တစ်လောက intro တစ်ယောက် ကျောက်တံတားဘက်ကို ရောက်သွားခဲ့တယ်… အဲ့သည့်က နေ ကျောက်မြောင်းဘက်ကို ကိစ္စတစ်ခုနဲ့အသွားမှာ ဘက်စ်ကားစီးရင်းနဲ့ ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတစ်ခုကို ပြန်ပြီးဖောက်သည်ချချင်လို့ပါ…

အဲ့သည့်နေ့က ၄၃ကားစီးပြီး ကျောက်မြောင်းဘက်ကို သွားခဲ့တာပေါ့ဗျာ… ၄၃ကားကလဲ အဲကွန်းမဖွင့်၊ မှန်တွေကလဲ အတင်အချလုပ်လို့မရ၊ အချိန်ကလဲ နေ့ခင်းဘက်လောက်ဆိုတော့ စဉ်းစားသာ ကြည့်ပေါ့ဗျာ… ချွေးကပြိုက်ပြိုက် ဒီကြားထဲ ကားက ဟိုနေရာလူစောင့်ပြီးတင်၊ ဒီနေရာ လူစောင့်ပြီးတင်ဆိုတော့ ဆင်းမယ့် မှတ်တိုင်မရောက်ခင် ဘယ်လောက်တောင် စိတ်ညစ်ဖို့ကောင်းလဲဗျာ… အဲလိုနဲ့ပဲ သည်းခံပြီးစောင့်လာခဲ့တာ ယုဇနပလာဇာရှေ့ အရောက်လောက်မှာ ကားကလဲ အကြာကြီးရပ်၊ ဈေးသည်တွေကလဲ တစ်ယောက်ပြီးတစ်ယောက် တက်ဆင်းပြီးရောင်းနဲ့ အသံတွေက ဆူညံနေတာပေါ့… အဲသည့်အချိန်မှာပဲ

` သတင်းထူးတွေနော်… ဒီအပါတ် အနုပညာလောကအတွင်းမှာ ဖြစ်ပျက်နေတဲ့ သီတင်းထူးတွေ ´

` ကိစ္စတစ်ခုကြောင့် ထောင်(၃)နှစ် ကျသွားတဲ့ သရုပ်ဆောင် န၀ရတ်ရဲ့သတင်း ´

` ရိုင်းပျတဲ့ဝတ်စားဆင်ယင်မှုကြောင့် အနုပညာလုပ်ခွင့်မှ (၆)လ ရပ်ဆိုင်းခံရတဲ့ မိုးဟေကိုရဲ့ သတင်း ´

` စေ့စပ်တော့မယ်ဆိုတဲ့ သက်မွန်မြင့်ရဲ့ သတင်း ´

` မပြီးဆုံးနိုင်သေးတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ လက်ထပ်ပွဲ နောက်ဆက်တွဲ သတင်း´

……………………………………….. သတင်း ´

……………………………………….. သတင်း ´

……………………………………….. သတင်း ´

သိချင်ရင် ၀ယ်ဖတ်နော် အပြင်ဆိုင်တွေမှာဆို ၅၀၀၊ ၆၀၀ ပေးရတာ၊ ဒီက ဂျာနယ်အသစ်မို့ promotion အနေနဲ့ တစ်စောင်မှ ၂၀၀ ထဲ၊ ၂၀၀ ထဲ ´

စသဖြင့်ဗျာ မျိုးစုံအောင် ပြောသွားတာ… ကားတစ်စီးလုံးလဲ  ဟင်၊ ဟယ် ဖြစ်ကုန်ပြီး အဲ့သည့်ဂျာနယ်ကို အလုအယက် ၀ယ်ကုန်ကြပါရောဗျာ… intro လဲ တစ်ကယ်ထင်ပြီး တစ်စောင်ဝယ်မိတာပေါ့… ကိုယ်မြင်လိုက်တာတင် ၅ စောင်လောက် ရောင်းရတာ တွေ့လိုက်မိတယ်… အော်တာသာ ကြာပြီး ရောင်းတာတော့ ခဏလေးဆိုတော့ ဘာဂျာနယ်လဲ၊ ဘယ်နေ့ကထုတ်တာလဲ တောင် ပြန်စစ်ချိန်မရလိုက်ပါဘူး…

ပြီးတော့မှ ၀ယ်မိတဲ့သူတွေ အကုန် ပြုံးစိစိ ဖြစ်ကုန်ရော၊ တစ်ချို့ဆို မျက်နှာကြီးတွေရဲလို့

ဘယ်မှာလဲ န၀ရတ်၊ ဘယ်မှာလဲ မိုးဟေကို၊ ဘယ်မှာလဲ သက်မွန်မြင့်၊ ဘယ်မှာလဲ ပြေတီဦး၊ ဘယ်မှာလဲ….. ? ဘယ်မှာလဲ  …..?

About intro

Lionel Intro has written 162 post in this Website..