မှန်ထဲကကိုယ့်ပုံကိုယ်ကြည့်မိတော့ အပျော်လွန်နေတဲ့ပုံက ဖုံးမရဖိမရ မျက်နှာပေါ်မှာအတိုင်းသား။                            အင်း … ဒီလောက်ကြီးသိသာနေလို့တော့မဖြစ်ဘူး၊ နည်းနည်းတော့ဟန်ဆောင်ရဦးမယ်။ ဘယ်လောက်ကြီးပဲ ကျေနပ်ပျော်ရွှင်နေဦးတော့ မျက်နှာ အမူအရာမှာ လုံးဝပေါ်နေလို့မဖြစ်။ ကိုယ်ကမိန်းကလေး အသက် ၃၄ နှစ်ပြည့်ပြီးတဲ့အထိ ယင်ဖိုတောင်မသန်းခဲ့ဖူးတာ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကလည်းသိနေတာပဲ။ အိမ်ထောင်ကျပြီးတဲ့ သူငယ်ချင်းတွေရဲ့ပျော်ရွှင်စရာမိသားစုလေးတွေတွေ့ရင် အားကျစိတ်ဖြစ်မိပေမယ့် လုံးဝမပေါ်လွင်စေပဲ သူတို့ကကိုယ့်ကို ပြန်အားကျအောင်နေပြနိုင်ခဲ့သူပဲ။ အခုမှကြီးဒေါ်တွေကောင်းမှုနဲ့ နိုင်ငံခြားကပြန်လာတဲ့ သဘောင်္သားတစ်ယောက်က ကမ်းလှမ်းလို့စွံရတော့မယ်။ သတို့သားလောင်းက ကိုယ့်ထက် ၃ နှစ်လောက်ငယ်နေတာတော့ သိပ်သဘောမကျပေမယ့် ကိုယ်တိုင်ကလည်းအစွမ်းအစရှိသူ (ယောက်ျားတွေနဲ့ပတ်သက်ရင်)မဟုတ်တော့ လက်ခံလိုက်ပါတယ်။ ပုံစံကတော့ မိန်းကလေးတွေကျမယ့် ရုပ်ရည်မျိုးပဲ။ သဘောင်္သားတွေက သိပ်စိတ်မချရပေမယ့် သူ့အမေနဲ့ကိုယ့်အဒေါ်က သူငယ်ချင်းအရင်းခေါက်ခေါက် အသိုင်းအ၀ိုင်းလည်းမဆိုးဘူးဆိုပြီး မိဘတွေကသဘောတူကြတယ်လေ။

မနက်ဖြန်ဆိုရင်လူကြီးစုံရာရှေ့ စေ့စပ်ရတော့မယ်၊ ၁ လခြားပြီးမင်္ဂလာပွဲလုပ်မှာဆိုတော့ လုပ်စရာတွေကလည်းများသား။    အရင်ဆုံးကိုယ်အရမ်းကြိုက်တဲ့ ကော်ဖီတောင်ဖြတ်ထားတယ် အသားအရည်အတွက်မကောင်းဘူးဆိုလို့၊ မင်္ဂလာပွဲမှာ အလှဆုံးဖြစ်ချင်တယ်လေ။ ကိုယ်ကသတို့သားထက်အသက်ကြီးတာ မပေါ်ဖို့လည်းအရေးကြီးတယ်။ ကိုယ့်ညီမတွေကတော့ ပြောပါတယ်၊ ယှဉ်ကြည့်ရင် ကိုယ်ကသတို့သားထက် အများကြီးငယ်တဲ့ပုံတောင်ပေါက်တယ်တဲ့။ အခုထိ အဆီပိုမတက် သေးတဲ့ခါးရယ် ၅ပေကျော်တယ်ဆိုရုံလေးရှိတဲ့အရပ်ကြောင့် ရှိရင်းစွဲအသက်ထက်ငယ်ပိုငယ်ပုံရတာထင်ပါရဲ့။ ညီမတွေက ကိုယ့်ထက်တောင်ပျော်နေကြသေးတယ်။ အ၀တ်အစားတွေလည်း သူ့ထက်ငါအပြိုင်အဆိုင်ချုပ်ကြ ၀ယ်ကြပေါ့။ ကိုယ့်ကျောင်းကိုလည်း ဟန်းနီးမွန်းအတွက်ခွင့်တင်ရဦးမယ်။ လောကကြီးက အခုတော့လည်း ပျော်စရာကြီးပါပဲလား……..

သြော်.. အပျော်လွန်ပြီးမေ့နေလိုက်တာ ဒီနေ့အင်္ကျီတွေသွားရွေးရဦးမှာပဲ။ ကိုယ်တိုင်ဆွဲထားတဲ့ဒီဇိုင်းတွေကို ကိုယ့်စိတ်တိုင်းကျချုပ်ပေးနေတဲ့စက်ချုပ်ဆိုင်လေ။ ဆိုင်ဆိုပေမယ့် အဲဒီထဲရောက်ရင် ပန်းဥယျာဉ်ကြီးထဲရောက်သွားသလိုပဲ ခြံဝင်းအကျယ်ကြီးထဲမှာ ပန်းပေါင်းစုံစိုက်ထားတာ အရမ်းလှတယ်။ ဟိုရောက်တော့ ဂါဝန်တစ်ထည်ကနည်းနည်းပြင်ရမယ် ဆိုတော့ ကိုယ်ကလည်းရတယ် OK  ပန်းခြံထဲလျှောက်ကြည့်ရင်းစောင့်မှာပေါ့။ ပန်းတွေကလည်း ဘယ်အချိန်ကြည့်ကြည့် လှနေတာပါပဲလား ကိုယ်ကပဲအရာရာကိုခါတိုင်းထက် အကောင်းမြင်နေလို့ပဲလား ဒီတစ်ခေါက်ပိုလှနေသလိုပဲ။ ကိုယ်အရမ်းကြိုက်တဲ့ ကတ်တလီယာသစ်ခွတွေကို ငမ်းနေရင်းကြားလိုက်ရတဲ့အသံကြောင့် အသာနားစွင့်မိတယ်…..

“အဲဒီတော့ဘာလဲ ရှင်က ၁၀နှစ်ကျော်စောင့်လာတဲ့ကျွန်မကို သစ္စာဖောက်တော့မယ်ပေါ့”

“ဆောရီးကွာ ကိုယ်လည်းမေမေ့ကိုယ် မလွန်ဆန်နိုင်ဘူး၊ ကိုယ်ဒီအခြေအနေထိဖြစ်လာတာ မေမေ့ကြောင့်ပဲ”

သမီးရည်းစားစုံတွဲ ရန်ဖြစ်နေတယ်ထင်တယ်။ ဒီဆိုင်မှာ ကောင်မလေးတွေအများကြီး ဒီဇိုင်နာလောင်းလေးတွေရော

“ရှင်….ရှင် ဒီလိုပြောရုံနဲ့ပြီးသွားရောလား ကျွန်မဗိုက်ထဲက ကလေးကရော..”

“အဲဒါတော့ ဖျက်လိုက်ပေါ့ကွာ ကိုယ်လည်းမတတ်နိုင်ဘူး”

ဘုရားရေ….ဘယ်လိုယောက်ျားမျိုးပါလိမ့်.. ကိုယ့်ရဲ့စပ်စုချင်စိတ်က ဘယ်လိုမှတားမရ ပန်းပင်တွေကြားကချောင်းကြည့်မိပါတယ်။ အဲဒီမှာ ကိုယ့်ခေါင်းပေါ်တည့်တည့် မိုးကြိုးပစ်ချလိုက်သလိုခံစားလိုက်ရသည်။ ထိုသကောင့်သားက ကိုယ့်ရဲ့သတို့သားလောင်းလေ……..။

ဒီနေ့ ကိုယ့်ရဲ့စေ့စပ်ပွဲနေ့ အားလုံးကကိုယ့်ကိုပြောကြတယ် အရမ်းလှတယ်တဲ့။ လူကြီးတွေအားလုံးလည်း စုံနေကြပြီ ဘာတွေပြောနေကြလည်းမသိ ကိုယ့်နားထဲတော့တစ်လုံးမှမ၀င်၊ ဘေးကမေမေကလက်တို့တော့မှ သတိပြန်ဝင်လာတယ်။ ရုပ်ရှင်တွေထဲမှာမြင်ဖူးသလိုထုံးစံအတိုင်း သူမရဲ့သဘောထားကိုမေးတဲ့အခါ……

ကိုယ်သွားလေရာယူသွားတတ်တဲ့ ဖုန်းနဲ့အဲဒီနေ့ကရိုက်ခဲ့တဲ့ပုံကိုပြပြီး သူ့မျက်နှာတည့်တည့်ကြည့်ကာ

“sorry ပါ ကျွန်မဒီလိုတာဝန်မဲ့တတ်တဲ့ယောက်ျားတစ်ယောက်ကို လက်မထပ်နိုင်ပါဘူး ခွင့်ပြုပါဦး”

ပြောပြီးတာနဲ့ ကိုယ့်အခန်းထဲတန်းဝင်ခဲ့လိုက်ပါတယ်။ အားလုံးလည်းကိုယ့်ကို နားလည်ကြမယ်ထင်ပါတယ်။ ဒီလိုယောက်ျားမျိုးတွေ နဲ့ပဲတွေ့ရရင် ကိုယ်ကတော့ဂုဏ်သိက္ခာရှိစွာနဲ့ အပျိုကြီးအဖြစ်နဲ့ပဲ ဆက်လက်ရပ်တည်နေရဦးမှာပါ။          ။

(အရင် ၃၀ကျော်ဖီလင်ရဲ့ အဆက်၊ မမက အပျိုကြီးပဲလုပ်တော့မယ်တဲ့ :P)

About Moe Z

has written 32 post in this Website..

Biography is nothing special but I'm special :P