“အကို အခန်းပြောင်းလို့ရပြီခင်ဗျ’’

“အေးကွာကျေးဇူးပဲညီလေး” စည်သူ့လက်ထဲ တစ်ထောင်တန်အချို့ ထည့်ပေးပြီးထွက်သွားသော ဧည့်သည် အားကြည့်ပြီး Norah နှင့် ကျွန်မပြိုင်တူမဲ့လိုက်မိပါသည်။ ပြီးမှသွားပြီ security camera ကိုမေ့သွားတယ်ဟု ညည်းမိတော့သည်။

ကျွန်မရဲ့အလုပ်က ဟိုတယ်တစ်ခုမှာ Receptionist ပါ။ နံနက် ၆ နာရီမှ နေ့လည် ၁ နာရီအထိ ကျွန်မနှင့် အတူ Norah နှင့် စည်သူက တာဝန်ကျပါသည်။ ကျွန်မတို့ဟိုတယ်က သန့်ရှင်းရေးကို အထူးဂရုစိုက်ပါသည်။ ယခုလိုပြောရခြင်းမှာ ကျွန်မတည်းဖူးသော ဟိုတယ်တစ်ချို့မှာ service ကောင်းသော်လည်း သန့်ရှင်းရေးကို သိပ်ဂရုမစိုက်ကြပါ။ ဥပမာ- စောင်တွေ ခေါင်းအုံးတွေမှာ အနံ့အသက်ရှိနေတာမျိုး။ ထို့ကြောင့် ကျွန်မတို့ဟိုတယ်တွင် တည်းဖူးသောဧည့်သည်များမှာ နောက်ထပ်ပြန်လာသူများပါသည်။ ကျွန်မတို့ ဟိုတယ်တွင် အခန်းပေါင်း ၅၀ ကျော်ရှိပါသည်။ ပုံမှန်တည်းနေကြဧည့်သည်များသောကြောင့် အခန်းများမှာ အမြဲတန်းပြည့်နေလေ့ရှိပါသည်။ ဟိုတယ်လုပ်ငန်းသည် နေ့စဉ်လူပေါင်းမြောက်များစွာကို ပြောဆိုဆက်ဆံနေရ သောကြောင့် လူတွေအကြောင်းကို တစ်နေရာတည်းတွင် အတော်အတန်သိနားလည်နိုင်သော အလုပ်ဖြစ်ပါသည်။

တည်းနေကြဧည့်သည်များထဲမှ ဦးအာကာတို့လင်မယားမှာ ကျွန်မတို့ဝန်ထမ်းများအားလုံးနှင့်ပင် ရင်းနှီးနေသူများဖြစ်ကြပါသည်။ နှစ်ယောက်စလုံးမှာ စီးပွားရေးသမားများ ဖြစ်ကြပြီး လူကြီးလူကောင်းပီသ သူများ ဖြစ်ကြပါသည်။ နှစ်ယောက်အတူလာသလို တစ်ခါတစ်ရံတွင်လည်း တစ်ယောက်တည်း လာတတ်ပါသည်။ ယခုတစ်ခေါက်တွင် ဦးအာကာနှင့်အတူ သူ့အမျိုးသမီးမဟုတ်သည့် သူနှင့်အသက် ၁၅ နှစ်ကျော်ကွာသည့် (ကျွန်မတို့က မှတ်ပုံတင်ကြည့်ရသောကြောင့်) ကောင်မလေး တစ်ယောက်နှင့် အတူလာပါသည်။ နှစ်ယောက်ခန်းကို ခါတိုင်းလိုပင်ယူသွားပါသည်။ ကျွန်မတို့သတ်မှတ်ထား သော လူကြီးလူကောင်းဆိုသည်ကိုပြင်ရတော့မည်။

နောက်နေ့မနက်တွင် ဦးအာကာ၏အမျိုးသမီးရောက်လာပါသည်။ ဦးအာကာဒီမှာရှိသည်ကိုလည်း သိပုံမရပါ။ ကျွန်မတို့ဟိုတယ်တွင်လည်း အခန်းအားလုံးပြည့်နေပြီး ဦးအာကာတို့တည်းသည့်အခန်းနှင့် ကပ်ရပ်တစ်ခန်းသာလွတ်ပါတော့သည်။ ထိုအချိန်တွင် ကျွန်မတို့မန်နေဂျာရောက်လာပြီး “အစ်မ တစ်ယောက်တည်းလား’’ ဟု နှုတ်ဆက်ရာ “ဟုတ်တယ် ကိုအာကာကနေပြည်တော်မှာလေ’’ ဟုပြောပါသည်။ စည်သူက ဦးအာကာကို ဖုန်းဆက်ပြီး သူ့အမျိုးသမီးရောက်နေတယ်၊ ကပ်ရပ်အခန်းမှာဟုသတင်းပေးလိုက်ရာ ထိုအချိန်မှစ၍ စည်သူမှာ ဦးအာကာအား သူ့အမျိုးသမီးအ၀င်အထွက်ကို စောင့်ကြည့်သတင်းပေးရသူ ဖြစ်သွားပါတော့သည်။ နောက်တစ်နေ့ တစ်ခြားအထပ်တွင် အခန်းလွတ်ရလျင်ရခြင်း သူတို့စုံတွဲအားပြောင်းပေးလိုက်ရပါ သည်။ သူ့အမျိုးသမီးမှာ ၂ ရက်သာနေပြီးပြန်သွားပါသည်။

ဒီနေရာမှာကျွန်မတို့ ဂိုဏ်းကွဲပါသည်။ Norah နှင့် ကျွန်မက ဦးအာကာနှင့်သူ့အမျိုးသမီးကို ထိပ်တိုက် ဆုံစေချင်သူတွေ ဖြစ်ကြပါသည်။ သူ့အမျိုးသမီးအားကိုယ်ချင်းစာသောစိတ်နှင့် ခံပြင်းသောကြောင့် ဖြစ်ပါသည်။ မန်နေဂျာနှင့် စည်သူကတော့ သူတို့စုံတွဲအားအမျိုးသမီး မမြင်အောင်အပြည့်အ၀ကာကွယ် ပေးကြပါသည်။ သူတို့က အမျိုးသားများဖြစ်သောကြောင့်လားမသိ၊ စာဖတ်သူများကရော ဘယ်ဘက်ကပါလဲ။

About Moe Z

has written 32 post in this Website..

Biography is nothing special but I'm special :P