ဟိုးရှေးရှေးတုန်းက မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်မြို့လို့ ခေါ်တွင်တုန်းကပေါ့ … ရန်ကုန်မြို့ပေါ်က အဆင့်မြင့်ကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ အင်ဂျင်နီယာ အလုပ်လုပ်နေတဲ့ မမဝေလို့ အများကခေါ်ကြတဲ့ အမျိုးသမီးချောချောလေးတစ်ယောက် ရှိသတဲ့။ မမဝေက သူ့အလှနဲ့ သူ့ပညာကို မာန်တက်ပြီး ဘယ်ယောက်ျားကိုမှ လူမထင်ပဲ တစ်ကိုယ်တည်း အပျိုကြီးဘ၀နဲ့ ခပ်တင်းတင်းပဲနေနေသတဲ့။ သူ့ရဲ့ ဒုက္ခတွေကိုတော့ သူကိုယ်တိုင်ပဲ သိတာပေါ့။

အရာရှိ အင်ဂျင်နီယာမမက တစ်လမှ လစာ (တစ်သောင်းကျပ်)ပဲ ရရှာတာလေ … (၅) ပါးသီလကို ဘောင်းဘီဝတ်သလိုမြဲတဲ့သူဆိုတော့ တစ်ပြားတစ်ချပ်မှ အောက်စိုက်မရှာဘူးတဲ့ … (စက်ရုံထဲမှာက နေ့တိုင်း ဘောင်းဘီဝတ်ရတယ်)..

တခြားအလုပ်မှာ စီမံခန့်ခွဲမှုတော်တာတွေကတော့ နားမလည်တဲ့သူတွေကိုရှင်းပြရင် အပိုဖြစ်နေမှာစိုးလို့ လစဉ်အသုံးစရိတ် စီမံခန့်ခွဲပုံလေးကိုပဲ ပြောပြတာပေါ့ကွယ် ..

လစဉ် နယ်မှာနေတဲ့ မိဘ နှစ်ပါးကို တစ်လ (နှစ်ထောင်ကျပ်) ပြန်လည်ထောက်ပံ့တယ် … ကျေးဇူးရှင်ရွာဦးကျောင်းက ဆရာတော်ကြီးကို တစ်လ (တစ်ထောင်ကျပ်) လှူဒါန်းတယ် … အိမ်လခနဲ့မီတာခက တစ်လ (တစ်ထောင်ကျပ်) ပေးရတယ် … လစာထုတ်တဲ့အချိန်မှာ သုံးစရာလက်ထဲမှာ (ခြောက်ထောင်ကျပ်) ပဲရှိတာပေါ့ကွယ် … တစ်နေ့ကို ၂၀၀ ထက် ပိုသုံးလို့မရတော့ဘူးပေါ့ … နယ်ကမိဘတွေက အလိုက်တသိနဲ့ ရွာရဲ့ထွက်ကုန် ဆန်ဆီနဲ့ တခြားစားစရာ အခြောက်အခြမ်းတစ်ချို့ကို ပို့ပေးရရှာတယ် …

ဆန်အတွက် မပူရတော့ မနက်မိုးလင်းရင် ပဲပြုတ်သယ်ဆီက ပဲပြုတ် (၅၀ ကျပ်) ဖိုး ၀ယ်ရတယ် … အလုပ်ကလဲ မနက် ၈ နာရီ စက်ရုံထဲအရောက်ဆိုတော့ မနက်စာကိုပါ ထမင်းဂျိုင့်ထဲထည့်သွားပြီး အလုပ်ထဲရောက်မှ စားရရှာတယ် … ပဲပြုတ်ဆီစမ်းနဲ့ ထမင်းပူပူလေးက မနက်စာပေါ့ … အလုပ်အတူလုပ်တဲ့ အလုပ်သမလေးတွေက မမဝေ မုန့်ဟင်းခါးမစားဘူးလား … ပလာတာမစားဘူးလားစသဖြင့် မေးကြတာပေါ့ … မမဝေကတော့ ခပ်တည်တည်ပဲ … မမဝေက တစ်ပတ် ၃ ရက် သတ်သတ်လွတ်စားတယ်လေ … မမ မွေးနေ့ရယ် အဖေ့မွေးနေ့ရယ် အမေ့မွေးနေ့ရယ် … နောက်ပြီး မနက်ပိုင်း သေချာထချက်ဖို့လဲ အချိန်မမှီတော့ ဖြစ်သလို ပဲပြုတ်လေးပဲ ထည့်လာရတယ်လို့ပဲ ဖြေရတာပေါ့ … တစ်ခါတစ်လေတော့လဲ ပဲပြား ပဲပင်ပေါက် ၁၀၀ ဖိုးကို ၂ နပ်စားရတာလဲ ရှိတယ် … ရွာကပို့ထားတဲ့ ပဲကတော့ ညနေတိုင်း ဟင်းချိုချက်သောက်တယ် … သတ်သတ်လွတ်မစားတဲ့နေ့ဆိုရင်တော့ ကြက်ဥကို အမျိုးမျိုး တန်ဆာဆင်ပြီး ချက်ပြုတ်စားတယ် (ကြက်ဥအသုံးပြုနည်း ကျမ်းစာအုပ်ရေးသားပြီး) …

ညဘက်ကျတော့ အနီးအနားက ကလေးတွေကို ပညာကုသိုလ်လုပ်တယ်ဆိုပြီး စာခေါ်သင်ရသေးတယ်။ အလကားလဲမသင်နိုင် ပိုက်ဆံယူရင်လဲ မကောင်းတာနဲ့ တစ်ယောက် ၅၀၀ ပဲ ပေးပါဆိုပြီး ၁၀ ယောက်လောက်ကို စာသင်ပေးရသေးတယ် … အဲဒီပိုက်ဆံက အ၀တ်အစားဖိုးနဲ့ သာရေးနာရေးဖိုးပေါ့ …

တခြားသူတွေကတော့ မသိရှာဘူးပေါ့ … ဒီလောက်တောင် ချွေတာကပ်စေးနဲနေတဲ့ မမဝေမှာ စုဆောင်းထားတာ တော်တော်ရှိလောက်ပြီလို့ အထင်မှားနေကြတာပေါ့ … သူ့ဥပဓိရုပ်ကလဲ ကြည့်လိုက်ရင် သူဌေးသမီးတစ်ယောက်လိုပဲဖြစ်နေတယ် … တစ်ခါတစ်လေ သူ့ဘတ်ဂျက်အခြေအနေကိုပြောပြရင် တခြားဝန်ထမ်းတွေက မမဝေက ဟာသတော်တော်ပြောတတ်တာပဲဆိုပြီး ရီကြသတဲ့ … နောက်တော့လဲ အထင်ကြီးခံရနဲလားဆိုပြီး အောင့်သက်သက်နဲ့ပဲ နေနေရတော့တာပေါ့ …

မမဝေမှာ မီးခံသေတ္တာကြီးတစ်လုံးရယ် ဘီဒိုအကြီးကြီးတစ်လုံးရယ်ရှိတာကို သိနေတဲ့ တပည့်ကျော်လေးတွေက အပြင်မှာလျှောက်ပြောတော့ လူဆိုးတွေက သူခိုးခိုးဖို့ ကြံစည်သတဲ့ … နေ့ခင်းဘက် ရုံးသွားနေတုန်း သူခိုးဝင်တာပေါ့ … တစ်အိမ်လုံးရှာတာ ပိုက်ဆံနဲ့တူတာဆိုလို့ တစ်ကျပ်တောင်မတွေ့ဘူးတဲ့ … ခိုးစရာဆိုလို့ ထမီစုတ်တောင် မရှိဘူးတဲ့ … မီးခံသေတ္တာကြီးကလဲ ဘယ်အဘိုးက အမွေပေးခဲ့မှန်းမသိလောက်အောင် ရှေးကျပြီး သော့ကြီးက ဘယ်လိုမှ ဖွင့်လို့မရဘူးတဲ့ … သေတ္တာလိုက် မပြီး ခိုးဖို့ကြံပေမယ့်လဲ လေးလိုက်တာ ဘယ်လိုမှ မလို့မကြွဘူးတဲ့ … ဘီဒိုအကြီးကြီးတစ်ခုကိုတော့ သော့ဖျက်ပြီး ဖွင့်ကြည့်လိုက်တာ သူခိုးတွေ မျက်လုံးပြူးသွားသတဲ့ … (ဘာတွေလဲဆိုတာ ပြောပြဘူး …)

သူခိုးတွေလဲ ဘာမှမရသွားတော့ တော်တော်မကျေနပ်ဖြစ်ကြတာပေါ့ … အဲဒါနဲ့ သူတို့ထက်ပိုစွမ်းတဲ့ ဓါးပြတွေကို လက်ထောက်ချလိုက်သတဲ့ … မီးခံသေတ္တာထဲမှာ အလွန်အဖိုးတန်တာ ရှိကိုရှိရမယ်ပေါ့လေ … ဓါးပြတွေကလဲ စိတ်ဝင်စားတာနဲ့ ဓါးပြတိုက်ဖို့ သေသေချာချာစီစဉ်တော့သတဲ့ …

လူခြေတိတ်တဲ့ တစ်ညမှာတော့ ဓါးပြတွေက တံခါးလာခေါက်သတဲ့ … မမဝေက အိမ်တံခါးကို အလွယ်တကူ ဖွင့်ပေးမှာမဟုတ်ဘူးဆိုတာသိလို့ တပည့်ကျော်လေးအဖေပါ သမီးလေး အသဲအသန်ဖြစ်နေလို့ စက်ရုံထဲကကားနဲ့ ဆေးရုံသွားမလို့ မမဝေက စက်ရုံမှူးကို ပြောပေးပါဆိုပြီး လာပြောတော့ တကယ်ထင်ပြီး တံခါးဖွင့်ပေးလိုက်မိတာပေါ့ … ကျောချမှ ဓါးပြမှန်းသိတော့တာပေါ့ … အသံထွက်ရင် သတ်ပစ်လိုက်မယ် ဘာမှတ်လဲဆိုပြီး ရှေးတုန်းက သူကြီးတွေကိုင်တဲ့ နှစ်လုံးပြူးသေနတ်ကြီးနဲ့ … မီးခံသေတ္တာကိုဖွင့်ဖို့ အမိန့်ပေးသတဲ့ … လက်ထောက်ဓါးပြတွေလဲ ပါလာသေးတယ် … နံမည်ဝှက်နဲ့ခေါ်တာကို ကြားမိတာကတော့ ကြောင်၊ ပု၊ ပေါက်၊ နီ ဆိုလားပဲ … မမဝေက သတ္တိအင်မတန်ကောင်းတယ် .. ခါးပတ်နက်အဆင့်လေ … ဥာဏ်နီဥာဏ်နက်ကလဲ များတယ် … မိန်းမမာယာကိုလဲ အလိုရှိတိုင်း ထုတ်သုံးနိုင်သတဲ့ … ဒီအတိုင်း ဘယ်ဖွင့်ပေးမလဲ … ဓါးပြဗိုလ်ကြီးကို ဥာဏ်စမ်းတစ်ခုမေးလိုက်တယ် … အဲဒီဥာဏ်စမ်းကို ဖြေနိုင်မှ အဲဒီသော့ကိုဖွင့်လို့ရမှာလို့ ယုံအောင်ပြောလိုက်သတဲ့ … မမဝေရဲ့ အဘိုးရဲ့ အဘိုးရဲ့ အဘိုးလက်ထက်က မီးခံသေတ္တာကြီးဖြစ်ကြောင်း … အထဲမှာ တန်ဖိုးတန်ရတနာတွေရှိကြောင်း … ဆွေစဉ်မျိုးဆက် ၉ ဆက်တိုင်တဲ့အထိ ဖွင့်မရသေးကြောင်း … ဓါးပြဗိုလ်ကြီးသာ သူ့ကိုယ်စား အဲဒီဥာဏ်စမ်းကို ဖြေပေးနိုင်ရင် အလွန်ကျေးဇူးတင်မှာဆိုတဲ့အကြောင်း … မယုံယုံအောင် လှည့်ပတ်ပြောလိုက်တာ ခေါင်းဆောင်ကြီးရော နောက်လိုက်တွေပါ ယုံကြည်သွားသတဲ့ … သူတို့တွေလဲ ဘာမှရမသွားတဲ့အဆုံး မမဝေရေးသားပြုစုထားတဲ့ ကြက်ဥအသုံးပြုနည်းကျမ်းကိုပဲ ယူသွားကြရသတဲ့ …

သူတို့ခေါင်းထဲမှာတော့ ဥာဏ်စမ်းကို အဖြေရှာကြတာ အချိန်တိုတိုအတွင်း ဘိုးတော်ဖြစ်တဲ့သူကဖြစ်၊ စိတ်ဖောက်ပြန်ပြီး လုံးရာကပြားတဲ့သူကပြား၊ ကဗျာဆရာလဲ ကဗျာမစပ်နိုင်၊ အင်တာနက်ကနေ စာရေးတဲ့ စာရေးဆရာကလဲ စာမရေးနိုင်ပဲ ပဟေဌိအဖြေရှာနေတာနဲ့ ၀င်ငွေမရှိပဲ အင်တာနက်ဖိုးတောင် အကြွေးတင်နေသတဲ့ကွယ် ….

သူတို့ကို စဉ်းစားခိုင်းလိုက်တဲ့ ဥာဏ်စမ်းပဟေဌိကတော့ ….

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....