ဒီခေါင်းစဉ်ကိုစဉ်းစားမရခင် ကပေါက်တိကပေါက်ချာဂေဇက်လို့ ပဲ ပေးလိုက်ရမလား လို့ စိတ်ကူးမိသေးတယ်။

ကပေါက်တိ ကပေါက်ချာ ဂေဇက် ဆိုတာ ဟိုတုန်းက မဟေသီမှာ ဆရာသိမ်းတင်သား(ခ) ကိုကြွက်နီ ရေးခဲ့တဲ့ ပင်တိုင်အခန်းကဏ္ဍပါ။ ကြိုက်လွန်းလို့ အမြဲတမ်း မဟေသီမှာ စောင့်ဖတ်ရတယ်။ သို့သော်လည်းပဲ ကပေါက်တိကပေါက်ချာဂေဇက် အခန်းက သူ့အမည်နဲ့ လိုက်စွာ လတိုင်းပါချင်မှ ပါတာပါ။ မပါတဲ့လ ဆို မဟေသီမဂ္ဂဇင်းထဲ ဖင်ပြန်ခေါင်းပြန်ရှာ မာတိကာကို အခါခါပြန်ဖတ်ပြီး အင်း မပါဘူးဆိုပြီး တစ်အုပ်လုံးတောင်ဖတ်ချင်စိတ်မရှိတော့တာမျိုးလည်း ရှိဖူးပါတယ်။ ( ဖူး နဲ့ ဘူး ကို အသုံးပြုနည်း သတိချပ်ရန် သတိပေးဖို့ စာလုံးပေါင်းသတ်ပုံဌာနကို သတိပေးပါသည်။) သိမ်းတင်သားရဲ့ အရေးအသားက အလွန်မှကိုကောင်းတဲ့ သရော်စာ အရေးအသားပါ။ ကျနော်သိသလောက်တော့ မြန်မာစာပေမှာ သူ့လိုရေးပုံမျိုး မဖတ်ရဖူးပါဘူး။ သူနဲ့နည်းနည်းဆင်တာ ( ကျနော့်အထင် သိမ်းတင်သားက အတုယူထားတာ ) ကတော့ ဟိုတုန်းက ကွပ်စိပ် အရေးအသားပါပဲ။ ကွပ်စိပ် အရေးအသားဆိုတာ ကွပ်စိပ်ဟောဆရာများ ဟောတာမျိုးကို ကွပ်စိပ် ဆိုပြီး စာအရေးအသား ပုံစံတစ်မျိုးနဲ့ ရေးကြတဲ့ သရော်စာလို ပုံစံမျိုးလို့ ဆိုရမလားပါပဲ။ တကယ့် ပညာရပ်ဆိုင်ရာ လေ့လာချက်ကိုတော့ မြန်မာစာပါမောက္ခများနဲ့ တွေ့ရင်မေးမြန်းကြည့်ကြပေါ့။ တော်ကြာ အမေးခံရတဲ့ မြန်မာစာ ဆရာများလည်း စိတ်ကူးရပြီး “သိမ်တင်သား၏အရေးအသားနှင့်ကွပ်စိပ်အဟော နှိုင်းယှဉ်ချက်” ဆိုပြီး ခေါင်းစဉ်နဲ့ ဒေါက်တာဘွဲ့ စာတမ်းတင်သွားဦးမယ်။ တော်ကြာ ပါမောက္ခကြီးက ဘယ်က မသိမ်းတင်ရဲ့သားတုန်း နိုင်ဝင်းဆွေရဲ့ မသိမ်းတင်လား ပြန်မေးနေမယ်နော။ ဒီတော့လည်း အဘရယ် အဘတို့အိမ်တောင်ဘက်က ဦးသိမ်း နဲ့ ဒေါ်တင် တို့သားပါလို့ ပြန်လွှတ်လိုက်ပေါ့လေ။ အဘ ဆိုလို့ ပြောရဦးမယ် ပြီးခဲ့တဲ့ တပတ်က အိမ်တံခါးဖွင့်ခွင့်ရသွားတဲ့ ဘိုးတော် ကို တစ်ချို့က အဘလို့ပဲ ခေါ်သဗျ။ အမျိုးတော်လို့လားမသိပါဘူးနော်။ အင်း… သိသလောက်တော့ အဘ ဆိုတာ တောမှာတော့ အဖေကို ခေါ်တာ။ နောက်ပြီး လူကြီးကို လည်း ခေါ်သလို လက်တိုလက်တောင်ခိုင်းချင်ရင် အဘိုးကြီးတွေကိုလည်း အဘရေ ဟိုဟာလေး လုပ်လိုက်စမ်းပါဦးမရိုမသေလို့လည်း ပြောပြီးခိုင်းလိုက်တာပါပဲ။ “ဟိုအဘ ပြောနေတာ နားမလည်ဘူးလား” ရှေ့ကိုနည်းနည်းတိုးစီးလေ။ “ဒီဘက်က အဘလည်း ကားခ ပေးပါဦး” လို့ ကားစပယ်ယာတွေဘာတွေ လည်း သုံးကြမယ်ထင်ပါ့။( ကျ နဲ့ ကြ အသုံးမှန် ပါသဖြင့် မန်းဂေသတ်ပုံဌာနခွဲမှ ဌာနမှုး အဘမ-မမ ကို အမှတ်ပေးရန် တောင်းဆိုပါသည်။) ဒီ အဘ ဆိုတဲ့ အသုံးအနှုန်းကို ဘယ်လို ကနေ ဘယ်လို တပ်မှုးများ နွားခွေ့ ..အဲ.. နားခွေ့ပြီး မနောတွေ့သွားကြတယ်မသိဘူးဗျ။ တပ်မှာတော့ ဒုတပ်ရင်းမှုးဆိုရင်တောင် အဘလေး တဲ့။ တပ်ရင်းမှုးကိုတော့ အဘ။ ဒီထက်ကြီးလည်း အဘပဲ။ ဝန်ကြီးတွေကိုလည်း အဘ ပဲခေါ်ကြတယ်။ ဒုဝန်ကြီးကိုလည်း ကွယ်ရာမှာ အဘလေး လို့လည်း ညွှန်းကြသေးသဗျား။ အရပ်သား ဝန်ကြီးတွေကိုလည်း အဘ ပဲလိုက်ခေါ်ကြသလားမသိပါဘူးဗျာ။ အဘ လို့သုံးရတာ စိတ်ထဲမှာ ဂျပန်ခေတ်က ဂျပန်ကို မာစတာ ခေါ်ပြီး ဖားတဲ့ အလိုတော်ရိများဖြစ်နေမလားလို့ ကိုယ့်စိတ်ထဲ မလုံမိဘူး။ အဲဒါနဲ့ အဲဒီလို လူတန်းစားတွေနဲ့ ဆက်ဆံရမယ်ဆိုရင် နာမ်စားကို လွတ်အောင်ပြောဖို့ကြိုးစားရတော့တာပဲ။ စိတ်ထဲမှာတော့ မြန်မာဓလေ့ ရိုးရိုးလေး ခေါ်တဲ့ အဘ ဆိုတဲ့ အသုံးအနှုန်းကို အရောင်တွေ ဆိုးထားသလို၊ တင်စီးပြီး အခေါ်ခံနေသလိုမျိုးမို့ သိပ်မကြည်ချင်ဘူး။ ဘယ်သူက ဘယ်လို စပြီး ပင့်ပေးပြီး ခေါ်လိုက်ကြတယ်မသိပါဘူးလေ။ မှတ်မိတာတစ်ခုကတော့ ဟိုတုန်းက ဇော်ဇော်အောင် ရဲ့ စိုးအောင် စပိုင်ကြောင် ဝတ္ထုတွေထဲမှာတော့ စိုးအောင်တို့ မြတ်သစ် တို့က သူတို့ ဆရာကြီးကို အဘ ခေါ်တယ်။ အဘဆိုတာ ချာလီးစ်အိန်ဂျယ်ထဲက ချာလီ လိုပေါ့။ မြန်မာပြည်မှာလည်း အဘ အခေါ်ခံချင်သူတွေကို ချာလီ လို့ ပြောင်းခေါ်ရင် ဘယ့်နှယ်နေမယ်မသိဘူး။ မတင်းပါနဲ့ အဘရယ်.. အဲ … ချာလီရယ်။ ချာလီတို့ အုပ်စုက တင်းတော့လည်း တော်တော်တင်းကြတယ်ဗျ။ ကြားမိတာ အခုထိ ချာလီ(အဘ) အခေါ်ခံ လူကြီးတစ်ယောက်ဆိုရင် သူဟိုတုန်းက ဆွဲခဲ့တဲ့ဟာလေး(အခုတော့ ဟာမကြီးပေါ့) ကိုကြည့်ပေးထားတာများ ဟိုမှာ ဒုညွှန်မှုးတွေ ဘာတွေ တက်ဖြစ်နေသတဲ့။ အစိုးရဝန်ထမ်း သာဝင်လုပ်မိပြီး အဲသလို လယ်ပေးထွန်လို့ ရာထူးရလာတာတွေ အောက်( လက်အောက် – subordinate ) အဖြစ် လုပ်ရရင်တော့ ကိုယ်ကျိုးနည်းမှာပဲ။ သေပြီဆရာပဲနော်။ ကဲပါ ချာလီတို့အကြောင်းထားလို့ ပြောလက်စလေး ဆက်ပြောဦးမယ်။ အခု ရေးတဲ့ သပွတ်အူပေါက် ဂေဇက်ဆိုတာက ဆရာသိမ်းတင်သား ရဲ့ ကပေါက်တိကပေါက်ချာ ဂေဇက် လိုမျိုးတုပြီးရေးဖို့ ကြိုးစားကြည့်တာပါ။ သူ့လောက်တော့ မကောင်းဘူးဆိုတာတော့ ရဲရဲကြီး အာမခံပါတယ်။ သရော်စာအရေးအသားကောင်းကောင်းရေးနိုင်ဖို့ဆိုတာက ဘာသာဗေဒနဲ့ စကားလုံးတွေကို ကျွမ်းကျင်ဖို့အပြင် ထေ့လုံးငေါ့လုံး သောလုံးဖောက်လုံးလေးတွေကိုပါ ပိုင်နိုင်ဦးမှပါ။ အကြောင်းအရာကိုလည်း ဘယ်ကစမ်းစမ်း ဘယ်လိုပြောပြော ပြောချင်ရာလျှောက်ပြောနေတောင် နားထောင်ဖို့ အချက်အလက် ပါအောင် ပြောနိုင်ရေးနိုင်မှ ဖြစ်မှာမို့ ကြိုးစားဆဲပါ။ ဗရမ်းသပွတ် ဆိုတာက ဗရမ်းဗတာနဲ့ သပွတ်အူ ကို ပေါင်းစည်းထားတာပါ။ နောက်က နံပါတ်ကတော့ အပတ်အမှတ်ပါ။ သီတင်းပတ် အမှတ်စဉ်ပါခင်ဗျ။ ရက်စွဲနဲ့ လုပ်ရအောင်လည်း နေ့တိုင်းတော့ ဘယ်ရေးနိုင်ပါ့မလဲလေ။ ဒီသီတင်းပတ် အမှတ်စဉ်ပေးနည်းကတော့ ကားတာယာများမှာ ပါတဲ့ နည်းကို အခြေခံယူထားတာပါ။ တစ်နှစ်မှာ ၃၆၅ရက်ရှိပါတယ်။ တစ်နှစ်မှာ ၁၂လ ရှိပါတယ်။ တစ်နှစ်မှာ သီတင်းပတ် ဘယ်လောက်ရှိပါသလဲ။ အကြမ်းဖျဉ်း ၅၂ပတ်ပါခင်ဗျား။ အခု သီတင်းပတ်ကတော့ ၂၀၁၂ခုနှစ်ရဲ့ ၃ပတ်မြောက် ဖြစ်ပါတယ်။ ကားတာယာတွေမှာ ထုတ်လုပ်တဲ့ ပတ်စွဲကို အဲသလိုဖော်ပြပါတယ်။ တာယာဆိုင်မှာ တိုက်ဆွေးဝယ်မိမှာစိုးသူများ ဒီနည်းနဲ့ စစ်လို့ရပါတယ်။ ရက်စွဲမဟုတ်တော့ ပတ်စွဲပေါ့ နော ချာလီ။ အပတ်တိုင်းတော့လည်း ရေးဖြစ်ချင်မှ ရေးဖြစ်ပါမယ်။ ဗရမ်းသပွတ်ကိုး အစီအစဉ်တကျတော့ ဘယ်ဖြစ်ပါ့မလဲ ချာလီ။ ရေးချင်သလို ရေးပြီး ရေးဖို့ အာရုံလာမှ ရေးဖြစ်မှာပဲ ချာလီရေ။ ချာလီရေ သောက်သောက် သေအောင်သောက်ဗျ ( ပန်းမြိုင်လယ်က ဥယျာဉ်မှူးကားတောင် စကားလုံးပြန်ပြောင်းပေးရတော့မယ်။)

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism