” တစ်ခါက အရပ်မျက်နှာများ နဲ့ ကျွန်တော် “

 

ကျုပ် မန်း မှာနေဖြစ်ဖို့ စရောက်ခဲ့စဉ်က အရပ်မျက်နှာတွေနဲ့ အလွဲတွေပေါ့ဗျာ။

ကျုပ်မွေးဖွားကြီးပြင်းခဲ့တဲ့ ရန်ကုန်မှာ ကလေး လူကြီး လမ်းညွှန်ကြတဲ့အခါ ရှေ့လမ်းဆုံကျ ဘယ်ကွေ့ ညာကွေ့ တည့်တည့်သွား အဲလိုမျိုးညွှန်ကြတာ ကိုယ်တိုင်လည်း အဲလိုဘဲ ပြောကျင့်ရှိခဲ့တာပေါ့ဗျာ။

အလုပ်အကိုင်အခွင့်အလမ်းအခြေအနေအရ မန်း မှာနေဖြစ်ဖို့ များတယ်ဆိုတော့ နေစရာလေး တစ်ခုတော့ ကိုယ်ပိုင်လေးရှိမှ ဖြစ်မှာလေ နေရာဌားနေကြရရင် သူများကိုအိမ်လခပေးနေရတာက မစားရမသောက်ရနှမျော သမို့ နေစရာမြေကွက်( ဒီအရပ်အခေါ် မြေ၀ိုင်း ) လေး တစ်ကွက်လောက်တော့ မြို့သစ်ဖက်မှာ ၀ယ်ရအောင် ဆိုပြီး ကျုပ်က ဆိုင်ကယ်မောင်း အနောက်က မြေကွက်လိုက်ပြမယ့် အကျိုးဆောင်က လိုက်စီးပြီး သွားကြ တာပေါ့ အဲဒီမှာ ကိုလူချောက

” အရှေ့လမ်း ဆုံရောက်ရင် အနောက်ကွေ့ပြီးမောင်းလိုက် နောင်ကြီး ”

အဲဒါနဲ့ ကျုပ်စိတ်ထဲထင်လိုက်တာက သြော် သူပြမယ့်မြေကွက်က နောက်မှာကျန်နေရစ်ခဲ့လို ပြန်ပြမလို့ ပြန်ကွေ့ခိုင်းတာဘဲဆိုပြီး လမ်းဆုံရောက်ရော ဆိုင်ကယ်ကို နောက်ပြန်ကွေ့ပြီးမောင်းလိုက်တော့ သူက

” နောင်ကြီးဘယ်ပြန်မောင်းတာလည်း ကျုပ်ပြမယ့်မြေကွက် မကြည့်ချင်တော့လို့လား ” ဆိုပြီးပျာပျာသလဲ မေးတော့မှ

” ဟင် ကိုဆရာဘဲ ရှေ့လမ်းဆုံရောက်ရင် အနောက်ကွေ့ ဆို ဒါဆို ဘယ်ကွေ့ ညာကွေ့ နဲ့ ပြောဗျာ”

” အဲဒါဆို ရှေ့လမ်းဆုံရောက်ရင် ညာကွေ့ဗျာ ”

အဲဒီလို ဘယ် ညာ ကွေ့ တည့်တည့်သွား နဲ့မှ အဆင်ချောခဲ့တယ်လေ။

 

တစ်ခါတုန်းကလည်း

မန်း ရောက်ခါစ သွားဖို့လာဖို့အတွက် ဆိုင်ကယ်လေးတစ်စီးလောက်တော့ ၀ယ်ထားမှဖြစ်မယ် ဒီမှာက လမ်းလျှောက်ရလျှင်လည်း နေကပူပူနဲ့ ပြီးတော့ သူတို့က ရှေ့ ၂ ပြ လောက်ဆိုရောက်ပြီပြောလို့ တစ်ခါက လမ်းလျှောက်မိပါတယ် သူ့ ၂ ပြ က ရန်ကုန်အကွာအဝေးနဲ့ဆို ဓာတ်တိုင် ၁၂ တိုင် အကွာအဝေးလောက် ရှိတာဗျ၊ ဘစ်ကားကလည်း တရေးလောက်အိပ်ပြီး စီးရတာမျိုးဆိုတော့ ဆိုင်ကယ်ဝယ်ဖို့ ကျုံးရှေ့ အနုပညာ ကဇက်ရုံနား ဘစ်ကားပေါ်ကဆင်းပြီး ဆိုင်ကယ်ရောင်းမယ့် ပြည်တော်သာတိုက်ခန်းအိမ်လိပ်စာကို ဘစ်ကား ဂိတ်မှာတွေ့တဲ့ အဒေါ်ကြီး ကိုပြပြီး မေးလိုက်တော့

” အဲဒီလိပ်စာအတိုင်းဆို လူလေးတို့ အခုဒီလမ်းအနေ တောင် ဘက်ကို ပြန်လျှောက်ပြီး လမ်းမဆုံကြီးကျရင် အနောက်ဖက်ကွေ့လိုက် အဲဒီနားမှာ ” လို့ ဆိုလေတော့ ကျုပ်တို့ဇနီးမောင်နှံလည်း အဲဒီကနေ လှမ်းကြည့် တော့ မန္တလေးတောင်ကို လှမ်းမြင်နေရတာဆိုတော့ ဟိုအဒေါ်ကြီးက တောင်ဘက် လျှောက်ပြေတာ ဒီ မန္တလေးတောင်ကိုဆိုပြီး လျှောက်ကြတာ တောင်ခြေရောက်ခါနီး ဆိုက်ကားဆရာတစ်ယောက်တွေ့တော့ တစ်ခါမေး ကြည့်တော့မှ မဟုတ်ဘူး နောက်မှာကျန်ခဲ့ပြီ ဟိုအဒေါ်ကြီးပြောတဲ့ တောင် ဘက် ဆိုတာ မန္တလေး တောင်ဘက်မဟုတ်ဘူး တောင်အရပ်မို့ အနောက်ပြန်လျှောက်ရမှာဆိုတာနဲ့ ချွေးတွေကလည်းရွဲနေပြီး မောက လည်းမောနေတော့ သူ့ဆိုက်ကားဘဲ ဌားပြီးသွားခဲ့ကြရတာမျိုးလေ အဲဒီတုန်းက ကျုပ် ဆိုက်ကားစီးရင်း တွေးမိသေးတယ် နောက်သူတို့ညွှန်ရင် ငယ်ငယ်တုန်းကသင်ခဲ့သလို နေထွက်ရာအရပ်ကို မျက်နှာမူလို့ လက်နှစ်ဖက်ကို ဆန့်တန်းပါ လက်ယာလက်သည် တောင် လက်ဝဲလက်သည်မြောက် အနောက်ကျောသည် အနောက်အရပ်ဖြစ်သည်ဆိုပြီး နေကြည့်ပြီး လုပ်ရမလိုပါဘဲ ရောက်ခါစက အရှေ့အရပ်က ဘယ်ဘက်မှာလဲ ဆိုတာ သိပ်မသိဘူးမို့ နေ ကိုဘဲ မော့မော့ကြည့်ရတာပေါ့။

 

တစ်ခါတုန်းကလည်း

ကျုပ်အိမ်ကနေ ၆၂ လမ်းအတိုင်း ဆိုင်ကယ်မောင်းလာရင်း လမ်းမှာ အလုပ်နဲ့နှီးနွယ်သော ကန်ထရိုက် အင်ဂျင်နီယာ အသိမိတ်ဆွေတစ်ယောက်ဆိုင်ကယ်ကို တွေ့သမို့ ဘေးချင်းယှဉ်မောင်းလိုက်ပြီး လောကွတ် လုပ် ကျုပ် နုတ်ဆက်လိုက်တာပေါ့

” မြောက် အိမ် သွား ကြည့်မလို့ပါ ”

လေကလည်းတိုက်နေတော့ စကားပြောသံက လေနဲ့လုံးနေတာပေါ့ ဒါနဲ့ဘဲ ကျုပ်နားထဲ မျောက် အိမ် သွားကြည့်မယ်ထင်တော့ ဘယ်လိုအိမ်လဲပေါ့ လိုက်ကြည့်လိုက်အုံးမယ်တွေးပြီး

” အဝေးကြီးသွားရမှာလား မဝေးရင်လိုက်ကြည့်ချင်လို့” မေးလိုက်တော့

” သိပ်မဝေးပါဘူး ရှေ့ ၃ ပြ လောက်မှာပါ လိုက်ခဲ့လေ ” သူကတော့ သူကန်ထရိုက်တာဝန်ယူဆောက်တဲ့ အိမ်ကို လိုက်ကြည့်တယ်ဆိုတော့ သူ့လက်ရာကြွားရချဉ်သေးရဲ့ ထင်ပုံပေါ့ဗျာ၊ အဲလိုနဲ့ သူပြောတဲ့ အိမ်လည်း ရောက်ရော လူနေတိုက်အိမ်တွေ့တော့ ကျုပ်ရှာရှည်ပြီးမေးလိုက်တာပေါ့

” ကိုယ့်ဆရာပြောတော့ မျောက်အိမ်ဆို ဘယ်မှာလဲဗျ ” ပေါ့ ဆိုတော့ ကျုပ် မိတ်ဆွေက

” ဘယ်က မျောက် အိမ်လည်း ကျုပ်လာတာ ဒီအိမ်ဘဲလေ ” ဆိုပြီး စိတ်ပျက်တဲ့ အကြည့်နဲ့ စိုက်ကြည့် နေပြီးမှ

” သြော် ခင်ဗျား နားကြားလွဲတာဖြစ်မယ် ကိုခင်ခရေ ကျုပ်က တောင်ဘက်အရပ်ကလာတာမို့ ခင်ဗျားက ဘယ်သွားမလဲဆိုတော့ မြောက်ဘက်အရပ်က ဒီအိမ်သွားမှာမို့ မြောက် အိမ် သွား မယ်ပြောတာကို ခင်ဗျက မျောက် အိမ်မှတ်တာကိုး ” ဆိုပြီး နှစ်ဦးသားရယ်လိုက်ရတာဗျာ၊ တော်သေးတယ် အိမ်ပိုင်ရှင်တွေမရှိလို့ ရှိများရှိရင် သူတို့အိမ်ကို မျောက်အိမ်လို့ ပြောတဲ့ကျုပ်ကို လိုက်ရိုက်လေမလားဘဲဗျ။

 

တစ်ခါတုန်းကလည်း

ကျုပ် မန်း စရောက်ခါစ လသိပ်မကြာသေးဘူး သူငယ်ချင်းနဲ့ချိန်းထားလို့ အသွားလမ်းမှာ ဆိုင်ကယ်က ဖွတ်ချက် ဖွတ်ချက် နဲ့ ရပ်ပါလေရော၊ ဒါနဲ့ဘဲ ဆိုင်ကယ်ပြင်ဆိုင်ဘယ်မှာရှိသလဲ အနီးနားမေးကြည့်လိုက်တော့ အဲဒီနားက အ.လ.က ကျောင်း ဘေးကလမ်းမို့ တွန်းသွားပြီး ကြည့်ခိုင်းတာ ကာဗရိုက်တာဂျီးပိတ်တာ ဆေးရ မယ် ခဏစောင့်ရမယ်ဆိုတော့ အဲဒီတုန်းက အခုလို လက်ကိုင်ဖုန်း ဟန်းဖုန်းတွေ ပေါပေါသီသီဟုတ်သေးဘူး ဖုန်းရှိတဲ့ အိမ်တွေ ပီစီအိုတွေကဘဲ ဆက်ရတာမို့ ချိန်းထားတဲ့ သူငယ်ချင်းမျှော်နေမဆိုးလို့ အနီးနား စတိုးဆိုင် လေးကဖုန်းနဲ့ သူ့အလုပ်တိုက်ကို ဆက်ပြောလိုက်တယ်

” ငါ့ ဆိုင်ကယ် ခဏ၀င်ပြီး ကာဗရိုက်တာဆေးနေလို့ ” ဆိုတော့ သူငယ်ချင်းက ဘယ်နားမှာလဲ သူလာခဲ့မယ် ဆိုတာနဲ့ ကျုပ်က အ.လ.က အမှတ် ( ×× ) ဘယ်လောက်ရဲ့ နောက်လမ်းမှာလို့ ပြောလိုက်တာပေါ့။ ဒါပေမယ့် သူငယ်ချင်းက တော်တော်နဲ့ ရောက်မလာလို့ ဆိုင်ကယ်ပြင်တာလဲပြီးတော့မှာမို့ မထွက်ရင် မထွက်ခဲ့နဲ့ မင်း အလုပ်တိုက်ကဘဲစောင့်ပြောမလို့ ခုနစတိုးဆိုင်က ဖုန်ထပ်ခေါ်ပြောတော့ သူငယ်ချင်းက ထွက်သွားတာကြာပြီတဲ့ ဒါနဲ့ ကျုပ်လည်း မတွေးတတ်တော့ ဆိုင်ကယ်လည်းပြီးပြီမို့ ကျသင့်တဲ့ငွေရှင်းပြီး ခုန အလကကျောင်းကို ပတ်ခါ ကျောင်းအဆောက်အဦးရှေ့ကလမ်းပေါ် ဆိုင်ငယ်ချိုးကွေ့လိုက်ရင်ဘဲ

” မင်းကလည်း ဒီကျောင်း နောက်လမ်းမှာ ဆိုလို့ ငါ ရောက်နေတာ ကြာလှပြီ ဘယ်တွေသွားနေတာလဲ ငါ့ကို ချိန်ပြီး၊ ပြီးတော့ ဒီမှာလည်း ဆိုင်ကယ်ပြင်ဆိုင် မတွေ့ဘူးလေ မှန်မှန်ပြောငါ့ ချိန်းပြီး ဘယ်သွားတာလဲ ” တဲ့

အဲဒီတော့မှ

” မဟုတ်ဘူး ငါဆိုင်ကယ်ပြင်တာ ဒီကျောင်းအဆောက်အဦးရဲ့ ဟိုဘက်နောက်လမ်းမှာလေ ” ဆိုလိုက်တော့

” ဟာ အဲဒါ ငါ့တို့က ကျောင်း အရှေ့ ဒီဘက်က ကျောင်း အနောက် ခေါ်တာကွ ” တဲ့လေ

ကျုပ်တို့ ရန်ကုန်တုန်းက အဆောက်အဦးရဲ့ ဥပစာလှည့်တဲ့ဘက်ကို အိမ်ရှေ့ ကျောင်းရှေ့ အဆောက် အဦးရှေ့ ဆိုပေမယ် ဒီမှာက အဲဒီအဆောက်အဦး ဥပစာ ဘယ်လှည့်လှည့် အဆောက်အဦးရဲ့ အရှေ့အရပ် အနောက်အရပ် တောင်ဘက် မြောက်ဘက် ဆိုပြီ အရပ်မျက်နှာကိုယ်စားပြု ပြောကြတာကိုး ဆိုတာကို ကျုပ် သဘောပေါက်မိတယ်လေ။

ဒါတွေဟာ ကြာခဲ့ပြီး အခုတော့လည်း ကျုပ်တစ်ယောက် အရှေ့ဖက်သွား တောင်ဘက်ချိုး မြောက်ဖက်လမ်း စသည်ဖြင့် အရပ်မျက်နှာလိုက်ပြီးဘဲ ပြောတတ် နေတတ် ကြည့်တတ် နေပြီပေါ့လေ။

 

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..

   Send article as PDF