အပိုင်း (၁) – http://myanmargazette.net/204769

အပိုင်း (၂) – http://myanmargazette.net/204809

 

(၇)
အဲဒီတော့ ကိုခန့်က ဘာပြန်ပြောလဲ...”
ဘာမှ မပြောဘူးလေ.. မကြီးလည်း ထွက်လာခဲ့လိုက်တယ်… ဘာမှထပ်ပြောဖြစ်မယ် မထင်တော့ပါဘူး ငယ်ရယ်… မေ့ထားလိုက်တာ ကောင်းပါတယ်… အော်. ဒါနဲ့ မနက်ဖြန်ညနေ ယု အဆောင်ကို လာလည်လိမ့်မယ်… ငယ်စောစောပြန်လာရင် တွေ့လို့ရတာပေါ့...”
ဟုတ် မကြီး.. သမီးလည်း မြင်ဖူးချင်နေတာ အတော်ပဲ…

ချစ်စရာကောင်းသော ငယ့်ကို ယုကလည်း ညီမလေးတစ်ယောက်လို ချစ်ခဲ့ပါသည်။ စနေပိတ်ရက်များတွင် အဆောင်ကိုလာလည်တတ်သော ယုသည် ကျွန်မအဝတ်လျှော်နေချိန်များတွင် မီးပူကူတိုက်ပေးရင်း ငယ်နှင့် စကားလက်ဆုံကျနေတတ်သည်။

မမကို ကော်ဖီတစ်ခွက်တိုက်ပြီး မီးပူတိုက်ခိုင်းတယ် ငယ်ရယ်.. အဲဒါကောင်းသလား..
အင်းလေ.. ဘယ်ကောင်းမှာလဲ… အဲဒီမကြီးက ခိုင်းတဲ့နေရာမှာ ဧည့်သည်တောင် မနေရဘူး…

အောင်မာ အောင်မာ.. ငါ့အတင်းကို ပြောနေကြတယ် ကြည့်စမ်း… ငါက တိုက်ခိုင်းတာလား…. လျှာမရှည်နဲ့ ငါတိုက်ပေးမယ် ပြောပြီး ကိုယ့်ဘာသာ လုပ်တာလား…
အံမယ်.. နင်တိုက်ခိုင်းတာလေ… မယုံရင် ငယ့်ကိုမေးကြည့်…
ဟုတ်တယ်လေ.. မကြီးပဲ တိုက်ခိုင်းပြီးတော့..
ဘာ.. နှစ်ယောက်ပေါင်းပြီး ငါ့ကို ငြင်းကြတယ်ပေါ့.. အေး.. တွေ့မယ်.. တွေ့မယ်…
ပြေး..ပြေး..မမ… မိရင် မလွယ်ဘူး..
ပြေးပြီဟေ့.. ဟားဟားဟား….

(၈)
ထိုနေ့က ကိုခန့်အမေ လာသောနေ့ဖြစ်ပါသည်။ မကြာခဏ တစ်ယောက်တည်းသွားနေရသောအဖြစ်ကို မကောင်းတော့ဘူးဟု ခံစားမိလာသောကြောင့် ငယ့်ကိုပါ ခေါ်ကြည့်လိုက်သည်။

ငယ်..ကိုခန့်အမေလာလို့ မကြီးသွားတွေ့ရမယ်.. ငယ် လိုက်ခဲ့ပါလား..
ဖြစ်ပါ့မလား မကြီးရဲ့… သမီးနဲ့မှ မသိတာ…
အန်တီက သဘောကောင်းပါတယ် ငယ်ရယ်… ဘာမှစိတ်မပူနဲ့.. မကြီးတစ်ယောက်တည်း ဖြစ်နေလို့…

ငယ်တစ်ယောက် လိုက်လာခဲ့ပါသည်။ ကိုခန့်နှင့်ရော၊ ကိုခန့်မေမေနှင့်ရော မိတ်ဆက်ပေးလိုက်တော့ နှစ်ယောက်စလုံးကလည်း ခင်ကြသည်။ ကိုခန့်သူငယ်ချင်းတွေပါ ရောက်နေသည့်အတွက် အကုန်လုံးအဖွဲ့ကျကြသည်ဆိုလျှင် ပိုမှန်ပါလိမ့်မည်။

ငယ်က ပထမနှစ်သာဆိုတယ်.. တော်တော်ငယ်တဲ့ပုံပေါက်တယ်နော်.. ကလေးလေးကျနေတာပဲ… မိန်းကလေးနဲ့လည်း မတူဘူး…

အမှန်တော့ ငယ့်ပုံစံက ယောက်ျားလေးနှင့်တူသည်။ ဘောင်းဘီရှည်နှင့်တီရှပ်ဝတ်ထားပြီး ဦးထုပ်ဆောင်းလိုက်လျှင် ယောက်ျားလေးဟုပင် ထင်ရသည်။ အငယ်ဆုံးပီပီ အစ်ကိုအစ်မတွေကြားထဲ နောက်ပြောင်နေသည်မှာ ကလေးတစ်ယောက်လိုပင်။ သို့နှင့် အားလုံးကဝိုင်းခေါ်ကြသည်။ “ကလေး” ဟူ၍။

ထိုအချိန်မှစ၍ ကျွန်မတို့သူငယ်ချင်းတစ်ဖွဲ့လုံးထံတွင် “ကလေး” ဟူသော ခေါ်သံလေးတစ်ခု စည်လာလေတော့သည်။ အကုန်လုံးက “ကလေး” ဟု ခေါ်ကြတော့ ယုကလည်း လိုက်ခေါ်သည်။ ကျွန်မတစ်ယောက်သာ နှုတ်ကျိုးနေသဖြင့် “ငယ်” ဟုသာ ဆက်ခေါ်ဖြစ်၏။ တစ်ပတ်တစ်ခါတွေ့ကြသည့် အင်းယားကန်၊ စိမ်းလန်းစိုပြည် တွေ့ဆုံပွဲများတွင် ငယ်သည်လည်း အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတော့သည်။

(၉)
အင်းယားကန်ဘောင်၏ စားသောက်ဆိုင်တစ်ခုတွင် အစ်ကို နှင့် ကျွန်မ စတင်ဆုံစည်းခဲ့ကြသည်။ ကိုခန့်တွင် အစ်ကိုရင်းသဖွယ်ချစ်ရသော သူငယ်ချင်းတစ်ယောက်ရှိကြောင်း ကျွန်မကို ပြောပြထားဖူး၏။ ထိုနေ့ကတော့ ကျွန်မတို့ထိုင်နေကျ ကန်ဘောင်စားသောက်ဆိုင်တန်း၏ အစွန်ဆုံးဆိုင်ထဲသို့ ဝင်လာချိန် အစ်ကိုတို့က ရောက်နှင့်နေကြခြင်းဖြစ်သည်။ ဝိုင်းချင်းကပ်ရပ်ထိုင်ရင်း ကိုခန့်က အစ်ကိုနှင့် မိတ်ဆက်ပေး၏။ အစ်ကို့နာမည်က ငြိမ်းချမ်းအောင် ဖြစ်ပြီး အားလုံးကတော့ အစ်ကိုဟုပင် ခေါ်ကြသည်။ ကျွန်မတို့ထက် အသက် (၂) နှစ်ကြီးသော်လည်း ကျောင်းအပ်နောက်ကျခြင်းကြောင့် အတန်းအတူတူဖြစ်နေခြင်းဖြစ်သည်။ ဆူညံပွက်လောရိုက်နေကြသော ကျွန်မတို့ဝိုင်းကို အစ်ကိုက ပြုံးပြုံးလေးနှင့် လှမ်းကြည့်နေသည်။ လူကြီးဆန်ဆန်နှင့် တည်ငြိမ်သောအစ်ကို့ကို ကျွန်မလည်း အနည်းငယ်သတိထားမိခဲ့ပါသည်။

မကြာခင်တွင်ပင် ကျွန်မထံလာလည်သော ကျွန်မ၏အစ်ကိုက ပြောလာတော့သည်။

နင့်ကို ဟိုကောင်ငြိမ်းချမ်းက သဘောကျလို့တဲ့..”
ဟဲ့..လျှောက်ပြောမနေနဲ့.. ဟိုတလောကမှ တစ်ခါပဲ တွေ့ဖူးတာ.. သဘောကျစရာလား...”
နင့်ကို သူက သိနေတာကြာလှပြီ.. နင်ကသာ မသိတာ.. နင် ငါ့ဆီလာတိုင်း သူက မြင်နေတာကို.. ငါ့ကိုတောင် မေးဖူးသေးတယ်.. မင်းညီမလေးလားတဲ့...”
နင် ကိုယ့်ညီမကို အောင်သွယ်ပေးနေတာလား...”
မဟုတ်ပါဘူး. သူက သဘောကျတယ်ဆိုတော့.. လူကောင်းမို့ ပြောပြတာပါ…

စစ်ဆေးတက္ကသိုလ်တက်နေသော ကျွန်မ၏အစ်ကိုထံသို့ သွားမတွေ့ဖြစ်သည်မှာ တစ်နှစ်ခန့်ပင် ကြာနေပြီဖြစ်သည်။ အိမ်က ပစ္စည်းပို့ခိုင်းလျှင် သူငယ်ချင်းတွေဆုံရင်း ပေးဖြစ်သည်သာများသည်။ သွားတွေ့စဉ်အချိန်ကဆိုလျှင်လည်း ကျွန်မသိသည့်သူမှာ ကျွန်မအစ်ကိုတစ်ယောက်တည်းပင်ဖြစ်၏။ ကိုခန့်နှင့်လည်း မသိသေး၊ မည်သူနှင့်မှလည်း မခင်သေးပေ။ သို့ဆိုလျှင် အစ်ကိုက ကျွန်မကို မည်သည့်အချိန်ကတည်းက သိနေသနည်း။

ဟိုနေ့ကတော့ ငါ့ကိုသိတယ်လို့ မပြောပါလား…
နင့်ကို ကိုခန့်နဲ့ပတ်သက်တယ်လို့ ထင်နေတာဖြစ်မှာပေါ့.. အဲဒီနေ့ကမှ ကိုခန့်က ယုဆိုတာ သိသွားတာ…
အခု ငါက ဘာလုပ်ရမှာလဲ…
သူ ဆက်သွယ်လာရင် အလိုက်အထိုက်တော့ ပြန်ဆက်ဆံလိုက်ဟာ… ဟိုကောင်ငခန့်နဲ့ယှဉ်ရင် ဘာမှမဆိုင်တဲ့ လူကောင်းတစ်ယောက်ပါ…

ထိုရက်ပိုင်းတွင်ပင် ကျွန်မသည် သူငယ်ချင်းတစ်ယောက်၏ အကူအညီတောင်းခံမှုကြောင့် ကိုးတန်းကျောင်းသားတစ်ယောက်ကို စာကြည့်ဂိုက်လုပ်ပေးနေရသည်။ ကျောင်းဆင်းသည်နှင့် စာသွားသင်ရ၏။ ည (၈) နာရီမှ အဆောင်သို့ ပြန်ရောက်ပြီး စာကျက်ရသည့်အတွက် ဖုန်းပြောရန် အချိန်မပေးနိုင်တော့။ ရံဖန်ရံခါ အစ်ကို့ထံမှ ဆက်သွယ်လာသော ဖုန်းများကိုပင် ဝတ်ကျေတန်းကျေလောက်သာ ဖြေနိုင်သည်။ တစ်ချိန်တည်းမှာပင် ည (၁၀) နာရီတွင် ငယ့်ထံသို့ ပုံမှန်လာနေသော ဖုန်းများကိုပါ မသိကျိုးကျွန်ပြုထားမိပါတော့သည်။

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 160 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010