ကျနော်တို့ ပြည်မြို့မှာ ကိုမောင်ကြီး ဆိုတဲ့ မိန်းမလျာတဦး (အခြောက်) ရှိတယ်။ သူက အလှပြင်တယ်။ မင်္ဂလာဆောင်တွေမှာ ပန်းအလှထိုးတယ်။ ပဒေသာကပွဲ ကတယ်။ ကျန်တဲ့အချိန် သူ့မိဘအလုပ်ဖြစ်တဲ့ ငါးပိ ငံပြာရည်ရောင်းတဲ့ အလုပ်ကို ကူတယ်။ များသောအားဖြင့်တော့ အလှပြင်ပါတယ်။

ကိုမောင်ကြီးက အလှပြင်ရင် စေတနာပါပါနဲ့ လုပ်ပေးလေ့ရှိတော့ ဘွဲ့ယူမယ့်လူတွေ မင်္ဂလာဆောင်မယ့်လူတွေက သူ့ဆီမှာပဲ အလှပြင်ချင်ကြတယ်။ ပြည်တက္ကသိုလ်မှာ ဘွဲ့နှင်းသဘင်ရှိတဲ့လဆိုရင် သူ့ဆီကို ဟိုင်းလတ်ကား ၄  ၊ ၅ စီးနဲ့ ဘွဲ့ယူမယ့် ကောင်မလေးတွေ လာပြီးအလှပြင်ကြတယ်။ ဒါကြောင့် ၀င်ငွေ တအားဖြောင့်တယ်။
ဒါပေမယ့် သူရတဲ့ငွေနဲ့ မိဘကို လုပ်ကျွေးတယ်။ အလှူအတန်း ရက်ရောတယ်။ မူလတက္ကသိုလ်ဆိုတဲ့ ဘုန်းကြီးကျောင်းက ပိုက်ဆံမတတ်နိုင်တဲ့ ကလေးတွေကို စုပေါင်းရှင်ပြုပေးတဲ့အခါ သူက အခမဲ့ အလှပြင်ပေးတယ်။
မီးသတ်တပ်ဖွဲ့နေ့ဆို မိန်းကလေးလို ၀တ်စားပြီးတော့ ပဒေသာကပွဲ ကတယ်။ ကျနော်တို့လည်း အားပေးကြပါတယ်။ သူပွဲကပြီး နောက်တနေ့ ဈေးထဲလာတဲ့အခါ ဈေးသည်အမျိုးသမီးတွေက “မောင်ကြီးရယ်။ နင်မနေ့က ပြင်တာများ သိပ်လှတာပဲ။ အ၀တ်ကလေးနဲ့ သိပ်လိုက်တယ်”လို့ ပြောရင် သူ့မှာ ပြုံးပြုံးကြီးနဲ့ ပီတိဖြစ်လို့ မဆုံးတော့ဘူး။
ရပ်ကွက်ထဲမှာ သူ့ကို အခြောက်ဆိုပြီး ဘယ်သူမှ မနှိမ်ရဲဘူး။ မစရဲဘူး။ ဘာလို့လဲဆိုတော့ သူက ဘယ်သူနဲ့မှ ဇာတ်လမ်းမရှုပ်ဘူး။ ဘယ်ယောက်ျားကိုမှလည်း မျက်စမပြစ်ဘူး။ သူ့ကို အထင်သေးတဲ့ပုံစံနဲ့ စနောက်ရင်လည်း လုံးဝ မခံဘူး။ အများအားဖြင့်လည်း သူ့ကို မစရဲကြပါဘူး။ အနေအထိုင် တည်ကြည်လို့လေ။
သူဈေးဝယ်တဲ့အခါလည်း ဘယ်သူကမှ သူ့ကို မိန်းကလေးအသုံးအနှုန်း “အစ်မ၊ ညီမ” မခေါ်ကြဘူး။ ခေါ်ရင်လည်း မကြိုက်ဘူး။ ကိုမောင်ကြီးလို့ ခေါ်မှ ကြိုက်တယ်။ ပြောချင်တာက သူ့ဘ၀ကို သူသိတယ်။ ရိုးရိုးသားသား နေတယ်။ တတ်တဲ့ပညာနဲ့ ကုသိုလ်ဒါန လုပ်တယ်။ မိဘကို လုပ်ကျွေးတယ်။ သူဟာ ပတ်ဝန်းကျင်မှာ အနှောက်အယှက် မဖြစ်စေဘူး။ သူ့ကြောင့် သူ့မိဘတွေ သိက္ခာ မကျတဲ့အပြင် ဂုဏ်ယူနေရတယ်။ “သူ့ခမျာ အတိတ်ကံမကောင်းခဲ့လို့ စိတ်တွေတမျိုးဖြစ်ပေမယ့် လိမ္မာရှာတယ်” လို့ ပတ်ဝန်းကျင်က ချီးကျူးကြတယ်။

ပစ်မှတ်ကို တည့်တည့်ထိမယ့် စကားမျိုး ပြောရမယ်ဆိုရင် “အခြောက်က အခြောက်လို နေတယ်” ပေါ့ဗျာ။ ဒီလိုပြောလို့ လူအချင်းချင်း ခွဲခြားဆက်ဆံတယ်။ ရင့်သီးတယ်လို့ မထင်စေချင်ဘူး။ တကယ်ပြောတာ။ အခြောက်က အခြောက်လိုနေရင် အခြောက်သိက္ခာရှိတယ်။ အဲဒီ သိက္ခာကပဲ သူတို့ဘ၀အတွက် လောကကြီးမှာ အသက်ရှူနိုင်ဖို့ နှာခေါင်းပေါက်တခုသဖွယ် ဖြစ်သွားတယ်။
ဝဋ်ကြွေးကြောင့် ပြောပြော၊ စိတ်ကြောင့် ဆိုဆို သူကိုယ်တိုင်ကိုက မိန်းမဘ၀လိုနေချင်တဲ့ ဆန္ဒရှိနေတာကို ပြင်လို့မရတဲ့အခါကျတော့ လက်ခံလိုက်ရတယ်။ ကျနော်တို့ မြန်မာ့လူမှုအသိုင်းအ၀ိုင်းကလည်း ဒီလောက်တော့ နားလည်လက်ခံကြပါတယ်။ အဲဒီမှာ ပြဿနာ မရှိသေးဘူး။

ပြဿနာက ဘယ်မှာရှိလာသလဲ။ သူတို့ကိုယ်သူတို့ ကိုယ့်ဘ၀ အခြေအနေကို မေ့သွားပြီး လိင်တူချင်း ကြင်ဖော်ယောက်ျားရှာတော့မှ လိုင်းတွေပူးကုန်တော့မှ ရှော့ခ်တွေ ဖြစ်ကုန်တော့တာ။ သူ့ကို ဘယ်သူများ ကြိုက်ချင်ကြမလဲဆိုပြီး ဟိုလူ့မျက်စပြစ်။ ဒီလူ့မျက်စပြစ်နဲ့ ဖြစ်ကုန်ရော။ အဲဒီမှာတင် မရှိမဲ့ရှိမဲ့ အခြောက်သိက္ခာ လေးလည်း လေနဲ့အတူ လွင့်ပါသွားတော့တာပဲ။

ယောက်ျားလေးတချို့ကလည်း ပိုက်ဆံရှားတဲ့ ခေတ်ကြီးဆိုတော့ ငွေထောတဲ့ အခြောက်တွေက သူတို့ရဲ့ ပစ်ကွင်းတွေ ဖြစ်သွားတော့တယ်။ ဒီလိုနဲ့ပဲ ငွေလိုချင်တဲ့ သကောင့်သားနဲ့ ဘဲလိုချင်တဲ့ အခြောက်များ တွဲကြလေးသတည်းပေါ့။

ကျနော့်ပတ်ဝန်းကျင်မှာ အခြောက်နဲ့တွဲပြီး ငွေချူစားနေတဲ့ကောင်တွေ တွေ့ဖူးပါရဲ့။ တချို့များဆို ငွေယူတဲ့အပြင် အ၀တ်အစား၊ အသုံးအဆောင်ကအစ၊ ဆိုင်ကယ်အဆုံး ၀ယ်ခိုင်းသဗျ။ သကောင့်သားတွေက အဲဒီ အ၀တ်အစား အသုံးအဆောင်တွေ၊ ဆိုင်ကယ်တွေ အရင်းပြုပြီးတော့ ကောင်မလေးချောချောတွေကို ပြန်လိုက်ကြတယ်။

အခြောက်တွေအတွက်ကလည်း ငွေကုန်ပေမယ့် ကိုယ့်ဘဲလေးက ငယ်ငယ်ချောချောလေးဆိုရင် သူတို့လောကသား အချင်းချင်းထဲမှာ မျက်နှာပွင့်သဗျ။ ပညာသာတတ်လို့ကတော့ ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်အောင်ကို ကြွားစရာ၊ ဂုဏ်ယူစရာ ဖြစ်နေတော့တာပေါ့။

တွဲတယ်ဆိုတာကလည်း စကားလုံးလှအောင်သာ သုံးရတာပါ။ အခြောက်တွေက ပျော်ရွှင်မှုကို ယောက်ျားတွေဆီက ငွေနဲ့ပေးဝယ်ပြီး အပျော်ယောက်ျား ယူလိုက်တဲ့သဘောပါပဲ။ ကိုကိုတွေကလည်း သိတယ်လေ။ သူတို့ငွေတွင်းကြီးကို  စိတ်ကျေနပ်အောင် အလိုရှိသမျှ စိတ်ဆန္ဒတွေ ဖြည့်ဆည်းပေးရတာပေါ့။ ဒါမှလည်း စပွန်ဆာပြုတ်မသွားမှာလေ။

ကျနော်တို့ ဈေးအသိုင်းအ၀ိုင်းထဲကဘဲ အခြောက်နဲ့တွဲပြီး ထောနေတဲ့ကောင်တကောင်နဲ့ စကားစပ်လို့ မေးကြည့်ဖြစ်တယ်။

“မင်းဘာလို့ ဒီအခြောက်နဲ့ တွဲနေတာလဲ”

“ငါ့အတွက် အကျိုးရှိလို့ပေါ့ကွ”

“ဒါဖြင့် မင်း သူ့ကို ချစ်သလား။”။ ဒီမေးခွန်းက တမင်ကို မေးတာပါ။ သူ့စိတ်ထဲမှာ ဘာတွေရှိမလဲ သိချင်လို့ကို မေးလိုက်တာ။

ကျနော့်စကားကြောင့် ဒီကောင် ကျွဲမြှီးတိုသွားတယ်။

“ဟ ယောက်ကျားချင်း ဘယ်လိုလုပ် ချစ်နိုင်ပါ့မလဲ။”

“ဒါဆို ဘာဖြစ်လို့တွဲနေသေးလဲ”

“ငါပြောပြီးပါပကော။ ငါ့အတွက် အကျိုးရှိလို့ပါဆို။ ဘယ်လိုအကျိုးရှိသလဲ။ မင်းစောင့်ကြည့်လိုက်။ မကြာခင် သိရလိမ့်မယ်”

သိပ်မကြာပါဘူး။ အခြောက်ဆီက ရထားတဲ့ အရင်းအနှီးလေးနဲ့ ကြိုးစားလိုက်တာ နယ်မြို့တခုက ဆန်ကုန်သည် သမီးနဲ့ ညားသွားပါလေရော။ သူ့ရဲ့ စပွန်ဆာအခြောက်ကြီးလည်း ရင်ဘတ်စည်တီးပြီး ငိုကြီးချက်မနဲ့ပေါ့ဗျာ။

အခြောက်တွေဟာ ဒီဘဲလေးကို စပွန်ဆာပေးပြီးတွဲနေပေမယ့် စိတ်ထဲမှာတော့ တနေ့နေ့ ဒီကောင်ငါ့ကို ခွာလိမ့်မယ်ဆိုတာ ကြိုတွေးမိပြီးသားဖြစ်မှာပါ။ ဒီလောက် မတုံးအလောက်ပါဘူး။ ဒါဆို ဘာလို့ အပေါ်က ဇာတ်လမ်းမျိုး ဖြစ်လာသလဲ။ ပစ္စပ္ပုန်ကာလရဲ့ သာယာပျော်ရွှင်မှုကို လက်လွှတ်ဆုံးရှုံးမခံနိုင်တဲ့အတွက်လို့ ကောက်ချက်ချပြီး ပြောရမှာမဲ။

ကျနော် မြင်တွေ့သမျှပြောရရင်  စပွန်ဆာပေးနိုင်သူ အခြောက်များ ဘဲနဲ့တွဲနိုင်ပါတယ်။ ပိုက်ဆံများမရှိလို့ကတော့ ပုံမှန် ယောက်ျားစိတ်ပေါက်နေတဲ့ ငွေမက်သူ ကိုကိုယောက်ျားများရဲ့ အနားတောင် ကပ်လို့ရမယ် မထင်ပါဘူး။

ဒီလိုဇာတ်လမ်းတွေပြောပြလို့ “ဟွန်း ယောက်ျားတွေများ အခြောက်တောင် ချူစားရဲသေးပါ့” ဆိုပြီး ၀ါးလုံးရှည်နဲ့ မရမ်းစေချင်ဘူး။ ကိုယ့်ကိုယ်ကို နာမည်အပျက်ခံ ငွေရပြီးရောဆိုပြီး အခြောက်နဲ့တွဲတဲ့ ယောက်ျားမျိုးက လက်ချိုးရေလို့ရပါတယ်။ အများစုကတော့ အဲဒါမျိုးကို ဝေါင်ဝေါင်ရှေး၊ ဝေးဝေးရှောင် ကြတဲ့အပြင် အဲဒီလို လူမျိုးတွေကို အထင်သေး၊ နှာခေါင်းရှုံ့ကြပါတယ်။

ကိုမောင်ကြီးက ဒါမျိုးဇာတ်လမ်းတွေ နားလည်ထားပုံရပါတယ်။ သူ့ကို ချူချင်လို့ ဇာတ်လမ်းစတာမျိုးတောင် လက်မခံပဲ သူဖြစ်ချင်တဲ့ မိန်းကလေးလို အနေအထားဘ၀မှာ အေးအေးနေတယ်။ တနည်းအားဖြင့် ဖြစ်နိုင်တာကို လုပ်တယ်။ ဖြစ်နိုင်တာက ဘာလဲ။ သူဟာ ယောက်ျားလေးဖြစ်တယ်။ ဒါပေမယ့် မိန်းမလို နေချင်စိတ် ပေါက်နေတဲ့အတွက် မိန်းကလေးလိုနေတယ်။ ဒါက ဖြစ်နိုင်တဲ့အရာ ဖြစ်တယ်။

ကိုမောင်ကြီးဟာ မဖြစ်နိုင်တာကို မလုပ်ပါဘူး။ မဖြစ်နိုင်တာက ဘာလဲ။ မိန်းမလို ၀တ်စားနေထိုင်တဲ့အတွက် သဘာဝက ပေးအပ်လိုက်တဲ့ မိန်းမဘ၀ကို ရရှိထားသူတွေလို ယောက်ျားယူဖို့ဆိုတာကတော့ တကယ် ဖြစ်နိုင်တဲ့အရာ မဟုတ်ဘူးဆိုတာ သူသိတယ်။ လက်ခံထားတယ်။

ဘာကြောင့် မဖြစ်နိုင်သလဲ။ သူဟာ မိန်းမယောင်ဆောင်ထားတဲ့ ယောက်ျားဖြစ်နေလို့ပါပဲ။ ယောက်ျားဖြစ်ပြီး ယောက်ျားယူတာကို ပတ်ဝန်းကျင်က လက်ခံမှာမဟုတ်ဘူး။ ဒါ့အပြင် ပတ်ဝန်းကျင်ကို အဆိပ်အတောက် မဖြစ်အောင် နေလာခဲ့တဲ့ သူ့သိက္ခာ၊ သူ့မိဘ၊ ညီအစ်ကိုမောင်နှစ်မ ဆွေမျိုးအသိုင်းဝိုင်းရဲ့ သိက္ခာ ဒါတွေကို ခဏတာ ပျော်ရွှင်မှုနဲ့ လဲလှယ် မ၀ယ်ယူသင့်ဘူးဆိုတာ သူကောင်းကောင်း သဘောပေါက်ထားတယ်။

ဒါတွေကို သိနားလည်ပြီး သူနေချင်တဲ့ ဘ၀မှာ၊ သူလုပ်ချင်တဲ့ အလုပ်တွေလုပ်ရင်းနဲ့ ပတ်ဝန်းကျင်ကို အဆိပ်အတောက် မဖြစ်စေဘဲ အသက်ရှင်နေတဲ့သူ့ကို ကျနော်လေးစားမိတာ အဆန်းတကြယ်များ ဖြစ်နေမလားဗျာ။

Good Idea

8. 9. 2010

About Good Idea

Good Idea has written 144 post in this Website..

လူ့ဘ၀ဟာ ခဏလေးပါ။ အသုံးချတတ်ပါစေ။