ကိုယ်ပိုင်စာကြည့်တိုက်လေး ထူထောင်ရအောင် (၁၁) Let’s Start Our Own Library (11)

kaiMarch 18, 20231min89300

မြန်မာခလေးများသည် ဉာဏ်ရည် အထူးကောင်းမွန်ကြပါသည်။ မိဘများက ပြုစုပျိုးထောင်ပေးမည်ဆိုလျှင် ပျိုးထောင်ပေးနိုင်သလောက် အကျိုးရှိမှာ သေချာလှပါသည်။ ဒီလိုနေရာမျိုးမှာ စာအုပ်စာပေထက် ကောင်းသောအရာ မရှိပါ။ ခလေးငယ်များအတွက် စာအုပ်ကောင်းလေးများ ရှာဖွေပေးရန် မိဘတိုင်းမှာ တာဝန်ရှိပါသည်။
ယခုလတွင် 3rd Grade to 6th Grade အရွယ် ခလေးငယ်များနှင့် သင့်တော်မည့် စာအုပ်လေးများကို ဖော်ပြလိုပါသည်။ ဦးစွာပထမ Patricia Maclachlan ၏ Sarah, Plain and Tall ဆိုသည့် စာအုပ်လေးကို ညွှန်းလိုပါသည်။ စာရေးသူ ငယ်ငယ်က ဖတ်ခဲ့ဘူးသည့် စာအုပ်လေးပါ။ မိခင်မဲ့နေသည့် ခလေးနှစ်ယောက်နှင့် Sarah ဆိုသည့် ဂရုဏာရှင်မလေးတယောက်တို့ရဲ့ အကြောင်းကို လှပစွာ သရုပ်ဖော်ထားသည့် စာအုပ်လေးတအုပ် ဖြစ်ပါသည်။ ရိုးသည်၊ ရှင်းသည်။ ခန့်ငြားလှပသည့် စာအုပ်လေးပါ။ မိမိရဲ့ စာအုပ်စင်မှာ ထာဝစဉ်သိမ်းဆည်းထားသင့်သည့် စာအုပ်လေး ဖြစ်ပါသည်။
ဒုတိယ ရည်ညွှန်းလိုတဲ့ စာအုပ်လေးကတော့ Miriam Halahmy ရဲ့ Saving Hanno ဆိုတဲ့ စာအုပ်လေးပါ။ တရိစ္ဆာန်လေးများကို ချစ်မြတ်နိုးစေသည့် စာအုပ်လေး ဖြစ်ရုံမက၊ ခလေးငယ်များကို ကမ္ဘာ့သမိုင်းအကြောင်းပါ သင်ကြားပို့ချပေးသည့် စာအုပ်ကောင်းလေးပါ။ ဒုတိယကမ္ဘာစစ်ကို နောက်ခံထားပြီး Nazi Germany မှာ နေထိုင်နေရသည့် Jew ကောင်လေးတယောက်အကြောင်း သရုပ်ဖော်ထားသည့် စာအုပ်လေးမှာ တကြိမ်မက အကြိမ်ကြိမ် ဖတ်ရှုသင့်သည့် စာအုပ်လေးတအုပ် ဖြစ်ပါသည်။

Nine-year old Rudi is escaping Nazi Germany on a Kindertranspot to England. However, he cannot bring Hanno, his wonderful dachshund. Luckily, his family finds a way to smuggle Hanno to London. But with England on the brink of war, many British citizens start euthanizine their pets.

တတိယဖော်ပြလိုတဲ့စာအုပ်လေးကတော့ စာရေးသူရဲ့ မြေးကြီး ဇေယျာလေး အလွန်နှစ်သက်တဲ့ Unicorn လေးတွေအကြောင်း ရေးဖွဲ့ထားတဲ့ Linda Chapman ရဲ့ The Secret Unicorn ဆိုတဲ့ ဝတ္ထုလေးပါ။ ဒီစာအုပ်လေးရဲ့ နောက်ကျောဖုံးမှာ ဒီလို ဖော်ပြထားပါတယ်။
But unicorns don’t really exist, do they?
Have you ever longed for a pony?
Lauren Foster has. And when her family moves to the country, her dream finally comes true. But when she read a story about a perfectly ordinary pony who turns into a snow-white unicorn, she starts to look at her own pony, Twilight and wonder, maybe … just maybe … ?
စိတ်ကူးယဉ်တတ်ခါစ ၄/၅/၆ တန်းအရွယ် ခလေးငယ်များနှင့် အထူးသင့်တော်တဲ့ စာအုပ်လေးပါ။ ဝယ်ယူသိမ်းဆည်းပြီး စာအုပ်စင်မှာ ဂုဏ်ယူဝင့်ကြွားစွာ ပြထားသင့်တဲ့စာအုပ်လေးပါ။
နောက်ထပ်ဖေါ်ပြလိုတဲ့ စာအုပ်လေးကတော့ Esther Hautzig ရဲ့ A Gift for Mama ဆိုတဲ့ စာအုပ်လေး ဖြစ်ပါတယ်။ Sara ဆိုတဲ့ ခလေးမလေးဟာ လှပတဲ့ အနက်ရောင်ဖိနပ်လေးကို ဆိုင်တဆိုင်မှာ မြင်လိုက်မိချင်း ၎င်းရဲ့မိခင်ကို ဝယ်ပေးချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာခဲ့ပါတယ်။ စေတနာအပြည့်အဝ ရှိပေမဲ့ ငွေကြေးချို့တဲ့သူ Sara လေးက မိခင်အပေါ် ချစ်တဲ့ဇောလေးနဲ့ ဒီလက်ဆောင်လေးကို ဝယ်ဖြစ်အောင်ကြိုးပန်းဆောင်ရွက်သွားပုံကို လှပစွာ သရုပ်ဖော်ထားတဲ့ ဒီစာအုပ်လေးဟာ Mother’s Day မှာ အဖိုးတန်လှတဲ့ လက်ဆောင်လေးပါ။ မိခင်များအတွက်ဖြစ်စေ၊ မိခင်လောင်းများအတွက် ဖြစ်စေ၊ မိခင်ကို ချစ်ခင်မြတ်နိုးကြတဲ့ သားငယ်၊ သမီးငယ်များအတွက် ဖြစ်စေ အင်မတန် တန်ဘိုးရှိတဲ့ စာအုပ်လေးမို့ ဝယ်ယူသိမ်းဆည်းထားကြဖို့ တိုက်တွန်းလိုပါတယ်။ မိခင်များနှင့် သားသမီးများကြားမှာ ရှိနေတဲ့ သံယောဇဉ်ကြိုးရဲ့သဘောကို လှပစွာသရုပ်ဖော်ထားပါတယ်။ Where there is a will, there is a way ဆိုတဲ့ အင်္ဂလိပ်စကားလေးကို “အလုပ်”နဲ့ လက်တွေ့ဖေါ်ပြသွားတဲ့ စာအုပ်လေးဆို မမှားပါဘူး။
အားကစားဝါသနာပါတဲ့ ခလေးငယ်များနှင့် သင့်တော်တဲ့ စာအုပ်လေးနှစ်အုပ်ကို ထပ်မံဖေါ်ပြပေးလိုပါတယ်။ ခလေးများ အားကစား လိုက်စားချင်ရင် အားပေးသင့်ပါတယ်။ အားကစားလုပ်နေလျှင် အရက်သေစာသောက်စားဖို့၊ ဆေးချဖို့၊ ဂလေရိုက်ဖို့ အချိန်မရှိတော့ဘူးလေ။ ဒီတော့ ဒီလိုစာအုပ်လေးတွေ ဝယ်ယူပေးဖို့၊ ဖတ်ရှုဖို့ တိုက်တွန်းရန် မိဘတိုင်းမှာ တာဝန်ရှိပါတယ်။
ပထမစာအုပ်ကတော့ အမေရိကန်သားတိုင်း ဝါသနာပါတဲ့ baseball ကို အခြေခံပြီး ဇာတ်လမ်းဆင်ထားတဲ့ Dan Gutman ရဲ့ Shoeiess Joe and Me ဆိုတဲ့ စာအုပ်လေးဖြစ်ပါတယ်။ ဒီစာအုပ်လေးဟာ နံမည်ကျော် baseball ကစားသူတဦးဖြစ်တဲ့ Shoeiess Jackson ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ တကယ့်အဖြစ်အပျက်ကို အခြေခံပြီး စိတ်ဝင်စားစရာကောင်းအောင် ဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ်။ အားကစားကို ဝါသနာပါလာအောင် ဆွဲဆောင်နိုင်သလို၊ စာဖတ်ခြင်းကိုပါ နှစ်သက်လာအောင် ပြုလုပ်ပေးနိုင်တဲ့ စာအုပ်ကောင်းလေးတပုဒ်ပါ။
ဒုတိယစာအုပ်လေးကတော့ မြန်မာပရိသတ်နှင့်ပိုပြီး သင့်တော်ပါတယ်။ မြန်မာများက Baseball ထက် Soccer ကို ပိုပြီး ရင်းနှီးတယ်၊ ပိုပြီးနှစ်သက်ကြတယ် မဟုတ်လား။ ဒီတော့ စာရေးဆရာ Rich Wallace ရဲ့ Double Fake ဆိုတဲ့စာအုပ်လေးကို မြန်မာခလေးငယ်များ နှစ်သက်ကြပါလိမ့်မယ်။ စာရေးသူရဲ့ မြေးလေးတွေဖြစ်တဲ့ သူရိန်ကော သော်လေးပါ ဘောလုံးဝါသနာအိုးများ ဖြစ်ပါတယ်။ သူတို့အရွယ် ဘောလုံးအသင်းများမှာ ဂိုးသွင်းတော်သူလေးတွေပါ။ သူတို့ ဒီစာအုပ်ကို လက်က မချနိုင်ကြပါ။ ဒီတော့ မိဖများကို ဒီစာအုပ်လေးတွေ ဝယ်ယူပေးဖို့၊ စာကြည့်တိုက်လေးများ ထူထောင်ပေးကြဖို့ တိုက်တွန်းပါရစေ။
မြန်မာပြည်ကြီးရဲ့ ယခုအနေအထားကက တကယ့်ကို ရင်လေးစရာကြီးပါ။ ဒါပေမဲ့ မြန်မာ ခလေးသူငယ်များကို ဖော်ပြထားသည့် စာအုပ်လေးများဖြင့် ပြုစုပျိုးထောင်ပေးနိုင်ရင် နောင်တချိန်မှာ ဒီအရည်အခြင်းနဲ့ပြည့်ဝတဲ့ ခလေးငယ်များရဲ့ လုပ်ဆောင်ချက်များကြောင့် မြန်မာပြည်ရဲ့ အနာဂတ်အရေးဟာ ရင်လေးစရာမှ ရင်အေးစရာအဖြစ်သို့ ပြောင်းလဲသွားပါလိမ့်မည်ဟု မျှော်ကိုးရင်း နားပါဦးမည်။