တစ်ရက်…

ကျနော် ဆူးလေဘက်နိုတြီပြန်တဲ့ကိစ္စနဲ့လာရင်း အိန္ဒိယသံရုံးကိုလာတဲ့ မိန်းတို့ဆရာတပည့်နှစ်ယောက်ကို တွေ့လိုက်တယ်….။ မိန်းနဲ့ သူ့မန်နေဂျာမမပါ…။ အဲ့ဒီမမကြီးနဲ့လဲ ကျနော်ခင်နေလေတော့…မိန်းတို့ ၂ ယောက်ကို မုန့်ကျွေး၊ စကားပြောနဲ့… သူတို့လဲပြန်မယ်လုပ်ရော…သူတို့ရုံးကားက စက်နှိုးမရတော့….။

ဒါနဲ့ပဲ ကျနော်လဲပျော်ရွှင်စွာ အကျိုးဆောင်လေသတည်းပေါ့……။

ကန်တော်ကြီးဘက်ကပတ်ပြီး သူတို့ရုံးရှိတဲ့ ပွင့်သစ်စမ်းနဲ့ မျက်စောင်းထိုးက ရုံးကိုရောက်ဖို့နည်းနည်းအလို….လမ်းညာဘက်အခြမ်း လမ်းကြားကျဉ်းလေးထဲမှာ…မော်တော်ပီကယ်တစ်ယောက်…ပလပ်စတစ်ခုံလေးနဲ့ ဂျာနယ်ဖတ်ရင်း…ထိုင်နေတယ်ခင်ဗျ…(ခုတော့ အဲ့လူရှိမရှိ မသိတော့ပါ..)။ မိန်းက အဲ့ဒီလူကို ဖြတ်သွားဖြတ်လာအမြဲတွေ့ပုံရပါတယ်….၊ သူ့ဂျာမမကို လှမ်းပြောတယ်…။

“အဲ့ဒီပီကယ် အဲ့မှာ အမြဲထိုင်နေရတယ်….၊ သူ မိုးများရွာရင်…ဘယ်နားကိုပြေးမလဲမသိဘူးနော်….” တဲ့…

မိန်းစကားကြောင့် သူမရဲ့ ဂျာမမလဲ တစ်ချက်တော့ တွေသွားတယ်….။ ပြီးမှ…သတိဝင်လာပြီး မိန်းကို လှမ်းပြောလိုက်တဲ့စကားကြောင့် ကျနော်ကားမောင်းနေရင်း ပြုံးမိပါတယ်…။

“ မိန်း…နင်ဟာလေ….သူများအပူ ကိုယ့်အပူတော်တော်လုပ်တယ်…” တဲ့…

ဟုတ်ပါတယ်…

မိန်းဟာ…သူများအပူ ကိုယ့်အပူတော်တော်လုပ်တဲ့ မိန်းကလေးပါ….။ (တစ်ခါတစ်လေ…သူ့အပူလုပ်တာ…ကျနော့်အပူပါ ဖြစ်ဖြစ်သွားတတ်သေးတယ်…)

*****************************************************

ဒါအချစ်လို့ခေါ်သလား အော်နေတဲ့ဖုန်းသံကြောင့် မိန်းမှန်းကျနော်သိလိုက်ပြီ…….

“နောင်ရိုး….မ၀ါတို့လင်မယားကို ပိုက်ဆံ ငါးသောင်းချေးလိုက်ပါဟယ်…။ သူတို့မပေးလဲ လကုန် ငါပြန်ပေးပါ့မယ်..” ဟိုဘက်က မိန်းအသံအတော်တိုးတိုးမို့ သေချာနားစိုက်ထောင်ရတယ်….။ ဖုန်းခိုးပြောနေတယ်ထင်ပါရဲ့……..

“ဟေ…သူတို့က ဘာဖြစ်လို့လဲ….”

“အဆင်မပြေဘူး…၊ သူတို့ကလေးလဲ နေမကောင်းဖြစ်နေတယ်…ငါ့ရှေ့မှာလာညည်းတော့…ငါလဲ ပိုက်ဆံအဆင်သင့်မရှိတာနဲ့ အမေပေးထားတဲ့ လက်စွပ်နဲ့ဆွဲကြိုး ထုတ်ပေးလိုက်တယ်…”

“ဟေ….အဲ့ဒါတွေ အခု ဘယ်မှာတုန်း..”

“သူတို့…သွားပေါင်တယ်လေ….မနက်က အမေမေးလို့..ငါ့မှာ မရှိတဲ့ပစ္စည်းပျောက်သယောင်ရှာပြရ၊ တစ်ဖက်က မ၀ါဆီဖုန်းခိုးဆက်ရနဲ့….”

“အဲ့ဒီတော့….”

“အဲ့ဒီတော့…သူတို့ရွေးပြီး ခုနက ပြန်လာပေးတယ်….။ ညနေပြန်လာယူမှာ…၊ ဒါပေမယ့် အမေက သိမ်းသွားတော့ ငါပြန်ပေးလို့မရတော့ဘူး….။ အဲ့ဒါ ငါ့ကိုယ်စား မ၀ါတို့ကို ပိုက်ဆံငါးသောင်းသွားပေးလိုက်ပါဟယ်….”

ကိုယ့်ပစ္စည်းနဲ့ကိုယ်…..အဲ့ဒီလို…………

*****************************************************

မိန်းတစ်ယောက် တစ်ဖက်ကလဲ…ထမင်းပေါင်းစားရင်း…တစ်ဖက်ကလဲ ကျနော် Expire မကြည့်ဘဲဝယ်လာမိတဲ့မုန့်ထုပ်ကို ကိုင်ရင်း..ပလုပ်ပလောင်းနဲ့ ပွစိပွစိ ရွတ်နေပါတယ်…။

“နင်ဟာလေ…ငါဘယ်လောက်ပြောပြော ဂရုမစိုက်ဘူး…။ ပိုက်ဆံပေးပြီး ရောဂါကို ၀ယ်ချင်နေတယ်….။ ဒီ expire လေးကြည့်လိုက်တော့ နင် ဘာဖြစ်သွားမှာလဲ…..။ အဲ့ဒီမှိုတွေက ဘာဖြစ်မှာလဲ … နင်သိလား…။ ကင်ဆာဟဲ့…ကင်ဆာ…

နင်သာ ကင်ဆာဖြစ်ရင်လေ…နင့်ကိုမွေးထားတဲ့မိဘတွေ ဘယ်လောက်ရင်ကျိုးရမလဲ…သိလား…၊ သေသွားတောင် ရုပ်ထွက်လှမယ်မထင်နဲ့…နင့်ဗိုက်ထဲ အဲ့မှိုတွေဘယ်လောက်ရောက်သွားပလဲတောင် မသိပါဘူး….။ ဘယ်တော့မှ………. ”

ပြန်တက်ရတော့မယ် နောက်သင်တန်းတစ်ချိန်အမှီ…နေ့လည်စာလဲစားရင်း….ကျနော့်ကို မပြောလိုက်ရမှာလဲစိုးလို့…ပလုတ်ပလောင်းကြားထဲက ရအောင်ပြောနေတဲ့ မိန်းကိုကြည့်ပြီး…ကျနော်..ရီချင်နေတယ်….

ဖြစ်မှာပဲလေ…………။ မနေ့က ကျနော်တို့ Dota ပြိုင်ဆော့တာမှာ သူမရှုံးခဲ့တာကိုးးးးး

ခပ်မြင့်မြင်စည်းထားတဲ့ ဆံပင်တွေကြောင့် သူမမျက်နှာပြောင်ပြောင်တင်းတင်းလေးက အထင်းသား ပေါ်နေတယ်…။ ကျနော်သဘောကျတဲ့….သူမပါးက သွေးကြောလေးတွေရယ်…၊ နားသယ်စပ်က ဆံပင်နုလေးတွေရယ်….

အအေးတစ်ခွက်သောက်ရင်း…သူမ ပွစိနေတာကိုထိုင်ကြည့်နေတဲ့ကျနော်….အတွေးတစ်ခုဝင်လာမိတယ်….။

“ ငါ့ အိမ်ရှင်မလေးသာ ဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ…..”

အဲ့ဒီအတွေးဝင်လာတဲ့အချိန်…ကျနော် ကြက်သီးဖြန်းကနဲ ထပါတယ်..။

“မိန်း…ငါ..နင့်ကို အရမ်းးးးချစ်တယ်….” ကြိုတင်မပြင်ဆင်ဘဲ ကျနော်…ပြောလိုက်တာပါ…..။ အဲ့ဒီအချိန်…ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတယ်…..။ ကျနော့်ရင်ခုန်သံကို ကျနော်…ပြန်ကြားနေရပါတယ်…..။

ငါဘာလို့ ဒီလောက် Romance မဆန်ရတာလဲ……

မိန်း…စားလက်စ ထမင်းပေါင်း ရပ်သွားတယ်….။ ကိုင်ထားတဲ့ ဇွန်းခရင်းကို ခပ်ဖြေးဖြေးချတယ်…..။

ပြီး….သူ့မျက်နှာလေးကို မြတ်မြတ်နိုးနိုးကြည့်နေတဲ့….ကျနော့်မျက်လုံးကို …သေချာစိုက်ကြည့်ပြီး…စကားတစ်ခွန်းပြောပါတယ်…။ မျက်တောင်တချက်မခတ်ဘဲ၊ အားနာသမှုမရှိဘဲ သူမပြောခဲ့တဲ့အဲ့ဒီစကားက….

:

:

:

:

“ ငါ….နင့်ကို … လုံးဝ မချစ်ဘူး……..”တဲ့

အဲ့ဒီစကားအဆုံးမှာ….ကျနော့်ကောင်းကင် ပြိုဆင်းသွားတော့တယ်………..

*****************************************************

အဲ့ဒီကလေးမ အဲ့ဒီလိုပြောခဲ့တဲ့ ပုံရိပ်ဟာ…ကျနော့်ညတွေကို တော်တော်ကြာအောင်ထိ ခြောက်ချားစေခဲ့တယ်….။

ရက်တွေကြာလာတော့ ကျနော်ပြန် အားတင်းကြည့်တယ်…..။ မိန်းမှာ….ငါကလွဲပြီး ရွေးလောက်စရာ…ဘယ်သူများရှိနေသေးလို့လဲ…….။ တစ်ချိန်တော့ ငါ့ဆီစိတ်ပြန်လည်လာလိမ့်မယ်…..

:

:

:

:

:

ဒါပေမယ့်….အချိန်တွေကြာလာတာနဲ့အမျှ ကျနော်ထင်တာ….တက်တက်စင်လွဲခဲ့ကြောင်း ရင်နာနာနဲ့ပဲ လက်ခံခဲ့ရတယ်…..။

:

:

:

:

ဟိုတစ်လောက မုန်တိုင်းစဲလို့ ပိုလှနေတဲ့ကောင်းကင်တစ်ခုကို ကျနော်မြင်တယ်…..။ သူမမှာ…ချစ်တဲ့သူ ရှိနေပြီတဲ့…….။ အဲ့ဒီစကားက ကျနော့်ရင်ကို ကျိုးစေတယ်……။

သူမ ဒီလောက်ခင်ခဲ့သိခဲ့တဲ့ ကျနော့်ကို ခပ်ခွာခွာစ လုပ်တယ်….။ သူမနှစ်တိုင်းတက်နေကျ ကျနော့်မွေးနေ့ဟာ… လက်ဆောင်တစ်ခု လူကြုံပေးလိုက်ရုံနဲ့ ပြီးသွားခဲ့ပါတယ်…..။ ကျနော် ဘယ်လောက်ရင်နာမယ်ဆိုတာ…..သိသိချည်းနဲ့ ….သူမချစ်သူကို သစ္စာရှိဖို့အတွက်….၊ သူမကိုယ်သူမ လိပ်ပြာလုံဖို့အတွက်…..ကျနော်တစ်ယောက် ဘေးရောက်သွားခဲ့ပြီ……….။

အဲ့ဒီလောက်တောင်….ချစ်ပေးခဲ့ရအောင်…..အဲ့ဒါ ဘယ်လိုလူမျိုးမို့လို့လဲ………..ကျနော့်ထက်ပဲ ဘာတွေသာလို့လဲ….၊ ကျနော့်ထက်ပဲ…သူမကို ပိုချစ်ပေးနိုင်သေးတာလား………

ကျနော့်ထက်ပဲ…………..

သူမရဲ့ စိတ်လေးနဲ့……သူမများ…ထိခိုက်သွားမလားဆိုတာ….ကျနော့်ကိုယ်ကျနော်ထက် ပိုစိုးရိမ်နေတယ်……

“အဲ့ဒါ….ဘယ်သူလဲ….???”

ကျနော်….ဘယ်လိုမေးမေး….သူမခေါင်းခါပြီး…ပြောဖို့….ငြင်းပါတယ်…….

ဒါနဲ့………သူမမှာ…ချစ်သူရှိကြောင်း….ကျနော့်ကို အသိပေးခဲ့တဲ့..ပထမဆုံးစကားတစ်ခွန်း….ခင်ဗျားတို့ကို ပြောပြမယ်….

:

:

:

:

:

:

“ငါ့ကမ္ဘာမှာ…..လတစ်စင်း သာတယ်….” တဲ့

 

နောင်ရိုး

19.8.2014

(နင့်ကိုယ်နင် ထိချင်ထိ၊ ငါ့ကိုလဲ ထိလို့ရသေးတယ်….၊ Third Person ကိုတော့ လုံးဝမထိနဲ့…ဆိုတဲ့ သူမစကားကြောင့် ကျနော့် ပိုစ့်တွေကို ဒီမှာတင် ရပ်ပါတယ်…)

 

 

 

 

 

 

 

 

About နောင် ရိုး

နောင် ရိုး has written 9 post in this Website..

   Send article as PDF