အောက်ကစာတွေက.. ဒီမှာတင်ခဲ့တဲ့..” စောက်ချိုးတွေ ပြင်၊ ဒါပဲ…”

http://myanmargazette.net/58273/politics-news-issues

ရဲ့အဆက်..ဆက်တက်လာတဲ့ပြန်စာပါ..။
ရွာသားတွေဖတ်သင့်တယ်ထင်လို့… စာကလည်း.. တွေးခေါ်ဆွေးနွေးတာ.. သီးသန့်ဖြစ်နေတာမို့.. ပို့စ်ခွဲလိုက်တာပါပဲ..။
ဆိုင်ရာသူရဲ့ အာဘော်ဖြစ်ပါကြောင်း…

====================

ကိုရဲရင့်ငယ်နှင့် မိတ်ဆွေများခင်ဗျား၊

ကျနော် ၂၀၁၀ ခုနှစ် သြဂုတ်လက ရေးပြီး သိပ်မပျံ့နှံ့ခဲ့တဲ့ မြန်မာအသိုင်းအ၀ိုင်းမှာတောင် ဖတ်သူနည်းတဲ့ လစဉ်ထုတ် သတင်းစာ ဆောင်းပါးဟောင်းကို ပြန်တင်ပေးလိုက်ပါတယ်။ ဆက်တိုက်ဆိုသလို ဆောင်းပါးဟောင်း ငါးပုဒ်လောက် တင်ပေးဖို့ ရည်ရွယ်ပါတယ်။ ကျနော် ဒီ/ချုပ်နဲ့ ဒေါ်စု၊ ဦးဝင်းတင်တို့ကို ဝေဖန်တာ ခုမှ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ အလွန်လေးစားထိုက်သူတွေဖြစ်တာနဲ့ သူတို့လုပ်သမျှ အားလုံးထောက်ခံရမယ်၊ ကောင်းတယ်ဆိုတာမျိုးကတော့ ကျနော်ဟာ  စက်ရုပ်မဟုတ်သလို ကိုယ်တိုင်လဲ ထဲထဲဝင်ဝင် လေ့လာတဲ့သူဖြစ်တဲ့အတွက် မထောက်ခံနိုင်ပါဘူး။ တိုင်းပြည်မျက်နှာတစ်ခုတည်းကိုသာ ကြည့်ပြီး ဝေဖန်စရာရှိရင် ဘယ်သူ့မဆို ဝေဖန်ပါတယ်။ အောက်က ဆောင်းပါးကို ဖတ်ကြည့်ပြီး၊ အချက်အလက်နဲ့ တုန့်ပြန်ဖို့ တိုက်တွန်းလိုက်ကြောင်းပါ။
ကျန်းမာရွှင်လန်းကြပါစေ၊
မောင်ညွန့် (မင်းကျောင်းတိုက်)
===================================

မိုးကျ ဒီမိုကရေစီ (သို့မဟုတ်) အပေါ်က ချပေးတဲ့ ဒီမိုကရေစီ – မောင်ညွန့် (မင်းကျောင်းတိုက်)

စာတန်းတစ်စောင်ဖြစ်အောင် ရေးဖို့အတွက် အရင်းအမြစ်များ ရှိပေမဲ့ မရေးဖြစ်သေးတဲ့အတွက် တောင်းပန်ပါတယ်။ အခု စစ်အစိုးရကိုကော အတိုက်အခံများကိုပါ သိစေချင်တဲ့ အဓိက အချက်လေးတွေကိုပဲ ဇောင်းပေးပြီး တင်ပြပါမယ်။

အများရဲ့ဆန္ဒကို ကျနော် မသိမဟုတ်ပါ၊ သိပါတယ်။ အများစုက အထူးသဖြင့် ဒီ/ချုပ်နဲ့ သူ့အသိုင်းအ၀န်းကလူတွေက ရှေးမဆွကတည်းက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုရော၊ အခုကျင်းပတော့မဲ့ ရွေးကောက်ပွဲကိုကော သပိတ်မှောက် ဆန့်ကျင်ဖို့ တောက်လျောက် လှုံ့ဆော်နေတာ ကျနော်သိပါတယ်။ သိလျက်နဲ့ ဘာလို့ဆန့်ကျင်ပြီး ရေးရသလဲဆိုရင်တော့၊ အများက ကျနော့်အပေါ် ဘယ်လိုပဲ ထင်ထင်မြင်မြင် (ကျနော် ဂရုမစိုက်လို့မဟုတ်ပါ၊ အခြား ရွေးစရာ လမ်းမရှိလို့ပါ) အမှန်တရား အရှိတရားကို အသိပေးချင်တဲ့အတွက် ရေးပါတယ်။

ကျနော်တို့ အခြေအနေက လက်တွေ့ဘ၀ကို မဖြတ်သန်းလို့ မရပါဘူး။ စိတ်ကူးယဉ်နေလို့ မရပါဘူး။ အင်အားတောင့်တင်းတဲ့ အာဏာရှင်မှန်သမျှ အတိုက်အခံတွေ အလိုကျတဲ့အတိုင်း ပြောင်းလဲ ပေးသွားတယ်ဆိုတာ တစ်နိုင်ငံမှ မရှိသလို၊ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ပြောင်းရင်း ဒီမိုကရေစီနိုင်ငံဖြစ်သွားတာသာ ရှိပါတယ်။ သူတို့နဲ့ သဘောမတူရင် အခု ဒီ/ချုပ်ခံရသလို စည်းဝိုင်းအပြင်ကို ရောက်သွားရုံတင်မဟုတ် နောက်ဆက်တွဲ ဖိနှိပ်မှုတွေ ခံရဖို့ ရှိပါတယ်။ ချီလီ ကွန်မျူနစ်ပါတီလိုပေါ့။ 

နောက်တစ်ခုပြောချင်တာက ကျနော်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို (လက်မခံလို့မရတဲ့အတွက်) လက်ခံကြဖို့ လွန်ခဲ့တဲ့ ၂နှစ်ကျော် သုံးနှစ်လောက်ကတည်းက ပြောခဲ့ပါတယ်။ အဲဒီကတည်းက ရွေးကောက်ပွဲ နိုင်ဖို့ကိုသာ ကြိုတင် လုံးပမ်းသင့်တယ်လို့ ကျနော် ပြောခဲ့ပါတယ်။ ကျနော်ဟာ ၂၀၀၈ ခုနှစ် ဧပြီလကနေ ၂၀၁၀ မတ်လအထိ ဘွဲ့လွန်တက္ကသိုလ်တစ်ခုမှာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ပဋိပက္ခတားဆီးရေး ဘာသာရပ်နဲ့ မဟာဝိဇ္ဇာဘွဲ့ကို ယူခဲ့ပါတယ်။ အဲဒီ ၂နှစ်တာ ကာလအတွင်းမှာ နိုင်ငံရေး သုတေသနဆောင်းပါးတွေ အမြောက်အများ ဖတ်ခဲ့ စုဆောင်းခဲ့ပါတယ်။ အထူးသဖြင့် ကျနော်တို့ နိုင်ငံနဲ့ အတော်တူကြတဲ့ တောင်ကိုးရီးယား၊ အင်ဒိုနီးရှား၊ ချီလီ၊ ဘရာဇီးလ်၊ အာဂျင်တီးနား စတဲ့ လက်တင်အမေရိကနိုင်ငံတွေ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ဘယ်လိုပြောင်းကြတယ်ဆိုတာကို အလေးပေးပြီး လေ့လာခဲ့တယ်၊ ကျနော့် စာတန်းမှာလဲ ကိုးကားခဲ့ပါတယ်။

 

တယ်ရီလင်း ကားလ် (၁၉၉၀)ရဲ့ သုတေသနအရ စနစ်ပြောင်းတာတွေကို အတိုခြုံးပြီး ပြောရရင် (၁) အာဏာရှင် ပြိုကွဲလို့ ပြောင်းတာ၊ ဥပမာ အာဂျင်တီးနား၊ ချက်ကိုစလိုဗားကီးယား၊ အင်ဒိုနီးရှား (၂) တော်လှန်ရေးနဲ့ ပြောင်းတာ (ကျူးဘား၊ နီကာရာဂွာ)။  (၃) အာဏာရှင်- အတိုက်အခံ အင်အား ဘိန်မသာ လိမ်မသာဖြစ်လို့ ညှိနှိုင်း သဘောတူချက်နဲ့ပြောင်းတာ၊ (ဘရာဇီး၊ ပိုလန်)။ (၄) အာဏာရှင်က အပေါ်ကနေ ချပေးတာ (ချီလီ၊ ဘူလ်ဂေးရီယား) စတဲ့ နည်းတွေ တွေ့ရပါတယ်။ အာဏာရှင်စနစ် ပြိုကွဲလို့ ပြောင်းတာတောင် စစ်တပ်ကို စပ်စပ် ထိလို့မရဘူးဆိုတာ အာဂျင်တီးနားအပြောင်းအလဲက သက်သေပြခဲ့ပါတယ်။ ညှိနှိုင်းပြောင်းလဲတဲ့နည်းမှာလဲ အာဏာရှင်က အဓိက ပေါ်လစီ ချသူဖြစ်တယ်တဲ့။

 

ကျနော်တို့အခြေအနေက စစ်အာဏာရှင်က သိပ်အားကောင်းပြီး အတိုက်အခံက သိပ်ချည့်နဲ့တဲ့အတွက် နောက်ဆုံးတော့ အပေါ်ကချပေးတဲ့ ဒီမိုကရေစီလမ်းကြောင်း အတိုင်း ပြောင်းကြရမဲ့ အဆင့်ဖြစ်ပါတယ်။ အကယ်၍သာ ဒီ/ချုပ်က သပိတ်မမှောက်ပဲ အစောပိုင်းကတည်းကသာ လိမ်မာပါးနပ်စွာ ကျားကွက်ကို ရွှေ့ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲမှာ အတိုက်အခံက များများ အရွေးခံရပြီး အစိုးရမဖြစ်တောင် ပါလီမန်ထဲမှာ အင်အားရှိတဲ့ အတိုက်အခံဖြစ်ဖို့၊ သို့မဟုတ် အများစုဖြစ်ဖို့ အခွင့်အလန်းတွေ ရှိပါတယ်။ ဒါပေမဲ့၊ ဒီ/ချုပ်ရဲ့ တင်းမာမှု၊ အမြင်ကျဉ်းမြောင်းမှု စတာတွေကြောင့် ပြည်သူလူထုအတွက် အများကြီး ဆုံးရှုံးသွားခဲ့ပါတယ်။ အခု ရှိနေတဲ့ အတိုက်အခံအင်အားစုဟာ မည်ကာမတ္တ အဆင့်ပဲ ရှိတဲ့အတွက် ဒီမိုကရေစီစနစ်ကို ပြောင်းလဲတဲ့နေရာမှာ အချိန် ပိုပြီးကြန့်ကြာစရာ ရှိတဲ့အပြင် အာဏာရှင်စနစ်ဆီ ပြန်လျှောကျနိုင်တဲ့ အနေအထားလဲ ရှိပါတယ်။

 

တိုင်းပြည်တစ်ပြည်ရဲ့ နိုင်ငံရေးယဉ်ကျေးမှုနဲ့ အစဉ်အလာ အရေးပါပုံကို ရှေ့တန်းတင်ပြောတဲ့ ပညာရှင်တွေ အများအပြားရှိပါတယ် (Gyi 1983; Huntington 1991; Lipset 1993)။ မြန်မာလူမျိုးတွေရဲ့ နိုင်ငံရေးအပေါ် သဘောထားက မင်း (နိုင်ငံရေး)ဆိုတာ ရန်သူမျိုးငါးပါးထဲမှာ ပါတဲ့အတွက် ခပ်ကင်းကင်း နေချင်ကြတာ အခုကော တကယ်ပြောင်းခဲ့ပြီလား။ ပြီးတော့ သူရဲကောင်း ကိုးကွယ်တဲ့ စိတ်ဓာတ်ကော နည်းသွားပြီလား။ ထဲထဲဝင်ဝင် မစဉ်းစားပဲ ပေါ်ပင်လိုက်တဲ့ အကျင့်၊ ကိုယ်တိုင် ဒီမိုကရေစီကျင့်စဉ်ကို ကျင့်ကြသလား စတဲ့ အချက်တွေပေါ်မူတည်ပြီး အဖြေထွက်ပါလိမ့်မယ်။ အခု ရွေးကောက်ပွဲက အစပြုတဲ့ ပြောင်းလဲရေး အောင်မြင်မလား၊ မအောင်မြင်ပဲ စစ်ဘက် အာဏာရှင်ကနေ အရပ်ဘက် အာဏာရှင်အဖြစ် ပြောင်းမလားဆိုတာ စောင့်ကြည့်ရမဲ့ ပွဲပါ။ နောက်တစ်ချက်က အဲဒီ နိုင်ငံရေးသမားတွေကို အသိပညာရှင်တွေက ဘယ်မျှ အထောက်အကူပြု ပံ့ပိုးပေးကြသလဲဆိုတဲ့ အပေါ်မှာလည်း အပြောင်းအလဲက မူတည်ပါလိမ့်မယ်။

 

တောင်ကိုးရီးယားရဲ့ ၁၉၇၂ က ယူရှင်ကော၊ ပီနိုချေးရဲ့ ၁၉၈၀ က ဖွဲ့စည်းအုပ်ချုပ်ပုံကော ဘယ်သူမှ ပြင်ဆင်ခွင့်မရကြသလိုပါပဲ၊ မြန်မာပြည်မှာလဲ ဘယ်သူမှ ပြင်ဆင်ခွင့် မရပါဘူး။ အကြောင်းကတော့ စစ်တပ်က သိပ်ကို အင်အားသာလွန်နေလို့ပါပဲ။ သူတို့ဆီမှာလဲ အတိုက်အခံတွေဟာ ပထမတော့ အုတ်အော်သောင်းနင်း ဆန့်ကျင်ခဲ့ကြတာပါပဲ၊ ဆန္ဒပြပွဲတွေ တခြိမ့်ခြိမ့်နဲ့ပေါ့။ ဒါပေမဲ့ ဒီလိုနည်းတွေက ပန်းတိုင်ကို မဆောင်ကျဉ်း ပေးနိုင်တာကို သဘောပေါက် သုံးသပ်မိကြတဲ့အခါကြတော့ နောက်ဆုံးမှာ အာဏာရှင်တွေ စိတ်ကြိုက်ရေးထားတဲ့ဟာကိုပဲ သဘောတူလိုက်ကြရတယ် (Patras & Leiva, 1988)။ ယူရှင် ဖွဲ့စည်းပုံအရ ပတ်ချုံဟီးက လွှတ်တော်အမတ်စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို ခန့်ပါတယ်။ ဘရာဇီးဆိုရင် အဲဒီလောက် ဝေပုံကျနှုန်းကို နှစ်အနည်းငယ် နောက်ကျပြီးမှ ရကြပါတယ် (Dominguez, 2002)။ အင်ဒိုနီးရှားမှာက ဆူဟာတိုက အမတ် ၁၀၀ ခန့်ပြီး၊ စစ်တပ်ပါတီက ၆၀% ကျော် အရွေးခံရအောင် လုပ်ထားတယ်၊ ချီလီမှာကတော့ ပီနိုချေးကို ရာသက်ပန် အမတ်အဖြစ် ပေးရတဲ့အပြင် သူ ကြိုက်တဲ့သူ ၉  ဦးကို ဆီးနိတ်အမတ်ခန့်ခွင့် ပေးရတယ်။ ပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ပြင်ဆင်ရေးမှာ စစ်တပ်က သဘောမတူတဲ့အချက်ကို မပြင်ဆင်ပါဘူးဆိုတဲ့ နားလည်မှုကို ပေးခဲ့ရတယ် (O’Donnel & Schmitter, 1986)။

 

အဲ၊ ဆန္ဒပြသူတွေကြောင့် အောင်မြင်ခဲ့တဲ့ အပြောင်းအလဲဆိုတာလဲ ထောက်ပြစရာဆိုလို့၊  အီရန် ရှားဘုရင်ကျဆုံးခန်းနဲ့ ဖိလစ်ပိုင်က မားကို့စ် ပြုတ်ကျခန်းလောက်ပဲ ညွှန်းစရာရှိပါတယ်။ ဒီနေရာမှာ အရေးကြီးတာ တစ်ခုကို ပြောပြရဦးမယ်။ အဲဒါက ဘာလဲဆိုတော့ တိုင်းပြည်တစ်ခုရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေး နောက်ခံ ဖြစ်တယ်။ အဲဒီကနေမှ တိုင်းပြည်ရဲ့ နိုင်ငံရေးယဉ်ကျေးမှုဆိုတာ ပေါ်ထွန်းလာတယ်။ အဲဒီ  နိုင်ငံရေးယဉ်ကျေးမှုက တိုင်းပြည်ရဲ့ လက်ရှိနိုင်ငံရေးအပေါ်မှာ သြဇာသက်ရောက်တယ်ဆိုတာပါပဲ (Gyi 1983; Lipset, 1993; Huntington, 1991)။

 

ကိုးရီးယားအပြောင်းအလဲဟာလဲ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်မှု အတိုင်းအတာ တစ်ခုအထိ ရှိသော်လည်း ကျောင်းသားလှုပ်ရှားမှု၊ ပြည်သူအုံကြွမှုကြောင့် မဟုတ်သလို (Kim 2004)၊ ချီလီအပြောင်းအလဲဟာလဲ ထိုနည်းလည်းကောင်းပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးပီနိုချေးနောက်မှာ သမတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ အိုင်လ်ဝင်းက ၁၉၈၀ လွန်နှစ်များမှာ ဘာပြောဘူးသလဲဆိုတော့၊ လမ်းပေါ်မှာ မနိုင်တောင်မှ ပီနိုချေးပေးတဲ့ အခွင့်အလန်းတွေကို အသုံးချပြီး ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲမှာ (မဲရုံတွေမှာ) အနိုင်ကျဲရမယ်လို့ ထပ်ခါတလည်းလည်း ပြောခဲ့ဖူးတယ် (Uggla 2005)။

 

ကျနော်တို့ မြန်မာနိုင်ငံသားအားလုံးဟာ ဗုဒ္ဓအဆုံးအမကို တုနှိုင်းမဲ့အနေနဲ့ တင်စားပြောဆိုကြတယ်။ အခု ကမ္ဘာသိ ပြောနေသူကတော့ စစ်အစိုးရပဲ။ ဗုဒ္ဓရဲ့ သင်ကြားချက်တွေထဲမှာ အတွေးက အပြောကို လွှမ်းတယ်၊ အပြောက အလုပ်ကို စေစားတယ်၊ ဒါ့ကြောင့် အတွေးဟာ ကိုယ်နှုတ်အမူအယာ သုံးပါးထဲမှာ အရေးအကြီးဆုံးဖြစ်တယ်လို့ ဟောထားတယ်။

 

အခု တိုင်းပြည်မှာဖြစ်နေတဲ့ စီးပွားရေးအကြပ်အတည်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု စတာတွေကို အာဏာရှင်အနေနဲ့ “အော် ငါ့ဘုန်း ငါ့ကံနဲ့ ငါဖြစ်လာတာလို့ချည်း အထင်ရောက်မနေပဲ၊ အခုလို ရခဲတဲ့ အကျိုးပေးကို ငါထိုက်တန်အောင် ကျင့်ကြံမယ်၊ သာသနာပြုမင်း ပီသစေရမယ်၊ ငါ့တိုင်းသူပြည်သားကို ငါ၏ ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်မယ်လို့ သံန္နိဋ္ဌာန်ချပြီး ပီပီ ကျင့်သုံးရဲတဲ့သူ ဖြစ်မယ်ဆိုရင် အာဏာရှင်ကြီးက အသက်ထောက်လို့ အနားယူချင်တောင်မှပဲ ပြည်သူလူထုက အနားမယူဖို့ သေတပန်သက်တဆုံး စောင့်ရှောက်တော်မူပါလို့ အုတ်အော်သောင်းလဲ တောင်းဆိုမှာ သေချာတယ်လို့ ကျနော် ပြောရဲပါတယ်။

 

အလားတူပဲ၊ ပြည်သူတွေထဲက နိုင်ငံရေးသမားဆိုသူတွေကလဲ ပြည်သူ့အကျိုးကို ပါတီအကျိုးထက်၊ ကိုယ့်အတ္တထက် ပိုပြီးထားကြဖို့နဲ့ လက်တွေ့ဘ၀ကို ကိုယ့်နိုင်ငံရဲ့သမိုင်း အခြားနိုင်ငံများရဲ့သမိုင်း စတာတွေနဲ့ ချိန်ထိုးပြီး ကျင့်ကြံတတ်ဖို့ အရေးကြီးပါတယ်။ အပေါ်က ချပေးတဲ့ ဒီမိုကရေစီဟာ ရွှေရည်စိမ်ဖြစ်ချင်ဖြစ်မယ်၊ တစ်မူး တစ်ပဲ ဒီမိုကရေစီဖြစ်ချင်ဖြစ်မယ်၊ အဲဒါကို ကျပ်ပြည့်အောင် သယ်ဆောင် ဖြည့်တင်းသွားဖို့ဆိုတာ နိုင်ငံရေးသမားတွေရဲ့ တာဝန်နဲ့ ၀တ္တရားပဲဖြစ်တယ်။ အရိုးများသလေး ချေးခါးသလေး လုပ်နေရင် လုပ်တဲ့သူတင် နာတာမဟုတ်ဘူး၊ သူတို့ကို ကိုယ်စားလှယ်အဖြစ် တင်ထားတဲ့သူတွေမှာ ပိုပြီး နစ်နာတယ်ဆိုတာလောက်တော့ သဘောပေါက်သင့်တယ်။ ပြီးတော့ ဒီ/ချုပ်မှာ တခြားသေချာတဲ့ ပြောင်းလဲနည်း ဘာများ ရှိပါသလဲဆိုတာ မြန်မာက မသိသလို ကမ္ဘာကလဲ မသိပါဘူး။ ဒီမိုကရေစီစစ်စစ်ကို ဒီလိုပြောင်းမှရတယ်ဆိုတာ သက်သက်ကတော့ ဒီခေတ်မှာ လူတိုင်းလောက် ပြောတတ်ကြောင်းနဲ့ အလုပ်ဖြစ်မဲ့ ပြောင်းလဲနည်းကိုသာ စဉ်းစားစေလိုကြောင်းပါ ခင်ဗျား။

 

ကျမ်းကိုး အထောက်အထား

Dominguez, Jorge I. 2002. The Perfect Dictatorship? Comparing Authoritarian Rule in South Korea and in Argentina, Brazil, Chile, and Mexico. Paper prepared for delivery at the 2002 Annual Meeting of the American Political Science Association, August 29- September 1, 2002, Boston. Panel 11-25. Retrieved from http//www.wcfia_harvard.edu/site/default/files/60__ThePerfectDictatorship.pdf

Gyi, M. Maung. 1983. Burmese Political Values: The Socio-Political Roots of Authoritarianism. Praeger, Praeger Publishers

Huntington, S.P, 1991, Democracy’s Third Wave, University of Oklahoma Press

Hoffman. Retrieved from http://www.catalystforpeace.org/assets/downloads/Hoffman_32-2.pdf  on

Karl, T. Lynn. 1990. Dilemmas of Democritization in Latin America. Comparative    Politics, 23/1, pp. 1-21. Retrieved from http//www.jstor.org/stable/422302 on 25 September 2009

Kim, Yung Myung. 2004. Patterns of military rule and prospects for democracy in South Korea. Chapter 8. Published by ANU E Press. Retrieved from http//epress.anu.edu.au/mdap//ch08.pdf on June 19, 2009

Lipset, S. Martin. 1993. Waves of democracy often get reversed. News Service, Stanford University, retrieved from http://www.stanford.edu/dept/news/pr/93/930811Arc3170.html on 13 September 2010

O’Donnell, Guillermo & Schmitter, Philippe C. 1986. Transition from Authoritarian Rule: Tentative Conclusions about Uncertain Democracies. The Johns Hopkins University Press, Baltimore and London

Petras, James and Leiva Ignacio Fernando. 1988. “Chile: The Authoritarian Transition to Electoral Politics: A Critique,” Latin American Perspective. 15/3, pp. 97-114. Retrieved from http//www.jstor.org/stable/2633793 on 25 September 2009

kai

About kai

Kai has written 925 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.