အလှတရားလား ။ အရည်အချင်းလား။
လုပ်ငန်းခွင်ပတ်ဝန်းကျင်မှာ ကြားနေရတာတစ်ခုပေါ့။ အထူးသဖြင့် အလုပ်ရဲ့ first impression ဖြစ်မယ့်နေရာမျိုးတွေပါ။ လှတဲ့သူကို ဦးစားပေးခန့်မယ်။ အရည်အချင်းမရှိတာက သင်ပေးလို့ရတယ်။ ရုပ်မလှတာက ပြင်ပေးလို့မရဘူးတဲ့။
အဲ့ဒီစကားကို တစ်ခါက နှစ်ခါ၊ နှစ်ခါက သုံးခါ၊ သုံးခါကနေ အခါခါကြားမိတော့ အရမ်းကို အံ့ဩမိတာ။ အရည်အချင်းမရှိဘဲ ရုပ်လှရုံနဲ့ အလုပ်လုပ်လို့ ရပြီလား။ အရည်အချင်းဆိုတာ တကယ်ပဲ သင်ပေးရုံနဲ့ ရပြီလား။ ရုပ်ရည်ကရော တကယ်ပဲ ပြင်လို့မရဘူးလား။
ကျွန်မ ခံယူချက်နဲ့ ပြောင်းပြန်ကြီး ဆန့်ကျင်နေတာပါ။
အရည်အချင်းဆိုတာ မလုပ်တတ်သေးတဲ့အရာကို လုပ်တတ်အောင် သင်ပေးရုံ အပေါ်ယံလေးတင် မဟုတ်ပါဘူး။ တကယ့်အရည်အချင်းဆိုတာ ပင်ကိုယ်ဗီဇ attitude နဲ့ intelligence လို့ပဲ ကျွန်မ မှတ်ယူထားပါတယ်။ attitude ကို ကျွန်မတို့ သင်ပေးလို့ မရပါဘူး။ intelligence ကို သင်ပေးလို့ မရပါဘူး။ တကယ့်လုပ်ငန်းခွင်ဆိုတာ ဒါသင်ပေးပြီး ဒါလုပ် ဆိုတာနဲ့ မပြီးပါဘူး။ အမျိုးမျိုးသော အခြေအနေတွေပေါ်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ရမှာတွေ အများကြီးပါ။ ဘယ်လိုပဲ ချောမောလှပနေပါေစ။ ပင်ကိုယ်စိတ်နေသဘောထား မကောင်းတဲ့သူ၊ အသိဉာဏ်နုံနည်းတဲ့သူတစ်ယောက်ဟာ လုပ်ငန်းခွင်ရဲ့ ပြဿနာပါ။
ဟုတ်ပြီ။ ဒါဆို attitude ကောင်းပြီး intelligence ရှိပေမယ့် ရုပ်ဆိုးနေမယ်ဆိုရင်ရော။ ကျွန်မအတွက်တော့ လူတိုင်းမှာ အလှတရားကိုယ်စီ ရှိပါတယ်။ ကျွန်မတို့ မြင်တတ်ဖို့ပဲ လိုတာပါ။ နောက်ပြီး စိတ်နေသဘောထားကောင်းတဲ့သူတစ်ယောက်ဟာ ပင်ကိုယ်အကြည်ဓာတ်ရှိပါတယ်။ ဘယ်လောက်ပဲ လှနေပါစေ၊ အကြည်ဓာတ်မရှိတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် အခုလိုတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ပင်ကိုယ်ဗီဇကောင်းပြီး အကြည်ဓာတ်ရှိနေတဲ့သူတစ်ယောက်ကို လှလာအောင် လုပ်ပေးဖို့ မခက်ပါဘူး။
ဒီနေရာမှာ လှတယ်ဆိုတာ Beauty မဟုတ်ပါဘူး။ Personal Grooming နဲ့ Hygiene ပါ။ သန့်ရှင်းသပ်ရပ်စွာ နေထိုင်ဝတ်ဆင်ပြီး စမတ်ကျကျ အလုပ်လုပ်ဖို့ပါ။ အရမ်းလှပါတယ်ဆိုတဲ့ Miss တွေကိုတောင် အလှတရားတစ်ခုတည်းကို ကြည့်ပြီး ရွေးချယ်တာမှ မဟုတ်တာလေ။
ဒါကြောင့် အလှတရားက မလိုအပ်ဘူးလားဆိုတော့ လိုအပ်ပါတယ်။ ဒါပေမယ့် အလှတရားသက်သက်နဲ့တော့ မဖြစ်နိုင်ပါဘူး။ စိတ်နေသဘောထားနဲ့ ပင်ကိုယ်ဗီဇအရည်အချင်းကသာ ပိုအရေးကြီးပါတယ်ဆိုတဲ့ ကျွန်မရဲ့ ခံယူချက်ကို ဝေမျှပေးလိုက်ပါတယ်။
📝လုံမလေးမွန်မွန်
၂ ခုစလုံးပါ ညီမလေးရေ… ကာတွန်းတစ်ခုတောင်ဖတ်လိုက်ရတယ်။ ရုပ်ဆိုးတဲ့သူဌေးတစ်ယောက်ကို အင်တာဗျူးတော့ ဘာအတွက် သူဌေးဖြစ်နေတာလဲပေါ့။ သူက ပြောတယ် ဘယ်လုပ်ငန်းရှင်မှ သူ့ကို မခန့်လို့ ကိုယ်ပိုင်လုပ်ရင်း ချမ်းသာလာတာပါဆိုပြီးတော့ပေါ့…
Was this answer helpful?
LikeDislike