စာဖတ်ပရိသတ်အများစုက ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို စိတ်ဝင်စားနေကြချိန်တွင် ကျွန်မကား ပီအာရ် ဘယ်အခြေ အနေရောက်နေပြီနည်းဟု စိတ်ဝင်စားစောင့်ကြည့်နေပါသည်။
ယခုနောက်ဆုံးရရှိသော သတင်းအရ လေ့လာသုံးသပ်ရေးကော်မရှင်သည် စနေ၊ တနင်္ဂနွေမှအပ နေ့စဉ် နံနက် ၉ နာရီမှ ညနေအထိ စည်းဝေးနေကြောင်း၊ ခွင့်ယူခြင်းကိုပင် မေတ္တာရပ်ခံထားကြောင်း၊ ငြင်းခုံဆွေးနွေးမှုအရှိန်ရနေကြောင်း သိရ၏။ ၎င်း ကော်မရှင်၏ လုပ်ငန်းအဆင့်မှာ သုံးဆင့်ရှိပြီး ပထမအဆင့် မိမိတို့အတွင်း သုံးသပ်ဆွေးနွေးခြင်း၊ ဒုတိယအဆင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကို ဖိတ်ခေါ်ဆွေးနွေးခြင်း၊ နောက်ဆုံးအဆင့်အဖြစ် အစီရင်ခံစာရေးခြင်းတို့ဖြစ်၏။
ကော်မရှင်၏အလုပ်လုပ်ချိန်ကို ရက်ပေါင်း ၆၀ သတ်မှတ်ထားရာ အောက်တိုဘာလဆန်းတွင် အပြီးသတ် ထုတ်ပြန်ရန် ဖြစ်သည်။ ဤစာရေးသူသည် နိုင်ငံရေးစနစ်ကို စိတ်ဝင်စားသော စာရေးဆရာတစ်ဦးအဖြစ် (ကော်မရှင်က မဖိတ်ကြားစေကာမူ) အကြံပြုရန် စိတ်အားထက်သန်သဖြင့် ဤအကြံပြုစာကို ရေးရခြင်းဖြစ်ပါသည်။ ယခုလက်ရှိ မြန်မာပြည်သူများထဲတွင် ပီအာရ်နှင့် ပတ်သက်၍ အုပ်စု သုံးစုရှိသည်ဟု မြင်ရသည်။
ပထမအုပ်စုမှာ ဤစနစ်ကို အင်န်ဒီအက်ဖ်မှ တင်ခြင်း၊ ကြံ့ခိုင်ရေးမှ ထောက်ခံခြင်း၊ အင်န်အယ်လ်ဒီမှ ကန့်ကွက်ခြင်း တို့ကြောင့် မိမိတို့လည်း ကန့်ကွက်ရမည်ဟု ဆုံးဖြတ်ကြသူများဖြစ်၏။ ‘အချိုးချ’ ဟူသောစကားအရ မိမိတို့ကြိုက်သောပါတီ၊ သေချာပေါက်နိုင်မည်ထင်ထားသော ပါတီက အပြတ်နိုင်လျှင်လည်း အနည်းပါတီများကို မျှဝေပေးရမည်ဟု ယူဆကာ ကန့်ကွက်ကြ သူများဖြစ်၏။
ဒုတိယအုပ်စုက အချိုးချစနစ်အရ ပါတီငယ်များလည်း လွှတ်တော်သို့ ရောက်နိုင်သည်ဟု ယူဆကာ အချိန်မီနိုင်ငံရေးပါတီ ထောင်ရန် စိတ်ကူးကြသူများဖြစ်၏။
တတိယအုပ်စုကား ပီအာရ်ကို လုံးဝစိတ်မ၀င်စားသူများဟု ဆိုရမည်။ ရွေးကောက်ပွဲရောက်လျှင် မဲပေးချင်ပေးမည်။ မပေးဘဲနေချင်နေမည်။ မည်သူတက်တက်၊ ကိုယ်ရှိမှ ကိုယ်စားရတာဟု သဘောထားသူများတည်း။
ဤအကြောင်းများကြောင့် ပီအာရ်ကို ပြည်သူအားလုံး သဘောပေါက်အောင် ရှင်းဖို့လိုပါသည်။ သတင်းစာ၊ ဂျာနယ်များတွင် ပီအာရ်အကြောင်း အကောင်းရေးသူနည်းပြီး၊ စုတ်ပြတ်အောင် ရှုတ်ချသူများသည်။ အချို့က ပထမအုပ်စုမှ ဖြစ်ပြီး တစ်ဖက်သတ် ရေးကြခြင်းဖြစ်သည်။ ပိုဆိုးသည်မှာ ပီအာရ် ဖန်တီးသူများအား ပုဂ္ဂိုလ်အရ ပုတ်ခတ်ခြင်းဖြစ်၏။ ဖတ်မိသူများက အမှန်ထင်သွား လျှင် ‘စနစ်’ နစ်နာမည်။
အမှန်မှာ ပီအာရ်စနစ်သည် ဒီမိုကရေစီ စစ်စစ်ဖြစ်၏။ ဒီမိုကရေစီ၏ စံနှုန်းက အများသဘောကို လိုက်နာမည်၊ အနည်းဆန္ဒ ကိုလည်း လေးစားရမည်ဟုဆိုထားသည်။ ထိုအခါ ရွေးကောက်ပွဲ၌ အမှတ်အများဆုံးရသူကို အနိုင်ပေးပြီး နည်းသူက လုံးဝအရှုံး ဖြစ်လျှင် ‘အနည်းဆန္ဒ’ ပါတော့မည်မဟုတ်ချေ။ များခြင်းနှင့်နည်းခြင်း ကွာခြားချက်ကိုလည်း တွက်ရန်လိုသည်။ ဥပမာ-မဲ ၃၀၀၀ နှင့် ၂၅၀၀ ဆိုပါစို့။ ၃၀၀၀ သည် အများဆုံးဖြစ်၏။ သို့သော် ၂၅၀၀ ဆိုသော မဲကလည်း မနည်းလှပါ။ ၃၀၀၀ ကိုသာ အနိုင်ပေးလျှင် ၂၅၀၀ မဲများ အလဟဿဖြစ်တော့မည်။ အနည်း၏ဆန္ဒ လုံးဝမပါတော့ပေ။
ဤတွင် ‘အချိုးချ’ ဆိုရလျှင် ၀င်ရွေးသော ပါတီတိုင်းအမတ်ရမည်ဟု မဆိုလိုပါ။ ရွေးသောပါတီတိုင်းရမည်ဆိုလျှင် ပိုက်ဆံ စိုက်ပြီး လွှတ်တော်ဝင်ကြလိမ့်မည်။ သို့ဖြစ်လျှင် အချိုးကို မည်သို့ချမည်နည်း။
ဤကိစ္စကို ကြပ်ကြပ်သတိထားစဉ်းစားရန် လိုသည်။ စာမေးပွဲဖြေသကဲ့သို့ အနည်းဆုံးအောင်မှတ် သတ်မှတ်ရပါလိမ့်မည်။ ဥပမာ-၄၀ ရာခိုင်နှုန်းရမှ အောင်မည်ဆိုတာမျိုးဖြစ်၏။ ရာခိုင်နှုန်းတွက်ရာတွင်လည်း ‘မဲပေးခွင့်ရှိသူဦးရေ’ ကို ယူ၍ မဖြစ်ပါ။ ဆန္ဒမဲ မပေးသူများကို ထည့်တွက်ရန်အကြောင်းမရှိပါ။ ‘မဲပေးသူဦးရေ’ ကိုသာတည်ပြီး ရာခိုင်နှုန်းတွက်ရပါလိမ့်မည်။ မဲပေးသူ တစ်သိန်း ဆိုပါစို့၊ ခြောက်သောင်းရသူသည် အများဆုံးရသူဖြစ်လျှင် သူ့နောက်မှ သုံးသောင်း၊ နှစ်သောင်း စသဖြင့် တန်းစီရမည်။ ငါးပါတီ အထိ စီမည်လား၊ ခြောက်ပါတီအထိလား စဉ်းစားရန်မလိုပါ။ အနည်းဆုံးရာခိုင်နှုန်းကိုသာ ကြိုတင်သတ်မှတ်ရန်လိုသည်။ အနည်းဆုံးရာခိုင်နှုန်းရမှတ်ကို မီလျှင် အချိုးချ အမတ်အရေအတွက်ထဲပါမည်။ အနည်းဆုံး ရာခိုင်နှုန်းကိုမှမမီလျှင် ထည့်စဉ်းစားရန် မလိုပါ။ လုံးဝ အရှုံးဟု ဆိုရမည်။
သို့သော် အမှတ်တွက်ရာ၌ မြို့နယ်တစ်ခုစီ မဟုတ်ပဲ တိုင်းအလိုက် စုပေါင်းရပါမည်။ သို့မှသာ ပါတီတစ်ခုချင်းစီက တိုင်းတစ်ခုအတွင်း စုစုပေါင်းရမှတ်ကိုရရှိကာ ၎င်းကိုစုစုပေါင်း မဲပေးသူအရေအတွက်ဖြင့် ရာခိုင်နှုန်းအချို့ကို တွက်ရန်ဖြစ်သည်။ ထို့နောက် အနည်းဆုံးရာခိုင်နှုန်းရသော ပါတီအထိ ဖြတ်လိုက်ရန်ဖြစ်၏။ နောက်ဆုံးအဖြေမှာ အချိုးအစားအရ အမတ်ဦးရေ ရလာပါလိမ့်မည်။ ထိုဦးရေအရ ပါတီများက ပါတီတွင်း ပြန်ခွဲဝေပေးရန်ဖြစ်၏။
ဤနည်းကို ‘ရှုပ်’ သည်ဟုထင်လျှင် ရှင်းအောင်လုပ်ဖို့ နည်းလမ်းရှိပါသည်။ အချိုးချအမှတ်တွက်သော ကော်မရှင်တွင် ပါတီတိုင်းမှ ကိုယ်စားလှယ်များပါဝင်ပြီး အားလုံးမျက်မြင်တွင် တွက်ချက်ဖို့လိုပါသည်။ လုပ်ရင်းဖြင့် လွတ်သွားပါလိမ့်မည်။
အဓိက အကျိုးကား မဲအနည်းငယ်ဖြစ်စေ၊ မဲ အပြတ်ဖြစ်စေ၊ နိုင်သူက အနိုင်ရပြီး မဲနည်းနည်းသာကပ်ပြီး ရှုံးသူဟူ၍ ဖြစ်မလာနိုင်တော့ခြင်းတည်း။
မဲများသူလည်း သူ့ရာခိုင်နှုန်းအလိုက်ရမည်။ နည်းသူများလည်း သူ့ရာခိုင်းနှုန်းအလိုက်ရမည်။ လွှတ်တော်ထဲတွင် တစ်ပါတီ တည်းက အသားစီအနိုင်ယူခြင်း မရှိနိုင်တော့ချေ။ ပါတီစုံရောက်ရှိကာ အသံစုံ၊ ဆန္ဒစုံ၊ သဘောထားအစုံ တင်ပြနိုင်ကြမည်။ ဆုံးဖြတ်ချက်ကိုလည်း မဲခွဲဆုံးဖြတ်ရမည်ဖြစ်ရာ လွှတ်တော်ထဲတွင် ထပ်မံစည်းရုံးခွင့်ရရှိပါသည်။ ဤသို့ဖြင့် ‘ဒီမိုကရေစီကျင့်စဉ်’ ထွန်းကားတိုးတက်လာမည် ဖြစ်ပါသည်။     ။

( ရွှေကူမေနှင်း – ၂ – ၉ – ၂၀၁၄ စံတော်ချိန်သတင်းစာ )

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..