ကျွန်တော်ကြောက်နေမိသော အနံ့များ

 

 

လူအများ မျက်စိရှုပ်လောက်အောင် သွားလာလှုပ်ရှားနေကြသည်။ အေးအေးဆေးဆေး သွားလာသူများရှိသလို၊ အရေးတကြီးသွားလာနေကြသူများလည်း အများအပြား။ လူတိုင်းကိုယ်ဆီ အလုပ်ရှုပ်နေကြသည်ဆိုသော်လည်း သူ့ခမျာမှာတော့ လမ်းဘေး ပလက်ဖောင်းပေါ်တွင် မိုးတိုးမတ်တပ်ရပ်လျှက် ရှုပ်ယှက်ခတ်နေသော မြင်ကွင်းကို ခေါင်းများ မူးလောက်အောင် ရပ်ကြည့်နေမိ၏။

 

သူ ထိုနေရာမှ ခြေတစ်လှမ်းမျှမရွေ့ချင်။ ဘတ်စ်ကားပေါ်ကနေ ဆင်းကတည်းက သူထိုနေရာတွင် ရပ်နေမိသည်မှာ နာရီဝက် ကျော်ကျော်လောက်တော့ ရှိရော့မည်။ သူ ကြောက်နေသည်။

 

အမှန်မှာ ဘာမှ မဖြစ်လောက်သော အကြောက်တရား ဟုပြောလျှင်ရသည်။

အဘယ့်ကြောင့် ကြောက်နေရသနည်း။ သူကြောက်နေသည်မှာ ကားစီးရမှာကိုဖြစ်သည်။

 

ရန်ကုန်လို မြို့ကြီးမှာ ဘတ်စ်ကားမှမစီးလျှင်လည်း  ကိုယ့်ကိုကိုယ် မွဲဆေးဖော်နေသည့်နှယ်ရှိမည်။ ဘတ်စ်ကားပေါ်တွင် ညှပ်ကျပ်စွာဖြင့် အသက်ရှူရ ကျပ်လောက်အောင် ပိတ်မိခဲ့သဖြင့် သူကားစီးရမည်ကို ကြောက်သည်မှာ လွန်သည်လော။ သူ သည် နယ်မြို့ကလေးမှ ရန်ကုန်သို့ ကွန်ပျူတာသင်တန်းကိုလာတက်သူ။

 

သူတို့ နယ်တွင် ဆိုင်ကယ်လေးတစ်စီးရှိရုံနှင့် သွားလာလွယ်ကူပြီ။ အိမ်ရှေ့ထွက် ဆိုင်ကယ်ကို တက်ခွလိုက်သည်နှင့် လိုရာခရီး ဘယ်ကိုသွားမည်လဲဖြစ်သွားမည်။ ခုတော့ သူနယ်မြို့ကလေးကိုတောင် ပြန်လည်၍ လွမ်းလာမိသည်။ ဘယ်နေရာကိုသွားသွား ရန်ကုန်လိုမြို့ကြီးမှာတော့ ဘတ်စ်ကားမှ ဘတ်စ်ကား။ ဘတ်စ်ကားပေါ် တက်လိုက်သည်နှင့် အလျှင်ဦးဆုံး သူရလိုက်သည်က အနံ့။

 

ထိုအနံ့သည် သူ့ကို အလွန်နှိပ်စက်သည်။ ပြင်းရှရှအနံ့၊ မျှင်းမျှင်းရသော အနံ့၊ ချွေးနံ့၊ ချဉ်နံ့ ရှူမိသမျှအနံ့ပေါင်းစုံကြောင့် သူ အလျှင်ဦးဆုံးခေါင်းကိုက်ရပြီ။ ကိုယ်ဆီကိုယ်ဆီ အလုပ်များနှင့် သွားလာနေသူများသည် ထိုအမွှေးနံ့များဖြင့် လူလုံးလှနေကြသည်။

သူကတော့ ထိုအနံ့များကြောင့် ခေါင်းကိုမဖော်အား။

 

သူ့ကိုယ်တွင် ဆွတ်လာသော ရေမွှေးနံ့ပင် ချက်ချင်းဆိုသလို ချွေးစို့စို့ အနံ့အဖြစ်သို့ပြောင်းသွားသည်။ ရန်ကုန်မြို့သည် ခုပင် မိုးရာသီဆိုသော်ညားလည်း အပူဓါတ်တို့ မပြယ်သေး။ မိုးရာသီဟုတော့ ပြော၍သည်။ ခဏနေလျှင်ရွာသွားလိုက်။ တိတ်သွားလိုက်။ ကွက်ကျားမိုး။ ထိုကွက်ကျားမိုးသည် ဆယ့်ခြောက်နှစ်မလေးလို့ ဆပ်စလူးစိန်ရွာရွာချနေသည်မှာအမြင်ကပ်ချင်စရာကောင်းနေ၏။

 

သူက လူကြားထဲသွားလာရနေသည်ကိုပင် စိတ်ပျက်စ ပြုလာပြီဖြစ်သည်။ ဘတ်စ်ကားပေါ်သို့ လွှားကနဲတက်လိုက်။ နှစ်မှတ်တိုင်၊ သုံးမှတ်တိုင်လောက်ရောက်လျှင် ပြေးဆင်းလိုက်။ လူတွေကိုတိုးဝှေ့ပြီး ဆင်းလိုက်နှင့် မောနေပြီ။ နယ်မှာတော့ ဘယ်နေရာကိုသွားသွား လူလွတ်သွားလာလို့ရပေမယ့် ရန်ကုန်မှာတော့ ထိုသို့မဟုတ်။ ပခုံးထပ်တွင် တိုလီမိုလီ စာအုပ်စာတမ်းတွေနှင့် လေးနေပြီ။

လက်ကတော့ ကိုရွှေမိုးကိုကြောက်ရသဖြင့် ထီးတစ်လက်ကလည်း ကိုင်ထားရသေး၏။

မိုးရွာချင်ရွာ မရွာချင်နေ သူကတော့ ထီးကို လက်ကမချရဲ။

 

သူတက်မည့် သင်တန်းကိုလည်း အချိန်မတိုင်ခင် တစ်နာရီလောက်ကကြိုထွက်ရတော့ ဖုတ်ပူမီးတိုက်ဆိုတာ ဒါမျိုးလာဟု မေးရမလိုပင်။

 

တစ်နေ့ကတော့ သူငယ်ချင်းတွေက ပြည်သူ့ဥယျာဉ်ကိုလိုက်ပို့သည်။ သူ့အတွက်တော့ အဆန်းတကြယ်ကြီး မဟုတ်သော်လည်း ပျော်စရာကောင်းသော ကစားကွင်းလေးကိုတွေ့တော့ ပျော်ရသည်။ ဥယျာဉ်ထဲသို့လျှောက်သွားရင်း ရန်ဖြစ်နေသော အတွဲများကိုလည်း မြင်ခဲ့ရသည်။ သူပင်လျှင် နှုတ်ခမ်းချင်းကိုက်၍ ရန်ဖြစ်နေသော အတွဲများကို ကြားဝင်၍ ဖြေရှင်းလျှင်ကောင်းမည်လားဟု စဉ်းစားမိလိုက်သေးသည်။

 

သူတို့နယ်မှာ မမြင်ခဲ့ရသော တိုတိုနှံ့နှံ့များ။ လည်ဟိုက် ၊ ကျောဟိုက်များ။ အကျပ်၊ အကပ်များကိုလည်း မျက်စိ ပသာဒ ဖြစ်စွာ မြင်လိုက်ရသည်။ တစ်ချို့က ရဲတင်းစွာ။ တစ်ချို့က ယိမ်းနွဲ့စွာ။ ရန်ကုန်သူများ အိုက်တတ်ရန်ကောဟု သူတွေ့မိလိုက်သေး၏။ ထို အနံ့သည်လည်း သူ့ကို အနည်းနှင်းအများ အနှောက်အယှက်ပေးသေးသည်။

 

သူကတော့ ဘယ်နေရာသွားသွား မြင်နေရသော မြင်ကွင်းများကြောင့် ခေါင်းကိုက်နေရသည်မှာ

နေ့တိုင်း။ သူငယ်ချင်းဖြစ်သူက လက်ဘက်ရည်ကောင်းကောင်းတိုက်ချင်သည်မျိုး။ ထမင်းသုတ်ကောင်းကောင်း ကျွေးချင်သည်မျိုးဆိုလျှင် သူလန့်နေရသည်။ သူငယ်ချင်း ထိုနေရာမျိုးများကို ကားခအကုန်ခံပြီး လိုက်ကျွေးတတ်သည်ကိုး။ သူ့များ စားရသည်နှင့်မကာမိအောင် သွားလိုက်လာလိုက်ရသည်မှာ ဖတ်ဖတ်ကိုမောနေရသည်။ အချို့ဆိုင်ကလေးများ လမ်းသွယ်လေးတွေထဲမှာ ရှိတတ်၏။ တစ်ချို့ဆိုင်များကတော့ လမ်းမကြီးဘေးတင်။

 

တစ်ရက်ကလည်း သူငယ်ချင်းက လက်ဘက်ရည်လိုက်တိုက်သည်မှာ ဆိုက်ကားနှင့်။ လက်ဘက်ရည်သောက်ပြီး ပြန်ရောက်တော့ ဆိုက်ကားခဘယ်လောက်ပေးလိုက်ရသလဲလို့မေးကြည့်လိုက်တော့ အသွားအပြန် တစ်ယောက်ကို 1000 ငါးယောက်ဆိုတော့ 5000ဟုပြောသည်။ ပေးခဲ့ရသည့် လက်ဘက်ရည်ဖိုးက 2000 ကျော်ကျော်လေး။ သူဖျားသွားပါသည်။ လက်ဘက်ရည်မသောက်ပဲနေလိုက်လျှင်တောင် အကောင်။ လက်ဘက်ရည်လိုက်တိုက်သည့် သူငယ်ချင်းကိုလည်း အောချယူလိုက်ပါသည်။ သူကတော့ အပြတ်ပင် ငြင်းချက်ထုတ်လိုက်သည်။ လက်ဘက်ရည်တိုက်ချင်လျှင် အနီးအနားက ဆိုင်မှာပင်သောက်မည်။ ဝေးဝေးလံလံဆိုလျှင်တော့ ဆော်ရီးဟု။ လက်ဘက်ရည်ဆိုင်၏ အနံ့ကိုပင် သူက ခပ်ကြောက်ကြောက်ဖြစ်လာသေးသည်။

 

သူသည် ဆိုက်ကားဆရာများကိုမြင်လျှင်လည်း အနံ့တစ်မျိုးရတတ်ပြန်သည်။ ထို့ကြောင့် ဆိုက်ကားမစီး။ စက်တပ်ယာဉ်မဟုတ်ဘဲ လူကိုယ်တိုင်နှင်းသော ယာဉ်မျိုးဆိုလျှင် သူတို့နယ်က လူတွေ တော်တော်များများ မစီးတတ်တာလည်း ပါမည်။ သူကထိုစကားမျိုးပြောတော့ သူငယ်ချင်းဖြစ်သူက ”မင်းကသာ မစီးတာ သူတို့မလဲ စီးမယ့်လူမရှိရင် ပိုက်ဆံဘယ်ရမလဲ ဆိုက်ကားနင်းပါတယ်ဆိုမှ မင်းလိုလူမျိုးတွေများရင်တော့ ဆိုက်ကား ဆရာတွေထမင်းငတ်ကုန်တော့မှာပဲ”ဟုပြောသည်။

 

အခု သူသည် နေရာမရွေ့တမ်း အနံ့တွေရနေသည်။ ဘတ်စ်ကားနံ့၊ ဆိုက်ကားနံ့၊ မိုးနံ့၊ အပူနံ့၊ လူနံ့နှင့် တိုတိုနှံ့နှံ့တို့၏ အနံ့ပေါင်းစုံများ။ ရေမွှေးနံ့၊ချွေးနံ့များလည်း ရှုမိနေသည်။

 

သူကြောက်မိနေသေးသည်လား။ ခြေလှမ်းကတော့ မြင်နေရသော ဘတ်စ်ကားတစ်စီးပေါ်သို့ ဦးတည်နေသည်။ သူလည်း လူထဲကလူပဲ။ သူထံတွင်လည်း အနံ့တစ်မျိုးကိန်းအောင်းနေလိမ့်မည်မှာ သေချာသည်။ ထိုအနံ့သည် မည်သို့သော အနံ့ဖြစ်နေမည်ကိုတော့ သူကိုယ်တိုင်ပင် မသိသေးချေ။.

 

 

 

သော်ဇင်(လွိုင်ကော်)

5th-July-2011