အမယ်အိုရဲ့ အလင်းသစ်ပင်အို

alinsettFebruary 28, 20172min1813

“ကျုပ်ဟာ လောကအတွက် အလင်းရောင်ကို နှစ်ပေါင်းများစွာ လိုက်ရှာရင်း
ခုလို ခါးကုန်းခဲ့ရတာပါ” ဟု ခါးကုန်းနေသော အဘိုးအိုက ဆို၏။

“ဟော အခုတော့ အောင်မြင်ပါပြီ၊ လောကကြီးအတွက် ကျုပ်
အလင်းထွန်းညှိပေးနိုင်တော့မယ်”

သူ့လက်ထဲမှ ဖယောင်းတိုင်ကို ကိုင်မြှောက်ပြရင်း ပြောခြင်း ဖြစ်၏။
ဖယောင်းတိုင်မှာ အလင်းထွန်းညှိရန်လည်း ပြင်သည်။

ခက်သည်က သူ့ဖယောင်းတိုင်ကလည်း သူ့လိုပဲ ခါးကြီး ကုန်းနေလေပြီ။

(ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း၊
၁၉၉ရ / နိုဝင်ဘာလထုတ် စာအုပ်ထဲမှ “ခါးကုန်းကြီး”အမည်ရှိ ဝတ္ထုတို)

——————————————————

ထိုဝတ္ထုတိုကလေးထဲမှ ခါးကုန်းကြီးလိုပင်…
ကျွန်တော်တို့ တိုင်းပြည်မှာလည်း တိုင်းပြည်အတွက် လင်းချင်းတောက်ပစေချင်စိတ်ဖြင့်
အလင်းကို ရှာဖွေပေးနေသည့် ခါးကိုင်းလုလု အမယ်အိုကြီးတစ်ယောက် ရှိလေသည်။

အမယ်အိုသည် နှစ်ပေါင်းများစွာကာလအတွင်း ဒုက္ခဆင်းရဲ အကျပ်အတည်းများစွာ…
အချိန်များစွာ ၊ သည်းခံရခြင်းများစွာ၊ စွှန့်လွှတ် စတေးရခြင်းများစွာတို့ဖြင့်
တိုင်းပြည်တစ်ခုလုံး အလင်းပန်းတွေ ပွင့်လာစေရေးကို တောက်လျှောက် လုံးပမ်းလာခဲ့သည်။

အလင်းသစ်ပင်ကလေးကို မျှော်လင့်ချက်များစွာ…
ယုံကြည်ချက်များစွာတို့ဖြင့် မဆုတ်မနစ် စိုက်ပျိုး ထူထောင်လာခဲ့သည်။

ဟော… အခုတော့ အလင်းသစ်ပင်ကလေး ထူထူထောင်ထောင် ဖြစ်ပြီဟု ယူဆရပြီ။
သို့သော် အလင်းသစ်ပင်ကလေးဆီမှ အလင်းပန်းများ ပွင့်အာသစ်ဆန်းပြီး…
တပြည်လုံးအတွက် အလင်းရနံ့တွေ သင်းပျံ့လင်းလက်လာတော့လေမလား….

———————————————-

သိပ်တော့ မမျှော်လင့်ရဲတော့ချေ။
တစ်ခါတရံတွင် အလင်းရောင်သည်လည်း အိုမင်းမစွမ်းစွာ ….
မှိန်ဖျော့ယိမ်းရွဲ့သွားတတ်သည် မဟုတ်လား။

အမယ်အို၏ အလင်းအိုအိုနှင့်ပက်သက်၍လည်း သိပ်ပြီးတော့ အများကြီး မမျှော်လင့်တော့ချေ…။
ကျွန်တော်တို့ တိုင်းပြည်တွင်းမှာ …
နှစ်ပေါင်းများစွာ ကာလ တောက်လျှောက် …
အမှောင်-အဆိပ်ပန်းတွေချည်း ခူးဆွတ် စားသုံးခဲ့ရရာကနေ…
အလင်းသစ်ပင်တစ်ပင်ကို အမယ်အိုတစ်ယောက်က အားကြိုးမာန်တက် စိုက်ပျိုးပြခဲ့ဖူးသည် ဆိုရုံမျှနဲ့တင်…
သိပ်ကို ကြီးကျယ် ခမ်းနားလှပါပြီ။

သင့်အေးရိပ်
ဖေဖော်ဝါရီလ ၂၈ရက်၊ ၂၀၁၇

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မော်ဒန်ပန်းချီမှာ
Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ်။
အင်ပရင်ရှင်နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။
ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။
ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…
အစက်အပြောက်လေးတွေနဲ ့ ဖော်ဆောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။

အခု…
ဆရာတာရာမင်းဝေ…
တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ….
ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို
အားပြုတာထက်…..
ပွိုင့် ( Point ) သဘောကို..ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီဝတ္ထုတိုလေးတွေက အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။

အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…
ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။

ဒါကြောင့်…..
ဆရာတာရာရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။
ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..
ကျွန်တော့်အတွေး နဲ ့အရေးကိုပါ….. ပူးတွဲပြီး… ၁၆ ပုဒ်လောက် … ရေးသား တင်ပြဖူးပါတယ် ။ အောက်ပါ link ကတော့ အရင်က ကျွန်တော် ပြန်လည် တူးဖော်ပေးခဲ့တဲ့ ဆရာတာရာမင်းဝေရဲ့ မြေစိုင်မြေခဲများအကြောင်း ဆောင်းပါးတွေပါ။

https://myanmargazette.net/?s=%E1%80%B1%E1%80%BB%E1%80%99%E1%80%85%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%81%E1%80%B2%E1%80%99%E1%80%BA%E1%80%AC%E1%80%B8&x=0&y=0

 

 

 

 

3 comments

  • •*¨နန်းတော်ရာသူ •*¨

    March 5, 2017 at 11:20 pm

    အမယ်အိုရဲ့အလင်းတိုင်လေးကြာရှည်တည်တံ့ပါစေလို့ပဲ

    • Thint Aye Yeik

      March 7, 2017 at 2:49 pm

      အမေစုအကြောင်း စဉ်းစားလိုက်ရင်…. အရင်ဆုံး တွေးပူမိတာက အမေစုရဲ့ ကျန်းမာရေး။
      အသက် ဒီလောက် ကြီးနေမှ ပင်ပန်းကြီးစွာ သွားလာ လှုပ်ရှား၊ တွေးခေါ် ရုန်းကန်ရတာ…။
      သူ့နေရာမှာ ကိုယ်သာဆို ဗုန်းဗုန်းလဲသွားမှာ…

      🙁

      ချစ်သော အမေစု သက်တော်ရာကျော် ရှည်ပါစေ ….

  • manawphyulay

    May 29, 2017 at 1:42 pm

    ဘာလဲ ဒိုင်ယာနာရဲ့ လေထဲက ဖယောင်းတိုင်ပေါ့…

Leave a Reply