တချိန်တုန်းကပေါ့….တက္ကသိုလ်ကျောင်းသားဘ၀ ….
ဝါသနာပါရာ ဂစ်တာတစ်လုံးနဲ့ ညအချိန်တွေမှာ ပျော်မြုးခဲ့တဲ့ အချိန်တွေ တုန်းကပေါ့..
ကျွန်တော်တို့တက္ကသိုလ်မှာ ချစ်စရာကောင်းတဲ့ အလေ့အထလေးတစ်ခု ရှိတယ်..
ညပိုင်းအချိန်တွေဆို ကျောင်းတော်သားတွေက ဂစ်တာကိုယ်စီနဲ့ အဆောင်သူ ညီမ အမ များကို ချစ်ချစ်ခင်ခင် ဖျော်ဖြေတတ်ကြသလို အဆောင်သူတွေကလဲ လေးလေးစားစား အားပေးတတ်ကြတဲ့ အကျင့်လေးပါ..နောက်တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အလှည့်ပေးပြိး စနစ်တကျ ဖျော်ဖြေတတ်ကြတယ်.ဂစ်တာဝိုင်းက ရန်ပွဲဆိုတာ မရှိသလောက်ရှားခဲ့တယ်..နှစ်ဖွဲ့ပေါင်းပြီး တီးခတ်ကြတာတောင် ရှိခဲ့တယ်…(အခုတော့ အဲဒီ့အကျင့်လေးတွေ ပျက်နေပြီလား မသိ..)
ကျွန်တော်တို့အဖွဲ့ကတော့ ညပိုင်း ၁၁ နာရီကျော်ခါမှ ထွက်တီးနေကြပါ…
ညဦးပိုင်း စာကျက်လို့ အပျင်းပြေ ၀ရန်တာ ထွက်လာတဲ့ ကျောင်းတော်သူတွေနဲ့ တရေးနိုးလာတဲ့ အဆောင်သူတွေကိုပဲ သိးသန့် တီးခတ်ပြတဲ့ အဖွဲ့ပေါ့။နောက်ကျတော့ ကျွန်တော်တို့အဖွဲ့ကိုပဲ သိးသန့်စောင့်နားထောင်ရင်တတ်တဲ့ သူတို့တွေနဲ့ ခင်မင်လာခဲ့ပါတယ်။
နွေတညမှာတော့ ထုံးစံအတိုင်း ညနှစ်နာရိလောက် ဂစ်တာတီးပြိးပြန်အလာ လေးထပ်အဆောင် (အမျိုးသမီးအဆောင်)ရဲ့ ထိပ်ဆုံးထပ်မှာ သူ့ကို စတွေ့မိတာပါပဲ.. မလုံလောက်တဲ့ အလင်းရောင်ကြားမှာ သူ့မျက်နှာလေးကို သဲသဲကွဲကွဲ မမြင်ရပေမယ့် ဆံနွယ်ရှည်ရှည်လေးနဲ့ သူ့အရိပ်လေးက လေးထပ်ဆောင်အမြင့်ပေါ်မှာ ဏ္ဍနြေ္ဒရရ လှနေတယ်..သူကတော့ ၀ရန်တာမှာ ရိုးရိုးလေး ရပ်နေရုံပါပဲ.. ဒါပေမယ့် ဘာလို့မှန်းမသိဘူး သူ့ကို ဂစ်တာတီးပြချင်တဲ့ စိတ်က ပေါ်လာတယ်..
ဒါကြောင့် အဲဒီ့တုန်းက ခေတ်စားတဲ့ ဂန္ထ၀င်ဆည်းဆာ နဲ့ အရိပ်ကလေး သီချင်းကို ဆိုပြခဲ့တယ်..
ုငြိမ်ငြိမ်လေး ရပ်နားထောင်နေပြီး ကျွန်တော်တို့ပြန်တဲ့အထိ အဆောင်ပေါ်က ငေးကျန်ခဲ့တဲ့ သူ့ပုံရိပ်က ကျွန်တော့်ရင်ထဲမှာ စွဲကျန်နေပါတယ်…
နောက်ရက်တွေလဲ သူရှိတဲ့ အဆောင်ကို ည ၁၁ နာရီဆို ကျွန်တော် ရောက်နေတတ်ပြီ..
ဒါပေမယ့် တခြားသူတွေ မရှိတော့တဲ့ ညပိုင်း အချိန် ၂ နာရီလောက်မှ သူ့ကို တွေ့ရတတ်ပါတယ်။ညတိုင်းလဲ သူမရှိတတ်ဘူး.။အခုမရှိပေမယ့် အမှတ်တမဲ့ မော်အကြည့်မှာ သူဖြတ်ခနဲ ရောက်ရောက်လာတတ်တာမို့ ညတိုင်းတော့ ကျွန်တော်က စောင့်နေမြဲပါ…
ဘယ်လောက်ပဲ အောက်က ကောင်းအောင်တီးပြပြ သူဆီက စကားပြန်လေး တခွန်းတောင် မရတာကလဲ ကျွန်တော့် အားနည်းချက်လား မသိ…
ဘာပဲပြောပြော ကျွန်တော်ကတော့ အရိပ်ကလေးသီချင်းကို ညတိုင်းဆိုဖြစ်လာပြိ..သူနဲ့ စတွေ့ခဲ့တာလဲ ညပေါင်း၂၀ ကျော်ခဲ့ပြီပေါ့…ဆံနွယ်ရှည်ရှည် အရပ်မြင့်မြင့် ဆိုတာကလွဲလို့ သူ့မျက်နှာလေးတောင် သေချာမမြင်ဘူးတဲ့ ကျွန်တော့အတွက်တော့ နေ့လည်ပိုင်းတွေ သူ့အဆောင်ရှေ့က သွားစောင့်နေလဲ သူနဲ့ဆုံတွေ့ဖို့က အခွင့်မသာဘူးပေါ့…
ကံကောင်းမယ့်နေ့ ရောက်လာပါပြီ…ကျွန်တော့ သူငယ်ချင်း တစ်ယောက်နဲ့ သူနေတဲ့ အဆောင်မှာ သွားတွေ့တယ်.ထပ်ကံကောင်းပြန်ပါပြီ…အဲဒီမိန်းကလေး နေတာကလဲ ကျွန်တော့အရိပ်ကလေး နေတဲ့အခန်းမှာပါ…ဒါကြောင့် ကျွန်တော်လဲ ကျွန်တော့အရိပ်ကလေးအကြောင်း စုံစမ်းရတာပေါ့။သူကလဲ သူ့အခန်းမှာ ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် မရှိပါဘူး ဆိုတာကြီးပဲ…နောက်ဆုံး အကြောင်းစုံကိုပြောပြတော့မှ သူကမေးခွန်းနှစ်ခွန်းမေးတယ်… ညပိုင်း ၂ နာရီကျော်မှ တွေ့တာလားတဲ့ —-ဟုတ်တယ်ပေါ့
တစ်ယောက်ထဲ ထွက်နားထောင်တာလားတဲ့——-ဟုတ်တယ်ပေါ့
ဒါဆို သူငယ်ချင်း နောက်ဆို ဒီအဆောင်ကို ညပိုင်း နင်ဂစ်တာလာမတီးနဲ့တော့တဲ့၊ နင်လာလဲ မလာနဲ့တော့တဲ့
ကျွန်တော်က ဘာကြောင့်နင် မလာခိုင်းတာလဲဆိုတော့ နင့်အကျိုးအတွက်ပါတဲ့..နင်ထပ်မမေးနဲ့တော့တဲ့…ကျွန်တော် မရမက မေးတော့မှ သူရှင်းပြပါတယ်….သူပြောပြတာကို..သူပြောပြတဲ့အတိုင်း ကျွန်တော် ပြန်ရေးပြလိုက်တယ်…
“““ တို့အဆောင်က လေးထပ်ရှိတယ်..ငါနေတာ လေးထပ်မြောက်မှာ နင်ပြောတဲ့ အ၇ိပ်ကလေး နေတဲ့ အထပ်ပေါ့…ငါက ကျောင်းနောက်ကျလို့ အပေါ်ဆုံးထပ်မှာ နေရတာလေ ဆင်းရတက်ရခက်လို့ အပေါ်ဆုံးထပ်မှာ ဘယ်သူမှ မနေချင်ကြဘူး
တို့အခန်းက အခန်းကျယ်ကြိး အဲဒီ အထဲမှာမှ အခန်းငယ်လေး သုံးခန်းဖွဲ့ထားတယ်..ကျောင်းသူ ခြောက်ယောက်နေလို့ရတာပေါ့ တစ်ခန်းနှစ်ယောက်လေ..
ဒါပေမယ့် တို့အခန်းမှာ ၃ ယောက်ပဲရှိတယ်..၂ယောက်က တစ်ခန်း ငါက နောက်ကျမှ ရောက်လို့ တစ်ယောက်ထဲ နေရတာပေါ့။ဒါပေမယ့် ငါ့အရင်ရောက်တဲ့သူနှစ်ယောက်ကလဲ ငါ့အရင် နှစ်ရက်ပဲ စောရောက်တာပါ“““
“““ ရောက်လို့မှ မကြာသေးဘူး အောက်အခန်းတွေက တို့ကို တက်ရန်တွေ့တယ်..နင်တို့ ဘာလို့ ညနက်ပိုင်းကျမှ ရေချိုးရတာလဲတဲ့၊ ညပိုင်းကျမှ ငရုတ်သီးထောင်းရတာလဲတဲ့ . တို့လဲ ရေမချိုးရ ငရုတ်သီး မထောင်းရပါဘူးဟာ ဒါပေမယ့် တို့လဲ အဲဒီ့အသံတွေ ကြားနေရတယ်..ဟိုနှစ်ယောက်ကတော့ ငါရေချိုးတယ်ထင်တယ်..ငါကလဲ သူတို့နှစ်ယောက်ထဲက တစ်ယောက်ရေချိုးတယ်ထင်တာပေါ့ဟာ .. ငရုတ်သီးထောင်းသံလို ဒေါက်ဖိနပ်နဲ့ လမ်းလျှောက်သံလို အသံတွေကတော့ တို့လဲ ဖြေရှင်းမနေတော့ပါဘူး…”””
“““ဒီလိုနဲ့ နှစ်ယောက်ခန်းက ကောင်မလေးနှစ်ယောက် ရွာပြန်သွားလို့ ငါတစ်ယောက်ထဲ ကျန်ခဲ့တဲ့နေ့ကိုေ၇ာက်လာတယ်..။ငါလဲ တစ်ယောက်ထဲ အိပ်ရတာပေါ့.အိမ်မှာထဲက တစ်ယောက်ထဲ အိပ်တဲ့အကျင့်ရှိလို့ ငါမကြောက်ပါဘူး..။အဲဒီ့ညက ညပိုင်း ၂ နာရီထိုးတော့ ဂစ်တာသံကြားလို့ ငါနိုးလာတယ်…ညနက်ပိုင်းလာတီးတာဆိုတော့ နင်တို့ပဲ ဖြစ်မှာပါ ..
ငါ့အခန်းကနေ ၀ရန်တာကို လှမ်းကြည့်တော့ မိန်းကလေးတစ်ယောက်ကို လှမ်းတွေ့လိုက်တယ် .ငါ အိပ်ချင်မူးတူးနဲ့ဆိုတော့ ဟိုနှစ်ယောက် အိမ်ပြန်သွားမှန်းလဲ မေ့နေတယ်ဟာ..သူတို့နှစ်ယောက်ထဲက တစ်ယောက်လို့ပဲ ထင်နေတယ်””
“““ ဒါနဲ့ ငါလဲ နှစ်ယောက်တူတူ သီချင်းနားထောင်မယ်ဆိုပြီး ၀ရန်တာကို ထွက်လာတော့ ဘယ်သူမှ မရှိတော့ဘူး..အဲဒီ့အခါမှ ငါလဲ အိပ်ချင်စိတ်တွေ ပျောက်ပြီး ကြောက်စိတ်နဲနဲ ၀င်လာတယ်။ ငါမြင်လိုက်တာ တကယ်ပါဟာ…အမြင်မှားတာတော့ မဟုတ်ဘူး…”””
“““ ဒါကြောင့် ငါလဲ ခေါင်းမြီးခြုံ ပြန်အိပ်တော့မယ်ဆိုပြိး ငါ့အခန်းကို တံခါးဖွင့်လိုက်တော့မှ ခုဏက ၀ရန်တာမှာ တွေ့ခဲ့တဲ့ ကောင်မလေးလေ .. ငါ့ အိပ်ယာပေါ်မှာ ထိုင်လျှက်သားလေး…ငြိမ်ငြိမ်လေး ပေါ့ .”””
“““ ဘာပြောကောင်းမလဲ ငါလဲ အော်ဟစ်ပြိး အောက်ဆင်းပြေးရတာပေါ့… နောက်အောက်ကလူတွေနဲ့ လူစုပြီး ပြန်တက်လာတော့ သူမရှိတော့ဘူး…ဒါပေမယ့် ငါလဲ မနေရဲတော့ဘူး…တခြားအခန်းမှာ သွားအိပ်နေရတယ်..အခုထိပဲ..နောက်လဆို အဆောင်ပြောင်းမယ်..နင်လဲ သူကို မတွေ့ချင်ပါနဲ့တော့ဟာတဲ့“““
နောက်ရက်ကျတော့ သူတကယ်ပဲ အဆောင်ပြောင်းသွားပါတယ်..ကျွန်တော်လဲ ဘာဆက်လုပ်ရမှန်းကို မသိတော့ပါဘူး…။ဒါပေမယ့် သူ့ကို သတိတရ ရှိနေပါတယ်…
နောက်တစ်ခေါက်လဲ သူ့ကို ထပ်မတွေ့ရတော့ပါဘူး..
တကယ်လို့ ပြန်တွေ့ရင်တော့ သူ့ကိုမေးချင်တဲ့ စကားလေး တစ်ခွန်းရှိပါတယ်…
“““ အဲဒိ့ဘ၀မှာ သူ အဆင်ပြေရဲ့လားလို့လေ..“““
ထုံးစံအတိုင်း သူပြန်ဖြေမယ် မထင်ပါဘူးလေ…..

( ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အမှတ်တရ)

တကယ့်အဖြစ်အပျက်လေးပါ… မှော်ဆရာဆိုတော့ ကဝေပျိုနဲ့ တွေ့တာလား မသိဘူး
ဘာပဲပြောပြော သီချင်းကြိုက်တဲ့ ကဝေပျိုလေးကို အမှတ်တရ ရှိနေပါတယ်…

About မှော်ဆရာ

has written 58 post in this Website..

အပြုသဘောဆောင်တဲ့ ရေးသားချက်များကိုသာ ရေးသားနှိုင်အောင် ကြိုးစားနေပါတယ်. နိုင်ငံတကာ ဆက်ဆံရေးပညာနဲ့ ကျောင်းပြီးပါတယ်။ ပွင့်လင်းမှုနဲ့ ယဉ်ကျေးမှုကို မြတ်နိုးပါတယ်။ သဘောကောင်းပါတယ်။ လက်သီးထိုး ပြင်းပါတယ်။ ဓါးထိုးပက်စက်ပါတယ်။ CJ # 9222010