ချစ်သောသူ… ထိုသူ

စဆရ ႀကီးApril 21, 20111min20220

အမြဲတမ်း ဖတ်ရှုပေးနေတယ်လို့ ယူဆရသော ဆူး၏တောင်းဆိုမှုအရ ဒီ Post လေးကို ရေးလိုက်သည်ဟု ဦးစွာဝန်ခံပါရစေ။ ထို့နောက်တွင်မတော့ ဘာမှ မရှိသော ကျွန်တော့်တွင် ရှားရှားပါးပါး ရှိနေသော၊ ပိုင်ဆိုင်သည်ဟုထင်ရသော၊ တစ်ဦးတည်းသော ဂရုစိုက်ပေးသူ… သူ…. သူမအကြောင်းကို စတင်ပါတော့မည်။ စိတ်ဝင်စားက ဆက်လက်ဖတ်ရှုကြပါကုန်။ စိတ်မဝင်စားပါက ဒီနေရာတွင်ပင် ရပ်လိုက်ကြနိုင်ပါသည်။ ကျွန်တော်သည် လွတ်လပ်မှုကို အတော်ပင် မြတ်နိုးပါသည်။ မလွတ်လပ်ခဲ့သည်မှာ မွေးကတည်းကမို့လား။

(စတွေ့ချိန်)

အရာအားလုံးနှင့် ဝေးကွာခဲ့ပြီးနောက် တစ်ကိုယ်တည်း အထီးကျန်နေရချိန်များတွင် အင်တာနက်ကို ဖောသီစွာ သုံးခွင့်ရသောနိုင်ငံတစ်ခုသို့ရောက်ရှိနေသော ကျွန်တော်သည် မိမိကိုယ်ပိုင် ကွန်ပျူတာလေးကို အသုံးချပြီး Facebook၊ Gtalk များကို မြန်မာနိုင်ငံတွင် ဈေးကြီးပေး၊ အချိန်ပေးသုံးစွဲခဲ့ရသမျှ အတိုးချကာ ဖောဖောသီသီကြီးသုံးနေလေသည်။ တစ်ခါတစ်ရံ အိပ်ပျော်သွားသည်တောင်မှ ကွန်ပျူတာကို မပိတ်ဘဲ Status ချန်ထားပြီး စကားပြောမည့်သူများကို စောင့်မျှော်နေတတ်သော သကောင့်သား ကျွန်တော်ဖြစ်ပေ၏။ Status ရေးသားထားသည်တောင်မှ ဖတ်သူ အရူးဖြစ်စေသတည်းဟူသည့် စာသားလိုပင် အိပ်ပျော်နေပါသောကြောင့် ပြောစရာရှိလျင် မတ်စေ့ ချန်ထားခဲ့ပါကုန်၊ မတ်စေ့မရှိလျင် ကျပ်စေ့ ချန်ထားခဲ့ပါကုန်ဟုဆိုပြီး တစ်နေကုန် စကားပြောဖော် ရှာနေသော အချိန်ပင် ဖြစ်ပေသည်။

ထိုအချိန်တွင် မိန်းမချောလေးတစ်ယောက်သည် ကျွန်တော့်၏ တစ်နေ့တစ်မျိုးမရိုးရသော Status များကို ဖတ်ရှုပြီးသကာလ သက်ဝင် သနားခြင်းရှိလာသည့် အားလျော်စွာ စကားပြောဖော်ရလာလေသည်။ ထိုမိန်းကလေးမှာကား ယခုကျွန်တော် အကျယ်တဝင့် ရှင်းလင်းဖွင့်ဆိုပြမည့် မဒမ်… လူလောင်းလျာ အနှီမိန်းကလေးပင် ဖြစ်ပေတော့သည်။ စတင်တွေ့ဆုံချိန်က အမျိုးစပ်လိုက်ရာတွင် သူမ လက်ရှိအလုပ်သည် ကျွန်ုပ်တစ်ချိန်က ဆက်ဆံခဲ့ဖူးသော ရုံး/ဌာန ဖြစ်သည့်အားလျော်စွာကတစ်ကြောင်း၊ မွေးနှစ်ခြင်းတူသည့် သက်တူရွယ်တူ ဖြစ်သည့်တစ်ကြောင်းကြောင့် ပြောစရာစကားများမှာ အတော်ပင်များလေ၏။ ကျွန်ုပ်မှာမူကား တိုင်းရင်းသားဖြစ်သည့်အားလျော်စွာ စကားကို အပိုတန်ဆာမဆင်၊ အဆင်ပြေချောမွေ့မှုရှိအောင် မပြောဆိုတတ်သော်ငြား သူမစိတ်တွင် ရိုးသားပွင့်လင်းသည့် ယောကျာ်းတစ်ယောက် ဖြစ်ပေသည်ဟု ယခုအခါ စကားတိုက်ဆိုင်ချိန်များတွင် ပြန်လည်အမှတ်ရ ပြောဆိုကြလေသည်။ စတွေ့ဆုံချိန်များက သာယာလွန်းလှပေစွ။ မိန်းမချောလေးတစ်ယောက်အား စကားပြောနေရသည်ဆိုသည့်ပီတိမှာ အဘယ်အရာနှင့်မျှ မလဲနိုင်ပါ။

ခြွင်းချက်အနေနှင့်ကား ထိုအချိန်တွင် သူမထံတွင် ချစ်ကြင်ရမည့်သူ ပညာတတ်၊ လူဂုဏ်တန်၊ ယောကျာ်းတစ်ယောက်ရှိနေပါသော်လည်း ကျွန်တော့်မှာ တစ်ကိုယ်တည်း အထီးကျန်နေသူဖြစ်သည့်အတွက် သူမရင်ဖွင့်စရာ၊ ဟစ်တိုင်ကြီးပမာ ဖြစ်ခဲ့ရလေသည်။ ထိုအချိန်က တွေးမိခဲ့သည်မှာ အဘယ်ကြောင့်များ ထိုအမျိုးသားသည် ထိုမိန်းကလေးကို မချစ်ခင်၊ မနှစ်သက်ပါသနည်းဟု ဖြစ်သည်။ စကတည်းက ယဉ်သကိုဟု စတင်ခဲ့သော ကျွန်တော်ချစ်သော မဒမ်လောင်းလျာလေးနှင့် ထိုလူမှာ ထိုသူ လက်ထပ်သွားသည့်အချိန်မှစတင်ပြီး ဆုံးခန်းတိုင်လေ၏။ မဒမ်လောင်းလျာလေး ပိုခံစားစေရသည်မှာ သူတို့(၂)ဦးမှာ ချစ်သူများမဟုတ်ကြသော်လည်း ထိုမိန်းကလေးမှ ၎င်း၏ပါတ်ဝန်းကျင်တွင် ချစ်သူဟု ယူဆစေနိုင်သောစကားများကို ပြောဆိုထားသဖြင့် ယခုလို မပြောမဆို တစ်ခြားမိန်းကလေးတစ်ဦးကို လက်ထပ်သွားသည်ကတစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် သူမ၏ ချစ်လှစွာသောညီမလေးမှာ ရောဂါဝေဒနာကို နာတာရှည်ခံစားနေရာမှ ဘဝတစ်ပါးသို့ကူးပြောင်းသွားသည်က တစ်ကြောင်းကြောင့် သူမမျက်ဝန်းတွင် မျက်ရည်တို့မှာ နေ့စဉ်ရက်စက် ခမ်းခြောက်သွားသည်မရှိဘဲ တိုးလို့သာလာသည်ဖြစ်ရကား သူမအတွက် ဖြေသိမ့်စရာ တစ်နေရာရှာရာတွင် တစ်နေကုန် Online တက်နေတတ်သော ကျွန်တော့်အား ပြေးမြင်မိလေ၏။

ထိုအချိန်မှစပြီး ကျွန်တော့်မှာ သူမအား မျက်ရည်တို့ခမ်းခြောက်ရစေအံ့ဟူသော ယောကျာ်းကောင်းတို့၏ စိတ်ကိုမွေးမြူပြီး သူမ မပျော်၊ ပျော်အောင် နည်းလမ်းမျိုးစုံသုံးပြီး သူမအား တစ်နေကုန် အဖော်ပြုပေးနေမိတော့သည်။ သူမစိတ်ချမ်းသာသွားပြီ၊ အရာရာကို မေ့ပျောက်သွားနိုင်လောက်ပြီဆိုသောအချိန်တွင်မှ ချစ်သမျှကို စီကာပါတ်ကုံး ရေးသားကာ ပြောပေတော့သည်။ အရေးအသားမကောင်းသော်လည်း သူမရင်ထဲရောက်ရန်အရေးကြီးသည်မလား။ ဘယ်သူမှ မရှိတော့ချိန် နေရာဝင်ယူရတာ ကျယ်ကျယ်ဝန်းဝန်းရှိလှပါဘိ။

(ချစ်သူတွေဘဝ)

တစ်နေ့တွင်မတော့ ကျွန်တော်သည် ငယ်စဉ်ဘဝဖြတ်သန်းခဲ့ပုံ၊ လက်ရှိဘဝဖြတ်သန်းနေပုံတို့ကို တစ်ကိုယ်တည်း ပြန်တွေးမိပြီး သူမနှင့် ရှေ့ရေးကို မျှော်တွေးမိသည့်ခဏ ဘေးတွင် အသီးအရွက်လှီးဒါး(ဓါး)ကိုချ၊ သူမနှင့် vzo ပြောနေရင်းနှင့်ပင် သူမကို နောက်ဆုံးနှုတ်ဆက်စကားဆို၊ မဖြစ်နိုင်တော့သည့်ဘဝ ဒီဘဝ၊ ဒီမျှသာဟုဆိုပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန်အလို့ငှာ ဒါး(ဓါး)ကို မြှောက်လိုက်စဉ်ခဏတွင်ပင် သူမထံမှ ရှိုက်ကြီးတငင်ဖြင့် ချစ်အဖြေစကား၊ သံယောဇဉ်စကားအစုံစုံတို့ကို ကြားပြီးနောက်တွင်မတော့ ကိုင်လျက်သားဒါး(ဓါး)ကို အလျင်အမြန်လွှတ်ချ၊ အသက်ဆက်ရှင်သန်ခဲ့သည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်သည်။ ထိုစဉ်က သူမတောင်းဆိုခဲ့သည့် ကတိစကားတစ်ခွန်းကြောင့်လည်းဖြစ်ပါသည်။ သူမအား ချစ်လျှင် ဘယ်သောအခါမျှ ကိုယ့်ကိုယ်ကို အဆုံးမစီရင်ပါဟု တောင်းသည့်ကတိပင်ဖြစ်ပါသည်။ ထိုအချိန်မှစတင်ပြီး သူမ၏စကားကို ယခုတိုင်အောင် မြေဝယ်မကျနားထောင်ခဲ့သဖြင့် ယခုလို ဇာတ်ကြောင်းကို ပြန်လည်ရေးသားနိုင်ခြင်းဖြစ်သည်။ သူမသည်ကား ကျွန်ုပ်၏ အသက်ကို ပိုင်စိုးလေပြီ…။ သူမသာလျှင် နှုတ်ယူနိုင်ပေတော့သည်။

သူမ၏ မျက်ရည်စတို့ကိုမြင်တိုင်း၊ သူမ၏ ဝမ်းနည်းကျေကွဲမှုတွေကိုမြင်တိုင်း မခံမရပ်နိုင်ဖြစ်ရသော ကျွန်တော့်မှာ သူမအား အကောင်းဆုံးဖြေသိမ့်ပေးနိုင်စရာ စကားလုံးတို့ကိုရှာရင်းနှင့် သူမအပေါ်တွင် စာနာသနားစိတ်များ များစွာဖြစ်ရသည်။ ကျွန်တော့်ခံစားချက်များမှာ သူ့အရေးနှင့်ယှဉ်လိုက်လျှင် မြူမှုန်တစ်ခုစာပင် အရေးမပါတော့ပါ။ ကျွန်တော့်ဝင်သက်တိုင်းသည် သူမအတွက် ရှူရှိုက်နေခြင်းသာဖြစ်ပြီး ထွက်သက်တိုင်းသည် ဝေဒနာများအား မှုတ်ထုတ်ခြင်းသာဖြစ်ပေတော့၏။ ထိုကဲ့သို့ချစ်သော ကျွန်တော်နှင့် သူမကြားတွင် ပကာသနတံတိုင်းများ များစွာရှိပေသည်။

ဆက်ပါမည်…

(ချစ်သူရှိသော တစ်ယောက်တည်းဘဝ)

ဒီနေ့ သူမ ငွေဆောင်သွားပါမည်။ မသွားခင် ယခုလိုညလေးတွင်မတော့ သူမကားပေါ်မတက်ခင်ထိတော့ စကားတွေ ဖောင်ဖွဲ့၊ အလွမ်းတွေ ဇာချဲ့ပြနေလို့ရပါသေးသည်။ သူမမှ အငိုမျက်ဝန်းဖြင့် နောက်ဆုံးပြောဆိုခဲ့သည်မှာ မသွားခင်ကတည်းကတောင် မောင့်ကိုလွမ်းနေရပါတယ် ဆိုပြီးဖြစ်လေသည်။ သူမပြန်လာသောအခါ ဓါတ်ပုံများစွာ အမှတ်တရပါလာပါ၏။ ထိုရက်များတွင် သူမ ကျွန်တော့်အား မည်သည့်အဆက်အသွယ်မှ မလုပ်ပါ။

မြင်ရပါပြီ… သူမ ကျွန်တော့်အားလွမ်းနေသည်မှာ ငွေဆောင်တွင် ပြုံးပျော်လျက်ပါလား။ ထိုမျှအားမရသေးပါ။ သူငယ်ချင်းဆိုသူနှင့် သူမသောက်လက်စ အုံးသီးအား ခွဲခြမ်းစိတ်ဖြာပြီး တစ်ယောက်တစ်ခြမ်းစီကိုင်လျက်သား ရွှင်မြူးပြုံးပျော်လျက်သားပုံတွင် ထိုသူ၏နာမည်ကို Tag လုပ်လျက်သားနှင့်ပါတကား။ သူမခရီးစဉ်မတိုင်ခင် ကျွန်တော်မှ မနေနိုင်မထိုင်နိုင် သူမ Wall ပေါ်တွင် ငါ့ချစ်သူဟူသောသီချင်းကို တင်ပေးမိသည့်အတွက် ထိုသီချင်းကို ဖြုတ်လိုက်ရုံသာမက ကျွန်တော့်အား မဖြတ်ရုံတစ်မယ်ရေးသားသော စာများကို ဖတ်ခဲ့ရသည်ကို ပြန်တွေးမိပြီးနောက် ရင်တွင်း စူးအောင့်သောဝေဒနာတစ်ခုကို ပြင်းပြင်းပျပျခံစားရပါသည်။ ရက်စက်လွန်းလှပေစွ….။

စကားလုံးကြမ်းကြမ်းများ၊ ပြင်းပြင်းထန်ထန်ပေါက်ကွဲသံများဖြင့် သူမနှင့် ကျွန်တော့်ကြား အက်ကြောင်းများထင်လာပေပြီ။ သူမထံမှ ပြတ်သားသော စကားသံကြားရလေသည်။ သူမမျှော်လင့်သည့် သူမရှေ့ရေး၊ သူမမျှော်မှန်းသည့် ငွေကြေးချမ်းသာပြည့်စုံသည့် ခင်ပွန်း၊ ထိုသူမျိုးနှင့် ကျွန်ုပ်ယှဉ်လိုက်သောအခါ များစွာ နိမ့်ကျလှပေသည်တကား။ ထိုအချိန်တွင် အသည်းကွဲကဗျာ၊ နာကြည်းချက်စာတို့ကို မိမိအတွက် တစ်ခုတည်းသောကျန်ရှိရာ Facebook တွင်သာချရေးရင်း ၂၈ ယောက်သော သူငယ်ချင်းများမှ တစ်ယောက်စ၊ နှစ်ယောက်စတို့၏ အားပေးစကားသံများကို အရက်နှင့်မျှောချရင်း ဧည့်ခန်းခုံပေါ်တွင် သူမကိုယ်ပွား အကျင်္ီလေးကိုပိုက်ရင်းနှင့် အိပ်ပျော်ခဲ့ရသည့် ညပေါင်းမှာ မရေမတွက်နိုင်အောင်ပင်။

နောက်ဆုံးတွင်မတော့ အပြန်ပြန်အလှန်လှန်တွေးတောသုံးသပ်၊ ဆုံးဖြတ်ချက်ချရင်း လုပ်ဆောင်မိသည်မှာ သူမထံတောင်းပန်စာပို့ခြင်းပင်ဖြစ်လေသည်။ ကျွန်တော်မမှားခဲ့သော အကြောင်းအရာတစ်ခုအတွက် ဒူးထောက်ခစား သူမထံပါးမှာ လက်နက်ချ အရှူံးပေးလိုက်ရပါ၏။ လိုသလိုသာ သုံးပါတော့ကွယ်..။ ကိုယ်ကမှ သူ့လို မပြတ်သားနိုင်တာ။

(နိဂုံး၏ အိမ်မက်)

များမကြာမီကာလမှာပင် ကျွန်တော်သည်လည်း သူ့ထံပါးသို့ ပြန်လည်ခစား မော်ဖူးရပါတော့မည်။ အတိတ်က နာကြည်းခဲ့ရသမျှတွေကို မေ့ပျောက်ပြီး လာရောက်ကြိုဆိုနေမည့်သူမအား အပြုံးတစ်ပွင့်တော့ ပြုံးပြသင့်သည်မလား။ ဘာပဲဖြစ်ဖြစ်လေ တည်ရှိနေခြင်းကကို အကောင်းဆုံး အကြောင်းပြချက်ပဲ မဟုတ်ပေလား? ရှေ့ဆက်သွားဖို့သာ မျှော်လင့်မိပါတော့သည်။ အတိတ်ကို ယခုအချိန်မှစပြီး ယောင်လို့တောင် လှည့်မကြည့်ချင်တော့ပါ။

နောင်ကြုံလာမည့် ခံစားချက်များ၊ ရှူံးနိမ့်မှုများအတွက် ခွန်အားများကိုမွေးမြူရင်း သူမအား ပြန်လည်ဆုံတွေ့နိုင်မည့် နေ့ရက်ကို စောင့်မျှော်ရင်း… စောင့်မျှော်ရင်း… စောင့်မျှော်… စောင့်… ေ……….

(ကိုယ်ပိုင်ခံစားချက် သက်သက်သာဖြစ်ပါသည်)

20 comments

  • bigcat

    April 21, 2011 at 1:48 am

    တောက်… ငါလည်း အွန်လိုင်း အမြဲတက်တာပဲ၊ ဘာလို့သူ့လို မတွေ့ပါလိမ့်။ လာကြပါဗျို့.. ကျုပ်လည်း ရှုံးနိမ့်သူပါပဲ…..

  • eros

    April 21, 2011 at 2:17 am

    သူငယ်ချင်းဆိုသူနှင့် သူမသောက်လက်စ အုံးသီးအား ခွဲခြမ်းစိတ်ဖြာပြီး တစ်ယောက်တစ်ခြမ်းစီကိုင်လျက်သား ရွှင်မြူးပြုံးပျော်လျက်သားပုံတွင် ထိုသူ၏နာမည်ကို Tag လုပ်လျက်သားနှင့်ပါတကား။

    ဒီကိစ္စ ဖတ်ရတာ သိပ်မရှင်းဘူး။ နားမလည်ဘူး။ ပြန်ရှင်းပြဦး။

    အရေးအသားက ဒဂုဏ်ရွှေမျှားတို့ ခေတ်က အရေးအသားနဲ့ ခပ်ဆင်ဆင်တူတယ်။

    အကြောင်းအရာ နဲ့ ပတ်သက်ပြီး ဘာလို မှတ်ချက်ပြုရမယ် မသိသေးဘူး။ အကောင်းဆုံးက ဘုရားသွားရင်သွား မသွားရင် ဘီယာ အဝသောက်အိပ်ဗျာ။ ဒီထက်ပို လုပ်ချင်ရင် မြစ်ကမ်နားသွား (ခုန်မချနဲ့နော်) ဟေး ဆိုပြီး အားပါတရ အော်။

    ခင်ဗျားလို အဖြစ်တူသူတွေရှိပါတယ်ဗျ။ ကိုယ်ချည်းပဲ ရှုံးနိမ့်တယ်လို့ မခံစားပါနဲ့ဦး။

  • KoNyeinChan

    April 21, 2011 at 3:04 am

    ကိုကြီးကြောင်ရယ်… (ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါးသကဲ့သို့ သင့်ကိုတဂျွပ်ဂျွပ်နဲ့ ဝါးစားပစ်မည်။) ဆိုတော့ ကြောက်ကြတာပေါ့… 😀

  • ဆူး

    April 21, 2011 at 5:52 am

    ဦးကြောင်ကြီး အားကျနေတယ်လား..
    မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ကြောင်မကြီးနဲ့ ကြောင်ပေါက်စလေးတွေ ဘယ်လို လုပ်မလဲ

  • antimoe

    April 21, 2011 at 8:00 am

    ချစ်တတ်တဲ့သူဆိုတာ အမြဲတမ်း ရှုံးနိမ့်သူပါ။
    လူတယောက်ကို ဒီလောက်ချစ်ဖို့ရာ မလွယ်သလို… ရှုံးနိမ့်သူအဖြစ်ကိုကြည်ကြည်ဖြူဖြူ ခံယူနိုင်ဖို့ ဆိုတာလည်းမလွယ်ပါ။
    တစ်ဖက်ကမိန်းကလေးက..တဖက်သတ်အချစ်ဆိုတာ…ဘယ်လောက်ခံစားရသလဲဆိုတာ သိပြီးသား ဆိုတော့ သိပ်ပြောစရာတော့ မလိုတော့ဘူး ထင်တယ်။
    တကယ်ပဲ..မေတ္တာတွေ…အချစ်တွေကို..တန်ဖိုးထားတတ်တဲ့သူမဟုတ်ခဲ့ရင်..
    ကစားစရာလို…သဘောထားတဲ့ သူဆိုရင်
    သူ..ကစားချင်တဲ့စိတ်ပေါ်လာတဲ့ အချိန်မှာ….အဖော်..လုပ်စေမယ်..။
    ပြီးရင်…ချောင်မှာ …ထိုးထားမယ်..။
    ဒါကိုတောင်…ကျေနပ်စွာနဲ့..ခံယူနေသေး…ခယနေသေးတော့…
    တဖက်က..ပိုပြီး…ဘယ်လောက်ထိ ခံနိုင်မလဲလို့ ကိုယ့်ရဲ့သည်းခံမှုကို စမ်းသပ်ချင်လာမယ်။ သူ့အနေနဲ့ ပိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ဖြစ်လာမယ်။ ကိုယ်ခံစားနေတာကိုက..သူ့အတွက်..(မရည်ရွယ်ပဲ) ပျော်စရာ.ဖြစ်သွားရင်..ခက်ပြီ။
    အလျှော့အတင်းလေးတော့ …ရှိသင့်ပါတယ်။ ယောက်ျားမာန…လိုဟာမျိုးပေါ့။
    အချစ်စမ်းနေတာလား။
    ကစားနေတာလား။
    ကွဲပြားဖို့ လိုပါတယ်။
    မြို့ကြီးသူကို…သွားစတာ…အသဲအပိုပါလို့လား။
    ဇာတ်လမ်းက…အခုမှစမှာဆိုတော့…တောသားဖက်က …အားပေးနေပါတယ်။

  • m

    April 21, 2011 at 8:58 am

    အမှတ်တမဲ့ရိုက်ခတ်သွားတဲ့ ရေပွက်ငယ်လေးတစ်ခုလို့ သတ်မှတ်လိုက်ပါဗျာ –
    နောက်ပီး Pointer နဲ့ Select ပေး Shift+Delete လုပ်ပစ်လိုက်ကြည့်ပါလား –
    အဲ. .. ဒါမှမဟုတ် Window အသစ် ပြန်တင်ပစ်လိုက်ပေါ့ –
    Data အသစ်တွေ ရလာပါလိမ့်မယ် –

  • eros

    April 22, 2011 at 8:18 am

    နည်းနည်း ဗျူဟာပြောင်းရမယ်ထင်တယ်။

  • etone

    April 23, 2011 at 3:17 am

    Online ကနေတွေ့ပြီး အဆင့်တွေ တက်ကုန်တာလား …။ ဒါဆိုလည်း သူမကိုယ်ပွား အကျီ င်္ က ဘယ်လို ပတ်သတ်လည်း မသိဘူးနော်….။ ကိုယ်ပွားနေရာမှာ ကိုယ်စားဖြစ်မယ်လို့တော့ ဖြည့်ဖတ်မိပါတယ်… ။
    အချစ်ကြီးသူက ရှုံးတာပဲတဲ့ ရေဗက္ကာဝင်းက ။

  • ကိုယ်စားမဟုတ်သော ကိုယ်ပွားသာဖြစ်ပါတယ် etone ရေ..
    ဒီနေ့ပဲ ဇာတ်လမ်းပြီးဆုံးသွားပါကြောင်းနှင့် မြန်မာပြည် ပြန်လာရန် အကြောင်းမရှိတော့ပါကြောင်း…

    • ဆူး

      April 23, 2011 at 6:35 am

      စိတ်မကောင်းပါဘူး..
      အချစ်ဆိုတာ ပေးတိုင်း ယူချင်မှ ယူတာ ဆိုတဲ့ အတွက်.. စိတ်ကိုဖြေပါလို့ဘဲ ပြောချင်ပါတယ်။
      အခု အခိုက်အတန့်မှာ ရွာထဲမှာ စိတ်ပြေလက်ပျောက် အချိန်ဖြုန်းပေါ့

    • eros

      April 24, 2011 at 9:58 am

      နှလုံးသားကို ဖောမတ်ချ ၊ နောက်တခါ လိုင်စင်ဗားရှင်း အမှန်အကန်လေး တင်ဖို့ ကြိုးစား။ ခင်ဗျားလို ခပ်ဆင်ဆင် အဖြစ်မျိုး ကျုပ်မှာ ရှိတယ်။ ဒါကြောင့် ခင်ဗျား ကိုယ့်ကို ချည်းပဲ အရမ်း ကွဲ မနေပါနဲ့ဗျာ။

  • cobra

    April 23, 2011 at 5:12 am

    အော်……
    ရှုူံနိမ့်မှုများနဲ့…လူဆိုတဲ့အဓိပ္ပာယ်ကိုအခုမှပဲသဘောပေါက်တော့တယ်….။

  • Yin Nyine Nway

    April 23, 2011 at 1:58 pm

    အချိန်က ကုစားပါလိမ့်မယ်…..

  • ဧကန ္တ ခင်ဗျားက ကိုးဂဏန်းသမားထင်တယ်။ ကိုးဂဏန်းသမားတွေဟာ ဘဝအောင်မြင်မှုရကြသလောက် အချစ်ရေးရှုံးနိမ့်တယ်လို့ ဖတ်ဖူးတယ်ဗျ။
    ပြီးတော့ ခင်ဗျားဘက်က မှားတာလည်းရှိတယ်လေ။ သူ့ဆီက ချစ်အဖြေတောင်းတာ ဓားပြတိုက်သလိုဖြစ်နေတယ်။ သူနဲ့ခင်ဗျားအကြားမှာ ပကာသနတံတိုင်းခြားတယ်ဆိုတာကြောင့်လို့တော့ မထင်ဘူးဗျာ။ ဌာနတစ်ခုမှာ အလုပ်ဝင်လုပ်နေတယ်ဆိုတော့ ဒီမိန်းကလေး ဒီလောက်အချမ်းသာကြီးထဲက မဟုတ်လောက်ဘူး။ တကယ်ချမ်းသာပြီဆိုရင် အလုပ်ဘယ်လုပ်တော့မလဲ။ ဒီတော့ ဒီပန်းဟာ ဒူဘိုင်းရောက်နေတဲ့ခင်ဗျားအတွက် မမှီတဲ့ပန်းမဟုတ်လောက်ဘူး။ မိန်းကလေးတွေက ငွေကိုသိပ်မကြည့်ကြဘူးဗျ။ သူတို့က ရုပ်ဖြောင့်တာကို ပိုကြိုက်တယ်။ သူတို့ပါးစပ်က ဝန်မခံလည်း စိတ်ကတော့ အဲဒါကို ပိုသဘောကျတယ်။ ငွေမက်တာက ယောက်ျားတွေဗျ။ ဒီခေတ်မှာ ငွေရှိတဲ့မိန်းမကိုရှာနေတာ ယောက်ျားတွေချည်းပဲ။
    ဒီတော့ ခင်ဗျားစိတ်ရှည်ပါ။ တဇောက်ကန်းစိတ်နဲ့ မြန်မာပြည်ပြန်မလာတော့ဘူး မလုပ်ပါနဲ့။ သူ့မွေးနေ့မှာ ဘာတောင်းဆိုမှုမှ မပါဘဲ ကဒ်ပို့တာတို့ ဘာတို့လုပ်ပါ။ တနေ့မှာ သူစိတ်ပြန်လည်လာမှာပါ။ အချစ်ဆိုတာ ရယူခြင်းမဟုတ်ပါဘူး။ ရယူခြင်းမဟုတ်သလို ပေးဆပ်ခြင်းလည်း မဟုတ်။ အချစ်ဆိုတာ အချစ်ပါပဲ။ အချစ်ရဲ့ ပကတိတန်ဖိုးဟာ ကြီးမားလွန်းတော့ အချစ်ကို ဋီကာဖွဲ့လည်း အချစ်ရဲ့ အဓိပ်ပါယ်ပေါ်ထွက်လာမှာ မဟုတ်ဘူး။ အချစ်ဟာ အမြုတေရတနာတစ်ပါးလို ဆန်းပြားစွာ လူ့စိတ်ထဲမှာ ထာဝရရှိနေမယ်ထင်ပါ့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 23, 2011 at 4:43 pm

    ဟာ…………………….
    နည်းပညာလိုတယ်ဗျို ့
    ချစ်သူတွေလို ့ဖြစ်သွားတာနဲ ့
    အရိုးကွဲအောင်ပိတ်ရိုက်ပလိုက်
    အသဲစွဲအောင်ချစ်သွားရော
    ဒါကြောင့်
    အရိုးကွဲအောင်ရိုက်မှအသဲစွဲအောင်ချစ်တယ်
    ဆိုတဲ့ ဆိုရိုးဇဂါးပေါ်လာဒါ

  • noob

    April 23, 2011 at 7:17 pm

    နောက်ထက်ချစ်သူ အသစ်ရခဲ ့ရင် အဲဒီအကောင်းမလေကိုကြို ပြော ငါကို လက်ထက်ဖို စိတ်မကူးနဲ ့ပြီးတော့ ပထမတယောက်လို အကွက်မျိုးမရွေးနဲ ့လို feel နဲ ့နဲ ့ကျဲသွားပြီလို ့အကွက်အသစ်နဲ ့ ငါကို နောက်ထက် ရှူံးနိမ့်အောင်လုပ်ပေးလို ့နို ့မို ဆို နင်ပါ ရှူံးနိမ်သူမယားလို့နာမည်ပြောင်းနေရမှာဆိုလို ့

  • gwato

    April 24, 2011 at 9:45 am

    သူမအတွက် ဖြေသိမ့်စရာ တစ်နေရာရှာရာတွင် တစ်နေကုန် Online တက်နေတတ်သော ကျွန်တော့်အား ပြေးမြင်မိလေ၏။

    ဖြေသိမ့်စရာပဲရည်ရွယ်တာကိုးးးးးး
    တစ်နေကုန် Online မှာဆိုတော့ ဘယ်အားကိုးတော့မလဲ..နော့

  • eros

    April 24, 2011 at 10:00 am

    ခင်ဗျားလို ခပ်ဆင်ဆင် အဖြစ်မျိုး ကျုပ်မှာ ရှိတယ်။ ဒါကြောင့် ခင်ဗျား ကိုယ့်ကို ချည်းပဲ အရမ်း ကွဲ မနေပါနဲ့ဗျာ။

  • ခင်ဗျားကိစ္စ ကျွန်တော်စိတ်မပြတ်ဘူးဖြစ်နေတယ်။ ဘဝကို အချစ်က ထိန်းကွပ်ပါတယ်။ မိန်းမပေါတယ်၊ မယားရှားတယ်ဗျ။
    မိန်းကလေးဘက်က အတွေးကို ကျွန်တော်ပြောပါမယ်။ သူ့ရဲ့ မှားကွက်ကို ခင်ဗျားသိနေတယ်။ ဒါကို ခင်ဗျားက ခုနေတော့ သူတော်ကောင်းကြီးလုပ်၊ ရပြီးရင်တော့ နှိပ်ကွပ်စရာအကွက်တွေ့မယ်။ ဒီကိစ္စကြောင့် ခင်ဗျား သူ့ကိုမိုးလာ မယ်လို့ သူတွေးပါလိမ့်မယ်။ သူတို့မိန်းမတွေက အဲဒါမျိုး သိပ်တွေးတတ်တယ်။ သူကဖြတ်ပြီဆိုတာ လက်ထပ်ဖို့လူတွေ့သွားပြီလား။ အဲဒါလေး သိချင်တာ။ အသက်ကလည်း ၂ရ ဆိုတော့၊ ခင်ဗျား ပုံမှန်အတိုင်းနေပြီး တနေ့မှာ မြန်မာပြည်ပြန်လာ၊ သူ့ဆီကို တည်တည်ငြိမ်ငြိမ် သွားတွေ့ဖို့လိုတယ်၊ သွားကြောဖို့မလိုသလို၊ သွားချူတာလည်း မဟုတ်ဘူးပေါ့။ ယောက်ျားတစ်ယောက်ရဲ့ စိတ်သဘောကြီးမြတ်မှုကို ခင်ဗျားပြသနိုင်ရမယ်။ ဒီနည်းနဲ့ ခင်ဗျားချစ်တဲ့သူကို ပြန်ရနိုင်တယ်။ ခုရေတွင်းတူး ခုရေကြည်သောက်ချင်လို့ တော့ ဘယ်ရမလဲ။ အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးရိုးထုံးစံမရှိတဲ့။
    ကျွန်တော်က ချစ်တဲ့သူကိုရဖို့ ၁ဝနှစ်စောင့်ခဲ့ရတဲ့လူပါ။ စောင့်ရကျိုးနပ်ပါတယ်။ အိမ်ထောင်ရေး သိပ်သာယာတယ်။ ခင်ဗျားကိုလည်း စိတ်ချမ်းသာစေချင်တယ်။

  • ဒီလိုဆိုရင်တော့ ကျွန်တော့်ဘဝဇာတ်ကြောင်းစုံစုံကို Post တစ်ခုထပ်ရေးတင်မှ ဖြစ်ပါလိမ့်မယ်.. မိန်းကလေးတစ်ယောက်အနေနဲ့ ကျွန်တော့်လိုလူမျိုးကို လက်တွဲဖို့ ဘာကြောင့်ခက်ခဲနေတယ်ဆိုတာကို.. ပြီးရင်တော့ အားလုံးက ဟုတ်ပေသားပဲလို့ ပြောကြမယ်ထင်ပါတယ်.. သူနဲ့ပါတ်သက်လို့ သူတော်ကောင်းလုပ်တာမဟုတ်ပါဘူး.. ပြောပြရရင်တော့ နားလည်ပေးထားတယ်လို့ပဲပြောရမှာပေါ့..

    ပြောစရာတွေတစ်ပုံကြီးရှိပါသေးတယ်.. သေချာကျကျနန Post တစ်ခုရေးတင်ပေးပါမယ်၊ မရှေးမနှောင်းမှာပေါ့

Leave a Reply