အော်သံပေးတဲ့ အရိုးခေါင်း အပိုင်း(၂)

မောင်ဘလိုင်September 19, 20161min2414

ယောက်ျားသုံးယောက်ကို ပိပိရိရိသတ်ပစ်တဲ့ မိန်းမတစ်ယောက်အကြောင်းပေါ့ကွာ။ ကြားဖူးလားတော့ မသိဘူး။ လေးယောက်မြောက်ကျကာမှ မိတော့တာ။ အိုင်ယာလန်မှာ ဖြစ်ခဲ့တာပါ။ အင်း..မသေမချင်းကြိုးကွင်း စွပ်သတ်စေပေါ့။ သူ့ယောက်ျားတွေကို ဘယ်လိုသတ်ပစ်ခဲ့သလဲ ဟုတ်လား။ ဒီလိုကွ..အရင်ဆုံး ဆေးခပ်ပြီး မူး မေ့အောင်လုပ်။ ပြီးတော့ ပွက်ပွက်ဆူနေတဲ့ ခဲရည်တွေကို ကတော့လေးတစ်ခုနဲ့ နားထဲလောင်းထည့်တာပဲ။ အေးပေါ့..မူးမေ့ပြီး အိပ်ပျော်နေတဲ့အချိန် လုပ်တာပေါ့။ အေး..တခြားတော့ ဘာမှ ထူးထူးခြားခြား မဖြစ်သေး ဘူး။  မနှစ်က ဒီအချိန်လောက်..။အင်း အဲဒီညနေ ထမင်းပွဲပြီးတဲ့နောက်ပေါ့..။ နိုဝင်ဘာလပဲကွ..။ မှတ်မိတာ ပေါ့ကွာ။ မနှင်းရည်လေးတစ်ယောက် အိပ်ယာထဲမှာပဲ ရုတ်တရက် ဆုံးရှာသတဲ့။ အဲ..ရက်စွဲလား..အဲဒါတော့ မသေချာဘူးကွ။ အဲဒီတုန်းက ရခိုင်ဘက် ငါရောက်နေတာ။

အင်း..အင်း..မနှင်းရည်ကလေး ဆုံးရှာတော့ ငါ့ညီ လူထက် အထီးကျန်ရှာမှာပဲဆိုပြီး ငါသွားတွေ့တာ ပေါ့။ ဒီကောင့်ကြည့်ရတာ တစ်နှစ်အတွင်း ယူပစ်သလို အိုစာသွားတာပဲ။ အလုပ်ကတော့ လုပ်ပါရဲ့။ အကူလေး ဘာလေးတောင် မခေါ်ဘူး။ တစ်ယောက်ထဲ ကြဲနေတာ။ ပညာလား..တော်ရှာပါတယ်။ ဒီအလုပ်မှာပဲ သူ့ အာရုံ တွေ အကုန်စူးစိုက် မြှုပ်နှံထားတာ။ သူကုလို့ ပိုဆိုးသွားတယ်ဆိုတာ မရှိပါဘူးတဲ့။

သူ့ပုံစံလား။ နှဖူးပြောင်ပြောင်၊ မျက်နှာဖြူရော်ရော်နဲ့ ပိန်ပိန်ပါးပါးပဲ။ ဘယ်တုန်းကမှ မဝခဲ့ဖူးဘူး။ အသက်ကတော့ ငါနဲ့ဆယ်နှစ်ကျော်လောက် ကွာသပေါ့။ ဆံပင်နည်းနည်းဖြူပြီ။ အေး..သားသေ၊ မယားဆုံးပြီး နောက်မှာတော့ ပိန်ပိန်လာတာများ နောက်ဆုံး အရိုးနဲ့အရည်သာ ကျန်တော့တာလား။ မျက်လုံးတွေကလည်း ကြောင်စီစီနဲ့ တစ်ခါတလေများ အရောင်ဖျိုးဖျိုးဖျပ်ဖျပ် ထွက်တတ်သေး။

အဲ..သူ့မှာ ခွေးတစ်ကောင်တော့ ကျန်သေးသကွ။ မနှင်းရည် အချစ်တော် ခွေးကလေးပါ။ သူ့နောက် တကောက်ကောက်လိုက်တတ်တဲ့ ခွေးလေ။ ရိုးရိုး ဗမာခွေးမျိုးပဲ ထင်ပါရဲ့။ သူ့သခင်မလိုပဲ သဘောကောင်းတဲ့ ခွေး။ အမယ်..ဒင်းက ဟန်ကတော့ ရှိသကွ။ ရုပ်နဲ့ အဟန့် ရှိတော့ တော်တော့်လူ မသိရင် လန့်စရာပဲ။ တစ်ခါ တလေ ညနေပိုင်းတွေဆို လူထက် နဲ့ ဘော်ဖြူက တစ်ယောက်ကို တစ်ယောက် ထိုင်ပြီး စေ့စေ့ကြည့်နေတတ် တယ်။ ဪ..ဘော်ဖြူဆိုတာ ခွေးနာမည်လေ။ အဲဒီလိုကြည့်ပြီး အရင်ကအကြောင်းတွေ ပြန်စဉ်းစားနေသ လား မပြောတတ်ပါဘူးကွာ။ ငါ့ညီက သူ့မိန်းမထိုင်နေကျ ပက်လက်ကုလားထိုင်ကလေးမှာ ထိုင်တယ်။ ဘော်ဖြူ ကတော့ ခွေးခြေကလေး တစ်ခုပေါ်ထိုင်လို့ပေါ့။ ဘော်ဖြူက ဝလည်းဝ။ အိုလည်း အိုရှာပါပြီ။ သွားတွေတောင် မကောင်းတော့ဘူး။ သွားရင် လာရင်လည်း ခပ်လေးလေး ခပ်နှေးနှေးပဲ။ ခုန်တောင် မခုန်နိုင်တော့ဘူး။ အေး.. တစ်ရက်တော့ ထုံးစံအတိုင်း တစ်ယောက်ကို တစ်ယောက်စေ့စေ့ကြည့်နေတာ ငါတွေ့ရော။ လူထက် မျက်နှာ ကလည်း ကြည့်ရင်း ကြည့်ရင်း မျက်စိပါတဲ့ အရိုးခေါင်းနဲ့ ပိုပိုတူလာတာပဲ။ ငါးမိနစ်လောက် နေတော့ ဘော်ဖြူ က ရုတ်တရက် တုန်တက်လာပြီးတော့ ထအူတော့တာပဲ။ နာကျင်လို့ အူတဲ့အသံမျိုး။ သေနတ်နဲ့ပစ်ခံရတဲ့ အတိုင်းပဲကွာ။ နောက်တော့ ထပြေးပြီး ချောင်ထဲမှာ တအီအီ တအာအာနဲ့ ညည်းညူနေတော့ပဲ။

နောက်တစ်ခါ ခရစ်စမတ်မတိုင်မီ ငါပြန်ရောက်လာသကွ။ အေး..ရခိုင်ဘက်က ငါ့မိတ်ဆွေတစ်ယောက်  နဲ့ အလုပ်ကလေးတစ်ခု လုပ်ထားလို့ကွာ။ အဲဒီသွားနေတာ။ ခရစ်စမတ် မတိုင်မီလေး ငါပြန်လာတာ။ ငါ ပြန် ရောက်တော့ ဘော်ဖြူကို မတွေ့တာနဲ့ သေရှာပြီထင်ပါရဲ့လို့ ခပ်ရိုးရိုးပဲ မေးတော့ ငါ့ညီက အင်း ဆိုပြီး အသံ ကိုမချပဲ ရပ်လိုက်တော့ ငါလည်း ထပ်မေးမယ်လုပ်တုန်း သူက ကျွန်တော် သတ်ပစ်လိုက်တာတဲ့။ ဆက်ပြီး မခံ စားနိုင်တော့လို့ ကိုကြီးမြတ်ရာ တဲ့။

ငါလည်း ဘာ မခံစားနိုင်တော့တာလည်း ဆိုတော့- ဒီကောင်က နှင်းရည်ထိုင်တဲ့ ခုံမှာထိုင်၊ ပြီးတော့ ကျွန်တော့်မျက်နှာ ကြည့်ကြည့်ပြီး အူနေတာပဲ တဲ့။ ငါ့ညီက အသံတုန်တုန်နဲ့ ဆက်ပြောသေးတယ်။ ခမျာ ဘာမှ မခံစားလိုက်ရပါဘူးဗျာ တဲ့။ သနားစရာ ဘော်ဖြူပါ ဆိုပဲ။ မင်း ဘယ်နှယ့်လုပ်လိုက်သလဲ လို့ ငါထပ်မေးတော့ မ ပြောချင် ပြောချင်နဲ့ ခပ်မြန်မြန်ပြောပြတာ။

“ သူ သောက်မဲ့ ရေထဲမှာ ဒိုင်အိုနင်း ခပ်ပေးလိုက်တယ်။ သူအိပ်သွားတော့ ကလိုရိုဖောင်း တဖြည်းဖြည်း ပေးထားလိုက်တာ။ ဘာမှ သိလိုက်မှာတောင် မဟုတ်ဘူး ကိုကြီး။ အဲဒီထဲက အသံဗလံတွေ တိတ်သွားတာ။”

ဒီကောင် ဘာဆိုလိုလဲ ဆိုတာ ငါတွေးကြည့်မိတယ်။ ပါးစပ်က လွှတ်ခနဲ ထွက်သွားတာမျိုးကွာ။ ခွေးမရှိတော့ ကတည်းက အသံဗလံတွေ မကြားတော့ဘူးလို့ ဆိုတာပဲကွ။ သူလည်း အသံတွေကြားချင် ကြား မှာပဲ။ ခွေး က လုပ်တဲ့..အင်း..ထွက်တဲ့အသံပေါ့။ အဲဒီအသံမျိုး ဟုတ်မှ မဟုတ်တာကွာ။ ငါ သိတာပေါ့။ လူထက်က မသိလို့ နေမယ်။ အေးကွာ..အဲဒါ ဆူညံညံ အသံပဲပေါ့ကွာ။ လူတစ်ယောက်ကို အဲဒီအသံမျိုးက ဘယ်လောက် ဒုက္ခပေး နိုင်မှာ မို့လဲ။ ဒါပေမဲ့ ဒီကောင်က ငါ့ထက် တောင်တောင်အီအီ ပိုတွေးတတ်သကွ။ သေချာတယ်ကွာ..အဲဒီနေရာ မှာ ငါနားမလည်တာ တစ်ခုခုတော့ သေချာပေါက် ရှိကိုရှိတယ်။ ငါနားမ လည်တဲ့ဟာမျိုးဆို အဖြစ်ဆန်း ဆိုပြီး ငါ သတ်မှတ်လိုက်တာပဲ။ အဲ..ငါနားမလည်တာတွေတော့ အများကြီး ရှိတာပေါ့ကွာ။ အကုန်လုံး အဖြစ်ဆန်းရယ် တော့ ဘယ်ဟုတ်မလဲ။ ဥပမာကွာ..ငလျင်လှုပ်တာ ဘာကြောင့် လှုပ်တယ် ဆိုပြီး သီအိုရီတွေ အများကြီး ရှိမှာ ပေါ့။ အဲဒါတွေ အကုန်တော့ ငါဘယ်သိမလဲ။ ဒါပေမဲ့ အဲဒီအထဲ က တစ်ခုတစ်လေတော့ နားလည်လို့ ရတာ ပေါ့ကွာ။ တစ်ခါကြုံဖူးသကွ။ သင်္ဘောပေါ်မှာတုန်းကကွာ ငါ့အခန်း ထဲမှာ ရှိနေတုန်း ဘောပင်ထည့်တဲ့ခွက်က မြောက်တက်သွားတာ မျက်နှာကြက်နားထိပဲ။ သင်္ဘောကပ္ပတိန် လည်း အဲဒါမျိုး ကြုံလိုက်တယ်။ ဘာလို့ အဲဒီလို ဖြစ်တာလဲတော့ ငါလည်း မသိဘူးကွ။ စိတ်ကူးယဉ်တတ်တဲ့ သူများကတော့ ပြောပါလိမ့်မယ်။ သရဲကပဲ ဆွဲ မြှောက်သလိုလို ဘာညာပေါ့။ လောလောဆယ် ငါမသိသေးတဲ့၊ မဖြေရှင်းနိုင်သေးတဲ့ အဖြစ်ဆန်းပေါ့။ ခု ငါပြော တဲ့ အော်သံဆိုတာလည်း အဲဒီလိုမျိုးပဲ။ တစ်ယောက်ယောက်က တစ်ချိန်ချိန်မှာ သဘာဝကျကျ ဖြေရှင်းချက် ပေးကောင်း ပေးနိုင်မှာပေါ့လေ။

နေဦးကွ။ ငါ့ညီလူထက် သူ့မိန်းမကို သတ်များပစ်လေသလားဆိုတာ ပြစရာ ဘာသက်သေများ ရှိမလဲ။ ငါတော့ ဘယ်သူ့မှ မပြောဖူးသေးဘူးကွ။ မင်းတို့ကလွဲလို့ပေါ့ကွာ။ အေးကွာ..နောက်ဆုံးတော့ မနှင်းရည်လေး သေရှာတာလည်း တိုက်ဆိုင်မှု သက်သက်ပဲ ဖြစ်ပါလိမ့်မယ်။ အဒီ ညစာ စားပွဲမှာ ဟို လူသတ်တဲ့အကြောင်း ပြောမိတဲ့နောက် သေတာကိုး။ ဒီလို အိပ်ယာထဲနေရင်း သေတာ သူတစ်ယောက်ထဲ ရှိတာမှ မဟုတ်တာ။ ဟိုဘက်ရွာက ဆရာဝန်နဲ့ လူထက်တို့ စမ်းသပ်ပြီး မှတ်ချက်ပြုတာက နှလုံးဖောက်လို့သေတာတဲ့။ ကိုင်း..ဒီ လောက်ဆို လုံလောက်ရောပေါ့။ ဟုတ်ဘူးလား။

အေး..ယောက်ချိုဇွန်းကြီး တစ်ချောင်းတွေ့တော့ ငါလည်း ဇဝေဇဝါစဖြစ်တာ။ အိပ်ခန်းထဲက ဗီရိုထဲမှာ တွေ့တာ။ အသစ်နီးနီးပဲကွ။ သံဖြူယောက်ချိုလေ။ အေး..အဲဒီယောက်ချို အောက်ခြေမှာ ခဲဖတ်ကလေးတွေ ကပ်နေ တာတွေ့တာပဲ။ အင်း..ဒါက ဘာမှတော့ မဟုတ်သေးဘူး။ ကျေးလက်ဆရာဝန်ဆိုတာ တောက်တိုမယ် ရ အကုန် လုပ်တတ်တာပဲ။ ဒီကောင် မြစ်ဘက် သွားပြီး ငါးတွေ ဘာတွေ ထောင်တတ်တော့ ခဲသီးလိုချင်လို့ ကျိုတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ တခြားဟာတွေလည်း ဖြစ်နိုင်သေးတာပဲ။ ငါကတော့ ငါပြောတဲ့ ဇာတ်လမ်းထဲ ကနဲ့ အတော် ကလေး ဆင်နေတော့ ကိုယ့်ဟာကိုယ် မေးခွန်းထုတ်မိတာ။ အဲဒီ ယောက်ချိုကြီးမြင်ရတာ စိတ်မ သက်သာတာ နဲ့ မြစ်ထဲသွား လွှင့်ပစ်လိုက်တယ်။ အေးရော။

အင်း..လူထက်လည်း သေပြီကွ။ မရှိတော့ဘူး။ သူ့မိန်းမ မြေပုံဘေးမှာပဲ မြှုပ်လိုက်တယ်။ လူရိုး လူကောင်း တစ်ယောက်ရဲ့ မှတ်တိုင်ကလေး သူ့မြေပုံ ခေါင်းရင်းပိုင်းမှာ စိုက်လို့ပေါ့ကွာ။ သူတို့နှစ်ယောက်လုံး သေပြီ။ သူတို့သားလည်း သေပြီ။ လူထက်သေပုံကတော့ နည်းနည်းဆန်းသကွ။

ဘယ်လိုသေတာလည်း ဟုတ်လား။ မြစ်ကမ်းနားမှာ သေနေတာ တွေ့တာပဲ။ သေမှုသေခင်း စစ်တဲ့ ဆရာဝန်ကပြောတာတော့ လည်ချောင်းနားမှာ ဒဏ်ရာလိုလို တွေ့သတဲ့။ လုယက် ခံရတာတော့ မဟုတ်ဘူး။ နောက်ဆုံးကောက်ချက်ကတော့ လည်ပင်းညှစ်ခံရတာ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် တိရိစာ္ဆန် တစ်ကောင်ကောင် အခဲခံရတာ ဖြစ်မယ်တဲ့။ လည်ချောင်းရိုးကျိုးပြီး အပေါ်ကအသားကတော့ ပေါက်ပြဲမသွားဘူးတဲ့။ ဘယ်ချိန်သူ ထွက်လဲ၊ ဘယ်ကိုသွားလဲတော့ ဘယ်သူမှ မသိပါဘူးကွာ။ မြစ်ကမ်းပါးစောင်းကလေးမှာ လဲသေနေတာ တွေ့ရ တာပဲ။ အဖုံးပွင့်နေတဲ့ သူ့မိန်းမ ကတ္ထူပုံးဟောင်းကလေးက သူ့လက်နားမှာ တွေ့ရသေးသတဲ့။ အဲဒါ အရိုးခေါင်း တစ်ခုထည့်လာတဲ့ ပုံး။ ဆရာဝန်ဆိုတော့ အဲလိုဟာတွေ စုဆောင်းချင် စုဆောင်းမှာပေါ့လေ။ အဲဒီအရိုးခေါင်းက သူ့ခေါင်းနားမှာတဲ့။ တော်တော် အချိုးကျတဲ့ ဦးခေါင်းခွံကွ။ အရမ်းမကြီးဘူး။ ဖြူဖွေးနေတာပဲ။ သွားတွေလည်း စီ စီရီရီ ရှိသေးတယ်။ အဲ..အောက်မေးရိုးတော့ မပါဘူးကွ။

သေသေချာချာ ပေါလစ်ရှ် တင်ထားသလို ဖြူဖွေးနေတာများ မှန်ပုံးထဲထည့်ပြီး အလှပြဖို့လား မှတ်ရ တယ်။ အဲဒီ ဦးခွံ ဘယ်က ဘယ်လိုရလာလဲတော့ ဘယ်သိမလဲ။ ဘယ်သူမှ မသိဘူး။ အဲဒါနဲ့ ဦးခေါင်းခွံကို ဘူး ထဲပြန်ထဲပြီး အိပ်ခန်းထဲက ဗီရိုကလေးထဲ ပြန်ထည့်ထားလိုက်ကြတာ။ အင်း..အင်း.. လူထက်သေပြီးတော့မှ ငါ ပြန်ရောက်လာတာ။ သူ့ပစ္စည်းလေးတွေ ငါ ဆက်ခံရတာပေါ့။ ဟုတ်တယ်.. အဲဒီ ခေါင်းခွံကို အဲဒီကျမှ ငါတွေ့ တာ။ နောက် သူသေတဲ့ နေရာကို လိုက်ပြတော့ တံငါသည်အဖိုးကြီးတစ်ယောက်နဲ့တွေ့တယ်။ သူစတွေ့တာတဲ့။ ဒီလိုလေး လဲနေတာ ဘာညာပေါ့။ ဒါပေမဲ့ သူနားမလည်နိုင်တာက ကတ္ထူပုံးထဲက လိမ့်ထွက်လာတဲ့ ဦးခေါင်းခွံ က ကမ်းပါးအတိုင်း အောက်လိမ့်ပြီး လူထက် ခြေထောက်နားလောက် ရှိရမဲ့ဟာကို လူထက်ခေါင်းနား ကပ်ပြီး ရောက်နေတာကိုပဲ။ ဟုတ်တယ်..လူထက်လဲနေတဲ့ပုံစံက မြစ်ဘက် ခြေထောက်ဆင်းပြီး ပက်လက်ကလေး။ ကမ်းပါး အတော်ကလေးတော့ စောက်တယ်ကွ။

မင်းကွာ..ဒီကောင် လဲကျ..အင်း..တွန်းချခံရ..ဘာဖြစ်ဖြစ်ပေါ့လေ။ ကတ္ထူပုံးက သဲသောင်ပေါ် ပြုတ်ကျ၊ ပြီးတော့ အဖုံးပွင့်ထွက်ပြီး ဟို ခေါင်းခွံက လိမ့်ထွက်သွားရမယ် မို့လား။ အေး..အောက်လိမ့်မသွားတဲ့အပြင် အပေါ်ပြန်လိမ့်လာပြီး ဒီကောင့်ခေါင်းနားတောင်ရောက်နေတာ ထိတောင်ထိတော့မယ်။ အမယ်..ခေါင်းခွံက ဒီကောင့်မျက်နှာဘက် လှည့်လို့တဲ့။ လက်ဦး ဒီတံငါသည် အဘိုးကြီးပြောတုန်းက စိတ်ထဲ ထွေထွေထူးထူး မဖြစ် မိသေးဘူးကွ။ နောက်ပိုင်း ဒါကိုပဲ တလည်လည်တွေးရင်း မျက်လုံးထဲ ကွင်းကွင်းကွက်ကွက် မြင်မိလာတာ။ ဟာ..ဒီခေါင်းခွံကွာ..လိမ့်သွားစမ်းပါ၊ ကြိုက်တဲ့နေရာ။ လူထက်ခေါင်းနားက လွဲလို့ပေါ့။ ဟုတ်လား။ ငါ့မလည်း ဒါကို ဘဝင်ကျအောင် ကိုယ့်ဟာကိုယ် မရှင်းလင်းတတ်တော့ စိတ်ထဲ လိပ်ခဲတည်းလည်းနဲ့ကွ။

ဟေး..ဟိုး..ဟိုး..သဘာဝလွန် ဘာညာတွေ ငါဆိုလိုတာ မဟုတ်ဘူးနော်။ သရဲဆိုတာ ရှိချင်ရှိမယ်။ မရှိ ချင်လည်း မရှိဘူး။ ရှိရင်လည်း လူတွေကို ခြောက်လှန့်တာကလွဲလို့ ထိခိုက်နာကျင်အောင် လုပ်နိုင်မယ်လို့ မထင်ပေါင်ကွာ။ ငါ့လို သင်္ဘောသားဆိုရင်တော့ မြူထူထူမှာ တူးမြောင်းထဲ သင်္ဘောတွေရှုပ်နေတဲ့အချိန်ထက် သရဲနဲ့သာ ရင်ဆိုင်တွေ့လိုက်ချင်တာ။ အေး..စိတ်အနှောင့်အယှက်ပေးတာက ရူးကြောင်ကြောင်အတွေးတစ်ခု ကစတာပဲ။ ဘယ်လိုစလဲတော့ ကိုယ့်ဟာကိုယ်တောင် မသိလိုက်ဘူး။ နောက်တော့ အဲဒါကြီးကို အခိုင်အမာကြီး ကို ယုံလာတဲ့အထိပဲကွ။

တစ်ညနေတော့ ဆေးလိပ်ကလေးဖွာရင်း ပျင်းစရာ စာအုပ်တစ်အုပ်ကို ဖတ်နေတုန်း ဘာရယ်မဟုတ် ဘူး။ ငါ့ညီ လူထက်နဲ့ မနှင်းရည်တို့အကြောင်း စိတ်ကရောက်သွားရော။ အဲဒီလို စိတ်ကရောက်သွားတဲ့အခါ ဘာသွား တွေးမိလဲဆိုတော့ ဟိုဦးခွံက မနှင်းရည်လေး ဦးခွံများ ဖြစ်ရော့သလား ဆိုတာပဲကွ။ မင်းအနေနဲ့ အဓိပ္ပါယ် မရှိဘူးလို့ ဆိုချင်ဆိုမယ်။ မနှင်းရည်ကို ကောင်းကောင်းမွန်မွန် သင်္ဂြု ိဟ်ပေးခဲ့တာပဲ။ လင် ယောက်ျား တစ်ယောက်အနေနဲ့ မယားအလောင်းက ခေါင်းကိုဖြတ်ယူပြီး အိပ်ခန်းထဲ ထည့်သိမ်းထားတယ် ဆိုတာ အတော်ဆိုးဝါးတဲ့ လုပ်ရပ်ပေါ့လေ။ ဒီလို စောဒက တက်မယ်ဆို တက်နိုင်တယ်။ ဟုတ်လား။ ဒါပေမဲ့..ဒီကောင် လုပ်မယ်ကွ။ လုပ်ခဲ့တယ်ကွ။ ယုတ္တိမကျဘူးလို့ဆိုဆို၊ အဓိပ္ပါယ်မရှိဘူး ပြောချင်ပြော။

ဒီလိုသာဆို မနှင်းရည်ကို သူသတ်ပစ်တာပဲ ဖြစ်ရမယ်။ ဒီကောင်ကလည်း မယားကို မသင်္ကာနေတဲ့ အချိန်၊ ငါကလည်း ဟို..မယားက လင်တွေကို သတ်ပစ်တဲ့ ဇာတ်လမ်းကို ပြောတော့ ဒီကောင်က လက်ဦးမှုယူ ပြီး မနှင်းရည်ကို သတ်ပစ်တာပဲ ဖြစ်မယ်။ အေး..ဇာတ်လမ်းကတော့ မင်းကို စောစောက ပြောတဲ့အတိုင်းပဲ။ လေးယောက်မြောက် လင်က မိတော့မှ အရင်ယောက်ျားတွေရဲ့ အလောင်းတွေကို ပြန်ဖော်ကြည့်တဲ့အခါ ဦးခွံ တွေထဲမှာ ခဲစလေးတွေ ဂလောက် ဂလောက် နဲ့ တွေ့တော့တာပေါ့။ ငါပြောတာတွေ လူထက်က ကောင်း ကောင်းမှတ်မိမှာပေါ့ကွာ။ အေးကွာ..တကယ်တမ်းကျတော့ ဒီကောင် ဘာတွေးပြီး ဘာလုပ်ပစ်လိုက်လဲဆိုတာ မသိချင်ပါဘူး။ ကြောက်စရာ လန့်စရာ ဘာညာတွေ ဘယ်တုန်းကမှ အရသာတွေ့ခဲ့တာမဟုတ်ဘူး။ ပြီးတော့ သူတို့အကြောင်းလည်း မင်း အဲဒီလောက်ကြီး အရေးစိုက်လိမ့်မယ် မထင်ဘူး။ ဟုတ်လား။ ဟုတ်ရင်တော့ ဒီ ဇာတ်လမ်းမှာ ဟာနေတဲ့ လိုနေတဲ့ အချက်တွေ မင်း ဖြည့်စွက်ပေးရမှာပဲ။

မသတီစရာကြီးနော်..။ အင်းအင်း…ဒီလိုကြီး ရှင်းရှင်းလင်းလင်း စိတ်ထဲ ဆက်စပ်တွေးတောပြီး မမြင်ခဲ့ မိပါစေနဲ့လို့ ဆုတောင်းခဲ့ရတာ။ ဒါပေမဲ့..တွေးလေ တွေးလေ အဲဒီလိုပဲ ဖြစ်ခဲ့ရမယ်လို့ စိတ်ထဲ ပိုပိုပြီး ယုံလာ တော့တာကလားကွ။ မနှင်းရည်ကို မသင်္ဂြု ိဟ်ခင် ည မှာ ခေါင်းဖြတ်ယူလိုက်တာပဲ ဖြစ်မယ်။ ေဩာ်..မီးမ သင်္ဂြု ိဟ်ဘူးလား ဟုတ်လား။ အဲဒီဘက်တော့ သင်္ဂြု ိဟ်စက်တွေ ဘာတွေ မရှိဘူးကွ။ ဗမာတွေလည်း မြှုပ်ချင် မြှုပ်ကြတာပဲ။ ခုမြို့မှာလို သင်္ချိုင်းရာတွေဘာတွေ တင်းတင်းကြပ်ကြပ်ကြီး ရှိတာမဟုတ်ဘူး။ မီးရှို့တော့လည်း လယ်ကွင်းထဲ ထင်းတွေပုံပြီး ရှို့လိုက်ကြတာပဲ။ မနှင်းရည်ကတော့ ခရစ်ယာန်ဘာသာဝင်မို့လို့ မရှို့ပဲ မြေမြှုပ် တာနဲ့တူပါရဲ့။ အင်းအင်း…မီးသင်္ဂြု ိဟ်လိုက်ရင်တော့ မင်းပြောသလို သဲလွန်စတွေပါ တစ်ခါတည်း ဇာတ်သိမ်း သွားမယ်ပေါ့။ ဒီလိုဆိုလည်း ပတ်ဝန်းကျင်က သံသယများ ဝင်မလားပဲ။ ခရစ်ယာန်တွေ မှန်သမျှ မြေမြှုပ်နေကြ တာ ဆိုတော့လေ။ အင်း..အဲဒီဘက်မှာ အဲဒီလိုပဲ။

ထားပါတော့။ စောစောက ငါပြောနေတာ ဘယ်ရောက်သွားပါလိမ့်။ အေး..သူ့ခေါင်းကို အိမ်အကူ က လေးမလေး မသိအောင် ဖြတ်ယူပြီး အဲဒီခေါင်းနေရာမှာ ဘာအစားထိုးပြီး အဝတ်ဖြူနဲ့ လွှမ်းထားရမလဲ။ မင်း စဉ်းစားကြည့်။

          ဒီမယ်..သူငယ်ရဲ့။ ငါပြောသမျှ မင်းလက်ခံစေရဲ့ ဆိုတာမျိုး မဟုတ်ဘူးနော်။ ပြောခဲ့တယ်။ ဘာတွေ
 ဖြစ်ပျက်ခဲ့တယ်ဆိုတာ ငါတစ်ကယ်ကို မသိချင်ဘူး။ ခြောက်ချားစရာတွေ၊ အနိဋ္ဌာရုံတွေ တွေးရတာ မုန်းတယ်။
 ဒါပေမဲ့..ငါ့စိတ်ထဲ အပြင်မှာမြင်ရသလိုမျိုး ထင်းထင်းကြီးပေါ်လာတာကိုပဲ မင်းကို ပြောပြနေတာ။ အေး..ခေါင်း
 နေရာမှာ ဘာထည့်မလဲဆိုတော့ မနှင်းရည်ရဲ့ စုံစီနဖာထည့်တဲ့ 
ချည်အိတ်ကလေးကို သွားသတိရတယ်။ အရွယ်လား..အင်းအင်း..ဟုတ်တယ်..ခေါင်းနေရာ အစားထိုးဖို့ ကွက်တိ
လောက်ပဲ။ ဟာဟ..မင်း ရီချင်တာ လား။ ရီ..ရီ..။ ဒီလိုမျိုးတွေ ဖြစ်ခဲ့တဲ့နေရာမှာ ငါ့လို တစ်ယောက်တည်း 
မင်းနေရတာ မှ မဟုတ်တာ။ ငါ့မယ် တစ်ယောက်တည်း ရှိတဲ့အခါ ဒါပဲတွေးမိ၊ ဒါပဲစဉ်းစားမိ။ ဒါကိုပဲ အိပ်မက်
တွေမက်။နောက်..အဲဒါက အော်သံ ပေးတဲ့အခါကျတော့…။ ပွင့်ပွင့်လင်းလင်း ဆိုကြစို့ရဲ့။ မင်းလည်း ဆူဆူ
ညံညံအသံဆို ကြိုက်မလား။ ငါလည်း မကြိုက်ဘူး။ ဒါပေမဲ့ ခုတော့ ငါ့မှာ အသားကျအောင် နေရတော့
တာပေါ့ကွာ။

4 comments

  • pooch

    September 19, 2016 at 4:51 pm

    ဒါဆို မနှင်းရည်က ခဲရည်နားထဲလောင်းသတ်ခံရတာပေါ့
    ပြီး သူ့ယောက်ျားက လိပ်ပြာမလုံပဲ ဒီစိတ်နဲ့ သေ ဝိဉာဉ်သတ်လို့ သေသလိုမျိုး
    ၂ ခေါက်လောက်ပြန်ဖတ်လိုက်ရတယ် အဆက်စပ် မိအောင်

  • ဇီဇီခင်ဇော်

    September 20, 2016 at 8:50 am

    အင်းး
    မန့်ပါဖတ်လိုက်တော့မှ ရည်လည်သွားပြီးနောက်တစ်ခေါက်ပြန်ဖတ်လိုက်တယ်။
    🙂

    • မောင်ဘလိူင်

      September 20, 2016 at 12:52 pm

      ဟုတ်ကဲ့..မူရင်းမှာ မိုနိုလော့ဂ်ပုံစံ ဆိုပေမဲ့ တစ်ယောက်တည်း စကားပြောနေတာမျိုး မဟုတ်ဘဲ အိမ်လာ
      တဲ့ ဧည့်သည်ကို ပြောပြနေတာ။ ဧည့်သည်ရဲ့ ပြန်ပြောတဲ့စကားတွေကို ချန်ပြီး သူပြောတဲ့စကားတွေပဲ
      ပါတယ်။ ဒီတော့ သူ့စကားထဲမှာပဲ ဧည့်သည်ရဲ့ ပြန်လှန်ပြောကို မှန်းကြည့်ရတာပေါ့။ တောင်စဉ်ရေမရ
      လျှောက်ပြောနေတာတွေကိုတော့ ချန်ခဲ့လိုက်တယ်။ ဇာတ်ကိုတော့ မထိခိုက်လောက်ပါဘူး။ ရုတ်တရက်
      ဖတ်လို့ နားမလည်တာတော့ ကျွန်တော် ဘာသာပြန်နည်းနည်းလိုသေးလို့ ဖြစ်မယ်။ ဟီး..။

Leave a Reply