ကဗျာဆရာအောင်ရင်ငြိမ်းနဲ့ စာမျက်နှာပေါ်က အင်တာဗျူး (၂)

သူရႆဝါSeptember 9, 20108min940

<!–

ပြီးခဲ့တဲ့လက ကျွန်တော်တို့ “နံနက်ခင်းကြယ်စင်စု” နဲ့ ကဗျာဆရာ အောင်ရင်ငြိမ်းတို့ရဲ့ စကားဝိုင်းကို ကျွန်တော် တင်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ စကားဝိုင်း (အင်တာဗျူး) ကို ဖော်ပြပေးတဲ့ Teens မဂ္ဂဇင်းက ပထမပိုင်းပဲ ဖော်ပြပေး ခဲ့တာမို့ ကျွန်တော်လည်း ပထမပိုင်းပဲ တင်ပေးနိုင်ခဲ့ပါတယ်။ အခုတော့ ဒုတိယပိုင်းပါတဲ့ Teens မဂ္ဂဇင်း၊ စက်တင်ဘာ လထုတ် ထွက်လာပြီမို့ စကားဝိုင်း ဒုတိယပိုင်းအဖြစ် ပြန်တင်ပေးလိုက်ပါတယ်။ ပထမပိုင်း မဖတ်လိုက်ရတဲ့သူများ ဖတ်ချင်ရင် ဒီမှာ … ဖတ်လိုက်ပါ။
“ကဗျာဆရာအောင်ရင်ငြိမ်းနဲ့ စာမျက်နှာပေါ်က အင်တာဗျူး (၂)”
အောင်ရင်ငြိမ်း ခေတ်ပြိုင် မြန်မာ ကဗျာ လောကရဲ့ ကဗျာ အယူအဆ ရေးရာ တွေကိုရော စိတ်ဝင်စား ကြလား။ ပင်မရေစီး ခေတ်ပေါ်ကဗျာ၊ နီယိုမော်ဒန်၊ ပို့စ်မော်ဒန်၊ L.P၊ စမ်းသပ်ကဗျာ၊ စကားပြေကဗျာ၊ Collage ကဗျာအမျိုးအစား အယူအဆ တွေအပေါ် ညီလေးတို့ အမြင်ကိုပြောပါဦး။ Online Poetry Group ရဲ့ “နံနက်ခင်းကြယ်စင်စု” ကဗျာပန်းဖလက် ကိုတော့ ပင်မရေစီး ခေတ်ပေါ်ကဗျာတွေလို့ ကိုယ်မြင်မိတယ်။

ကျေးတော်မျိုး ကဗျာ အယူအဆရေးရာကို စိတ်ဝင်စားပါတယ်။ အယူအဆရေးရာ ဆောင်းပါးတွေကိုလည်း ဖတ်ဖြစ်တယ်။ ဒါပေမယ့် ကဗျာအမျိုးအစား တွေကိုတော့ မဝေဖန်ချင်ပါဘူး။ တာဝန်ကြီးတယ်။ နောက် အန္တရာယ်များတယ်။ လွတ်လပ်စွာ စီးမျောတာပဲ ကောင်းမယ်ထင်တယ်။ ကျွန်တော်တို့ “နံနက်ခင်းကြယ်စင်စု” ကို အခုလို သတ်မှတ်ပေးတာ ကျေးဇူး တင်ပါတယ်။

နေ့သစ် ကျွန်တော်တို့ဟာ ကဗျာကို လွတ်လပ်မှု တစ်ခုနဲ့ ရေးနေကြတဲ့ လူငယ်တွေပါ။ လက်ရှိ ကဗျာလောကရဲ့ အယူအဆ၊ အသစ် အသစ်သော ဖန်တီးမှုတွေနဲ့ ကဗျာရဲ့အရွေ့ကို အလေးထား စောင့်ကြည့်နေတဲ့ လေ့လာဆည်းပူး သူများလည်း ဖြစ်ပါတယ်။ ကဗျာရဲ့ အရွေ့မှာ ကျွန်တော်တို့ ကိုယ်တိုင်လည်း လိုက်ပြီး ရွေ့နေကြတာပါ။ ကဗျာ အမျိုးအစား ခွဲခြား၊ ကွဲပြားမှုတွေနဲ့ ပတ်သက်လို့ကတော့ ကဗျာ ဖန်တီးသူတိုင်းဟာ ကိုယ့်အယူအဆ ကိုယ့် လွတ်လပ်ခွင့်နဲ့ ကိုယ်ဖန်တီး ကြပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်ဖို့ပဲ အဓိကလို့ ထင်ပါတယ်။

ဥက္ကာကိုကိုို ကဗျာ အယူအဆ မှန်သမျှ စိတ်ဝင်စားပါတယ်။ တချို့ဟာတွေကို လိုက်မမီတာလေး တစ်ခုပဲရှိပါတယ်။ ကျွန်တော်တို့ အခုရေးတဲ့ ကဗျာအများစုက ပင်မရေစီး ခေတ်ပေါ်ကဗျာတွေဆိုတာ မှန်ပါတယ်။ တခြားတံဆိပ် ကပ်လို့ ရမယ့် ကဗျာတွေလည်း ရွေးထားပါတယ်။ ကဗျာ အမျိုးအစားက ဘာ၊ အယူအဆက ဘာဆိုတာတော့ ကျွန်တော် ဘာမှ မမြင်ချင်ပါဘူး။ ဖတ်သူနဲ့ ဝေဖန်သူက သူ့ဘာသာ တံဆိပ်ခတ်သွားပါလိမ့်မယ်။


အောင်ရင်ငြိမ်း Blogger တွေအနေနဲ့ ကဗျာအနုပညာ၊ အတွေ့အကြုံ၊ အယူအဆတွေကို ဘယ်လို နည်းလမ်းနဲ့ လေ့လာ သင်ယူကြသလဲ။  ညီလေးတို့ကြိုက်တဲ့ ပြည်တွင်းပြည်ပက Online/Print ကဗျာဆရာနဲ့ သူတို့ ကဗျာတွေအကြောင်း ပြောပါဦး။

သူရဿဝါ Blog ကဗျာရေးသူတွေ အနေနဲ့ ကဗျာစရေးတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ခံစားမှု စကားစုလေးတွေကို ချရေးပြီး “ကဗျာ” လို့ ခေါင်းစဉ်တပ်လိုက်ကြတာ များပါတယ်။ ဒါပေမယ့် ကဗျာ အနုပညာထဲ ပျော်ဝင်လာတဲ့ အခါမှာတော့ ရေးရုံတင်မက အခြားကဗျာတွေကိုပါ  ဖတ်လာကြရပါတယ်။ အဲဒီလိုနဲ့ပဲ ကိုယ်လက်လှမ်း မီသမျှဖတ်မိသမျှ ကဗျာတွေဆီကနေပဲ ကိုယ့်ရဲ့ ကဗျာအရေးအသား အယူအဆတွေကို လေ့လာကူးလူးကြရတာပါ။ အမှန်အတိုင်း ပြောရမယ်ဆို Print Media ကဗျာဆရာများရဲ့ကျေးဇူး မကင်းပါဘူး။ Print Media မှာသာ ကဗျာရေစီးကြောင်း အရှိန်အဟုန် မကောင်းခဲ့ရင် Online Poetry ဟာလည်း ဒီလောက် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာမယ် မထင်ပါဘူး။ နှစ်သက် အားကျခဲ့ရပြီး လေ့လာခဲ့ရတဲ့ ကဗျာဆရာတွေကတော့ အများကြီးပါ။ ဆရာကေဇော်၊ ဆရာ တိုးနှောင်မိုး၊ ဆရာ ကြည်ဇော်အေး… စသဖြင့်ပေါ့။ ကျွန်တော်တို့ အခုလို အများကြီးရေးနိုင်ဖို့ အများကြီးဖတ်ခဲ့ရ၊ ဖတ်နေရပါတယ်။

ဥက္ကာကိုကို Online နဲ့ Print ကဗျာတွေ ဘယ်သူတွေကို ကြိုက်တယ် ဆိုတာကတော့ Byname တပ်ပြီး မပြောချင်ပါဘူး။ တော်တော်များများ ကြိုက်ပါတယ်။


နေ့သစ် ဟုတ်ကဲ့၊ ကျွန်တော်တို့ သဘောကျ လေးစားတဲ့ ကဗျာဆရာတွေရဲ့ ဖန်တီးမှု အနုပညာကို အတုယူသင့် ယူပါတယ်။ လေ့လာ သင်ယူတယ် ဆိုတာထက် ခံစားသင်ယူတယ်လို့ ပြောနိုင်ပါတယ်။ ဒီအပိုင်းတွေမှာ တစ်ဦးနဲ့ တစ်ဦး အမြင်ချင်း ကွဲပြားကောင်း ကွဲပြားမှာပါ။ ပြည်ပက အနေနဲ့ အခုတလော အမေရိကန် ကဗျာဆရာမ ရေးအာမန်ထရော့ထ်ရဲ့ ကဗျာတွေ ရနိုင်သလောက် ရှာပြီး ဖတ်ဖြစ်ပါတယ်။ ပြည်တွင်း အနေနဲ့ သဘောကျ လေးစားရတဲ့ ကဗျာ ဆရာတွေ များပါတယ်။ ဆရာပိုင်စိုးဝေ၊ ဆရာမောင်ချောနွယ်၊ ဆရာဟိန်းမြတ်ဇော် စသဖြင့်…။ အွန်လိုင်းပေါ်က အနေနဲ့တော့ ကိုညိမ်းညို၊ ကိုဆူးခက်မင်း၊ ကိုရုပ်သေး၊ ကိုနီလေး သူတို့ကဗျာတွေ ကြိုက်ပါတယ်။

အောင်ရင်ငြိမ်း ကဗျာဆရာ ဆိုတာ လူ့ဘဝမှာ ဘယ်လို လောကဓံ တရားမျိုးပဲ ကြုံကြုံ သူတို့ရဲ့ဘဝကို ကဗျာဆရာ အဖြစ် ယုံကြည်ချက်၊ ခံယူချက် အခိုင်အမာနဲ့ တစ်သက်လုံး တည်ဆောက် သွားကြတဲ့သူတွေ များတယ်။ ညီလေးတို့ကရော ကဗျာအနုပညာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ကျွမ်းကျင်သူ Professional တွေလို့ သဘော ထားပြီးကြပြီလား။ ဝါသနာရှင်တွေလား။ ကဗျာဆရာလို့ပဲ ပြောပြော၊ ကဗျာရေးသူလို့ပဲ ခေါ်ခေါ် အဲဒီဘဝ ဖြစ်တည်မှု အပေါ် ညီလေးတို့ရဲ့ ယုံကြည်ခံယူချက်၊ ကဗျာအနုပညာအပေါ် ညီလေးတို့ရဲ့ ကိုယ်ပိုင်အမြင်။

ကျေးတော်မျိုး မပြောရဲဘူး Professional လို့တော့။ ဒါပေမယ့် ကဗျာဆရာတော့ ဖြစ်ချင်တယ်။ ကဗျာအနုပညာရပ်ဝန်းက ကျယ်ပြန့်ပါတယ်။ ဘာလဲဆိုတော့ ကောင်းကင်နဲ့ တူတယ်။ ကဗျာဆရာဆိုတာ ကိုယ်ပိုင် ကောင်းကင်နဲ့ ရပ်တည်နေကြ သူတွေလို့မြင်တယ်။ ကျွန်တော်လည်း ကောင်းကင်တစ်ခု ပိုင်ချင်တယ်။

ဥက္ကာကိုကို
ို Professional ဆိုတာကို မတွေးဖူးသေးပါဘူး။ ကဗျာရေးသူ တစ်ယောက်အဖြစ် လွန်ခဲ့တဲ့ ၉ နှစ်ကနေ ခုချိန်ထိ။ ပြီးတော့ သက်တမ်းကုန်တဲ့အထိ ဒုတိယ ဘာသာတရားအဖြစ် ယုံယုံကြည်ကြည် ခံယူကိုးကွယ်သွားမှာပါ။ ကဗျာ အနုပညာဘကို မြတ်မြတ်နိုးနိုးလေး ချစ်ပါတယ်။

ရွှေယုန် ကျွန်တော် ကိုယ့်ကိုယ်ကို Professional လို့လည်း မသတ်မှတ်သလို ဝါသနာရှင်လို့လည်း မသတ်မှတ်ပါဘူး။ ကျွန်တော် ကဗျာတွေနဲ့ လက်ပွန်းတတီးနေရတာ ပျော်ရွှင်လို့၊ အဲဒီ အရသာကိုနှစ်သက်လို့ ကဗျာရေးနေတာပါ။ ကိုယ်ပိုင် ခံယူချက်တွေ၊ ကိုယ်ပိုင် အမြင်တွေကတော့ များသောအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် တိုက်ဆိုင်တာ ရှားပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အမြင်တွေကွဲကွဲ ကဗျာကို ချစ်တဲ့၊ တန်ဖိုးထားတဲ့ လူတွေအားလုံး ဘာသာစကားချင်းကတော့ ကွဲလွဲမှု မရှိလောက်ဘူးလို့ ထင်တာပါပဲ။ ဒါဆိုရင် ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်လို့ ရပြီပဲ။ ဒီလောက်ဆို လုံလောက်ပါတယ်။ ကိုယ်ပိုင်ဆိုတာကြီးကို ကျွန်တော်တော့ လက်ထဲမှာ ဆုပ်ကိုင်မထားချင်ဘူးဗျာ။

နေ့သစ် Professional ဆိုတဲ့ စကားလုံးဟာ ငွေကြေး၊ အောင်မြင်ကျော်ကြားမှု စတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေမယ်ဆိုရင် ကျွန်တော့် အနေနဲ့ကတော့ ကျွန်တော် Professional တစ်ယောက် မဟုတ်ပါဘူး။ ဝါသနာရှင်၊ အပျော်တမ်း အဲဒီလိုမျိုး သတ်မှတ်ချင်ရင် သတ်မှတ်နိုင်ပါတယ်။ အဲဒါတွေအတွက် ကျွန်တော် ကဗျာရေးနေတာ မဟုတ်ပါဘူး။ လူသိသိ မသိသိ၊ ငွေရရ မရရ ရေးနေဦးမှာပါ။ မွန်းကျပ်မှု၊ အလိုမကျမှု၊ နာကျင်ခံစားမှု စတာတွေကနေ အဝေးကို ထွက်ပြေးချင်လို့ ကျွန်တော် ကဗျာရေးပါတယ်။


ရုပ်သေး ဒါ သိပ်ကို ခိုင်မာတဲ့ ခံယူချက်ပါ။ ဘဝက ဘယ်လိုပဲ ဖင်တစ်ပြန် ခေါင်းတစ်ပြန် လှည့်လှည့် လည်မသွားတဲ့ နေရာတစ်ခုပါ။ ဘယ်နေရာ ရောက်ရောက် ဘယ်အရာကိုပဲမြင်မြင် ကျွန်တော်တို့ ကဗျာဆရာတွေက ခံစားသိမြင် နိုင်ကြတဲ့ အစွမ်းရှိတယ်။ အဲဒါကိုပဲ ကျွန်တော်တို့က ရူးသွပ်နေကြတာ။

အောင်ရင်ငြိမ်း ဒီနေ့ လူငယ်ကဗျာဆရာတချို့က ခေတ်ပေါ်မြန်မာ ကဗျာယဉ်ကျေးမှုကို ချိုးကွေ့ပြောင်းလဲပစ်ဖို့၊ ပြုပြင် ပြောင်းလဲမှုတွေလုပ်ဖို့ အယူအဆသစ်တွေ တင်ပြ၊ ရေးဟန်အပြောင်းအလဲတွေ လုပ်နေကြတာ သတိပြုမိကြမယ် ထင်ပါတယ်။ သူတို့ရဲ့ကဗျာ လှုပ်ရှားမှုတွေအပေါ် ညီလေးတို့ရဲ့အမြင်၊ ပြီးတော့ ကဗျာယဉ်ကျေးမှု အသစ် တည်ဆောက်ဖို့ ညီလေးတို့ရဲ့ စိတ်ကူး၊ မျှော်လင့်၊ လုပ်ဆောင်မှု။

ကျေးတော်မျိုး ဟုတ်ကဲ့၊ မြင်ရ၊ တွေ့ရတာတွေတော့ များပါပြီ။ သတိလည်း ပြုမိပါတယ်။ အယူအဆသစ် ဆိုတာ အမြဲတမ်း ရှိနေရမယ့် အရာပါပဲ။ ခေတ်တစ်ခေတ်မှ နောက်ထပ်ခေတ် တစ်ခေတ်ကို ကူးပြောင်းဖို့အတွက် အယူအဆသစ် ဆိုတာ ကြားခံကာလလို့ ထင်တယ်။ လက်ခံနိုင် လောက်တဲ့ အယူအဆဆိုရင် အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ် လက်ခံပေးမှာပါပဲ။ အရေးကြီးတာတော့ ရေးဟန်၊ ကိုယ့်ကိုယ်ပိုင် ရေးဟန်ကို အများလက်ခံနိုင်အောင် ကြိုးစားစေချင်တယ်။ ကဗျာ ယဉ်ကျေးမှုကို ထွန်းကား စေချင်တယ်။ ထွန်းကား လာအောင်လည်း ကျွန်တော်တို့ Online ကဗျာဆရာတွေမှ မဟုတ်ဘူး၊ Printing ကဗျာ ဆရာတွေလည်း ပါဝင်ကြိုးစား နေကြတာပါပဲ။

ရုပ်သေး “ခေတ်ပြိုင်မြန်မာ ကဗျာ ယဉ်ကျေးမှုကို ချိုးကွေ့ပြောင်းလဲ ပစ်ဖို့” ဟုတ်ကဲ့၊ အလိုလားဆုံး လုပ်ဆောင်ချက်ပါပဲ။ လက်တွေ့ လုပ်ဆောင် နေသူတွေကိုရော၊ လုပ်ဆောင် နိုင်သူတွေကိုရော ချီးလည်းကျူးတယ်။ အားလည်းပေးတယ်။ ဂုဏ်လည်း ယူပါတယ်။

ဥက္ကာကိုကို အပြောင်းအလဲတွေကို ကြိုက်ပါတယ်။ အပြောင်းအလဲတွေနောက် လိုက်၊ မလိုက် ဆိုတာလေးပဲ ခက်တာပါ။ အပြောင်းအလဲ ကတော့ ကျွန်တော်တို့ အားလုံးအတွက် လိုအပ်နေတာပါ။ ကဗျာယဉ်ကျေးမှုအသစ် ထပ်တည်ဆောက် မယ့် စိတ်ကူးရော၊ မျှော်လင့်မှုရော၊ လုပ်ဆောင်မှုပါ မရှိသေးပါဘူး။ အဲဒါကတော့ လက်ရှိ ကဗျာယဉ်ကျေးမှုဟာ ယဉ်ကျေးနေဆဲ ယဉ်ကျေးမှု တစ်ခုပဲလို့ မြင်နေသေးလို့ပါ။

အောင်ရင်ငြိမ်း တကယ်တော့ Online & Print Media Shock တွေ ဖြစ်နေတာ လူငယ်တွေအတွက် ကောင်းတဲ့ လက္ခဏာ အလားအလာ မဟုတ်ပါဘူး။ ကိုယ့်အမြင်ပြောရရင် Online & Print Media က ကဗျာရေးသူ ဖတ်သူတွေ ကြား Media ချင်း ကူးလူးချိတ်ဆက်မှု၊ ပုဂိ္ဂုလ်ချင်း ထိတွေ့ ဆွေးနွေးမှုတွေ ပုံမှန် ရှိသင့်တယ်လို့ ထင်တယ်။ Printed Poet တွေနဲ့ Blogger Poet တွေ တစ်လတစ်ကြိမ် တွေ့ဆုံပြီး ကဗျာရေးရာ ပြောဆို ဆွေးနွေးတာမျိုးပေါ့။ အဲဒီလို စိတ်ကူးဆန္ဒမျိုး ရှိကြလား။

သူရဿဝါ ဟုတ်တယ်၊ အစ်ကို ပြောသလို ဖြစ်သင့်တယ်။ ဒီလို စိတ်ကူးမျိုးလည်း ရှိပါတယ်။ ကျွန်တော်တို့ Online ကဗျာရေးသူ အချင်းချင်းကတော့ Online မှာရော၊ အပြင်မှာပါ ခဏခဏ တွေ့ပြီး ကဗျာရေးရာ အကြောင်း၊ ကဗျာရေးသူ တွေနဲ့ သူတို့ရဲ့ကဗျာတွေအကြောင်း ပြောဖြစ်ပါတယ်။ ဒီလို Print နဲ့ Online Media တွေ့ဆုံပွဲလေးတွေ ကိုတော့ တစ်ဦးတစ်ယောက် (Media နှစ်မျိုးလုံးနဲ့ ရင်းနှီးမှုရှိတဲ့သူ)က ဦးဆောင်စီစဉ်ပေးနိုင်ရင် ကောင်းမယ်လို့ထင်တာပါပဲ။

ယုံမွန်(ULF) Online Media, Print Media ဆိုပြီး သတ်သတ်စီ ခွဲမြင်နေရင်တော့ မကောင်းဘူးပေါ့။ ကိုယ့်အစွဲနဲ့ ကိုယ်ဆိုရင် တိုးတက်မှုလည်း ရှိနိုင်မှာ မဟုတ်ဘူး။ Media နှစ်ခုစလုံး တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် တွေ့ဆုံ ဆွေးနွေးနိုင်ရင် အကျိုးသက်ရောက်မှု ပိုများမှာပါ။ သဘောထား၊ အယူအဆ၊ အတွေးအခေါ်တွေက တစ်ယောက်နဲ့ တစ်ယောက် ဘယ်ထပ်တူကျနိုင်မလဲ။ ညှိယူရမယ့် ကိစ္စမဟုတ်သလို Shock ရိုက်ရမယ့်ကိစ္စမဟုတ်ဘူးလို့ ထင်တယ်။ နားလည်မှုရှိစွာ ဆွေးနွေးဝေဖန်ရမှာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးပွဲတွေကို စိတ်ကူးနေတာ ကြာပါပြီ။ ဖြစ်လာရင်တော့ ကောင်းတာပေါ့နော်။

ဥက္ကာကိုကို ရှိသင့်ပါတယ်။ ကျွန်တော်တို့ အွန်လိုင်း ကဗျာရေးသူတွေ အနေနဲ့ကတော့ သူ့အစုနဲ့သူ ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲလေးတွေ ရှိကြပါတယ်။


နေ့သစ် ဒီအကြောင်းတွေ အခုနောက်ပိုင်း တော်တော်လေး ပြောဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒါတွေ ဖြစ်လာမှာပါ။ လက်ရှိ Print Poet တွေနဲ့ ကျွန်တော်တို့ကြား ရင်းနှီးမှု အတိုင်းအတာ တစ်ရပ်လည်း ရှိလာပါပြီ။

ကျေးတော်မျိုး ဟုတ်ကဲ့၊ ဒါက နားလည်မှုနဲ့ ညှိနှိုင်းမှုတော့ လိုမယ်လို့ ထင်တယ်။ အမှန်ကတော့ ကဗျာရေးသူ ဆိုတဲ့ ခေါင်းစဉ် တစ်ခုတည်းအောက်မှာ နေသင့်တယ်လို့ ယူဆတယ်။ အင်း…၊ ဒါကတော့ ပုဂိ္ဂုလ်မင်မှုနဲ့ ဆိုင်တယ်လို့ ထင်တယ်။ ရှိပါတယ် ကျွန်တော်တို့ ခင်မင်ကြတဲ့ သူတွေထဲမှာ Printing ကဗျာဆရာတွေလည်း ရှိကြတယ်။ တစ်ခါတလေ အယူအဆပိုင်း ဆွေးနွေး ကြတာလေးတွေ ရှိပါတယ်။ ကျွန်တော့်အမြင်ကတော့ နှစ်မျိုးပေါင်း ကဗျာရွတ်ပွဲလေးတွေ ကျင်းပကြမယ်ဆို ပိုပြီး ရင်းနှီးမှုလေးတွေ ရှိလာမယ်ထင် တယ်။ စိတ်ကူးလည်း ရှိပါတယ်။

အောင်ရင်ငြိမ်း အခု လတ်တလော ရေးဖြစ်နေတဲ့ ကဗျာ အကြောင်းအရာ၊ ပုံသဏ္ဌာန်၊ ရေးဟန်တွေ အကြောင်း ပြောပါဦး။ ပြီးတော့ ကဗျာ ရေးသူတွေ အနေနဲ့ မဖြစ်မနေ ထိတွေ့ဆက်ဆံ ကိုင်တွယ် အသုံးပြုနေရတဲ့ Language အပေါ်အမြင်၊ အယူအဆ။

ရွှေယုန် အခု လတ်တလော ရေးဖြစ်နေတဲ့ ကဗျာတွေကတော့ ဘယ်အရာကိုမှ အယုံအကြည် မရှိတဲ့ အကြောင်းတွေပဲ များနေတယ်ဗျ။ များသောအားဖြင့်တော့ ပင်မရေစီးခေတ်ပေါ် ကဗျာတွေပဲ အရေးသန်ပါတယ်။ ပို့စ်မော်ဒန်တွေ၊ L.P တွေကိုလည်း နှစ်သက်ပါတယ်။ ဒါပေမယ့် ရေးတဲ့အခါ ကိုယ့်ကိုယ်ကို အားမရလို့ မရေးဖြစ်တာပါ။ ကဗျာ တစ်ပုဒ်ရေးဖို့ အတွက် အကြောင်းအရာထက် Language အသုံးပြုမှုက ပိုအရေးကြီးတယ်လို့ ကျွန်တော် လက်ခံထား ပါတယ်။ ကဗျာရေးသူတွေ အကြားမှာ အကြောင်းအရာတွေက ထပ်မြဲထပ်နေ မှာပဲလေ။ ဒါပေမယ့် Language အသုံးပြုမှုပေါ် မူတည်ပြီး ကဗျာတွေရဲ့ လှပမှုကတော့ တစ်ပုဒ်နဲ့တစ်ပုဒ် ဘယ်လိုမှ ထပ်တူကျစရာ ရှိမှာမဟုတ်ပါဘူး။

နေ့သစ် အခုတစ်လော ရေးဖြစ်နေတာလေးတွေ ကတော့ စိတ်ခံစားမှုအရ အချစ်ကဗျာလေးတွေ များပါတယ်။ ကဗျာ ဖန်တီးမှု အပိုင်းမှာတော့ စိတ်ထဲရှိတဲ့အတိုင်း ဖတ်သူတွေ ခံစားလို့ရအောင် ချပြပါတယ်။ ကဗျာဟာ တစ်နေရာတည်းမှာ ရပ်နေတာ မဟုတ်တဲ့ အတွက် ပုံသေပြောဖို့ ခက်ပါတယ်။


သူရဿဝါ အခုတစ်လောတော့ ဒီခေတ်နဲ့၊ ဒီလူတွေနဲ့ ကျွန်တော် ပဋိပက္ခဖြစ်နေတဲ့ အကြောင်းတွေ ရေးမိတယ်။ နောက်ပြီး အချစ်ကဗျာလေးတွေ ပြန်ရေးဖြစ်နေတယ် … အဟဲ။ ကဗျာရဲ့ပုံသဏ္ဌာန်၊ ရေးဟန်ကတော့ ကဗျာအကြောင်း အရာပေါ်လိုက်ပြီး ကျွန်တော် ရေးပါတယ်။ ကဗျာရေးရင် မပါမဖြစ် ထိတွေ့ကိုင်တွယ်ရတဲ့ Language ကိစ္စ … အများကြီး ဖြစ်ကုန်မယ်ဗျ။ ကျွန်တော်တစ်ဦးတည်း အနေနဲ့ ဆိုရင်တော့ ဘာသာစကားဆီ၊ စကားလုံးတွေဆီ ချဉ်းကပ်တဲ့အခါ ကျွန်တော် အယူအဆပိုင်းအရ၊ နည်းစနစ်အရ မဟုတ်ဘဲ ကျွန်တော့်ရဲ့ လတ်တလော ခံစားမှုနဲ့ လတ်တလော ဖြစ်ပေါ်လာတဲ့ စကားလုံး အသုံးအနှုန်းမျိုးကိုပဲ ရွေးချယ် ဖြစ်ပါတယ်။

ရုပ်သေး အခု လောလောဆယ်တော့ မော်ဒန် အရေးအသားဘက် နေပြီးတော့ ပို့စ်မော်ဒန် အရေးအသားဘက်ကို ကူးပြောင်း ရေးချင်နေပါတယ်။ ရေးလည်း ရေးနေပါတယ်။ လေ့လာ နေတုန်းပါပဲ။ Language ကတော့ လွတ်လပ်စွာ မြင်ပါတယ်။ ထင်မြင်ယူဆချက် သက်သက်ရယ်တော့ မပေးချင်ပါဘူး။ မပြည့်စုံသေးလို့ပါ။

အောင်ရင်ငြိမ်း ကိုယ်တို့ဆီမှာ “အနုပညာဆိုတာ နိုင်ငံရေးရဲ့လက်အောက်ခံ ဖြစ်တယ်” လို့ တချို့ပြောကြတာ ရှိတယ်။ သူတို့အမြင်အရ ဘယ်လို အနုပညာ ပစ္စည်းမျိုးမဆို ခေတ်ကာလ အကြောင်းခြင်းရာ၊ အခြေအနေမျိုးစုံရဲ့ လှိုင်းရိုက်ခတ်မှု၊ ဩဇာသက်ရောက်မှုကို ခံရတယ်ပေါ့။ ဒီနေ့ခေတ်ပြိုင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ နည်းပညာ စတဲ့ နိုင်ငံ့ရေးရာတွေနဲ့ ညီလေးတို့ ပုဂ္ဂလိက ဖန်တီးနေတဲ့ ကဗျာ အနုပညာ ကြားမှာ အဲဒီလို အဆက်အစပ်မျိုး ရှိသလား။ ဒီလို ကြောင်းကျိုး ဆက်စပ်မှုမျိုး ကဗျာမှာ ရှိသင့်တယ်လို့ ယူဆလား။ မရှိသင့်ဘူးလို့ ယူဆလား။

ကျေးတော်မျိုး မဟုတ်ဘူး။ အနုပညာဟာ နိုင်ငံရေးရဲ့ လက်အောက်ခံ ဆိုတာကို ကျွန်တော်ကတော့ ငြင်းတယ်။ အနုပညာဟာ အနုပညာပါပဲ။ အဓိက ရေးသူရဲ့ အာရုံ ဝင်စားမှု။ ဒါ သူ့ရဲ့ ရိုက်ခတ်မှုဆိုင်ရာ အတွေးအမြင်ပါ။ အနုပညာက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတို့နဲ့ မဆိုင်ဘဲ သီးခြား ရပ်တည် နေပြီးသားလို့ ကျွန်တော် မြင်တယ်။ ကြောင်းကျိုး ဆက်စပ်မှု ရှိသင့်တယ်၊ မရှိသင့်ဘူး ဆိုတာထက် ကျွန်တော်တို့ ကဗျာရေးသူ တစ်ယောက် အနေနဲ့ လွတ်လပ်စွာ စီးမျောခွင့်ပဲ ရှိချင်တယ်။ လွတ်လပ်စွာ စီးမျောခွင့်မှာ ရိုက်ခတ်လာမယ့် လှိုင်းတွေ ဒါကတော့ ပရိသတ်ကပဲ သတ်မှတ် ကြပါစေ။

ယုံမွန်(ULF) အနုပညာနဲ့ နိုင်ငံရေး ဆိုတာကတော့ တွဲထားလို့လည်း ရသလို ခွဲထားမယ် ဆိုလည်း ရပါတယ်။ ဒါက ဖန်တီးသူနဲ့ပဲ သက်ဆိုင်တယ်။ ဘယ်လို အနုပညာမဆို ခေတ်စနစ်ရဲ့ ဩဇာ သက်ရောက်မှုကို အနည်းနဲ့ အများကတော့ ခံရတာပဲလေ။ အခုဆိုရင်တောင် ယုံတို့ Online Poetry သမားတွေက နည်းပညာနဲ့ ဆက်စပ်ပြီးတော့ ထွက်ပေါ် လာခဲ့တာပဲ မဟုတ်လား။ ပြောင်းလဲမှုကို အမြဲတမ်း လျစ်လျူရှုထားမယ် ဆိုရင် ဖန်တီးမှုအသေကြီးပဲ ဖြစ်နေလိမ့်မယ်။ အမြဲတမ်း Active ဖြစ်နေဖို့ကတော့ ခေတ်သစ်ကို မျက်ခြည်မပြတ် လိုက်နေဖို့ လိုအပ်သလို သမိုင်းကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ကဗျာမှာလည်း အဲလို ချိတ်ဆက်မှုလေးတွေ ရှိသင့်တယ်လို့ ထင်ပါတယ်။


ရွှေယုန် ဒီလို ကြောင်းကျိုး ဆက်စပ်မှုမျိုး ရှိသင့်သလား၊ မရှိသင့်ဘူးလား ဆိုတာကိုတော့ ကျွန်တော် မဆုံးဖြတ်တတ်ပါဘူး။ ကဗျာတစ်ပုဒ်ရဲ့ Theme ကတော့ ကဗျာရေးတဲ့ အချိန်မှာရှိတဲ့ ကဗျာဆရာရဲ့ Mood နဲ့ပဲ သက်ဆိုင်ပါတယ်။ Online Poetry မှာတော့ ဘယ်လို အကြောင်းအရာမျိုးကမှ ချုပ်နှောင် ထားတာ မရှိပါဘူး။

နေ့သစ် ကျွန်တော့် အမြင်အရတော့ ရှိသင့်တယ်လည်း မဟုတ်ဘူး၊ မရှိသင့်ဘူးလည်း မဟုတ်ပါဘူး။ လက်တွေ့အရ ပြောရရင်တော့ ရှိနေပါတယ်။ ဒီအပိုင်းက ကဗျာရေးသူရဲ့ စိတ်ခံစားမှုနဲ့ သူ့ရဲ့ဖန်တီးမှု အပေါ်မှာ မူတည်တာပါ။ ကဗျာဟာ အရာအားလုံးနဲ့ သက်ဆိုင်ပါတယ်။

ဥက္ကာကိုကို ကြောင်းကျိုးဆက်စပ်မှု ရှိနိုင်ပါတယ်။ ဒါပေမယ့် အနုပညာဟာ နိုင်ငံရေးရဲ့ လက်အောက်ခံဖြစ်တယ် ဆိုတာ လက်မခံပါဘူး။ တကယ်တမ်း ဆိုရင် နိုင်ငံရေးကပဲ အနုပညာရဲ့ လက်အောက်ခံ ဖြစ်သင့်ပါတယ်။
အခု စကားပြောသွားကြတဲ့ Online Media Group ရဲ့ “နံနက်ခင်းကြယ်စင်စု” ကဗျာဖွဲ့မှာ လူငယ် ကဗျာဆရာ ၁ဝ ဦးက ကဗျာ ၁ဝ ပုဒ် ပါဝင်ရေးသားထားပါတယ်။ သူတို့တွေကတော့ ဥက္ကာကိုကို(သံတွဲ) အခန်းဆက်ညများညိမ်းညို အခွံမာသစ်သီးများသူရဿဝါ မော်ဒန်ကောင်နေ့သစ် ကျွန်တော့်သူငယ်ချင်းမလေးနဲ့ မိုင်ငါးဆယ်ပတ်လည်မှာကြယ်ရိုင်း မင်းနဲ့ကင်းတဲ့ငါယုံမွန်(ULF) နတ်သမီးအိပ်မက်ကျေးတော်မျိုး နာတာရှည်ရုပ်သေး ဗုဒ္ဓဟူးရွှေယုန် ကိုကိုက ကြယ်သီးတစ်လုံး မဟုတ်တဲ့အခါငယ် မဲ့ တို့ပဲဖြစ်ပါတယ်။
သူတို့ရဲ့ကဗျာတွေကို ဖတ်ဖြစ်ကြတဲ့ ပုံနှိပ် မီဒီယာ ကဗျာဆရာ အချို့ရဲ့ အမြင်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။
“မဂ္ဂဇင်းစာမျက်နှာ ဆိုတာ ကျွန်တော်တို့ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရဆဲ ဖြစ်သန်းမှု တစ်ခုပါ။ ဒါပေမယ့် Print Media မှာပဲဖြစ်ဖြစ်၊ Online Media မှာပဲဖြစ်ဖြစ် ကဗျာတွေကို ကျန်းမာသန်စွမ်း စေချင်ပါတယ်။ “နံနက် ခင်းကြယ်စင်စု” Online ကဗျာစုစည်းမှုဟာ ဝမ်းသာစရာ စုစည်းမှုတစ်ခုပါ။ ကဗျာကို ဖန်တီးရေးသားနေသူ ဘယ်သူမဆိုကိုယ့်ကဗျာကို ချောင်းတဟွတ်ဟွတ် ဆိုးနေတဲ့ကဗျာတွေ ဖြစ်စေချင်မှာ မဟုတ်ပါဘူး။ ဘယ် Media မှာပဲဖြစ်ဖြစ် ကဗျာအပေါ် ယုံကြည်စွာ ဖြတ်သန်း လျှောက်လှမ်းရဲတဲ့ စိတ်တစ်ခု မဖြစ်မနေ လိုအပ်ပါတယ်” |သက်ငြိမ်သစ်|

“ဝင်းမှည့်လာမယ့် အနုပညာသစ်သီးတွေပါ။ နည်းနည်း အားစိုက်လိုက်ရင် Print Media ထဲရောက်ပြီ” |ဖွဲ့သီသစ်|

“မြစ်တိုင်း စီးဆင်းဆဲ၊ လမ်းတိုင်းလည်း စီးဆင်းမြဲ၊ ကဗျာလည်း စီးဆင်းမြဲပါပဲ။ ကျန်းမာသန်စွမ်း လွတ်လပ်သော ကဗျာများသာ အဓွန့်ရှည် တည်တံ့ပါစေ” |အောင်ပိုင်စိုး|


“အားလုံး လွတ်လပ်စွာ ပျံသန်းကြတာပေါ့” |သူရနီ|

“ကလောင် နာမည်တွေကတော့ နည်းနည်း Shock ဖြစ်တယ်ဗျ။ ကဗျာလေးတွေ ကောင်းရဲ့ သားနဲ့ ကလောင် နာမည်တွေကြောင့် ဒုက္ခများနေတာတွေကို တွေ့ရတယ်ဗျာ” |ခန့်မင်းထက်|

“နေ့သစ်၊ ငါလည်း မိုင်ငါးဆယ်ပတ်လည်မှာ” |အောင်ခိုင်မြတ်|


“ဗုဒ္ဓဟူး ကဗျာတော့ ကြိုက်တယ်။ ကျန်တာ အဆင်မပြေသလောက်ပဲ” |မင်းသက်ဇဉ်|

“ယုံမွန်ရဲ့ ကဗျာနဲ့ ပတ်သက်လို့ ဘဝင်စိတ် ဖြစ်ပေါ်မိပါတယ်။ Print ဖြစ်ခြင်း၊ မဖြစ်ခြင်းထက် ကဗျာဖြစ်ခြင်း၊ မဖြစ်ခြင်းက ခုချိန်မှာ ပိုများ အရေးကြီး နေမလားပဲ” |A မွန်|

အားလုံးကို ကျေးဇူးတင်ပါတယ်။
အောင်ရင်ငြိမ်း