.အလှူ ဒါန၊ ပရဟိတ နဲ့ပတ်သက်လို့ ၀ိဝါဒတွေကွဲပြားမှု ရှိနေတာ တကယ်တော့ စကားလုံး ပြ၁သနာများလားလို့ ကျမ တွေးနေမိပါတယ်။

.ဘယ်စာအုပ်တွေလဲလို့ အတိအကျ စာရင်းချမပြနိုင်တော့ပေမယ့် ကျမ ဖတ်ခဲ့တဲ့ စာအုပ်တွေထဲမှာ အလှူ အတမ်း များတဲ့ တိုင်းပြည်တွေ ဆင်းရဲ ချမ်းသာ ကွာဟမှု ကြီးကြတယ်။ ဥပမာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရန်၊ အီရတ် စတဲ့ အစ္စလာမ် နိုင်ငံတွေဟာ လှူ တဲ့တမ်းတဲ့ နေရာမှာ မြန်မာတွေနဲ့ တော်တော်တူပါတယ်။ မြန်မာတွေက ထမင်းရေချောင်းစီး လှူ ကြသလို သူတို့ကလည်း သွေးရည်ချောင်းစီးလှူ ကြတယ်။ လှူ တဲ့လူတွေ လှူ နေလျက်ကပဲ ဆင်းရဲ ချမ်းသာ ကွာဟမှုက လျော့ကျ မသွားဘူး။ အစိုးရ အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံး အရည်အသွေးမမီတော့ အဲဒီလိုပဲ အလှူ အတမ်း၊ ပရဟိတ တွေနဲ့ အသာမျောပြီး လိုက်နေကြတဲ့ သဘောပါ။ အလှူ ဒါန နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဘာသာရေးကလည်း ပြီးပြည့်စုံအောင် အမျိုး မျိုး အထွေထွေ ပြဆိုထားတဲ့အခါ ဝေဖန်စရာ ထောက်ကွက် ဟာကွက် မရှိပါဘူး။ သစ်မရမီ ၀ါးပေါင်းကွပ်ရတဲ့အခါ ၀ါးပေါင်းလေးကလည်း ပြစ်မျိုး မှဲ့မထင် ချစ်စရာလေး ဖြစ်နေတော့တာကိုး။

.လူတွေမှာ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမှု ဆိုတာ ရှိစမြဲ။ ဘယ်သူမဆို လူကောင်းသူကောင်းပဲ ဖြစ်ချင်တယ်။ ဒီအတွက် ခရီးသွားဟန်လွဲလေးကအစ၊ ကြုံရင်ကြုံ သလို ကူညီရိုင်းပင်းကြတယ်။ နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းတွေနဲ့ တတ်နိုင်သမျှ ကူညီကြဖို့ နိုင်ငံတကာ ကျောင်းသင်ခန်းစာတွေထဲမှာတောင် ထည့်သွင်းပြဌာန်းထားရတယ်။ ကြက်ခြေနီ စတဲ့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ၊ အခြား ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကူညီမှု အသင်းတွေ အားလုံးဟာ ပရဟိတ ထဲမှာ အကျုံး ၀င်တယ်။

.သို့သော် … သို့သော် … တိုက်ရိုက်ပေးကမ်းမှုမှာတော့ စဉ်းစားစရာတွေ ရှိလာပြီ။ အဲဒီနေရာမှာ အလှူ ဒါနတို့ ၊ ပရဟိတ တို့ စတဲ့စကားလုံးတွေကို သွားမထိတို့ဘဲ စကားလုံး ပြောင်းသုံးရင် ကောင်းမလား ရိုးရိုးရှင်းရှင်း တွေးမိတာပါ။ ဥပမာ ကျမကို သူများက ရော့ – မပြုံးအတွက် လက်ဆောင် – ဆိုပြီး ဘာပဲဖြစ်ဖြစ်ပေးရင် ကျမ ၀မ်းသာအားရ လက်ခံမိမှာပဲ။ ဒီလို မဟုတ်ဘဲ – မပြုံးအတွက် ထောက်ပံ့တာပါ၊ လှူ တာပါ – ဆိုပြီး ပေးရင် ကျမ လက်သင့်ခံနိုင်ဖို့ မလွယ်တော့ဘူး။ ကိုယ်က ပေးစာကမ်းစာ လက်ခံရသလိုရှိပြီး သူတို့ကတော့ ဒါနရှင်ကြီး ဖြစ်သွားတာကိုး။ အဲဒီ သဘောပါ။ ဒီရွာထဲမှာ လေးခလည်း ရေးဖူးတယ်။ နိုင်ငံတော် သမ္မတကြီးက မူလတန်းကလေးတွေအတွက် ထောက်ပံ့ငွေ တစ်ယောက်တစ်ထောင် ပေးတယ်ဆိုတာကို ထောက်ပံ့ ငွေအစား မုန့်ဖိုး လို့ ပြောင်းသုံးသင့်ကြောင်း ရေးထားတာပါ။

.ဥပမာ ကလေးတွေအတွက် ငွေကြေးနဲ့ စာအုပ်စာတမ်း ပစ္စည်းကိရိယာတွေ လှူ တဲ့အခါ ပညာရေးဒါန လို့ မပြောဘဲ – လက်ဆောင် – ဆိုတဲ့ အသုံးအနှုန်းလေး ပိုကောင်းနိုင်မလားလို့ တွေးကြည့်တာပါ။ သားတို့ သမီးတို့ အတွက် လက်ဆောင်ပါတယ် ဆိုတာမျိုး။

.တစ်ကမ္ဘာလုံးက လူတွေ အချင်းချင်း လက်ဆောင်တွေ ပေးကြတယ်။ ကိုယ်ခင်မင်တဲ့သူတွေအတွက် တန်ဖိုး နည်းသည်များသည်မဟူ သေချာထုပ်ပိုးလို့ တခုတ်တရလေး ပေးတတ်ကြတယ်။ လက်ဆောင်ဆိုတဲ့ အဓိပ္ပါယ်ထဲမှာ ခင်မင်ရင်းနှီးမှုပါတယ်။ စေတနာပါတယ်။ အထူးသဖြင့် တစ်ဖက်လူကို ကိုယ်နဲ့ တန်းတူ တန်ဖိုးထားမှုပါတယ်။
အလှူ ဒါန ဆိုတဲ့ စကားလုံးကိုတော့ ကိုယ့်ထက်မြင့်တဲ့ ရဟန်းသံဃာတွေကို လှူ မှ သုံးသင့်တယ် ထင်ပါတယ်။ ။

About ၀င့်ပြုံးမြင့်

wintpyone myint has written 59 post in this Website..

IN LOVE I TRUST.

   Send article as PDF