ဒီတခေါက်ကတော့ အစီအစဉ်သစ်လေး… မိန်းမရယ် ကျွန်တော်ရယ် ချက်စားတဲ့ထဲက မထူးတထူး… မဆန်းတဆန်းပေါ့…

ဘာလို့ဆိုတော့ နေ့စဉ်စားနေကျပဲလေ… အိမ်မှာက ဟင်းချက်တော့စားတယ်… အမေချက်တာကို စားတာ ပိုများတယ်…

ကိုယ့်ဘာသာချက်မယ်ဆိုရင်တော့လဲ စိတ်ကြိုက် ကောင်းကောင်းလေးချက်စားကြတယ်… ကဲ.. လေဖောတာများပြီ… စချက်ကြမယ်…

 

ကြက်သားငါးပိချက် ပါဝင်ပစ္စည်းများ

ကြက်သား         ၂၅ ကျပ်သားလောက်

အရောင်တင်မှုန့် ထမင်းစားဇွန်း မပြည့်တပြည့် တဇွန်း

ကြက်သွန်နီ        ဥကြီး ၂ ဥ

ကြက်သွန်ဖြူ       အမြွာကြီး ၄ မွှာ

ဂျင်း                     လက်ညှိုးတဆစ်စာလောက်

ပဲပုပ်                   ၃ ပြား

ဆီ                      ၇ ကျပ်ခွဲသား

ဆား၊ အချိုမှုန့်  တိုင်းတဲ့ထည့်ရန်

ငါးပိ                   ထမင်းစားဇွန်း ၂ ဇွန်း (ငရုတ်သီးစိမ်း ၊ ပုဇွန်ခြောက် ရော ထောင်းပြီး)

ငရုတ်သီး           ၁၀ တောင့် ( အတောင့်ရှည်… အစပ်ကြိုက်လျှင် ပိုထည့်နိုင်)

နံနံပင်                ၁၀၀ တန် တစည်း

1 2 3 4 5

အရင်ဆုံး ကြက်သားကို အလောတော်လေးတွေ တုံးရပါမယ်… ဒါက မိန်းမ အလုပ်…

ကြက်သွန်နီ/ဖြူ  ဂျင်းလေးကို ရောထောင်းပါ… ဂျင်းကတော့ လက်ညှိုးတဆစ်လောက်ပေါ့… မထည့်လဲ ရတယ်… ဒါပေမဲ့ မွှေးတာပေါ့… မညပ်တညပ်ထောင်းဖို့ မမေ့ပါနဲ့… ဒါက ကိုယ့်အလုပ်… ဟဲ

ပဲပုတ်ကို ရေစိမ်ထားပါ… ဒါကလဲ မွှေးအောင် ထည့်တာပါ.. အရသာလဲ ပိုလေးပြီး စားကောင်းတာပေါ့…

ကဲ.. စချက်ပြီ…

အရင်ဆုံး ဆီထည့်ပြီး ဆီသတ်ပါတယ်…ဆနွင်းကို မထည့်လဲ ရပါတယ်… ဒါပေမဲ့ နည်းနည်းထည့်ပါ.. အရောင်လဲ လှ.. ကျန်းမာရေးလဲ အထောက်အကူဖြစ်တာပေါ့…

ပြီးတာနဲ့ ကြက်သွန်နီ/ဖြူ  ဂျင်းထောင်းတာလေးကို ထည့်ပါ… ထောင်းထားတဲ့ ဆုံကို မဆေးပါနဲ့ဦး… ရေ နည်းနည်းထည့်ထားပါ…

အရောင်တင်မှုန့်ကလေးကို ထည့်ပါ…

ပြီးရင် ကြက်သားတုံးထားတာလေးကို ထည့်ပါမယ်… နည်းနည်းကျက်အောင် မွှေမယ်… စောင့်မယ်…

ဆား၊အချိုမှုန့်လေးတွေ ချိန်ထည့်ပါမယ်… အသားမှုန့် ကြိုက်တဲ့သူကတော့ ဆားလျှော့ထည့်ပါ…

နည်းနည်းရဲလာပြီဆိုရင်… ထွက်ပြေးပါမယ်… ဟုတ်ပါဘူး.. ရေစိမ်ထားတဲ့ ပဲပုတ်ထည့်ပါမယ်… နည်းနည်းထပ်မွှေမယ်…

ပြီးတာနဲ့ ငါးပိကို အချိန်အဆအတိုင်းလေးထည့်ပါမယ်…. အနံ့လေး မွှေးလာပြီဆိုရင်… ခုနက ရေထည့်ထားတဲ့ ဆုံထဲက ရေကို ထည့်ပါမယ်…

ရေလေးဆီလေး ပွက်ကနဲ ပွက်ကနဲ ဆူလာတာနဲ့… ငရုတ်သီးစိမ်းတောင့်ရှည်လေးတွေကို ကတ်ကြေးနဲ့ ညှပ်ထည့်ပါမယ်…

နောက်ဆုံး အရသာ အိုကေ… အသားလဲ ကျက်… ရေလဲ ခမ်းသင့်သလောက် ခမ်းတာနဲ့… နံနံပင်လေးကို အပေါ်ကအုပ်လိုက်တော့ ပုံထဲက မြင်ရတဲ့ အတိုင်းလေး ဖြစ်သွားပါတယ်…

 

PS: မိန်းမက အသားလှီးတာ… မွှေတာ ချက်တာ တာဝန်ယူပြီးတော့.. ကျွန်တော်ကတော့ ဆုံထောင်းတာ ငရုတ်သီးညှပ်တာ.. အချိန်အဆ အရသာကို တည်းဖြတ်ပါတယ်… နှစ်သက်ကြမယ်လို့ ထင်ပါတယ်…

နောက်တပတ်တွေ ပြန်ဆုံဦးပါမယ်… ကျေးဇူးတင်ပါတယ်… :)

 

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...