။ အဲဒီ သံချောင်းလေးကို မြေကြီး က အပ်ကြိုးနဲ့ ဆက်ထားတာပါ။
ဘယ်လိုကာကွယ်လဲဆိုတော့ မီးကြိုးပြတ်သွားတာနဲ့ အဲဒီကြိုးက အပ်ချထားတဲ့  သံချောင်းကိုထိပြီး

မြေကြီးထဲကို လျပ်စီး တွေကို earth ကြိုး ကတဆင့် အများကြီးစီးသွားပါတယ် ။ အဲတော့ 

အရင်းမှာရှိတဲ့ circuit breaker ဖြစ်ဖြစ် ဖြူး ဖြစ်ဖြစ် ပြုတ်သွားပြီး အန္တာ၇ယ် မရှိတော့ ပါဖူး။

ပုံထဲမှာပြထားပါတယ် ။

ဒါတွေကို လျပ်စစ်ဌာနကတတ်ကိုတတ်ရမှာပါ ။

အများဆုံးကုန် ဓါတ်တိုင် တတိုင် နှစ်သောင်းပေါ့ ။ ပြည်သူတွေကို စေတနာရှိရင်ပေါ့ ။

ဓါတ်ကြိုးပြတ်ကျလို့ သေနိုင်တာ လူတိုင်းပါ ။ လူတိုင်းဖြစ်နိုင်ပါတယ် ။

ခင်ဗျား ကျွန်တော်တို့ အမျိုးတွေ ပါ ပါနိုင်တယ် ။  လျပ်စစ် အန္တာ၇ယ် ကင်းကြပါစေ ။

earth bar တပ်ထားတဲ့ ဓါတ်တိုင်ပုံလေးတင်ထားတယ် ။

တာဝန်ရှိသူများ ရှက်တတ်ပါစေ ။

ကိုယ့် ကြောင့် သေရင်ကိုယ်လဲတာဝန်မကင်းပါ ။

ဝင်ရောက်ဖတ်ရှုမှု အတွက် ကျေးဇူးတင်ပါတယ်ဗျာ။

ဆွေးနွေးမှုတွေကို ကြိုဆိုပါတယ်။

5299_10204097426376897_1921468461700873933_n

 

 

ကဲ…ဒီပို့စ်ကို ဖတ်နေသူ မိတ်ဆွေတို့ရဲ့ အမြင်အတွေးတွေကိုလည်း

ကျွန်တော်တို့နဲ့ အတူ ၀င်ဆွေးနွေးပေးကြဖို့

တိုက်တွန်းပါတယ်ခင်ဗျား…။

စာကြမ်းပိုး အဖွဲ့သားများ…။

 

 

About စာ ကြမ်းပိုး

စာ ကြမ်းပိုး has written 11 post in this Website..