နယူးယောက်တွေ့ဆုံပွဲ ဒေါ်စုမိန့်ခွန်း အပြည့်အစုံ


DASSK in NY

DASSK in NY

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁ရ ရက် စနေနေ့မနက်ပိုင်းက နယူးယောက်မြို့ မြန်မာသံရုံးမှာ မြန်မာနို်င်ငံသားတချို့နဲ့ တွေ့ဆုံခဲ့ ပါတယ်။ အဲလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ ဘက်ပေါင်းစုံကလူတွေ ပါဝင်နို်င်အောင် သူတို့အစိုးရကို ဖွဲ့စည်းခဲ့ကြောင်း၊ ဝန်ထမ်းရွေးချယ်ရာမှာလည်း အရည်ချင်းရှိပြီးတော့ တိုင်းပြည်အကျိုး တကယ်ထမ်းဆောင် မယ့်သူမျိုးတွေကို ရွေးချယ်ဖို့ လိုအပ်တဲ့အကြောင်း၊ ပြည်ပရောက် မြန်မာတွေအတွက် ပြည်ဝင်ခွင့်ဗီဇာနဲ့ ပတ်သက်ပြီး တင်းကြပ်မှုတွေကို ဖြေလျော့ပေးမယ့်အကြောင်း၊ ပြည်ပရောက် ပညာရှင်တွေ အထူးသဖြင့် ဆရာဝန်တွေရဲ့ အကူညီတွေလိုအပ်ကြောင်း စတဲ့ကိစ္စတွေ ပြောကြားခဲ့ပြီး၊ ဒုတိယပိုင်းမှာတော့ ဆွေးနွေးပွဲမှာပါတဲ့ ပရိသတ်တချို့ရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့တာတွေကို စုစည်းတင်ဆက် လိုက်ပါတယ်။

“အမျိုးသားရင်ကြားစေ့ရေး အစိုးရ”

“… အခု ကျမတို့ရဲ့နို်င်ငံပေါ်မှာ ရဲဘော်ရဲဘက်စိတ်နဲ့ တတ်နိုင်သမျှ ကူညီစေချင်တယ်။ ကူညီနိုင်တဲ့နည်းတွေ အမျိုးမျိုးရှိပါတယ်။ ကျမတို့အခု ဒီနိုင်ငံမှာဆိုလို့ရှိရင် ပညာတတ်တွေ အများကြီးရောက်နေတယ်။ အဲဒီတော့ တတ်ထားတဲ့ပညာတွေနဲ့ နိုင်ငံ့အတွက် ဘယ်လိုပြန်ပြီးတော့ သုံးနိုင်မလဲဆိုတာကို စဉ်းစားစေချင်တယ်။ ကျမတို့အနေနဲ့လည်း တဖက်ကနေ အစိုးရကလည်း နိုင်ငံပြင်ပရောက်သွားတဲ့ ပုဂ္ဂိုလ်များ ပြန်ပြီးတော့ ကူညီနိုင်အောင်လို့ အခြေနေတွေကိုလဲ ဖန်တီးပေးရမယ်။ အရင်တုန်းက အုပ်ချုပ်ရေး စနစ်အရဆိုလို့ရှိရင် ‘ ငါနဲ့မတူ ငါ့ရန်သူ’ ဆိုတဲ့စိတ်ဓါတ်က တော်တော်များပါတယ်။ ကျမတို့ကတော့ စိတ်ထဲမှာ ဒီလိုမထားပါဘူး၊ အစထဲက ကျမတို့ပြောတယ် .. ဒီ ရွေးကောက်ပွဲ မဖြစ်ခင် ကတည်းကပြောတာပါ။ ကျမတို့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလို့ရှိရင် အမျိုးသား ရင်ကြားစေ့ရေးကို မူတည်တဲ့ အစိုးရတခု ဖွဲ့မယ်ဆိုတာ၊ ကျမတို့ပြောတဲ့အတိုင်းလည်း ဖွဲ့ခဲ့တယ်။ ကျမတို့ရဲ့ ဝန်ကြီးတွေထဲမှာ ဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မဟုတ်တဲ့ ဝန်ကြီးတွေက အများစုပါ။ ကျမတို့ .. ကိုယ့်ပါတီထဲက လူတွေမှ ခန့်မယ်ထည့်မယ်ဆိုတဲ့ စိတ်ဓါတ်မရှိပါဘူး။ ဒီလိုမလုပ်ခဲ့ လို့လည်း ကျမတို့ပါတီထဲက လူတွေက မနှစ်မြို့တာ မကြေနပ်တာတွေ ရှိတယ်။ ဒါကတော့ လူ့သဘာဝပါ။ ဒါကတော့ တချို့ကလည်း သူတို့ဒီလောက် ခံခဲ့ရ ပြီးပြီပေါ့နော် .. အခုမပေးဘူးလား ဆိုတဲ့သဘော။ ကျမပြောတယ် အစကတည်းက လိုချင်လို့လုပ်ပေးတာ ဆိုလို့ရှိရင်တော့ မပေးဘူးလို့ .. (ရယ်သံများ) ။

အဲဒါကတော့ မကောင်းဘူးလေ၊ အဲဒီတော့ နောင်ကျရင် ပိုပြီးပေးနိုင်တဲ့သူ ရောက်လာရင် အဲဒီလူဖက် ရောက်သွားမှာလား၊ အဲဒီတော့ ဒါမျိုးတွေကို ကျမတို့ မလုပ်တာက၊ ကျမတို့ထဲမှာ တကယ့်ကိုမှ အနစ်နာခံတဲ့လူတွေ ပင်ပင်ပန်းပန်းလုပ်ခဲ့တဲ့ သူတွေရှိပါတယ်။ အဲဒီဟာကို ကျမတို့ အလေးမထားလို့ မဖြစ်ဘူး၊ တန်ဘိုးမထားလို့ မဖြစ်ဘူး။ ဒါပေမယ့် နံပါတ် ၁ က နိုင်ငံပဲ၊ ဒီလူတယောက်ဟာ အရည်အချင်း မပြည့်စုံမှန်း သိလျက်သားနဲ့ သူ့ပေါ်မှာ ပုဂ္ဂိုလ်ရေး ဂရုဏာအရ မပေးအပ်တဲ့နေရာ ပေးလိုက်မယ်ဆိုရင် နိုင်ငံထိခိုက်မှာပေါ့။ အဲဒီတော့ ပြောရမယ်ဆိုရင် တနိုင်ငံလုံးနဲ့ ဒီလူတယောက်နဲ့ ချိန်လိုက်တဲ့အခါမှာ ဒီလူတယောက်ကို ပိုပြီးအလေးပေးရာ ရောက်နေမှာပေါ့၊ တကယ်က ဒီလူတယောက်ကို အလေးပေးတာ မဟုတ်ဘူး ကိုယ့်ကိုယ်ကို အလေးပေးတာပဲ။

“နိုင်ငံအတွက်လုပ်တာ အားနာစရာမလို”

အားနာတယ်ဆိုတဲ့ဟာက ကိုယ့်ကိုယ်ကို ညှာတာ ဟိုဖက်ကို ညှာတာမဟုတ်ဘူး။ ပြောတော့ အားနာလို့ပါ .. အားနာတယ်ဆိုတာ ဘာလဲ၊ တကယ်စဉ်းစား ကြည့်လို့ရှိရင် အမုန်းမခံချင်တာ။ မလုပ်ပေးလိုက်လို့ရှိရင် ဟိုဖက်က မုန်းသွားမှာ .. ကျမ အားနာလို့လုပ်ပေးလိုက်ရပါတယ်။ တခါတလေကျလို့ရှိရင် ကိုယ်က ဂျီကျမယ့်ဒဏ်ကို မခံနို်င်တာ၊ အဲဒီတော့ အားနာတယ်ဆိုတာ အများအားဖြင့်က ကိုယ့်ကိုယ်ကို ညှာတာ၊ ဟိုဖက်အတွက် စဉ်းစားလို့လဲ မဟုတ်ဘူး။

အဲဒီတော့ ပုဂ္ဂိုလ်ရေးအရ အားနာနိုင်တယ်၊ ပုဂ္ဂိုလ်ရေးအရ ကိုယ့်ရဲ့မိသားစု ကိုယ့်ရဲ့မိတ်ဆွေတွေ အားနာလို့ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေ အားလုံးပေးရင် ပေးလိုက်လို့ ရတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံကို ထိခိုက်အောင်လို့ အားနာတယ်ဆိုတာကို ကျမ လက်မခံဘူး။ ဒါကြောင့် ဥပမာဆိုလို့ရှိရင် ကျမတို့ အစိုးရသစ် တက်ပြီးတဲ့အခါမှာ ပထမဦးဆုံးအားဖြင့်တော့ အစိုးရအဖွဲ့ထဲမှာ တခြားပါတီက ပုဂ္ဂိုလ်တွေ၊ အခြားပါတီက မဟုတ်ပေမယ့် ကျွမ်းကျင်တယ်လို့ ကျမတို့ယူဆတဲ့ ပုဂ္ဂိုလ်တွေကို ကျမတို့နေရာပေးတယ်။ ပြီးတော့ တတ်နိုင်သမျှ ကျမတို့ တိုင်းရင်းသားတွေကို ပါဝင်ပြီးတော့ ဖွဲ့စည်းတယ်။ အဲဒါကလည်းပဲ ဒါ ကျမတို့နိုင်ငံဟာ ပြည်ထောင်စုမို့လို့၊ ဒါ လိုကိုလိုအပ်တယ်။ ဒီလို ကျမတို့လုပ်ပါတယ်။ လုပ်ပြီးတော့ အသေးစိတ်ပေါ့ .. ။

DASSK in NY“သားသမီး ဆွေမျိုး ကိုယ်ရေးအရာရှိ မခန့်ရ”

တချို့ကတော့ သတိလဲ ထားမိချင်မှ ထားမိမယ်၊ အများကလည်း သိမှာမဟုတ်ပါဘူး ဥပမာဆိုရင် အဆက်ဆက်တုန်းက ဒီလုပ်ထုံးလုပ်နည်း အရဆိုရင် ဝန်ကြီးတယောက်ပေါ့နော် ယာယီ ရာထူးရသွားတယ်ဆိုရင် သူတို့ရဲ့ ကိုယ်ရေး အရာရှိကို ခန့်ချင်တဲ့သူခန့်တာ၊ တခါတလေလည်း သားတွေခန့်တယ်၊ တခါတလေလည်း တူတွေကိုခန့် အဲလိုဟာမျိုးတွေပေါ့။ ကျမတို့ တက်လာတော့ ကျမတို့က ညွှန်ကြားချက်ထုတ် လိုက်တယ်။ ကိုယ်ရေးအရာရှိတွေကို ခန့်မယ်ဆိုရင် ဝန်ထမ်းထဲကပဲ ခန့်ရမယ်၊ နောက် ကိုယ့်ဆွေးနီးမျိုးစပ် တယောက်မှ မခန့်ရဘူး၊ ဝန်ထမ်းဖြစ်သည့်တိုင်အောင် ကိုယ့်နဲ့အမျိုးတော်ရင် မခန့်ရဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ဒီဟာတွေဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စတွေ။ ဟို .. ဝန်ထမ်းဆိုတာဟာ သူ့ရဲ့ဌာနအလုပ်ကို ကျွမ်းကျင်တယ်။ ကိုယ်ခေါ်လာတဲ့ ကိုယ့်တူက ဘာမှလဲမသိဘူး၊ ကိုယ့်သားကလည်း ဘာမှလဲ မတတ်ဘူး .. ဒါပေမယ့် ကိုယ့်သားမို့လို့ ဆိုတော့။ (ရယ်သံများ) .. ဒါ အမှန်ပဲလေ။ ရုံးထဲမှာထိုင်ပြီးတော့ အားလုံးကို အမိန့်ပေးနေတာ ကျမတို့လက်မခံနိုင်ဘူး၊ ဒါ ဒီမိုကရေစီလဲ မဟုတ်ဘူး။ ဒါ နိုင်ငံ့ရဲ့အကျိုး အတွက်လဲ မဟုတ်ဘူး။ အဲဒီတော့ ဒီလို အသေးလေးတွေပေ့ါနော်၊ အသေးလေးတွေ ဆိုပေမယ့် အရေးကြီးပါတယ်။ အားလုံး သဘောပေါက် မှာပေါ့၊ ကိုယ်ရေးအရာရှိ တယောက်ရဲ့အနေအထားက ဘယ်လောက်ထိ အရေးပါလဲဆိုတာ။ ပြောတော့သာ ဒါဘာလေး မို့လို့လဲ၊ နောက် တော်တော်များများက ကျမတို့ကို ဘယ်လို ရှင်းပြလဲဆိုတော့ .. ကိုယ်ရေးအရာရှိတွေက ကိုယ်စိတ်ချရတဲ့လူမှ ဖြစ်မယ်၊ ဒါကြောင့်မို့လို့ ကိုယ်စိတ်ချရတဲ့ သူမှဖြစ်မှာဆိုတော့ ကိုယ့်သားခန့်ပါတယ်၊ ကိုယ့်တူခန့်ပါတယ် ဆိုပြီး အဲလိုတွေ ပြောကြတယ်။ အဲဒီတော့ ကျမကတော့ ဒီလိုမြင်တယ်။ ကိုယ့်ရဲ့ဝန်ထမ်းတွေကို စိတ်ချရအောင် မလုပ်နိုင်လို့ရှိရင် ကိုယ့်မှာလည်း တာဝန်ရှိတယ်။

“ဝန်ထမ်းစည်းမျဉ်းအတိုင်းလုပ်မယ်”

ကျမတို့ဝန်ထမ်းတွေကိုလည်း ပြောပါတယ်။ ကျမတို့ ဝန်ထမ်းတွေကိုလည်း ပြောပါတယ် ကျမတို့ အစိုးရစဖွဲ့ချိန်က ‘ဖြုတ်ထုတ်သတ်တွေ ဘာတွေ ကျမတို့ မလုပ်ဘူး’ လို့.. အလုပ်ဖြုတ်ဖို့ မစဉ်းစားဘူးလို့၊ ဒါပေမယ့် တာဝန်မကျေရင်တော့ မကျေသလို အရေးယူမယ်၊ ဒါမှ သူတို့တာဝန်ကျေမှာ.. တာဝန်တော့ ကျေရမယ်။ စည်းမျည်းစည်းကမ်းအတိုင်း အရေးယူမယ် (ယူလို့ ရှိရင်လဲ)၊ ဟို မင်းမဲ့ စည်းမဲ့ မလုပ်ဘူး။ အဲဒါကတော့ ကျမတို့ အခုအစိုးရရဲ့ အခြေအနေ၊ အနေထားကို ရှင်းပြတာပေါ့။

“ဗီဇာကိစ္စ ဖြေလျော့မယ်”

အခုဒီမှာပေါ့နော်၊ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ ကျမတို့ရဲ့ မြန်မာနိုင်ငံပေါ်မှာ စေတနာထားတဲ့ ပုဂ္ဂိုလ်တွေအားလုံးပေါ့ .. မြန်မာ နိုင်ငံသား ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ၊ ကျမတို့နိုင်ငံရဲ့ အခု သိပ်ပြီးတော့ လိုအပ်နေတဲ့ အခြေအနေမှာ ဝိုင်းဝန်းပြီးတော့ ကူညီစေ ချင်တယ်။ အဲဒီတော့ ဝိုင်းဝန်းကူညီဖို့ ဆိုတာဟာ ကျမတို့ဖက်ကလည်း ကူညီနိုင်အောင်လို့ လုပ်ပေးရမှာပေ့ါ။ ဥပမာ ဗီဇာ အဝင်အထွက် စသည်ဖြင့်ပေါ့ .. အဲဒီတော့ ကျမတို့က ဗီဇာပိုပြီး လွယ်လွယ်ရနိုင်အောင်လို့၊ ဒီ ၂၈ ရက်တို့ဘာတို့ဆိုတဲ့ ကိစ္စတွေကို ကျမတို့က ဖြေလျော့ ပြီးတော့၊ ပိုက်ဆံတော့ ပိုတောင်းမယ်နော် (ရယ်သံများ) … ဒါကတော့ တရားမျှတတယ်လေ၊ ကြာကြာနေချင်ရင်တော့ ပိုက်ဆံ ပိုပေးပေါ့၊ ဒီက သွားချင်တဲ့သူတွေလဲ တတ်နိုင်ပါတယ်။ အဲဒီတော့ ပိုတောင်းသင့်တဲ့နေရာ ပိုတောင်းပါမယ်။ ဒါပေမယ့် ကျမတို့ ဖြေလျော့ပေးပါမယ်။ ဖြေလျော့ပေးမယ်ဆိုတာ ပိုပြီးကြာကြာနေဖို့ ကျမတို့လုပ်ပေးမယ်။ Multiple Entry တွေဘာတွေလဲ လုပ်ပေးမယ်။ နောက်ပြီးတော့ အရင်တုန်းက ကန့်သတ်ချက်တွေလဲ ကျမတို့ ပြန်ပြီးတော့ အားလုံး စိစစ်မယ်။

“Black Lists”

နောက် ဒီ Black Lists (အမည်မဲစာရင်း) ကိစ္စပေါ့။ Black Lists ဆိုတာ တကယ်တော့ Interpol နဲ့ဆိုင်တဲ့ ကိစ္စတွေပဲဖြစ်သင့်တယ်လို့ ကျမတို့ကတော့ သတ်မှတ်တယ်။ ဒါ ရာဇဝတ်မှုတွေနဲ့ ဆိုင်တာပေါ့နော်။ Interpol ရဲ့ Lists ပေါ်မှာ ပါတဲ့သူတွေကိုတော့ Black Lists အနေနဲ့ ဆက်ပြီးတော့ ထားသွားမှာပဲ။ တကယ်ပဲ ရာဇဝတ်မှု တွေနဲ့ဆိုင်တယ်။ ရာဇဝတ်မှုတောင်မှ ကိုယ့်နိုင်ငံမှာ ပြန်ပြီးတော့ အစစ်ခံပါမယ် ဆိုရင်တော့ ကျမတို့က လက်ခံမှာပါ။ ဒါပေမယ့် သူ့ရဲ့ ဥပဒေ လမ်းကြောင်းအရကတော့ သွားရမှာပဲလေ။ ဗမာနိုင်ငံမှာ လာပြီးတော့ အစစ်ခံမယ် .. ကျမတို့ နိုင်ငံရဲ့ တရားဥပဒေအရ ဆောင်ရွက်ချက် တွေကို ယုံကြည်တယ်၊ အဲဒီမှာကျမှ ခံရမယ့်ဒဏ် ခံပြီးလို့ရှိရင် ဆက်နေမယ်ဆိုရင်လည်း ကျမတို့ကဒါကို ငြင်းစရာအကြောင်း မရှိပါဘူး။ အဲဒီတော့ အဲလိုဟာမျိုးတွေပေါ့၊ ကျမတို့ အမြန်ဆုံးလုပ်သွားပါမယ်။

“နိုင်ငံရေး မလုပ်ရဆိုတာ မဟုတ်ဘူး”

ဒါနဲ့ကျမကို တယောက် နှစ်ယောက် လာပြောတယ်၊ လက်မှတ်ထိုး ခိုင်းတယ်.. သူတို့ နိုင်ငံရေးမလုပ်ပါဘူး ဆိုတာကို..၊ ဒီကိစ္စကတော့ ရရလိမ့်မယ်၊ ဘာလို့ဆို ကျမတို့ကိုယ်တိုင်က နိုင်ငံရေးလုပ်နေပြီးတော့ အခြားလူတွေ နိုင်ငံရေးလုပ်ရင် ပြန်မလာရဘူး ဆိုတာကတော့ သိပ်တော့ မဟုတ်တော့ဘူး ထင်တယ်။ အဲဒါလည်း သိပ်တော့ ကျမ နားမလည်ဘူး။ အရင်တုန်းကလဲ .. အစိုးရအဖွဲ့ဝင်တွေက နိုင်ငံရေးလုပ်လို့ အစိုးရအဖွဲ့ဝင် ဖြစ်နေတာပေါ့။ တခြားလူတွေကျတော့ နိုင်ငံရေး မလုပ်ရဘူးဆိုတော့ ဒါ သိပ်ပြီးတော့ ရှေ့နောက်မညီဘူးလို့ထင်တယ်။ အဲဒါတော့ ကျမတို့ ဒါအမြန်ဆုံး ပြောင်းလဲလိုက်ရ ပါလိမ့်မယ်။ နိုင်ငံရေးဟိုမှာ လုပ်တဲ့ အခါမှာတော့ ဥပဒေဘောင်အတွင်းက လုပ်ရမှာပေါ့။ ဟိုမှာလာပြီးတော့ ဥပဒေ ချိုးဖေါက်လို့ ရှိရင်တော့ ဥပဒေအတိုင်းပဲ အရေးယူမှာပဲ။ တခြားနိုင်ငံတွေမှာလဲ ရှိပါတယ်။ ဥပဒေတခုကို ချိုးဖေါက်လိုက်လို့ နိုင်ငံကနေပြီးတော့ ပြန်နှင်ထုတ်လိုက်တဲ့ အခါကျရင် နောင် ဗီဇာတွေဘာတွေ ပြန်မပေးတာဟာ တခြားနိုင်ငံတွေမှာ လုပ်ရိုးလုပ်စဉ်တွေပဲ၊ အဲဒီတော့ ကျမတို့က ဗီဇာပေးလို့ ပြန်လာတယ်၊ ပြန်လာပြီးတော့ ဥပဒေချိုးဖေါက်တယ်၊ ချိုးဖေါက်လု့ိရှိရင်တော့ ကျမတို့ ပြန်ပြီးနှင်ထုတ် ပြီးရင်တော့ နောင်ဗီဇာရဖို့ လွယ်တော့မှာ မဟုတ်ပါဘူး။ ဒါကတော့ နိုင်ငံတကာရဲ့ စံနှုန်းအတိုင်းပါပဲ။ လုပ်ထုံးလုပ်နည်းအရ ကျမတို့ လုပ်သွားမှာဖြစ်ပါတယ်။

DASSK in NY

DASSK in NY

“ပြည်ပရောက်ဆရာဝန်များ”

အဲဒီတော့ ခုဒီမှာ ဆိုလို့ရှိရင် အဆင့်မြင့်ပညာရှင်တွေကို ကျမတို့ အကူညီပေးစေချင်တဲ့ နည်းတွေအမျိုးမျိုး ရှိပါတယ်။ ဥပမာ ဆရာဝန်တွေလည်း အများကြီး ရှိတယ်။ ကျမတို့ ဆရာဝန်တွေ အတော်များများက နိုင်ငံခြားရောက်သွားတဲ့ အခါကျတော့ အဲဒါ ဆရာဦးမြင့်ထွေး (ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး) နဲ့ကျမ သေချာစဉ်းစား ဆွေးနွေးပြီးပါပြီ၊ ကျမတို့ နိုင်ငံခြားရောက်သွားတဲ့ ဆရာဝန်တွေရဲ့ လုပ်အားကို ကျမတို့ လိုချင် ပါတယ်။ အဲဒီတော့ ပေးနိုင်တဲ့လုပ်အားနဲ့ ကျမတို့လိုအပ်တဲ့ လုပ်အားနှစ်ခုကို ညှိဖို့၊ အဲလို အစီစဉ်တခုကို လုပ်ဖို့ဆိုပြီးတော့ ဆရာမြင့်ထွေးနဲ့ ကျမ ဆွေးနွေးထားပါတယ်။ ပြီးတော့ လုပ်အားပေးချင်တဲ့ ဆရာဝန်များက Register တခုလုပ်ထားဖို့ပေါ့နော်၊ နာမည်ပေးထားပြီးတော့ ဘယ်လို လုပ်အားပေးချင်လဲ၊ ဘယ်လောက်လောက် ပေးနိုင်လဲ၊ ဥပမာ တနှစ်ကို တလလောက်လာပြီးတော့ လုပ်ပေးမယ်ပေ့ါ၊ လာပြီးတော့ လုပ်ပေးမယ်ဆိုရင် ဘာလုပ်ပေးချင်တာလဲ၊ teaching ဖက်က လုပ်ပေးချင်တာလား၊ ဒါမှမဟုတ် တကယ့်ကိုလိုအပ်နေတဲ့ တောမြို့လေး တွေမှာ တလလောက်နေပြီးတော့ လုပ်အားပေးမယ်၊ လုပ်အားပေးခြင်းအားဖြင့် ထိထိရောက်ရောက်နဲ့ လူနာတွေကို လုပ်အား ပေးရရုံတင် မကပဲ အဲဒီက ဆရာဝန်လေးတွေကိုလဲ သူတို့သင်ပေးရာ ရောက်တာပေါ့နော်။ သူတို့ကိုလဲ training ပေးရာရောက်တယ်။ အမျိုးမျိုးပေါ့၊ နောက်ပြီးတော့ တယောက်နဲ့တယောက် ချိတ်ဆက်ပြီးတော့ လုပ်တာမျိုးက ကောင်းတယ်။

ဥပမာဆိုရင် .. အယ် ကျမကတော့ ဆရာဝန်လဲ မဟုတ်တဲ့အခါကျတော့ သိပ်တော့ မကျွမ်းကျင်ပါဘူး၊ Oncology (ကင်ဆာကုသမှု) ဆိုရင် ကျမတို့သိပ်လိုအပ်နေတယ်။ Oncology နဲ့ပတ်သက်လို့ ကျမတို့ Course တခုဆွဲထားတယ်။ တလထဲနဲ့ပြီးချင်ပြီးမယ်၊ ပြီးချင်မှလဲ ပြီးမယ်၊ ဒါပေမယ့် အဲဒီလို Course တခုဟာ သုံးလေးလ ကြာမယ်ဆိုရင်၊ ၃ ယောက် ၄ယောက်ထဲမှာ ချိတ်ပြီးတော့ တယောက်ပြီးတယောက် ဆက်ပြီးလုပ်သွားမယ် ဆိုလို့ရှိရင်လဲ ဒါဟာ ဘာမှ ကျမတို့အတွက် အရှုပ်မရှိဘူး။ လုပ်ပေးချင်တဲ့သူတွေကလည်း တလပဲတတ်နိုင်လို့ ဒီ ၅လ Course မို့လို့၊ လုပ်ခွင့် မပေးဘူးလို့ ပြောမယ့်အစား၊ ကဲ ..တလပဲ လာနိုင်မယ် ဆိုလို့ရှိရင် နောက် ၄လကိုဖြည့်ဆည်းပေးမယ့်သူတွေ ရှိသလား၊ အားလုံးညှိပြီးတော့ သေသေချာချာပေါ့နော်၊ ကျမတို့ စီစဉ်ပြီး လုပ်လို့ရှိရင် ကိုယ့်မှာတတ်နို်င်တဲ့ အင်အားနဲ့ ကိုယ်ကူညီနို်င်မယ်။ ထိုနည်းလည်းကောင်းပဲ တခြား ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျမတို့ အများကြီးညှိပါတယ်။

“ပညာရေးအခြေအနေ”

ပညာရေးဖက်ကလဲ အင်မတန်မှ လိုအပ်နေတယ်လို့ ကျမတို့ထင်တယ်။ ကျမတို့ ပညာရေးစနစ်က တော်တော်ကို ကျဆင်းသွားတယ်ပေါ့နော်၊ ဒါကို အားလုံးသိပြီးသားပါ။ ဒါပေမယ့်ကျမအခု အနောက်နိုင်ငံတွေကို ကြည့်လိုက်လို့ရှိရင် .. ခုဒီနိုင်ငံကို ကြည့်လိုက်မယ်ဆိုရင် အဆင့်မြင့်ပညာ- တက္ကသိုလ်ပညာ ဆိုလို့ရှိရင်တော့ အကောင်းဆုံး အမြင့်ဆုံးကတော့ သူတို့က ကမ္ဘာပေါ်မှာ အကောင်းဆုံး အမြင့်ဆုံးပဲ၊ သို့သော်လည်း အောက်ပဲ ကြည့်လိုက်လို့ရှိရင် ပိုပြီးတော့ အဆင့်နိမ့်တဲ့ ပညာ- မူလတန်းတို့ အထက်တန်းတို့ ကြည့်လိုက်လို့ ရှိရင်တော့ သိပ်အားရစရာ မရှိဘူး၊ အဲဒီတော့ ကျမအမြင်မှာ စောစောက ပြောသလိုပဲ ဒီလူမှုအသိုင်းအဝိုင်းနဲ့ ဆိုင်တာပေါ့နော်၊ မိဘတွေအသိုင်းအဝိုင်း၊ တခါတလေ ကျမအမြင်မှာ မှားသလားတော့ မသိဘူး၊ လူကြီးတွေက ကလေးတွေကို ကြောက်နေတယ် .. အဲဒါဟုတ်သလား (ရယ်သံများ ..)။ ဘာဖြစ်လို့လဲ ဆိုတာကိုလည်း ကျမစဉ်းစားနေတယ်။ ကျမကလေ နိုင်ငံရေးသမားပါ၊ ဒါနဲ့ နိုင်ငံရေးသမားက နေပြီးတော့ ကိုယ်ကျိုးတွက် လုပ်မယ့်ကိစ္စတွေနဲ့ အများကြီးဆိုင်တယ်လို့ ကျမထင်တယ်။ Issue လုုပ်တာပေါ့နော်။ ဥပမာဆိုရင် ဒီ ..ကလေး Child Rights ဆိုတာတော့မှန်ပါတယ်။ Child Rights ဆိုတာ အမေက မိဘက ကလေးကို ကြောက်နေရပြီးဆိုရင်တော့ မကောင်းတော့ဘူးပေါ့။ Parent Rights ဆိုတာတော့ နည်းနည်းပါးပါး ရှိရမှာပေါ့ (ရယ်သံများ ..)။

“မြန်မာအတွက် ဂုဏ်ယူစရာဖြစ်ပါစေ”

ကျမတို့ မိသားစု နွေးထွေးမှုကို ထိခိုက်ခဲ့တာတွေ ဘာတွေကတော့ နိုင်ငံတနိုင်ငံ လူ့အသိုင်းအဝိုင်းတခုအတွက် အကျိုးမရှိဘူးလို့ ကျမအဲလိုပဲ မြင်ပါတယ်။ ဒီမှာဆိုလို့ရှိရင် တချို့မိသားစုတွေက တော်တော်နွေးထွေးပါတယ်။ ကလေးတွေက ယဉ်ယဉ်ကျေးကျေးရှိတယ်၊ ချစ်ဖို့ကောင်း တယ်၊ တချို့ကျတော့လည်း ဒီလို မဟုတ်ပြန်ဘူး .. မိဘတွေကိုလည်း လူမထင်ဘူး၊ မိဘတွေကလဲ ကလေးတွေပေါ် ဆက်ဆံတာ မာရေ ကြောရေပေါ့နော်။ ညင်ညင်သာသာ နွေးနွေးထွေးထွေး မရှိဘူးပေါ့။ အဲဒီတော့ အဲဒါတွေကလည်း တော်တော်များများတော့ ဒါဟာ စီးပွားရေး အရ ရုန်းကန်ရလို့ ဒီလိုဖြစ်တယ်လို့ ဆိုပေမယ့်လည်း ဒါလည်းဟုတ်ရဲ့လားလို့ ကျမတို့ ပြန်ပြီး စဉ်းစားရမယ်။ ဒီကမ္ဘာကြီးမှာပေါ့နော် ဆင်းရဲတဲ့ နိုင်ငံတွေမှာ နိုင်ငံက ဆင်းရဲပေမယ့်လည်း မိသားစုနွေးထွေးမှုရှိတဲ့ လူယဉ်ကျေးတွေ အများကြီး ရှိပါတယ်။ အဲဒါကိုတော့ ကျမက အားပေး ချင်တယ်။ ဒီမိသားစု နွေးထွေးမှုဆိုတာဟာ စောစောက ကျမပြောသလိုပေါ့၊ ကောင်းတယ်ဆိုတာ ဘာလဲ၊ ကောင်းတယ်ဆိုတာ လူများပေါ်မှာ ကောင်းတဲ့စိတ်ဓါတ်၊ လူများပေါ်မှာ မေတ္တာထားတဲ့ စိတ်ဓါတ်၊ အဲဒါ မိဘတွေ သင်ပေးမှရမယ်။ ဗီဇတော့ ပါတာပေါ့။ တအူတုံဆင်း တမိသားစု ထဲမှာ ကြီးလာတဲ့ ကလေးတွေတောင်မှ တယောက်နဲ့တယောက်မတူဘူး။ သို့သော်လည်း ခြုံငုံပြောရရင် မြန်မာအတွက် ဂုဏ်ယူစရာဖြစ်ပါစေ၊ ဂုဏ်ယူစရာဆိုတာက ကျမတို့နိုင်ငံသား ထပ်ဖြစ်ဖို့ မလိုပါဘူး။ အမေရိကန်နိုင်ငံသားတယောက် ဖြစ်နေလို့ ရှိလို့ရှိရင်လည်း အားလုံးက လေးစားရတဲ့ အမေရိကန်နိုင်ငံသားဆိုတာ ကျမတို့အတွက် ဂုဏ်ယူစရာပါပဲ။

နောက်တခုကတော့ နောင်မျိုးဆက်တွေပေါ့၊ ဒီက သားသမီးတွေက ပေါက်ဖွား လာမယ့် သားသမီးတွေ – လုံးဝတော့ ကျမတို့ရဲ့ ယဉ်ကျေးမှုကို တန်ဖိုးထားတာတွေ မပျောက်သွားပါစေနဲ့၊ ဘာပဲပြောပြော သံယောဇဉ်လေးတော့ ရှိစေချင်တယ်။ ဒီသံယောဇဉ်က ပြန်လာပြီး လုပ်ရမယ် ဆိုတာမျိုး မပြောဘူး၊ ဒါပေမယ့် ကျမစောစောက ပြောတာနဲ့ ဆက်နွှယ်နေတယ်။ သူတို့ မိဘတွေအတွက် ဂုဏ်ယူနိုင်တယ်ဆိုရင် သူတို့လဲ “အော် ငါတို့က ဗမာပြည်ဖွား ..ငါ့အဖေအမေက ဗမာပြည်ကလာတာ”.. မိဘတွေအတွက် ဂုဏ်ယူနိုင်သလို သူတို့ကိုယ်တိုင်ကလည်း ကျမတို့နိုင်ငံပေါ်မှာ လေးစားစိတ်နဲ့ ပြန်ပြီး သံယောဇဉ် ရှိလာမယ်။

“သယံဇာတကို အားမကိုးပါနဲ့”

နောက် တတိယကတော့ ခုနောက်ဆုံး လက်ရှိအချိန်မှာ ကျမတို့ရထားတဲ့ အခွင့်အရေးကို အသားကုန်သုံးပြီးတော့ နိုင်ငံတိုးတက်အောင် ကျမတို့လုပ်ဖို့လိုတယ်။ ကျမတို့နိုင်ငံဟာ လူတွေကတော့ အများကြီး ပြောတာ ပေါ့နော် အလားလာ သိပ်ကောင်းတယ်။ Opportunity က သိပ်ကောင်းတယ်။ နောက်ပြီး ထပ်ခါတလဲလဲ ပြောတဲ့ကိစ္စကတော့ ဟိုဥစ္စာပေါ့၊ သယံဇာတပစ္စည်းကိစ္စ၊ အဲဒါတော့ ကျမသိပ်မကြိုက်ဘူး။ သယံဇာတတွေ ပေါကြွယ်ဝတယ်ဆိုပြီးတော့ အဲဒီဟာကို ရှေ့တန်းတင်တာ ကျမ မကြိုက်ဘူး။ ကျမပြောတယ် ကျမတို့ရဲ့ တန်းဖိုးအရှိဆုံး သယံဇာတကတော့ လူတွေပဲ၊ ကျမတို့လူတွေ တန်ဖိုးရှိရင် တန်ဖိုးရှိမှာပဲ။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံတွေကြည့်လိုက်ရင် .. ကျမတို့ ဒီ ဒေသမှာဆိုရင် စင်္ကာပူဆိုရင် ဘာရှိမတုန်း၊ စင်္ကာပူနိုင်ငံလေးဟာ သေးသေးလေး၊ သူတို့လူတွေကို သူတို့ ပြုစုပျိုးထောင်ပြီးတော့ Capacity Building နဲ့ သူတို့လုပ်လာခဲ့တာ။ ဟို ဆွစ်ဇာလန်မှာရော ဘာရှိလို့လဲ၊ သူလဲ နိုင်ငံကြီးတွေနဲ့ ဝိုင်းဝိုင်းလည်နေတာ ဒါပေမယ့် သူတို့ရဲ့လိမ္မာ ပါးနပ်မှုပေါ့။ သံတမန်ရေးရာအရ လိမ္မာပါးနပ်မှုလည်းပါတယ် .. နောက် သူတို့စီးပွားရေးအရ ခိုင်ခိုင်မြဲမြဲ ဖြစ်အောင် လုပ်နိုင်မှုလည်းပါတယ်။ သူတို့ရဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေကို စည်းလုံးညီညွတ်အောင် ထိန်းနိုင်တယ်၊ အဲဒီဟာတွေနဲ့ သူတို့ ရပ်တည်ခဲ့တာပဲ။ ကျမတို့လဲ ဒီလိုပဲ နိုင်ငံကြီးတွေကြားထဲမှာ ကျမတို့နေရတယ်။ အိန္ဒိယကတဖက် တရုတ်ကတဖက်၊ နောက် အရှေ့တောင်အာရှတခုလုံးဟာ ကျမတို့ထက် တိုးတက်နေတယ်၊ ကျမတို့ထက် ချမ်းသာနေတယ်။ ဆိုတော့ ကျမတို့က ဒီကြားထဲမှာနေပြီးတော့ ရုန်းကန်နေရတာ။

“သယံဇာတကျိန်စာ”

ရုန်းကန်နေရတာ ဆိုတော့ အဓိက .. ကျမတို့ သယံဇာတပစ္စည်းဆိုတာ သူတို့အခု ပြောနေတယ် မဟုတ်လား- Natural Resources Curse ဆိုတာ .. အဲဒါက နှစ်မျိုးပါ တမျိုးက ဘာလဲဆိုတော့ အစိုးရများဟာ တာဝန်သိစိတ် နည်းသွားတာပေါ့၊ ဟာ .. ငါတို့က ရေနံလေးတူးပြီး ရောင်းစားလိုက်မယ်။ သဘာဝဓါတ်ငွေ့လေး ထုတ်ပြီး ရောင်းစားလိုက်မယ်။ ဟိုနားက mining လုပ်ကွက်ကို ရောင်းစားလိုက်မယ်၊ ဒီနားမှာ hydroelectric ပရောဂျက်လေး ပေးလိုက်မယ်၊ အဲဒီလို ပေါ့ပေါ့ စဉ်းစားတဲ့ဟာမျိုးက တခုပေါ့နော်။ ပြဿနာ တခု။ နောက် ပြဿနာတခုက ပြည်သူကို သိပ်ပြီးတော့ အားမထားတော့ဘူး။ ပြည်သူပေးတဲ့ အခွန်အကောက်ကို စိတ်ပူရတာမဟုတ်ဖူး၊ အဲဒီအပေါ်မှာ အားကိုးရတာ မဟုတ်ဖူး။ သူတို့ဟာသူတို့ ဟိုဟာလေးရောင်းစား၊ ဒီဟာလေးရောင်းစား ဟို concession ပေး၊ ဒီ concession ပေးနဲ့ ရပ်တည်နိုင်မယ် ဆိုရင် ပြည်သူ့ထောက်ခံမှု ရှိမှ ပြည်သူကို ချမ်းသာအောင် လုပ်ပေးနိုင်မှ ရပ်တည်နိုင်မယ် ဆိုတဲ့ စိတ်ဓါတ်က မရှိတော့ဘူး။

“အကျိုးအမြတ်ခွဲရေး”

နောက် တတိယ တခုက ဘာလဲဆိုတော့ ပြည်ပနိုင်ငံတွေက ကျမတို့ ဝန်ဆောင်မှုကို အားကျ လာတယ်။ တကယ်တော့ ကျမတို့မှာ ဒါတွေ သိပ်ရှိတဲ့ အခါကျတော့ ကျမတို့က ပိုပြီးတော့ သတိထားရတယ်။ ပိုပြီးတော့ ဂရုစိုက်ရတယ်။ ငါတို့ကို ကူညီချင်လို့ လာတာလား။ ငါတို့ဆီက နေပြီးတော့ အမြတ်ထုတ်ချင်လို့ လာတာလား။

စီးပွါးရေးသမားကတော့ အမြတ်လိုချင်မှာပဲ ဒါလဲ ကျမတို့ ပေးရမှာပါ။ အမြတ်မရပဲနဲ့တော့ ဘာကိစ္စ သူလုပ်ပေးရမှာလဲ၊ ဒါကိုလည်း ကျမတို့ လက်တွေ့ပြရမှာပေါ့။ သို့သော်ငြားလည်း သူတို့ရတဲ့ အမြတ်နဲ့ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေ ရတဲ့ အကျိုးကတော့ အနဲဆုံးတော့ ညီမျှရ မှာပေါ့။ တကယ်တော့ ကျမတို့က ပိုရမှာပေါ့ ဘာပဲပြောပြော အိမ်ရှင်ပဲဟာ။ အနဲဆုံးကတော့ ၆ဝ – ၄ဝ က ကျမတို့ဘက်မှာ ရှိရမှာပေါ့။ ဒါပေမယ့် ၅ဝ အောက်ဆိုတာကတော့ လုံးဝကို လက်ခံနိုင်စရာ မရှိဘူး။ ဘာလို့လည်းဆိုတော့ ဒါဟာ ကျမတို့က အားလုံးပေးနေတာ၊ ထုတ်ပေးနေတာ၊ ကျမတို့မှာ ကျွမ်းကျင်မှု မရှိသေးလို့သာ၊ ပြင်ပရဲ့ အကူအညီတွေ ကျမတို့ လိုနေတာ။ ဒါပေမယ့်လည်း ညီမျှအောင်ပြောရမယ်။ အရေးကြီးတာက မိတ်ဆွေ ဖြစ်ဖို့ပဲ၊ မိတ်ဆွေကောင်း ဖြစ်သွားပြီ ဆိုရင် ပြဿနာ ပေါ်လာရင် ကျမတို့ ဖြေရှင်းလို့ ရတယ်။အဲဒီတော့ ကျမတို့ သယံဇာတ ပစ္စည်းတွေကို သိပ်အားကိုးတာ မကြိုက်ဖူး ဆိုတာ အဲဒီအချက်တွေကြောင့် ဖြစ်ပါတယ်။ ကျမတို့ ပြည်သူတွေရဲ့ ကျွမ်းကျင်မှု၊ စွမ်းဆောင်မှု အားတွေကို ကျမမြှင့်တင် ချင်တယ်။ အဲဒီအားတွေ မြှင့်တင်ခြင်းအားဖြင့် ကျမတို့နိုင်ငံ တိုးတက်အောင် လုပ်ချင်တယ်။

“အစိုးရသက်တမ်း ၄နှစ်ခွဲ”

ဒီအချိန်ဟာ အချိန်ကောင်းပဲ၊ ကျမတို့မှာ အချိန်ကလည်း သိပ်များများကြီး မရှိဘူး။ များများကြီး မရှိဘူးဆိုတာက ကျမတို့ရဲ့ ရွေးကောက်ပွဲဟာ ၅ နှစ် တခါ ဆိုပေမယ့် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေအရကအစိုးရအဖွဲ့က ၆ လကြာမှ ဝင်ရတယ်။ အဲတော့ ပြောတော့သာ ၅ နှစ်ပြောရတယ်၊ တကယ်က ၄ နှစ်ခွဲပဲ ကျမတို့ အချိန်ရတယ်။ ဒီ ၄ နှစ်ခွဲ ဆိုတာ ဘာမှမရှိဘူး။ ကျမတို့က ဒီမိုကရေစီကို ယုံကြည်တဲ့ အဖွဲ့ တခုအနေနဲ့ ကိုယ့်မှာ သေချာပေါက် ၄နှစ်ခွဲ ရှိတယ်လို့ သတ်မှတ်တယ်။ အဲငါက နောက်ထပ်ရွေးရင် နိုင်မှာပေါ့ ဆိုရင်တော့ မဟုတ်တော့ဘူး။ အဲတော့ နိုင်အောင်ကျိုးစားမယ်၊ နောက်ထပ်ဆက်ပြီး လုပ်နိုင်အောင်၊ ကျမတို့ရဲ့ လုပ်ငန်းတွေ အောင်မြင်တဲ့ အထိ၊ လုပ်ငန်းတွေ ရင့်ကျက်တဲ့ အထိ၊ အသီးအပွင့်တွေ မြင်ရတဲ့အထိ ရအောင်ကျိုးစားမယ်။ ဒါက ကျမတို့ရဲ့ ကျိုးစားပိုင်ခွင့်ပဲ။ ဒါပေမယ့် ကျမတို့ အသေတွက်လို့ မရဘူး။

“အနာဂတ်ကို မျက်နှာမူ”

အသေတွက်လို့ မရဘူးဆိုတော့၊ ဒီကြားထဲမှာ ကျမတို့ရဲ့ စံနစ် အောင်မြင်ရေးအတွက် အားလုံးကို ဝို်င်းပြီးတော့ ကူညီစေချင်တယ်။ ကျမတို့ ခွဲခြားမဆက်ဆံပါဘူး။ အရင်တုန်းက ဘယ်အစိုးရနဲ့ ပါတ်သက်လို့၊ ဘယ်သူနဲ့ အမျိုးတော်လို့ဆိုတာတွေ၊ ဒါတွေ ကျမဘယ်တုန်းကမှ မကြည့် ဘူး။ အခုမှ အခုပဲ။ ဒီအတိတ်က အတိတ်ပဲ။ အတိတ်က ပြန်ပြင်လို့ မရဘူး။ အဆိုရှိတယ်မှလား၊ မြတ်စွာဘုရားတောင်မှ ဖြစ်ပြီးတဲ့ ကိစ္စ မဖြစ်ပါစေနဲ့ ဆို ပြန်လုပ်လို့ မရဘူး။ ဖြစ်ပြီးတာ ဖြစ်ပြီးသွားပြီ ကုက္ကုစ္စ ပွါးနေလို့လည်း ဘာမှ မထူးဘူး။ အဲဒီတော့ ကျမတို့ အရှေ့ကိုပဲ၊ အနာဂါတ်ကို မျက်နှာမူပြီးတော့၊ ရှိတဲ့ အချိန်ကို အကောင်းဆုံး ဖြစ်အောင်လို့ သုံးချင်တယ်။ အဲဒါကို ကျမတို့ အများဆုံး ဝို်င်းပြီးတော့ ကူညီစေချင်တယ်။

“အားလုံးသိတယ်ထင်လို့ ဒုက္ခရောက်ခဲ့”

ကျမတို့ဟာ အားလုံး အရာရာမှာ အဖက်ဖက်မှာ မကျွမ်းကျင်ဘူး။ တချို့ ကျမတို့ နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေထဲမှာတချို့တွေက သူတို့အားလုံး သိတယ်လို့ ထင်တာပဲ။ အဲဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ငါတော့ အားလုံးသိတယ်လို့ ထင်ပြီ ဆိုကတည်းက ဒုက္ခရောက်တော့တာပဲ။ ကျမတို့က အားလုံးမသိဘူး။ သိတဲ့လူတွေ ကျွမ်းကျင်တဲ့လူတွေကို ကျမတို့ တောင်းခံတယ်။ ကျမ တို့နဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့၊ လုပ်စေချင်တယ်။ ကိုယ်ဘာလုပ်ပေးနိုင်မလဲ ဆိုတာကို စေတနာသန့်သန့်နဲ့ လုပ်ပေးစေချင်တယ်။စေတနာ သန့်သန့်နဲ့ လုပ်ပေးလို့ရှိရင် အများကြီး ကျေနပ်မှုကို ရမယ်။ ဒါက ကိုယ့်ရဲ့ အတွေ့အကြုံအရ ပြောတာပါ။ စေတနာ သန့်သန့်နဲ့ ကိုယ့်အတွက် ဘာမှ အကျိုးအမြတ် မရပဲနဲ့ နို်င်ငံ့အတွက် လုပ်ပေးရတဲ့ အရသာဟာ လုပ်ပေးဖူးတဲ့ လူမှ သိနိုင်ပါတယ်။ အဲဒီတော့ လုပ်ကြည့်ပါ။ ဘယ်လို လုပ်နိုင်မလဲ ဆိုတာကိုလည်း အခု ကျမကို အကြံဉာဏ်ပေးပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

“အလုပ်လက်မဲ့ပြသနာ”

နောက်တခုကတော့ အလုပ်လက်မဲ့ပြဿနာပါပဲ။ အလုပ်လက်မဲ့ဆိုတာဟာ ပညာတတ် အလုပ်လက်မဲ့၊ ပညာတတ် အလုပ်လက်မဲ့တွေလည်း ရှိတယ်။ အလုပ်လက်မဲ့ကိစ္စတို့ လက်ဗလာတို့က ကျမတို့နိုင်ငံမှာ ဟိုး အောက်ကနေ အထက်အထိ ရှိတယ်။ တောလက်ကျေးရွာမှာနေတဲ့ လယ်သမားတွေက အလုပ်အကိုင် လက်မဲ့ဖြစ်နေသလို၊ ကျမတို့ရဲ့ ဘွဲ့ရတွေကလည်း အလုပ်လက်မဲဖြစ်နေတယ်။ အဲတော့ အလုပ်ရမယ့် ကိစ္စဆိုရင် ကျမတို့ တတ်နိုင်သမျှ ကြိုးစားပြီးတော့ လုပ်ပေးမှာပဲ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ဒီ Chamber of Commerce မှာ တနေ့က US Chamber of Commerce နဲ့ US ASEAN Business Council နဲ့ ကျမတို့ စကားပြောပါတယ်။ အဲဒီတုန်းက ကျမတို့ရဲ့ စီးပွားရေးနဲ့ ပတ်သက်လို့ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေကိုလည်း ကျမတို့ ချပြပေးပါတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ကျမတို့ ဘယ်လိုအခွင့် အရေးတွေ ရှိနိုင်မလဲ၊ ပိုပြီးတော့ အခွင့်အရေးတွေကို ကျမတို့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင်လို့ ဘယ်လိုလုပ်ဖို့ ရည်ရွယ်ချက် ရှိသလဲဆိုတာကို ခန့်မှန်းလို့ရပါတယ်။

“ဥပဒေမဲ့ မြေသိမ်းကိစ္စ”

မြေနဲ့ပတ်သက်လို့ကိစ္စဟာ ကျမတို့နိုင်ငံမှာ အင်မတန်မှ ကြီးမားတဲ့ ပြဿနာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေပိုင်ဆိုင်ခွင့်၊ မြေပိုင်ဆိုင်ခွင့်ဆိုတာ အရင်တုန်းက ဥပဒေနဲ့ မကိုက်ညီဘဲ သိမ်းထားတဲ့ မြေတွေရဲ့ ပြဿနာကြောင့်မို့ ကျမတို့အခု မြေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အများကြီး အခက်အခဲဖြစ်နေတယ်။ ဥပမာဆိုရင် ကျမတို့ရဲ့ စိုက်ပျိုးရေး စီမံကိန်းတွေပေါ့။ စိုက်ပျိုးရေးစီမံကိန်းတွေကို ကျမတို့ စွဲထားပေးပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေး စီမံကိန်း တော်တော်များများဟာ လယ်သမားတွေရဲ့ လယ်ယာပိုင်ဆိုင်ခွင့်နဲ့က ချိတ်ဆက်နေတဲ့အခါကျတော့ ကျမတို့ အကောင်အထည်ဖော်တဲ့ နေရာမှာ ဟိုဘက်ကနေပြီးတော့ အဲဒီ တရားဥပဒေအရ ပိုင်ဆိုင်မှုပြဿနာတွေကို မဖြေရှင်းနိုင်သေးလို့ ကျမတို့မှာ အရှေ့ကို တိုးလို့မရသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ကျမတို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ မလွယ်ပါဘူး။ ကျမ ပွင့်ပွင့်လင်းလင်းပဲ ပြောတာပါ။ ဒီလို မတရားသဖြင့်ပေါ့နော် ဥပဒေနဲ့ မကိုက်ညီစွာ သိမ်းဆည်းခဲ့ပြီးတော့ ပြန်ပြီးတော့ မပေးတဲ့ လယ်ယာမြေကိစ္စတွေဆိုတာ လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကတည်းက စပြီးတော့ ဖြစ်နေတာ ဆိုးဆိုးရွားရွားပေါ့။ ဟိုးအရင်တုန်းကတော့ နည်းနည်းပါးပါးတော့ ရှိနေမှာပေါ့။ အဲတော့ အဲဒီဟာတွေ အားလုံးကို ကျမတို့ စပြီးတော့ ဖြေရှင်းဖို့ ကြိုးစားတာဟာ ၂၀၁၃ လောက်မှ လွှတ်တော်ထဲကနေ စခဲ့တာ။ သို့သော်ငြားလည်း မျှော်လင့်သလောက် တိုးတက်မှုမရှိခဲ့ဘူး။ အမြန်ဆုံး တိုးတက်အောင်တော့ ကျမတို့ လုပ်ပါမယ်။ ကျမတို့ကနေပြီးတော့ ဟိုတယ်နဲ့ ခရီးသွား စီးပွားရေးကဏ္ဍကိုလည်း အများကြီး အားပေးချင်ပါတယ်။ အဲဒါကိုတော့ ကျမတို့ တတ်နိုင်သမျှ ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်။

“တိုင်းရင်းသား မကြေနပ်ချက်”

နောက်ပြီးတော့ ကျမတို့ရဲ့ တိုင်းရင်းသားများနဲ့ပတ်သက်လို့ပေါ့ – တိုင်းရင်းသားတွေကြားထဲမှာ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးကိစ္စကို ထောက်ခံတယ်ဆိုတဲ့အတွက် အများကြီးကို အားတက်ပါတယ်။ အဲဒါကို ခုနက နောက်ဆုံးပြောသွားတဲ့ ရခိုင်ကိစ္စနဲ့ ဆက်ပြောချင်ပါတယ်။ ကျမတို့နိုင်ငံမှာ တကယ်ပဲ အမျိုးသားရင်ကြားစေ့ရေး ဖြစ်နိုင်ရမယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးရဖို့ဆိုရင် ကျမတို့ရဲ့ တိုင်းရင်းသားအားလုံး ကျမ ခဏခဏ သတိပေးရတယ်။ ဗမာတွေကလည်း တိုင်းရင်းသားတစုပါလို့။ ခက်နေတာက ဗမာတွေက အများစုဖြစ်နေတော့ ဘယ်သူကမှ မကျေနပ်ကြဘူး။ တခါတလေကျ ဗမာတွေကလည်း သိပ်ချစ်စရာမကောင်းဘူး။ ကျမကို်ယ်တိုင်ကလည်း ဗမာဆိုတော့ အဲ့လိုပြောလို့ရတယ်။ အဲဒါ ကျမတို့တိုင်းရင်းသားတွေကလည်း နားလည်မှုတော့ ရှိရမယ်။ တခါတလေဆိုရင် လူနည်းစု တိုင်းရင်းသားတွေဖြစ်လို့ လူများစုအပေါ်မှာ လုံးဝ အမြင်မကြည်ဘူး။ ဘာလုပ်လုပ် မကြိုက်ချင်ဘူး။ ဒါကလည်း သူ့သဘာဝပဲ။ ဒါပေမဲ့ ဗမာတိုင်းရင်းသားတွေကလည်း အနိုင်ကျင့်ခဲ့တာ နည်းနည်းကြာပြီနဲ့ တူပါတယ်။ ဗိုလ်ကျတယ်။ အနိုင်ကျင့်တဲ့အခါကျတော့ ကျမတို့ကို မြင်တဲ့အခါမှာ သံသယနဲ့ မြင်ကြပါတယ်။

“ခွဲခြားမှုမရှိ”

ဒါပေမဲ့ ကျမက အမှန်အတိုင်းပြောတာပါ။ ကိုယ့်ကိုယ်ကို အမွှန်းတင်ပြီးတော့ ပြောတာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ မိသားစုထဲမှာလည်း တခါမှ တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံစရာဖို့ကို အဲ့လိုမျိုး ကျမတို့ကို ပြုစုပျိုးထောင်ခဲ့တာ မရှိတော့ ကျမတို့က လုံးဝ နားမလည်ဘူး။ နည်းနည်း ကြီးလာတော့မှ ဒီလို တိုင်းရင်းသားတွေကို ခွဲခြားနိုင်ပါလားဆိုတာ ကျမတို့ သဘောပေါက်တယ်။ မေမေက အမြဲပဲ ကျမတို့ကို သင်ပြတာက တိုုင်းရင်းသားတွေက ဖေဖေ့အပေါ်မှာ အင်မတန်မှ သစ္စာရှိတယ်ဆိုတာ ဖေဖေမရှိတဲ့နောက်ပိုင်းမှာ ကျမတို့မိသားစုကို ပုံစံမပျက် စောင့်ရှောက်ခဲ့တာ တိုင်းရင်းသားတွေပဲ ဖြစ်တယ်လို့ အမြဲပဲ ကျမတို့ကို သင်ခဲ့ပါတယ်။ အဲတော့ ကျမတို့အနေနဲ့ကတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ဘာမှ ခွဲခြားလိုစိတ်မရှိဘူး။ ဒါပေမဲ့ ဝမ်းနည်းစွာ ပြောရမယ်ဆိုရင် ကျမ ကြီးလာတာနဲ့အမျှ ဒါမျိုးတွေရှိတယ်ဆိုတာ မြင်လာတယ်။ မြင်လာတော့ အဲဒါတွေလည်း ကျမတို့ အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲနို်င်အောင် ကျမတို့ ကြိုးစားပါတယ်။

“ကိုဖီအာနန်ကော်မရှင်”

ဒီ ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ကျမကတော့ ဒါ ပွင့်ပွင့်လင်းလင်း ပြောချင်တယ်။ ကျမတို့ ကိုဖီအာနန် ကော်မရှင်ကို ဆန့်ကျင်တဲ့ ဟာက လူမျိုးရေး၊ ဘာသာရေးတောင်မဟုတ်ဘဲနဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါနေတယ်လို့ ကျမကတော့ မြင်ပါတယ်။ အဲဒါ အင်မတန်မှ ဝမ်းနည်းစရာ ကောင်းပါတယ်။ ကိုယ့်နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အကျိုးကို ကြည့်ပြီးတော့ ကျမတို့ တနိုင်ငံလုံးအတွက် လုပ်နေတဲ့ကိစ္စကို မအောင်မြင်စေချင်တဲ့ စေတနာတွေ ထားတယ်ဆိုတာကတော့ မဖြစ်သင့်ပါဘူး။ အဲဒါကြောင့်မို့လို့ ကူညီတယ်ဆိုတာဟာ ကိုယ့်အချင်းချင်းလည်း နားလည်အောင် ပြောရမယ်။ ဒီလိုကော်မရှင်ဖွဲ့ခြင်းဟာ ကျမတို့အတွက် ဘာမှ အကျိုးယုတ်မှု မရှိဘူး။ ပြောရမယ်ဆိုရင် ဒီကော်မရှင်ဖွဲ့လိုက်လို့လည်း ကျမတို့ကို OIC ကနေပြီးတော့ Human Rights နဲ့ ပတ်သက်လို့ Resolution မတင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါပါတယ်။ ဒီ့အပြင်မှာလည်း ကျမတို့အခု Third Committee မှာ နှစ်တိုင်းနှစ်တိုင်း ရုန်းကန်နေရတဲ့ကိစ္စ အခု ဒီနှစ်တော့ သက်သာသွားပြီဆိုတာ။ ဒါတွေဟာ ကျမတို့ရဲ့ ကြိုးပမ်းမှုတွေထဲမှာ ဒီကော်မရှင်ဖွဲ့တဲ့ ကြိုးပမ်းမှုကလည်း အင်မတန် ထိထိရောက်ရောက်နဲ့ ကူညီပေးခဲ့လို့ ဖြစ်ပေါ်လာတဲ့ကိစ္စ။

“လူငယ်ပညာရေး”

နောက်တခုက ကျမတို့လူငယ်တွေ ပညာ ပိုတတ်ရေး။ ဒါကတော့ စောစောကလည်း ကျမ ပြောပါတယ်။ ကျမတို့ရဲ့ ကလေးတွေ ပညာတတ်ဖို့လိုတယ်။ အဲဒီဟာတွေနဲ့ ပတ်သက်လို့ ကျမတို့ ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ ကိုယ့်ဟာကိုယ်ဖွဲ့စည်းပြီးတော့ ပြောရမယ်ဆိုရင်တော့ နှစ်ဆထက်မက တက်သွားတာပေါ့ ၄၀% ကျော်ကနေ ၈၀% ကျော်ထိဆိုတော့ ၂ ဆမက တက်သွားတယ်ဆိုတာလည်း ကျမ ဂုဏ်ပြုပါတယ်။ အများကြီးပဲလည်း ဝမ်းသာပါတယ်။ အဲဒါမျိုး တတ်နိုင်တဲ့ဘက်က ကျမတို့ ဒါကို အကူအညီ ပိုတိုးပေးချင်ပါတယ်။

“န ျ ူ ကလီးယားစွမ်းအင်”

နျူကလီးယားစွမ်းအင်နဲ့ပတ်သက်လို့ နျူကလီးယားစွမ်းအင် လုပ်မယ် – မလုပ်မယ် ဆိုတာက ကျမတို့ရဲ့ overall energy policy ကို ဆုံးဖြတ်ပေးမှာဖြစ်တယ်။ ဘယ်လောက်အထိ လူထုက နျူကလီးယားစွမ်းအင်နဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် လုပ်သင့်တယ်၊ မလုပ်သင့်တယ်ဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။ ကျမတို့ရဲ့ စွမ်းအင်ဆိုတာဟာ စွမ်းအင်နဲ့ပတ်သက်လို့ ကိစ္စတွေဟာ နိုင်ငံရေး၊ လူမှုရေး ကိစ္စတွေနဲ့ အများကြီး ဆိုင်ပါတယ်။ ဥပမာဆိုရင် – hydro electronic နဲ့ ပတ်သက် လို့ရှိရင် တိုင်းရင်းသားနယ်မြေတွေမှာရှိနေတဲ့ အရင်းအမြစ်တွေ ဖြစ်တဲ့အတွက် ကျမတု့ိကနေ ဓာတ်အားရရှိရေးကိုပဲ စဉ်းစားလို့မရဘူး။ တိုင်းရင်းသားတွေရဲ့ ခံစားမှုနဲ့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်၊ နောက်ပြီးတော့ နောင်ကို စဉ်းစားရမယ့် resource sharing၊ ဒါ နိုင်ငံရေးကိစ္စတွေပါ။ အဲဒါတွေကို ကျမတို့ လျစ်လျူရှုလို့ မရပါဘူး။ နျူကလီးယားလည်း အတူတူပါပဲ။ နျူကလီးယားစွမ်းအင်ကိုနဲ့ ပတ်သက် လို့ရှိရင် ကမ္ဘာ့နေရာ တော်တော်များများမှာလည်း ကြောက်ကြပါတယ်။ ဒါတွေက အားလုံး သိပြီးသားပါ။ အထူးသဖြင့် ဂျပန်မှာ ဖူကူရားမားမှာ ဖြစ်တဲ့ကိစ္စ ဆိုရင် တော်တော်များများက ပြောကြပါတယ်။ ဂျပန်လို တိုးတက်ပြီးတော့ ပညာတတ်တွေ များပြားတဲ့နိုင်ငံမှာတောင်မှ ဒီလို လွဲချော်မှုတွေ ဖြစ်နိုင်လို့ရှိရင် ဒီလိုကိစ္စတွေဟာ ကျမတို့လို human capacity/capacity building သိပ်ပြီးတော့ မမြင့်သေးတဲ့ နိုင်ငံမှာ လုပ်လို့ဖြစ်ပါ့မလား။ မတော်တဆထိခိုက်မှုတွေ ခဏခဏ ဖြစ်မလားပေါ့။ ဘာလို့လဲဆိုတော့ ကျမတို့ကလည်း မကျွမ်းကျင်သေး ဘူးလေ။ ဟိုမှာ ဒီလောက် ကျွမ်းကျင်တဲ့သူတွေတောင်မှ အမှားအယွင်း ဖြစ် သွားသေးတာပဲ။

“သဘာဝဘေးအန္တရာယ်”

တခါတလေလည်း သဘာဝဘေးအန္တရာယ်ကြောင့်၊ အခု ကျမတို့နိုင်ငံမှာ ရာသီဥတုပြောင်း လဲမှုကြောင့် အထိခိုက်ဆုံး နိုင်ငံတနိုင်ငံဖြစ်မယ်လို့ ပညာရှင်တွေက သတ်မှတ်ထားပါတယ်။ အဲဒါကြောင့် ရာသီဥတု ပြောင်းလဲ မှုကြောင့်မို့ အထိခိုက်နိုင်ဆုံး နိုင်ငံဖြစ်မယ်ဆိုတော့ ကျမတို့ သဘာဝဘေးအန္တရာယ် ဥပမာ – ငလျင်လှုပ်တာတို့၊ ရေကြီးတာတို့၊ မြေပြိုတို့ အဲဒီလိုဟာမျိုးတွေကို ကျမတို့ အများကြီး ထည့်စဉ်းစားရမှာဖြစ်ပါတယ်။ ကျမတို့က တကူးတက သုံးဖို့ ဆုံးဖြတ် မယ်ဆိုရင်တောင်မှ ဘယ်နေရာမှာ ဆောက်မလဲ။ ဒီဟာတွေဟာ ဘယ်လို အန္တရာယ်မျိုးတွေ ဖြစ်နိုင်သလဲ။ ဒီအန္တရာယ်တွေကို ကျမတို့က ကာကွယ်နိုင်မှာလား။ အဲဒါတွေကို အများကြီး စဉ်းစားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမကတော့ ကျမတို့ စွမ်းအင်မူဝါဒအောက်မှာ နျူကလီးယားစွမ်းအင်ကို ဘယ်လိုကဏ္ဍအနေနဲ့ သတ်မှတ်မလဲ။ ဘယ်လောက်အထိ ကျမတို့ဟာ နံပါတ်တစ် နိုင်ငံရေးအရ၊ နံပါတ်နှစ် ကျွမ်းကျင်မှုအရ၊ နံပါတ်သုံးကတော့ ကျမတို့ရဲက ငွေရေးကြေးရေး တတ်နိုင်မှု ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာ ဆုံးဖြတ်ရမှာ ဖြစ် ပါတယ်။ ဒါပေမဲ့ ဒီလို စေတနာနဲ့ အကြံပြုတဲ့အတွက် ကျမတို့ ကျေးဇူးတင်ပါတယ်။ ကျမတို့က စွမ်းအင်နဲ့ ပတ်သက်လို့ရှိရင် အမျိုးမျိုး စဉ်းစားရတယ်။ တမျိုးတည်းနဲ့ပဲ ရလို့ မဖြစ်ဘူး။ တမျိုးတည်းကို ကျမတို့ အားကိုးလို့ မရဘူး။ အမျိုးမျိုး ကျမတို့ လိုအပ်နေတဲ့ စွမ်းအင်တွေကို အမြန်ဆုံး ဖြည့်ဆည်းပေးဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

“အခြေခံ အဆောက်အဦ”

Infrastructure အဓိကကတော့ ကျမတို့ communication ဆိုရင် ဒီနှစ်ခုမှာ အားနည်းနေတဲ့ အခါကျတော့ လာပြီးတော့ ရင်းနှီးမြှုပ်နှံ မှုတွေရဲ့ အခန်းကဏ္ဍက လွတ်သွားမယ်။ ရင်းတော့ ရင်းနှီးမြှုပ်နှံပါရဲ့။ လမ်းတော့ မဆောက်ဘူးဆိုတော့ ဘယ်လိုလုပ်မလဲ။ အဲဒါမျိုးတွေ သူတို့ပြောလာမှာပေါ့။ ဒါလည်း မှန်ပါတယ်။ သူတို့က စက်ရုံပဲ ဆောက်ပေးချင်တာ။ လမ်းပါ ဆောက်ဖို့က မရှိဘူး။ တချို့က အခြေအနေ ကြည့်ပြီးတော့ စက်ရုံရော၊ လမ်းရော ဆောက်ပေးပြီး သူတို့အကျိုးအမြတ် ပိုတောင်း မယ်ဆိုရင်လည်း ဒါလည်း တရားမျှတပါတယ်။ ကျမ တို့ကတော့ အဘက်ဘက် ကနေပြီးတော့ အောင်မြင်အောင် လုပ်ပေးမှာပါ။

“ကနေဒါ ဖယ်ဒရယ်”

အခု ကနေဒါနဲ့ နောက်ဆုံး အဆုံးသတ်ရမယ်ဆိုရင် Canada federation နဲ့ ပတ်သက်လို့ ကျမတို့ ဒါကို စီစဉ်ပြီးသား ဖြစ်ပါတယ်။ ကျမတို့ ကနေဒါမှာ လာပြီးတော့ federation ကို လေ့လာဖို့ဆိုတာ ကျမတို့ နိုင်ငံရေး အသိုင်းအဝိုင်း ကရော၊ တပ်မတော်အသိုင်းအဝိုင်းကရော၊ တိုင်းရင်းသားလူမျိုးများ အသိုင်းအဝိုင်း ကရော စုပေါင်းပြီးတော့ လာပြီးတော့ လေ့လာပြီးတော့ ဆွေးနွေးပြီးတော့ ဘယ်လို ပုံစံနဲ့ အောင်မြင်အောင် လုပ်နိုင်မလဲ။ ကနေဒါက ကျမတို့အတွက် သင်ခန်းစာယူ ရမယ့်ဟာက capitalism အခါက ကွဲသွားမယ်ဆိုရင် ဒီနေ့ကွဲမလား၊ မနက်ဖြန် ကွဲမလားဆိုပြီး ပြင်သစ်ဘာသာစကားနဲ့ ပတ်သက်လို့ ဖြစ်ခဲ့တဲ့အချိန် ရှိတာပါပဲ။ ဒါပေမဲ့ ဒါတွေကို ကျော်သွားပြီး အခုဆိုရင်တော့ ကွဲရေးတော့ သိပ်မကြားတော့ ဘူးနော်။ တချိန်တခါတုန်းက ဒီနေ့၊ မနက်ဖြန်များ ကနေဒါ ကွဲတော့မလားလို့ ထင် ရတာ။ အဲဒီဟာကို ကျော်လွှားတော့ ဘယ်လိုပုံစံနဲ့ ကျော်လွှားခဲ့ရသလဲ ဆိုတာ ကိုလည်း ကျမတို့အနေနဲ့ သင်ခန်းစာယူစရာတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် ကျမတို့က ကနေဒါကို လာဖို့ဆိုတာဟာ ရည်ရွယ်ချက် အပြည့်အဝ ရှိပါ တယ်။ နောက်ပြီးတော့ ကျမကလည်း honoring citizen ဆိုတော့ အဲဒီမှာ သွားချင်ပါတယ်။ ဒီလို ကျမတို့ကို ဖိတ်ခေါ်တဲ့အတွက်လည်း အများကြီးကို ကျေးဇူး တင်ပါတယ်။

“နှစ်နိုင်ငံသား ခံယူရေး”

Dual Citizenship ဆိုတာကိုတော့ ကျမတို့ နိုင်ငံတနိုင်ထဲ အတွက်တော့ မစဉ်းစားေ ပးနိုင်ပါဘူး။ ကျမတို့ နိုင်ငံအားလုံးနဲ့ပတ်သက်ပြီးတော့ စဉ်းစားမှာပေါ့။ ကျမတို့ ကနေပြီးတော့ အမေရိကန်နိုင်ငံသားတွေကို Dual Citizenship ပေးမယ်ဆိုလဲ ကျမတို့ မပေးနိုင်ပါဘူး။ ကျမတို့အနေနဲ့ Dual Citizenship ဆိုတဲ့ Principle ကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာ ဆုံးဖြတ်ရမှာပါ။ ဆိုတော့ အဲဒီဟာဟာ အများကြီး ကျယ်ပြန့် ပါတယ်။ ဒါပေမယ့်လည်း ခနကလိုပေါ့နော်၊ Social Visa တို့ ဘာတို့ကိစ္စကတော့၊ ဒါကတော့ ကျမတို့ ရေတိုအတွင်းမှာ ဆုံးဖြတ်နိုင်တဲ့ ကိစ္စ တခု ဖြစ်ပါတယ်။ စောစောက ကျမပြောသလို ပိုက်ဆံတော့ ပိုတောင်းမယ်နော်။ ဟုတ်တယ်လေ၊ Quid pro quo ပေါ့၊ တယောက်နဲ့ တယောက် ကူညီတဲ့ သဘော တရားအရပေါ့။ ဒါပေမယ့် ဒါကလဲ ကျမတို့ကနေပြီးတော့ မူအရ လုပ်ရမှာပေါ့။ ကျမ အခုလုပ်တဲ့ဟာတွေ ရေရှည်မှာရော၊ အခုပြန်လို့မရလို့ ပြန်ချင်တဲ့လူတွေ၊ ဥပမာ ဟိုဟာလုပ်ပေးပါ၊ ဒီဟာလုပ်ပေးပါဆိုပြီးတော့ ကျမကို ပြောကြပါတယ်။

စောစောကပြောသွားတဲ့တယောက် ပြောသလိုပေါ့၊ နိုင်ငံရေးလုပ်လို့မရဘူး ဆိုပြီးေ တာ့ ဝန်ခံချက်ထိုးမှ ဗီစာပေးတယ်ဆိုတော့၊ ကျမကဒါကို စဉ်းစားတယ်၊ ဒါဟာ မတရားဘူးပေါ့။ ကျမတို့ကိုယ်တိုင် နိုင်ငံရေးလုုပ်လို့ ဒီနေရာ ရောက်နေ တာပဲ။ နိုင်ငံရေး မလုပ်ရပါဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။ ကျမတို့ ဖြေလျော့ပေးနိုင် သမျှ အများကြီး ဖြေလျော့ပေးပါမယ်။ နောက်ပြီးတော့ နောက်တခုက နိုင်ငံတကာရဲ့ လုပ်ပုံလုပ်နည်းလဲ ကျမတို့ နဲနဲလေ့လာဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံတမန်ရေးရာမှာ သံအမတ်ကြီးအဆင့် နေတဲ့နိုင်ငံတွေက တချို့ စည်းမျဉ်း စည်းကမ်းတွေ သူတို့ လက်ခံထားတာက အကြောင်းရှိလို့ပဲ။ အလကားသက်သက် မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ ပြဿနာတွေ၊ နောက်ဆက်တွဲတွေ ဘာဖြစ်နိုင်သလဲဆိုတာကို သူတို့ကြည့်ပြီးတော့ တချို့ စည်းမျဉ်း စည်းကမ်းတွေကို သူတို့ကနေပြီးတော့ လိုက်နာတာ ဖြစ်တယ်။

ဒါကြောင့်မို့၊ ကျမတို့ကနေပြီးတော့ ဥပမာဆိုရင် ဗီစာနဲ့ပတ်သက်လို့ ပြောမယ်ဆိုရင်၊ တခြားနိုင်ငံတွေက ဘယ်လိုလုပ်လဲဆိုတာကို ကျမတို့ လေ့လာမှဖြစ်မယ်။ အထူးသဖြင့် ဒီမိုကရေစီ ရင့်ကျက်တဲ့နိုင်ငံကြီးတွေကပေါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လုပ်သက် အတွေ့အကြုံတွေ အရ သူတို့က လုပ်တာဖြစ်တယ်။ ကျမတို့ ဒါကို လေးလေးနက်နက် စဉ်းစားပါ့မယ်။ ဒါပေမယ့် Dual Citizenship ကတော့ အခု ကျမတို့ မစဉ်းစားသေးဘူး။ ဒါဟာ အင်မတန် နက်နဲတဲ့ကိစ္စပါ။ ဒါကို ကျမတို့ ဒီက အမေရိကန်နိုင်ငံမှာတော့ မြန်မာနိုင်ငံက ရောက်နေတဲ့ လူတွေ အများစုဖြစ်ပေမယ့် အမေရိကန်နိုင်ငံတခုထဲပဲ ကျမတို့ ကွက်ပြီးတော့ စဉ်းစားလို့ မရသေးပါဘူး။ Dual Citizenship ဆိုတာဟာ တကမ္ဘာ လုံးက နိုင်ငံတွေနဲ့ ဆိုင်တာပါ။ ဒီတော့ ကိုယ့်ရဲ့နိုင်ငံသားဆိုတဲ့ အနေအထားကို ကျမတို့ တန်ဖိုးထားတယ်၊ ဒါက ကိုယ်မွေးလာကတည်းက ရတဲ့ ကိုယ့်ရဲ့အမွေ။ အဲဒါကြောင့်မို့လို့ Citizenship နဲ့ ပတ်သက်လို့ ကျမတို့ ပေါ့ပေါ့တန်တန် မစဉ်းစားဘူး။

ကျမတို့ စောစောကပြောတဲ့အတိုင်းပဲ ကျမတို့နိုင်ငံသားတွေ ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ မြန်မာနိုင်ငံက ပေါက်ဖွားလာတဲ့လူတွေ အားလုံးဟာ ကျမတို့နိုင်ငံရဲ့ သားသမီးတွေလို့ သံရုံးကနေပြီးတော့ ဆက်ဆံပါလို့ ကျမ အသေအချာ ပြောချင်ပါတယ်။

About kai

Kai has written 1008 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.